Monthly Archives: Nov 2022

မန္တလေးဝန်ထမ်းအိမ်ရာများတွင် နေထိုင်သည့် CDM ဝန်ထမ်းများအား အရေးယူရန် ညွှန်ကြား

မန္တလေးတိုင်းအတွင်း ဝန်ထမ်းအိမ်ရာတွေမှာ နေထိုင်တဲ့ CDM ဝန်ထမ်းတွေကို ဖမ်းဆီးအရေးယူဖို့ မန္တလေးတိုင်းစစ်ကောင်စီက လျှို့ဝှက်ညွှန်ကြားချက်ကို နိုဝင်ဘာလ တတိယပတ်ထဲမှာ ထုတ်ခဲ့ပါတယ်။

မန္တလေးတိုင်းရှိ အရပ်ဘက် ဌာနဆိုင်ရာတွေမှာ CDM ဝန်ထမ်းတွေကို ပြန်လည်စိစစ်နိုင်မှု အားနည်းချက်အပေါ် အခွင့်ကောင်းယူကာ CDM ဝန်ထမ်းတွေဟာ ဝန်ထမ်းအိမ်ရာတွေမှာ ပြန်လည်ဝင်ရောက် နေထိုင်တာတွေ ရှိတယ်ဆိုပြီး ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။

CDM ဝန်ထမ်းတဦးက “ဝန်ထမ်းအိမ်ရာမှာ နေထိုင်တဲ့သူ မရှိနိုင်ဘူး။ ဘာလို့လဲဆိုတော့ CDM ဝန်ထမ်းက နဂိုကတည်းကမှ စိုးရိမ်နေကြတာ၊ ဘာလို့ ဝန်ထမ်းအိမ်ရာတွေမှာ နေမှာလဲ” လို့ မှတ်ချက်ပေးပါတယ်။

CDM ဝန်ထမ်းတွေကို ဌာနဆိုင်ရာ ဝန်ထမ်းအိမ်ရာတွေမှာ ဝင်ရောက်နေထိုင်မှု မရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်ကာ ဝင်ရောက်နေထိုင်ပါက ဖမ်းဆီးနိုင်ရေး စီမံဆောင်ရွက်သွားဖို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကလည်း အကြောင်းကြားလာတာ ရှိတယ်လို့ သိရပါတယ်။ DVB

ရန်ကုန်တွင် စစ်တပ် အရာရှိအရာခံများကို မြေကွက်ချပေးနေ

ကျူးကျော်ဆိုသည့် အကြောင်းပြချက်ဖြင့် ဆယ်စုနှစ်ချီ နေထိုင်လာသူများကို အင်အားသုံးဖယ်ရှားနေသည့် စစ်ကောင်စီက တစ်ချိန်တည်းမှာပင် တာဝန်ထမ်းဆောင်ဆဲ စစ်တပ်အရာရှိများနှင့် စစ်မှုထမ်းဟောင်းများကို မြေကွက်ပါမစ် ချပေးနေပြီး ကျူးမြေလည်း ပါဝင်သည်ကို တွေ့ရသည်။ 

Myanmar Now က ရရှိထားသည့် အထောက်အထားအရ ရွှေပြည်သာမြို့နယ် အပါအဝင် ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့် တောင်ပိုင်းမြို့နယ်တို့ရှိ မြေကွက်များကို ဆက်သွယ်ရေးတပ်ရင်းနှင့် ခြေမြန်တပ်ရင်းများမှ တာဝန်ထမ်းဆောင်ဆဲ အရာရှိများနှင့် အငြိမ်းစားစစ်မှုထမ်းများကို ပါမစ်ချပေးနေသည်ကို တွေ့ရသည်။​

စစ်တပ်အရာရှိများကို မြေကွက်ပါမစ်ချပေးရန် ရန်ကုန်တိုင်းစစ်ဌာနချုပ်က အကြောင်းကြားလာခြင်း ဖြစ်ကာ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီနှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ပေးနေရသည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်က အကြောင်းကြားလာသည့် မြေနေရာများတွင် ရွှေပြည်သာမြို့နယ် အမှတ် ၁၁ နှင့် ၁၈ ရပ်ကွက်၊​ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်မှ ၁၃ ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မှ အမှတ် ၇၀ ရပ်ကွက်တို့ရှိ မြေကွက်များပါဝင်သည်ကို တွေ့ရသည်။

