Monthly Archives: Oct 2022

ရဲ ၁၁ ဦး သေဆုံးခဲ့သော ငါ့သရောက်မြို့ ရဲစ ခန်း ဝင်စီးခံရမှု PDF တပ်ဖွဲ့များက တိုက်ခိုက်ခြင်းဖြစ်ပြီး PDF စခန်းတစ်ခုကို စစ်တပ်က ဖျက်ဆီးခဲ့မှုအပေါ် လက်စားချေဟုဆို၊ PDF ၁ ဦးကျဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ရဲစခန်းကို အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီကျော် PDF မဟာမိတ် တပ်ဖွဲများ ပူး ပေါင်း တိုက်ခိုက်ရာ စခန်းမှူး၊ ဒုရဲအုပ် အပါအဝင် ရဲ ၁၁ ဦး သေဆုံးပြီး လက်နက် ၇ လက် ရရှိကြောင်း၊ အဆိုပါတိုက်ခိုက်မှုသည် မြောင်မြို့ နယ်၊ ပရိမ္မကျေးရွာရှိ မြင်းခြံခရိုင်တပ်ရင်း ၃ ၏ စခန်းကို စစ်တပ်က ဝင်စီးမှု အပေါ် လက်တုံ့ပြန်ခြင်းဖြစ် ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၃ ၏ ပြန်ကြားရေးတာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ တပ်ခွဲ၂ TTA ပျောက်ကျားတပ်(တောင်သာ)၊ မြင်းခြံခရိုင်တပ်ရင်း အမှတ် ၃၊ တပ်ခွဲ ၁ မြေ လတ် PDF ၊ တပ်ခွဲ ၃ Seven Defense Force-MGN Black Tiger ၊ Scorpion People Defense Force၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၁ 27 Revolution Force ၊ BAGAN OGRE Force၊ Natogyi Regional Defense Force အပါအဝင် မဟာမိတ်တပ်ပေါင်းစုများက တိုက်ခိုက်ခြင်းဖြစ်သည်။

အောက်တိုဘာ၊၂၉ရက်ည‌‌နေ ၄ နာရီ ၃၀ မိနစ် အချိန် တောင်သာမြို့ အနောက်ဘက် (၁၄)မိုင်အကွာ ငါးသရောက် နယ်မြေရဲစခန်းကို ၄၅ မိနစ်ခန့်ကြာ ဝင်ရောက် စီးနင်းတိုက်ခိုက်ရာ မြင်းခြံခရိုင် တပ်ရင်းအမှတ်(၃)တပ်ခွဲ(၂) မှ တပ်ခွဲမှူး TTA-ပြောက်ကျားတပ် ဒုခေါင်းဆောင် State Agriculture institute (S.A.l)ပုသိမ်ကြီး ပထမနှစ်ကျောင်းသားမောင်ဝေဖြိုး(ခေါ်) ဝင်းကိုရှိန် အသက် (၂၁)နှစ် ကျဆုံးခဲ့ကြောင်း သိရှိရသည်။

“ကျဆုံးသွားတဲ့ ဒုခေါင်းဆောင်ရဲ့ ဆန္ဒကိုပြောချင်ပါတယ်။ အခု ငါ့သရောက်ရဲစခန်းကို တိုက်ခိုက်မှုက မြောင်မြို့ နယ်၊ ပရိမ္မကျေးရွာမှာရှိတဲ့ မြင်းခြံခရိုင်တပ်ရင်း ၃ စခန်းကို စစ်တပ်က ဝင်စီးတိုက်ခိုက်ခဲ့တာကို လက်တုံ့ပြန်တာပါ” ဟု မြင်းခြံခရိုင်တပ်ရင်း ၃ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းပြသည်။

အဆိုပါတိုက်ခိုက်မှုတွင် ရဲအုပ် စခန်းမှူး ၊ ဒုရဲအုပ်၊ နယ်ထိန်းတပ်ကြပ်ကြီး အပါအဝင် ရဲ ၁၁ ဦးလုံး သေဆုံးခဲ့ကြောင်း ၊ လက်နက် G 3 ၄ ဘက် ၊ AK ၂ လက်နှင့် ခြောက်လုံးပြူး ၁ လက် စုစုပေါင်း ၇ လက် သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

” ရဲစခန်းကို ဝင်သိမ်းတာ စခန်းမှူး၊ ဒုရဲအုပ်၊တပ်ကြပ်ကြီး ၊ နောက်ပြီးတော့ ရဲမေ ၁ ယောက်အပါ ၁၁ ယောက်သေတယ်။ လက်နက်က ၇ လက် ရတယ်။ G-3 ၄ လက်၊ AK ၂ လက်၊ ၆ လုံးပြူး ၁ လက် ၇ လက်ရတယ်။ စခန်းကို သိမ်းနိုင်ခဲ့တာပေါ့။ စစ်ကိုင်းတို့ ဘာတို့လို ရဲစခန်းကို မီးရှို့အောင်ပွဲခံနိုင်တဲ့ အချိန်မရှိတဲ့အတွက်ကြောင့်မို့ပါ။ မြန်မြန်ပြန်ဆုတ်လာရတာပါ။ ရဲစခန်းကို သိမ်းနိုင်ခဲ့ပါတယ်။ ရဲစခန်းမှာရှိတဲ့ ရဲတွေလည်း ထွက်ပြေးတဲ့သူတွေက ပြေးကြတယ်။ စခန်းမှာ ကျန်နေခဲ့တဲ့သူ အကုန်သေတာပေါ့” ဟု မြင်းခြံခရိုင် တပ်ရင်းအမှတ် (၃) ပြန်ကြားရေးတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းလင်းပြောဆိုသည်။ khit thit

