တနင်္သာရီမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်မှုတွေ ရှိနေ


တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ ညောင်ပင်ကွင်းကျေးရွာနှင့် ဘန်လောကျေးရွာတို့တွင် ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ နံ နက်ပိုင်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်မှုကြောင့် တိုက်ပွဲ ပြင်းထန်လျက်ရှိနေကာ စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား တချို့ ထိခိုက်ရာ ရရှိနေပြီး နေအိမ်များ ထိခိုက်ပျက်စီးမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
PDF ရဲဘော် တစ်ဦးက“စစ်တပ်က လက်နက်ကြီးနဲ့ ပစ်လို့ အသက် (၁၃) နှစ် အရွယ် ကလေးငယ် တစ်ဦး အပါဝင် အရပ်သားတွေ ထိခိုက်မှု ရှိနေပါတယ်၊ နောက်ပြီး နေအိမ်တွေနဲ့ ရော်ဘာဂိုတောင် တစ်လုံး မီးရှို့ဖျက်ဆီးခံ ထားရတယ်”ဟု ပြော သည်။
စစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်နေ့က ထပ်မံ စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီ ဘက်က ညောင်ပင်ကွင်း အရှေ့ကမ်းနှင့် အနောက်ကမ်းကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေ၍ ဒေသခံ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။ mizzima