စည်ပင်သာယာရေးကော်မတီက ယခုလ ၁၁ ရက်စွဲဖြင့် ရန်ကုန်တိုင်းအစိုးရထံ ပေးပို့သည့်စာတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရပ်ကွက်အမှတ်(၇၀) ရှိ မြေကွက်အမှတ် (၁၅၅၈) ကို အရာခံဗိုလ် ကျော်မောင်ဆိုသူအား “မြေစည်ပင်စရိတ်ငွေ ပေးသွင်းခွင့်နှင့် မြေပါမစ်ပြုလုပ်ပေးရန်” အကြောင်းကြားထားသည်။

အထက်ပါ မြေနေရာသည် “မြို့မြေစာရင်း (Town Land Roll) တွင်လည်း အမည်ပေါက် ပါဝင်ခြင်းမရှိ ကြောင်း၊ မြေပြင်တွင် ကျူးကျော်အ ဆောက်အအုံ (၇) လုံး ရှိပါကြောင်း” ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ညွှန့်ဖေဆိုသူက စာအမှတ်၊ ၁၀၃/၀၃ (၅၃၁၀)/စသကဖြင့် အကြောင်းကြားစာ ပေးပို့ထားသည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်က ရန်ကုန်မြို့တော်စည်ပင်ထံ ပေးပို့သည့် နောက်ထပ် အကြောင်းကြားစာတစ်ခုတွင်လည်း ရွှေပြည်သာမြို့နယ်မှ မြေ ကွက်များကို အငြိမ်းစားတပ်အရာရှိများဖြစ်သော ဆက်သွယ်ရေးတပ်ရင်းမှ တပ်ကြပ်ကြီးခင်ဝင်း၊ တပ်ကြပ်ကြီးလှထွန်း၊ ခြေမြန်တပ်ရင်းမှ အရာခံဗိုလ် ဝင်းမြင့်၊ တပ်ကြပ်ကြီးတင်မိုးနှင့် တာဝန်ထမ်းဆောင်ဆဲ အရာခံဗိုလ် အောင်စိုးမြင့်၊ အရာခံဗိုလ်လှအောင်၊ တပ်ကြပ်ကြီးသောင်းအေး၊ တပ်ကြပ်ကြီးမြင့်သိန်းတို့ကို မြေပါမစ်ချပေးရန် ရေးသား ထားသည်။

စစ်ကောင်စီက ၎င်း၏တပ်ဖွဲ့ဝင်များကို မြေကွက်ချပေးနေသည့် တစ်ချိန်တည်းမှာပင် ရန်ကုန်နှင့် မန္တလေးမြို့ရှိ လူနေရပ်ကွက်အချို့ကို တပ်ပိုင်မြေဟုဆိုကာ အင်အားသုံးဖယ်ရှားနေသည်။

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ် ပြည်လမ်းဘေးရှိ ရပ်ကွက်ငါးခုမှ အိမ်ခြေတစ်သောင်းကျော်ကို ငါးရက်အတွင်း ပြောင်းရွှေ့ပေးရန် အကြောင်းကြားပြီးနောက် နိုဝင်ဘာ ၂၅ ရက်တွင် အင်အားသုံးဖျက်ဆီးခဲ့သည်။ တပ်ပိုင်မြေပေါ်တွင် ရှိနေသည်ဆိုကာ မြေဧက ၅၆၀ ကျော်ပေါ်ရှိ နေအိမ်များကို အတင်းအကျပ် ဖျက်သိမ်းစေခဲ့ခြင်းဖြစ်သည်။​

မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စံသမာဓိ၊ မြဲမြံအောင်၊ ဂုံညင်းနီ၊ ဓမ္မပါလ၊ မြဝတီစိုက်ခင်း စသည့် ရပ်ကွက်ငါးခုတွင် နေထိုင်သည့် လူဦးရေ ငါးသောင်းခန့်မှာ နေအိမ်များ ဖျက်သိမ်းခံရသဖြင့် စားဝတ်နေရေး အခက်ကြုံနေကြသည်။

“တစ်နေ့စာ တစ်နေ့ ရှာစားနေရတဲ့ ဘဝကြီးမှာ ဒီလိုမျိုး ဆုံးရှုံးမှုတွေက ဒုက္ခတွေ၊ အခက်အခဲတွေ အများကြီးပဲ” ဟု မင်္ဂလာဒုံမြို့နယ်၊ ဓမ္မပါလရပ်ကွက်တွင် ၁၀ နှစ်ကျော် နေထိုင်ခဲ့သည့် အသက် ၅၀ အရွယ် ဒေါ်ဇင်မာက ပြောသည်။