၂၀၂၃ ခုနှစ်တွင် လျှပ်စစ်မီး ပိုမိုပြတ်တောက်နိုင်ဟု လျှပ်စစ်ဝန်ကြီးဌာန အရာရှိတဦးပြော

မြန်မာနိုင်ငံမှာ လျှပ်ဓာတ်အား ထပ်ဆင်ဖြန့်ဖြူးထုတ်လုပ်နေတဲ့ သဘာဝဓာတ်ငွေ လျှပ်စစ်ပင်မ တာဘိုင်ဟောင်းတွေ  ဆက်ရှိနေပါက ၂၀၂၃ ခုနှစ်မှာ နိုင်ငံတဝန်း လျှပ်စစ်မီးအပြည့်အဝေပေးနိုင်ဖို့ ခက်ခဲနေမယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဂတ်စ်နဲ့ပေးရတဲ့ အဲဒီတာဘိုင်ဟောင်းတွေကိုလဲဖို့ တင်ပြခဲ့ပေမဲ့ တာဘိုင်ဌာနက အရာထမ်းတွေ က လက်မခံဘဲ လုပ်ပိုင်ခွင့်နဲ့ တခြား အကျိုး စီးပွားတွေ ထိခိုက်မှာကြောင့် အကြောင်းအမျိုးမျိုး ပြပြီး စက်အသစ်တပ်လို့ မရအောင် လုပ်နေတယ်လို့ အဆိုပါဌာန အရာရှိတဦးက ပြောပါတယ်။

“အရင်က တရုတ်ကုမ္ပဏီ တခုက ကမ်းလှမ်းလာတယ်။ ၃၀ ကနေ ၅၀ မဂ္ဂါဝပ်ထိ ထုတ်နိုင်တဲ့ Power Plant တွေ သွင်းမယ်ဆိုတာ ရှိခဲ့တယ်။ အမှန်တကယ်က စက်အသစ် (Power Plant)တွေ တတ်လိုက်မယ်ဆိုရင်လည်း အခုအခါမှာ GAS က ထပ်မပေးနိုင်တော့တာကြောင့် လာမဲ့ ၂၀၂၃ ခုနှစ်မှာ ရန်ကုန်မြို့က လျှပ်စစ်ဓာတ် အားပြတ်တောက်တာတွေ ဖြစ်လာလိမ့်မယ်”

အခုကာလမှတော့ ပြည်ပရင်းနှီးမြှုပ်နှံသူတွေ မလာကြတော့သလို  သဘာဝဓာတ်ငွေ့လည်း လုံလောက်အောင် မထုတ်လုပ်နိုင်တာကြောင့် နဂိုပေးတဲ့ တာဘိုင်ဟောင်းတွေ ရပ်ပြီး အသစ်ဝယ်ဖို့လည်း ထပ်မထုတ်ပေးနိုင်တာတွေကြောင့် လာမယ့်နွေ လျှပ်စစ်မီး ပိုမို ပြတ်တောက်ဖို့ ရှိလာတယ်လို့ သူက ရှင်းပြပါတယ်။  

လက်ရှိ ရန်ကုန်မြို့ကိုပေးနေတဲ့ လျှပ်စစ်မီးက နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ တာဘိုင်ဟောင်းတွေကို သုံးပြီး ကုမ္ပဏီတချိုု့ကို လုပ်ပိုင်ခွင့်ပေးကာ စာချုပ်တွေနဲ့ လည်ပတ် နေတာလို့ သိရပါတယ်။ 

မြန်မာနိုင်ငံမှာ မြို့ကြီးတွေကို လျှပ်စစ်ပေးနေတာဟာ  သဘာဝဓာတ်ငွေ့က ဖြစ်ပြီး  အများစုဟာ ရွှေ၊ ရတနာ၊ ရဲတံခွန်၊ ဇောတိက စတဲ့သ ဘာဝဓာတ်ငွေ့ တွင်းတွေကနေ ပေးနေပြီ အခုအခါမှာတော့   ရဲတံခွန်ကို မလေးရှားက ဆက်မလုပ်ဘဲ့ ရပ်တံ့လိုက်ပါတယ်။

အခုခါမှာ ကိုရီးယားက ရွှေသဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးကို ဆက်လုပ်နေပြီး ရန်ကုန်မြို့ကို ရတနာ နဲ့ ဇောတိက ကနေ ပေးနေရတာပါ။ 

တာဘိုင်ဟောင်းတွေနဲ့ သဘာဝဓာတ်ငွေ ကုဗပေး ၁သန်း မောင်းနှင်ပါက ၂ မဂ္ဂါဝပ်သာ ရရှိပြီး ရန်ကုန်မြို့အတွက် တရက် မဂ္ဂါဝပ် ၇၀၀ ကနေ ၉၀၀ အထိ လိုအပ်နေတာကြောင့် အခုထွက်တဲ့ပမာဏနဲ့ ယှဉ်ပါက ပိုမိုလိုအပ်နေတယ်လို့ သိရပါတယ်။

“Gas တွေ ပေါပေါများများ ထွက်တုံးကတော့ ပြသနာ မရှိပေမဲ့ အထွက်လည်း ကျလာတာရယ် အခုက တာဘိုင်ဟောင်းတွေအပြင် ရပ်ထားတာတွေလည်း ရှိတော့  လိုအပ်ချက်ကို ရဖို့ကို ဘယ်လိုမှ တိုးမထုပ်နိုင်တော့ဘူး” လို့ လျှပ်စစ်ဌာနအရာရှိက ဆက်ပြောပါတယ်။

လတ်တလော သာကေတနဲ့ လှော်ကားက တာဘိုင်ဟောင်းတွေကို သဘာဝဓာတ်ငွေ သန်း ၃၀ လောက်ပေးပြီးမှ ထွက်လာတဲ့  မဂ္ဂါဝပ် ၆၀ နဲ့ ၇၀ လောက်ကိုပဲ  ရန်ကုန်မြို့ကို ပေးနေရပြီး အဲဒါစက်တွေကို ရပ်ကာ စက်အသစ်အတွက်  ပေးနိုင်မယ်ဆိုရင် မဂ္ဂါဝပ် ၁၄၀ လောက် အထိ ရ လာနိုင်မှာဖြစ်လို့  ရန်ကုန်မြို့အတွက် ဓာတ်အားလုံလောက်နိုင်တယ်လို့ အကြံပြုပြောပါတယ်။ DVB

ကြံ့ဖွတ်ပါတီဒုတိယဥက္ကဋ္ဌ အဖြစ် ဒုဗိုလ် ချုပ်ကြီးဟောင်း မျိုးဇော်သိန်းနှင့် အတွင်းရေးမှူးအဖြစ် ဗိုလ်ချုပ်ဟောင်း သောင်းအေးကို အ တည်ပြုခန့်အပ်၊ ဒုဗိုလ်ချုပ်ကြီးဟောင်း အောင်စိုးက ပါတီ နိုင်ငံတကာရေးရာတာဝန်ခံဖြစ်လာ

ကြံ့ဖွတ်ပါတီဒုတိယဥက္ကဋ္ဌ အဖြစ် ဒုဗိုလ်ချုပ်ကြီးဟောင်း မျိုးဇော်သိန်းနှင့် အတွင်းရေးမှူးအဖြစ် ဗိုလ်ချုပ်ဟောင်း သောင်းအေးကို အတည်ပြုခန့်အပ်လိုက်ပြီး ကြံ့ဖွတ်ပါတီတွင် မင်းအောင်လှိုင်လူအားလုံးက စိုးမိုးထားကြောင်း ကြံ့ဖွတ်ပါတီထံမှ သိရှိရသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ ကြံ့ဖွတ်ပါတီ ဗဟိုကော်မတီအစည်းအဝေးတွင် ဒုတိယဥက္ကဋ္ဌ လစ်လပ် ၁ နေရာအတွက် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မျိုးဇော်သိန်းကို ခန့်အပ်ကြောင်း အတည်ပြုသည်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မျိုးဇော်သိန်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၈ ကျောင်းဆင်း ဖြစ်ပြီး ရန်ကုန်တိုင်းမှူး၊ ကစထမှူးနှင့်စစ်ရေးချုပ်တာဝန်များကို ထမ်းဆောင်ခဲ့သော မင်းအောင်လှိုင်၏ လူယုံ အရင်းလည်းဖြစ်သည်။

မူလက ကြံ့ဖွတ်ပါတီတွင် အတွင်းရေးမှူး ရာထူးရမည်ဟု သတင်းထွက်ခဲ့သော ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း အောင်စိုးမှာ ကြံ့ဖွတ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ဖြစ်လာပြီး နိုင်ငံတကာရေးရာ ကော်မတီ တာဝန်ခံဖြစ်လာသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုးသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၆ ကျောင်းဆင်း ဖြစ်ပြီး တပ်မ (၃၃) တပ်မမှူး၊ အရှေ့မြောက်တိုင်းစစ်ဌာ နချုပ် တိုင်းမှူး၊ ပြည်ထဲရေး ဒုဝန်ကြီး၊ ကစထမှူးတာဝန်များကို ထမ်းဆောင်ခဲ့ပြီး မင်းအောင်လှိုင်၏ လူယုံတစ်ဦးပင်ဖြစ်သည်။