သား၊ သမီး နှစ်ယောက်နှင့်အတူ မိသားစုစားဝတ်နေရေးအတွက် ဈေးရောင်းရသည့် ဒေါ်ဇင်မာသည် စစ်တပ်၏ ဖိအားပေးမှုကြောင့် ကိုယ့်အိမ်ကို ကိုယ်တိုင်ဖျက်ပြီး မြောက်ဥက္ကလာပမြို့နယ်တွင် အိမ်ငှားဘဝဖြင့် ပြောင်းရွှေ့နေထိုင်နေရသည်။

ယခုရက်ပိုင်းအတွင်း၌ပင် မရမ်းကုန်းမြို့နယ်ရှိ ရပ်ကွက်အချို့တွင်လည်း ကျူးကျော်ဟုဆိုကာ စစ်တပ်က နေအိမ်များကို အင်အားသုံးဖျက်ဆီးခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းကလည်း လှိုင်သာယာစက်မှုဇုန်အနီး ရန်ကုန်-ပုသိမ်လမ်းမ တစ်လျှောက်ရှိ ကျူးကျော်နေအိမ်များကို စစ်ကောင်စီက အင်အားသုံးဖျက်သိမ်းခဲ့ရာ လူဦးရေ သိန်းနှင့်ချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ 

တပ်အရာရှိများ၊ အငြိမ်းစားများကို ဈေးသက်သက်သာသာဖြင့် မြေကွက်ပါမစ်များ ချပေးနေသလို တစ်ဖက်တွင်လည်း စစ်ကောင်စီလက် အောက်ခံ စည်ပင်၊ အကောက်ခွန်နှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့တွင် စစ်တပ်အရာရှိအများအပြား ပြောင်းရွှေ့လာသည်ဟု သိရသည်။ 

အသေးစိတ်ကိုမူ မသိရပေ။ 

တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစားတပ်အရာရှိများကို မြေပါမစ်ပေးခြင်းသည် အစဉ်အလာ စည်းရုံးရေးတစ်ခုဖြစ်သည်ဟု အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကို စွန့်ခွာခဲ့သူ အရာရှိတစ်ဦးဖြစ်သည့် ဗိုလ်ကြီးထက်မြက်က ဆိုသည်။ 

“ဒီလို ပါမစ်တွေ ပေးတာက သူတို့လုပ်နေကျ အလုပ်ပဲ။ သူတို့နဲ့ တည့်အောင်၊ အဆင်ပြေအောင်နေတဲ့သူတွေ၊ သူတို့အကျိုးစီးပွားကို ပူးပေါင်းပြီး လုပ်ဆောင်ပေးတဲ့ သူတွေဆိုရင် စစ်တပ်က ဒါမျိုး အခွင့်အရေးတွေ ပေးတယ်” ဟု ၂၀၂၁ ဇွန်ကတည်းက စစ်တပ်ကို စွန့်ခွာခဲ့သူ ဗိုလ်ကြီးက ပြောသည်။​myanmar now

‌မြောက်ဥက္ကလာနှင့် ရွှေပေါက္ကံမြို့သစ်ရှိ ရပ် ကွက်များတွင် စစ်ကောင်စီ ဧည့်စာရင်းဝင်စစ်

မင်္ဂလာဒုံက အိမ်ဖျက်ခံလိုက်ရတဲ့ သူတွေ ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊  (ည)ရပ်ကွက်၊ ရွှေပေါက္ကံမြို့သစ်နဲ့ ပုရွက်ဆိတ်ကုန်းရပ်ကွက်တွေမှာ ရွှေ့ပြောင်းနေထိုင်နေတယ်ဆိုပြီး နိုဝင်ဘာ ၂၉ ရက်ညပိုင်းက စစ်ကောင်စီအုပ်ချုပ်ရေးနဲ့ လ.ဝ.က အဖွဲ့ဝင်တွေ ဧည့်စာရင်းဝင်စစ်ခဲ့ပေမဲ့ ဖမ်းဆီးခံရသူတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