ကြံ့ဖွတ်ပါတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ် ဗိုလ်ချုပ်ဟောင်း သောင်းအေးကို ခန့်အပ်လိုက်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိသည်ဟု ပထမဦးဆုံး စွပ်စွဲ၍ စာရင်းထုတ်ပြန်ခဲ့သူမှာ သောင်းအေးဖြစ်သည်။

သောင်းအေးသည် ပျော်ဘွယ် မဲစာရင်းများ မှားယွင်းနေသည်ဟုဆိုပြီး နေပြည်တော် စစ်ရုံးချုပ် တပ်မတော်(ကြည်း၊ရေ၊လေ)ကွန်ပျူတာဌာနမှူးရုံး (ကကကွန်)မှ ဌာနမှူး ဗိုလ်မှူးချုပ်မြတ်မင်းဦးနှင့်ပူးပေါင်း၍ မဲစာရင်းများကို သန်းချီ မှားယွင်းသည်ဟူ၍ လုပ်ဇတ်ခင်းခဲ့သည်။ မင်းအောင်လှိုင်ကို စစ်အာဏာသိမ်းရန် တိုက်တွန်းခဲ့သူများတွင် သောင်းအေးက အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

သောင်းအေးသည် သန်းရွှေလက်ထက် ရခိုင်ပြည်နယ်တိုင်းမှူး ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်ခဲ့သူဖြစ်သည်။

လက်ရှိတွင် ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ အဖြစ် မင်းအောင်လှိုင်၏ လူယုံ ခင်ရီ က ရရှိထားပြီး ကြံ့ဖွတ်ပါတီ၏ ဗဟိုအလုပ်အမှု ဆောင်ကော်မတီတွင် မင်းအောင် လှိုင်၏ လူယုံများက ထိပ်ပိုင်းရာထူးကြီးများကို သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။ khit thit

ကားရေဆေးဆီထိုးဆိုင်ထဲ လက်နက်ကိုင်အဖွဲ့ ဝင်ရောက်တိုက်ခိုက်သဖြင့် ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း  မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ အမှတ် ၁ နယ်မြေ၊ အေးရိပ်သာလမ်းမှာရှိတဲ့ စန်းမင်းကို ကားရေဆေးဆီထိုးဆိုင်ကို အောက်တိုဘာ ၂၉ ရက် ညနေ ၄ နာရီက  ဗုံး၊ သေနတ်နဲ့ ပစ်ခတ်တာကြောင့်  လူ ၃ ယောက် သေဆုံးခဲ့တယ်လို့ မုံရွာနာရေးကူညီမှုအသင်းအဖွဲ့ဝင်တဦးက ပြောပါတယ်။

အခုလို ပစ်ခတ်ခံရတာကြောင့် ဆိုင်ပိုင်ရှင် ဒေါ်ကြင်နု (၄၅နှစ်)၊ ဦးမြတ်နိုးကျော် (၅၁ နှစ်) နဲ့ ဦးကျော်ဌေး (၇၆ နှစ်)တို့ သေဆုံးသွားပြီး ဘယ်အဖွဲ့အစည်းက လာရောက် ပစ်ခတ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

လူမှုကူညီရေးသမားတဦးက “ဖြစ်တာက ညနေပိုင်းလောက်ဖြစ်တာ။ အသင်းကားနဲ့ သွားတော့ သေနတ်မှန်ထားတဲ့ အလောင်း ၃ လောင်း သယ်ပြီး မုံရွာဆေးရုံ ပို့ပေးလိုက်တယ်။ ဘာကြောင့် ဘယ်လို ဖြစ်တယ်လိုတော့ မသိဘူး” လို့ ပြောပါတယ်။

မျက်မြင်တဦးက “ပေါက်ကွဲမှု မဖြစ်ခင်  ပတ်ဝန်းကျင်က ပုံမှန်အတိုင်း သွားလာနေကြတယ်။ ပေါက်ကွဲသံလည်းကြားရော ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ်။ ဆိုင်ထဲကနေ ရုပ်ဖျက်ထားတဲ့ သေနတ်ကိုင်လူတွေ ပြန်ထွက်လာတယ်။ အဖွဲ့ထဲမှာ ကောင်မလေးတွေပါ ပါတယ်။ မဆိုင်သူတွေ အနားမကပ်ကြနဲ့လို ပြောတဲ့သူက ပြောတယ်။ ကျမတို့လည်း အသာလေး ငြိမ်နေရတယ်” လို့ ‌ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ အောက်တိုဘာ ၁ ရက်ကစပြီး လက်နက်ကိုင်တချို့ရဲ့ ဝင်ရောက်ပစ်ခတ်မှုကြောင့်  သေဆုံးသူ ၆ ယောက်အထိ ရှိနေပြီလို့ ဒေ သခံတွေက ပြောပါတယ်။ DVB

လူမှုကွန်ရက်တွင် ငွေချေးပေးသည်ဟုဆိုသော အလိမ်အညာ Application များဖြင့် ကိုယ်ရေးရာဇဝင်နှင့်အချက်အလက်များ ရယူ၍ အ မှန်တကယ် ငွေ ချေးပေးခြင်းမရှိဘဲ လိမ်လည်ငွေတောင်းခြင်း၊ အသက်အန္တရာယ် ခြိမ်း ခြောက် မှုများ ဖြစ်ပွား

လူမှုကွန်ရက်တွင် Pigeon Loan Myanmar အမည်ရ Facebook Page က ငွေချေးပေးသည်ဟုဆိုကာ ငွေချေးလိုသူများ၏ ကိုယ်ရေးရာဇဝင်နှင့်အချက် အလက်များကို အလိမ်အညာ Application များဖြင့် ရယူ၍ အမှန်တကယ် ငွေ ချေးပေးခြင်းမရှိဘဲ လိမ်လည်ငွေတောင်းခြင်း၊ အသက်အန္တရာယ်ခြိမ်းခြောက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း ကိုယ်တိုင်ခံစားရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ချေးငွေလျှောက်ထားရန် မှတ်ပုံတင်တစ်ခုသာ လိုသည်ဟူ၍ ကြေညာပြီး ငွေချေးလိုသူများ၏ အချက်အလက်များကို ရယူကြောင်း၊ ယင်းနောက် ငွေမချေးရသေးဘဲ အတိုးငွေပေးရမည်ဟုဆိုကာ ငွေတောင်းခြင်း၊ အမှန်တကယ် ချေးငွေရယူထားခြင်းမရှိဘဲ စာချုပ်စာတမ်းအတုများဖြင့် လိမ်လည်ငွေတောင်းခံခြင်း၊ ဆောဖ့်ဝဲလ်ကို Down မိရုံ၊ လင့်ကို ဖြည့်မိရုံနှင့် ဖုန်းမှ Contacts များကို Hack ၍ စာတိုပေးပို့ကာ အရှက်ခွဲ ခြိမ်းခြောက်ခြင်းနှင့် အသက်အန္တရာယ်ခြိမ်းခြောက်ကာ ငွေလိမ်တောင်းခံခြင်းတို့ ရှိနေကြောင်း ကိုယ်တိုင် ကြုံတွေ့ခံစားရသူများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“ခြိမ်းခြောက်ခံထားရတာက ငွေမချေးဘဲ အတိုးပေးရမယ်ဆိုပြီးတောင်းတယ်။ အဲဒီ Application Down ပြီး မကြာဘူး။ ငွေလည်း မချေးဘဲ ဖုန်းထဲမှာရှိတဲ့ မိတ်ဆွေတွေရဲ့ ဖုန်းနံပါတ်တွေပါသွားတယ်။ ပြီးတော့ ကျနော့်မိတ်ဆွေတွေကို ဖုန်းဆက်ပြီး အရှက်ခွဲတာတွေ လုပ်တယ်။ အတိုးတွေပေးရပြီး ညှိမရနဲ့ ရက်မပြတ်သေးဘဲ နင်းကန် တောင်းတာတွေကော။ တချို့ဆို မိဘတွေကိုလည်း ထောင်ထဲသွားရမယ်။ လူသတ်ဖို့ ငှားထားတယ် စာတာတွေနဲ့ ခြိမ်းခြောက်ပါတယ်ရှင်” ဟု လူလိမ်ချေးငွေ ဆော့ဖ်ဝဲလ်နှင့် ပတ်သက်မိသူ တစ်ဦးက အဆိုပါ ဆောဖ့်ဝဲလ်သုံး လိမ်လည့်နေပုံကို ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။

ထိုသို့ လူအများကို လိမ်လည်နေသည့် လူလိမ်ချေးငွေ ဆော့ဝဲလ်အမည်များမှာ Pegion၊ Sun Cash ၊ Morning Cash၊ Happy Cash၊ Cash tree၊ Easy Wallet ၊ Fast Cash၊ Sky Cash၊ MM Finance၊ Money Bag၊ Cash Woo၊ U Finance ၊ Lone M ၊ Lxora cash၊ Cash Now၊ Kind Cash၊ Kyat Wave၊ Money Bag၊ Quick Kyat စသည့် နာမည်များနှင့်ဖြစ်ပြီး အဆိုပါ ဆောဖ်ဝဲလ်ကို Download ရယူလိုက်သည်နှင့် မိမိ၏ ဖုန်းထဲမှ Contact များကိုပါ Hack ကာ ဖုန်းလိုက်ဆက်၍ လိမ်လည်မှုများ ဆက်တိုက် လုပ်ဆောင်ကြောင်း သိရှိရသည်။

အမှန်တကယ် ငွေ အနည်းငယ်ချေး၍ အတိုးကို တောင်းချင်သလိုတောင်းခြင်းများလည်းရှိကြောင်း၊ ငွေလုံးဝ မယူဘဲနှင့် Application ကို Down မိရုံဖြင့် ချေးငွေရယူပြီးဖြစ်သည်ဆိုသော စာများလည်း လက်ခံရရှိကြောင်း သိရှိရသည်။

“အတိုးက ဘယ်လိုတက်လဲဆိုရင် သူတို့တက်ချင်သလို တက်ပါတယ်။ ဥပမာ – ၄ သိန်းဆိုရင် တစ်ရက်ို သုံးသေင်းထိ တက်ပါတယ်။ ၄ သိန်းချေးလို့ ၄ သိန်းရတာ မဟုတ်ပါဘူး။ ၂ သိန်း ၆ သောင်းပေးပြီး အတိုးကို ကြိုဖြတ်တယ်။ ပြီးတော့ ငွေညှစ်တော့တာပဲ။ ချေးငွေရတဲ့ လူမျိုးရှိသလို လုံးဝ ငွေမယူပါဘဲ ငွေယူပါတယ်ဆိုပြီး Contact Person တွေကို ပြောတယ်။ အသက်ကို ခြိမ်းခြောက်သလို မိဘမောင်ဘွား အလုပ်အရာရှိတွေကို ဖုန်းဆက်ပြီး အရှက်ခွဲကြတယ်။ သူတို့ ဝင်ခိုင်းတဲ့ Link မဝင်ရင် SMS ပို့ပြီး Link ပို့ပေးပြီး ဝင်ခိုင်းစေပါတယ်။ ခံရတဲ့ ညီမလေးတချို့ဆို သတ်သေချင်စိတ်ပေါက်ပြီး ဒုက္ခရောက်နေကြပါတယ်” ဟု ငွေလိမ်လည်သူများ၏ လုပ်ဆောင်ပုံကို ကိုယ်တိုင် ကြုံတွေ့ရသူတစ်ဦးက ရှင်းပြသည်။

ပြည်သူများအနေဖြင့် လူမှုကွန်ရက်တွင် ချေးငွေရယူနိုင်သည်ဟူသည့် အလိမ် အညာ Application ဆော့ဖ်ဝဲများကို Download မလုပ်ကြရန် ၊ ချေးငွေရနိုင်သည်ဆိုသည့် Link များ ဖုန်းထဲသို့ စာတိုများ ဝင်လာပါက နှိပ်ခြင်း ဖောင်ဖြည့်ခြင်းများ မပြုလုပ်ကြရန် အလိမ်ခံရသူများက တိုက်တွန်းပြောဆိုထားသည်။ khit thit

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ထိတွေ့ညှိနှိုင်းရန် အာဆီယံကို မလေးရှားတိုက် တွန်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့အပြင် တခြားသက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးနဲ့ ထိတွေ့ညှိနှိုင်းဖို့ မလေးရှားက အာဆီယံကို တိုက်တွန်းတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ပြီးခဲ့တဲ့ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံအရေး အထူးအစည်းအဝေးမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို မလေးရှားကထပ်မံတိုက်တွန်းလိုက်တာလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ 

မြန်မာနိုင်ငံကို အာဆီယံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရာမှာ ပိုမိုအဆင်ပြေကောင်းမွန်လာစေဖို့ NUG က တင်ပြထားတဲ့ ဒေသခံ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေပါဝင်တဲ့ လူသားချင်းစာနာထောက်မှုဆိုင်ရာ အကူအညီပေးသူများ ဖိုရမ်ကို အသုံးချဖို့ မလေးရှားက အာဆီယံကို တိုက်တွန်းအကြံပေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ထွန်းကားရေးနဲ့ ငြိမ်းချမ်းရေးပြန်လည်ရရှိရေးအတွက် အားလုံးသဘောတူညီထားတဲ့ အာဆီယံ ဘုံသဘော တူညီချက် ၅ ရပ်ကို အပြီးသတ်အကောင်အထည်ဖော်နိုင်ရေးအတွက် မူဘောင်တစ်ခုချမှတ် ဆောင်ရွက်ကြဖို့၊ ဒီအတွက် ကြားကာလစီမံကိန်းတစ်ခုလိုနိုင်ကြောင်းနဲ့ အာဆီယံခေါင်းဆောင်များညီလာခံမှာရော ဝန်ကြီးများအစည်းအဝေးတွေမှာပါ မြန်မာနိုင်ငံက နိုင်ငံရေးကိုယ်စားပြုကိုယ်စားလှယ်ကို မဖိတ်သင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ချက်မှာပြောပါတယ်။

ပြီးခဲ့တဲ့ ဂျာကာတာ အစည်းအဝေးမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကိုယ်စား မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဆက်ဆံရေးဌာန လက် ထောက်အတွင်းရေးမှူးချုပ် နော်မန်မိုဟာမက် က တက်ရောက်ခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ တင်ပြခဲ့ကြတဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအမျိုးမျိုးကို လေ့လာသုံးသပ်ပြီး လာမယ့်လ ကမ္ဘောဒီးယားမှာကျင်းပမယ့် အာဆီယံခေါင်းဆောင်များညီလာခံမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အာဆီယံနိုင်ငံခေါင်းဆောင်တွေကို တင်ပြအကြံပေးဖို့ သဘောတူညီခဲ့ကြကြောင်း သိရပါတယ်။ DVB

KTV တွင် ပျော်ပါးနေသည့် ​ငါန်းမြာရဲစခန်းမှူး ဒုရဲအုပ် ရာဇာဝင်းမြင့်နှင့် ရဲတပ်သား သူအောင်တို့ ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံးကာ ၁ ဦးဒဏ် ရာရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာ ရဲစခန်းမှူး ဒုရဲအုပ်ရာဇဝင်းမြင့်နှင့် ရဲတပ်သား အောင်သူတို့ ယမန်နေ့ ညနေပိုင်း KTV တွ ပျော်ပါးနေစဉ် PDF တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်သဖြင့် ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီ အချိန် ငါန်းဇွန်မြို့နယ်၊ ငါန်းမြာရဲကင်းစခန်းမှ ရဲကင်းစခန်းမှူး ဒုရဲအုပ် ရာဇာဝင်းမြင့်၊ ရဲတပ်သား သူအောင်တို့ ၂ ဦးသည် ငါန်းဇွန်မြို့၊ နဝရတ်ကျေးရွာထိပ်ရှိ “ဝါဆိုဦး” KTV တွင် ဝင်ရောက် ပျော်ပါးနေခဲ့ကြောင်း၊ ထိုအချိန် PDF ၄ ဦးခန့်မှ ၎င်း KTV အခန်းအတွင်း ဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခြင်း၊ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းများ လုပ်ဆောင်ကြရာ ရဲတပ်သား သူအောင်တွင် ရင်ညွှန်ကျည်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ဒုရဲအုပ် ရာဇာဝင်းမြင့်တွင် ခြေထောက် ၂ ဖက် မိုင်းစထိမှန်ဒဏ်ရာများဖြင့် မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီဘက်မှ ဗိုလ်မှူး မိုးမင်းဦးအဖွဲ့က နဝတ်ရတ်ကျေးရွာအနီးတွင် PDF များကို ရှာဖွေလျက်ရှိကြောင်း၊ ပိတ်ဆို့ စစ်ဆေးမှုများလုပ် ဆောင် နေကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။ khit thit

ပုလောတွင် စစ်ကောင်စီယာဉ်တန်း ၅ ကြိမ်မိုင်းဆွဲခံရ၊ ထားဝယ်-ထီးခီးလမ်း ညဘက် အသုံးမပြု ရန် သတိပေး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ ထားဝယ်မှ မြိတ်ကိုဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ပုလော PDF တပ်ဖွဲ့တွေက မိုင်း ၅ ကြိမ်ဆွဲတိုက်ခိုက်ခဲ့တယ်လို့ Palaw People’s Defence Force တာဝန်ရှိသူတဦးက ပြောပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်ကစတင်ပြီး မင်းထိန်ရွာအနီး ကျောက်ပုဇွန်တောင်၊ မင်းထိန် မီးဖောင်၊ ကဒဲလမ်းဆုံ၊ ကဒဲတံတား၊ တပို စတဲ့နေရာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း(၁) နဲ့ မဟာမိတ်တပ်ပေါင်းစုတို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

“အဲနေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီက ခမောင်းတောရွာကနေ ခြေလျင်လျှောက်လာတယ်။ အဲမှာ ပဒေသာမိုင်းဆွဲတာ။ ကျနော်တို့ဘက်က မပစ်ဘူး။ သူတို့ဘက်က ရမ်းပစ်တယ်။ မိုင်း ၅ ကြိမ်ဆွဲခဲ့တယ်။ ကျနော်တို့က ၃ နေရာ၊ ပူးပေါင်းက ၂ နေရာပေါ့။ အထိခိုက်အများဆုံးက ကျောက်ပုဇွန်တောင်၊ ကဒဲတံတား။ ကျနော်တို့က မိုင်း သုံးလေးလုံးတပြိုင်တည်းဆွဲတာ။ ကားမှောက်တယ် ပျက်တယ်” လို့ ပုလော PDF တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ တိုက်ပွဲမှာပါတဲ့ ရဲဘော်များရဲ့ အတည်ပြုချက်အရ သိရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း(၁) က ထုတ်ပြန်ထားပါတယ်။

သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေကို စစ်ကောင်စီက ညတွင်းချင်း ပလမြို့ကနေ မြိတ်မြို့ကို သယ်ယူသွားကြကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ ထိခိုက်မှုတစုံတရာမရှိခဲ့ဘူးလို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုတွေကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီး/ငယ်တွေနဲ့ တရစပ် ရန်းသမ်းပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူတဦး ထိခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီယာဉ်တန်း၊ စစ်ကြောင်းတွေနဲ့ ကင်းကွာပြီး သွားလာကြ‌ဖို့၊ အန္တရာယကို ဉာဏ်ရှိရှိ ရှောင်ရှားကြဖို့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီယာဉ်တန်းကို သရက်ချောင်းမြို့နယ် ပိတောက်ကြီးရွာနဲ့ ပိတောက်ငယ်ရွာအကြား တံတားအနီးမှာ ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ယာဉ်တန်းပါ ကားနှစ်စီးပျက်စီးခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့ပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နဲ့ ထိုင်းနိုင်ငံနယ်စပ် မြန်မာဘက်ခြမ်း ထီးခီးကို ဆက်သွယ်ထားတဲ့ ထားဝယ်အရှေ့တောဒေသ ထားဝယ်-ထီးခီး ကားလမ်းကို ညပိုင်း ဖြတ်သန်းသွားလာတာတွေ မလုပ်ကြဖို့ ပြည်သူ့ကာကွယ် ရေးအဖွဲ့(ထားဝယ် ပကဖ)နဲ့ အဖွဲ့ဝင် ၇ ဖွဲ့က အောက်တိုဘာ ၂၉ ရက်နေ့က ပူးတွဲထုတ်ပြန်ထားပါတယ်။

ထားဝယ်-ထီးခီး ကားလမ်းကို အသုံးပြုမယ့် ယာဥ်တွေအားလုံး မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိသာ သွားလာကြဖို့၊ အမိုးအကာတွေနဲ့ ဖုံးအုပ်သွားလာတာမျိုးမလုပ်ဖို့၊ အိမ်စီးကား အရေးပေါ်လူနာတင်ကားတွေအနေနဲ့ မှန်ချမောင်းနှင်ကြဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆေးတာကို ကြည်ဖြူစွာလက်ခံကြဖို့ ထုတ်ပြန်ထားတာပါ။

လက်ရှိမှာ ထားဝယ်မြို့အရှေ့ဘက် အရှေ့တောဒေသကို မြေတင်ကား ၁ စီး၊ Vigo ကား ၂ စီးနဲ့ စစ်ကောင်စီတပ်သား အင်အား ၅၀ လောက် စစ်ကြောင်းထိုးဝင်လာနေတဲ့အပြင် သရက်ချောင်းဘက်ကနေလည်း အင်အား ၇၀ လောက်နဲ့ ပိတ်ဆို့ထားပြီး နှစ်ဖက်ညှပ်နေတဲ့ အနေအထားမို့ အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တဲ့အတွက် အခုလို ထုတ်ပြန်ရတာလို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံထဲ ရွှေ့ပြောင်းအလုပ်သမားတွေပို့ဆောင်နေတဲ့ ကား၊ ဆိုင်ကယ်၊ မီနီအိုးဝေ (ဒေသအခေါ် ဘောလုံးကား၊ ဘောလုံးဆိုင်ကယ်) တွေနဲ့ သံတိုသံစလိုက်လံဝယ်ယူနေတဲ့ ယာဥ်တွေအနေနဲ့ အောက်တိုဘာ ၂၉ ရက်နေ့ကစပြီး လုံးဝဖြတ်သန်းသွားလာတာ မလုပ်ကြဖို့လည်း သတိပေးထားပါတယ်။

ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံကတော့ နှစ်ဖက်တိုက်ပွဲကြား ထိုင်းနိုင်ငံထဲ ရွှေ့ပြောင်းအလုပ်သမားတွေ ပို့ဆောင်နေတဲ့ ယာဥ်တွေ ကြားညှပ်မှာ စိုးရိမ်တာကြောင့်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သံတိုသံစလိုက်လံဝယ်ယူနေတဲ့ သုံးဘီးဆိုင်ကယ်တွေနဲ့ သွားလာနေတယ်ဆိုပြီး သတင်းရရှိထားလို့ အခုလို သွားလာခွင့်ပိတ်ထားရတာလို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် အခုထုတ်ပြန်ချက်ကို နောက်ထုတ်ပြန်ချက်တစုံတရာ မထုတ်ပြန်မချင်း လိုက်နာပေးကြဖို့နဲ့ လက်ရှိ ထားဝယ်အရှေ့တောဒေသမှာ နေရာတိုင်း အချိန်တိုင်း တိုက်ပွဲဖြစ်လာနိုင်တာမို့ ခရီးသွားတွေအနေနဲ့ စစ်ရေးသတင်းတွေကို သေချာစုံစမ်းပြီးမှ သွားလာကြဖို့လည်း သူကပြောပါတယ်။

ထားဝယ်-ထီးခီး ကားလမ်းမပေါ်နဲ့ အနီးတဝိုက်ဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ လတွေတုန်းကလည်း အဲဒီကားလမ်းကို ဖြတ်သန်းသွားလာတာ တွေမလုပ်ကြဖို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့က နှစ်ကြိမ်ထက်မနည်း ထုတ်ပြန်ခဲ့ဖူးပါတယ်။

ထီးခီးနယ်စပ်ဂိတ်ကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး တနင်္သာရီတိုင်းရဲ့ မြို့တော် ထားဝယ်မြို့နဲ့ ၉၇ နဲ့မိုင် ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်နဲ့ ၈၇ မိုင်ခန့်သာ ကွာဝေးပါတယ်။ DVB

« Older Entries