မြောက်ဥက္ကလာပ၊ ည ရပ်ကွက်ရှိ ဘုမ္မာလမ်းသွယ်တွေကို ည ၁၀ နာရီခွဲဝန်းကျင်နဲ့ ရွှေ‌ပေါက္ကံမြို့သစ်နဲ့ ပုရွက်ဆိတ်ကုန်းရပ်ကွက်တွေမှာတော့ ည ၁၂ နာရီလောက်မှာ ဝင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဧည့်စာရင်းမတိုင်သူတွေထဲက တချို့ကို စစ်ဆေးစရာရှိတယ်လို့ဆိုကာ ရုံးခေါ်သွားပြီး အဲဒီညပဲ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

မြောက်ဥက္ကလာဒေသခံတစ်ဦးက “သူတို့က သတင်းအတိကျနဲ့ကို လာတာ၊ ဘယ်လမ်း၊ ဘယ်အိမ်မှာ ဘယ်သူ‌တွေ ပြောင်းလာသလဲပေါ့။ ဒီက လမ်းမှူးနဲ့ အုပ်ချုပ်ရေးမှူးတွေတောင် မသိရကောင်းမလား ဆိုပြီး အော်ငေါက်သွားသေးတယ်”လို့ ပြောပါတယ်။ 

လက်နက်ကိုင် ၈ ယောက်လောက် လိုက်ပါလာပြီး ရပ်ကွက်အုပ်ချုပ်ရေးနဲ့ လ.ဝ.က ဝန်ထမ်းတွေဟာ ရပ်ကွက်တွေထဲ ညပိုင်း ဝင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ပုရွက်ဆိတ်ကုန်းရပ်ကွက်က ရပ်ကွက်ဓမ္မာရုံနဲ့ သံလမ်းဟောင်းက အိမ်တွေကို  ဒီဇင်ဘာလအတွင်း ဖျက်သိမ်းဖို့ သတ်မှတ်ထားတဲ့ နောက်ဆုံးရက်မှာ  မဖျက်ပေးပါက ဖျက်ခ ကျပ် ၃ သိန်းပေးရမယ်လို့  ခြိမ်းခြောက်‌သွားကြောင်း သိရပါတယ်။  

ရပ်ကွက်နေသူတဦးက “ဟိုတလောက ပျဉ်းမပင်မှာ ဖျက်တဲ့အိမ်တွေ ဒီဘက် ပြောင်းလာလား မေးတယ်။ ဒီရပ်ကွက်ထဲ မရှိသေးဘူးလို့ ပြောတော့ ရောက်လာတာနဲ့ သူတို့ကို အကြောင်းကြားဖို့ ပြောတယ်။ ဧည့်စာရင်းကိုလည်း စာအုပ်နဲ့အပြင် ဓာတ်ပုံနဲ့ပါ တိုင်ဖို့ ပြောသွားတယ်”လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်ကစပြီး မြောက်ဥက္ကလာပမြို့နယ်အတွင်းက ရပ်ကွက်တချို့မှာ မင်္ဂလာဒုံမြို့နယ်က လာနေသူတွေကို ဧည့်စာရင်းမပေးဖို့နဲ့ အိမ်တွေ၊ အဆောင်တွေ ငှားရမ်းနေထိုင်ခွင့် မပေးဖို့ ညွှန်ကြားထားခံရတယ်လို့ အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။ DVB

အင်းတော်တွင် မီးရှို့၊ လူဖမ်းသည့် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ဟု PDF ပြော

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် အရပ်သားများကို ဖမ်းဆီးထားပြီး ရွာမီးရှို့သည့် စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။

မြို့တောင်ဘက် နှစ်မိုင်ခန့်အကွာရှိ နတ်မဟုတ်ကြီးရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၂၈ နံနက် ၉ နာရီခန့်တွင် ကချင်လွတ် လပ်ရေးတပ်မတော် (KIA)နှင့် ပူးပေါင်းပြီး  တိုက်ခိုက်ခဲ့သည်၊  မိနစ် ၃၀ ခန့်ကြာသည့် အဆိုပါတိုက်ပွဲအတွင်း အငိုက်မိသွားသည့် စစ်ကောင်စီတပ်ဘက်မှ  စစ်သား ၁၀ ဦး ထက်မနည်း သေဆုံးသလို PDF ရဲဘော် ၂ ဦးလည်း ဒဏ်ရာရခဲ့သည်ဟု အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“နတ်မဟုတ်ကြီးရွာကို မီးရှို့ပြီးတော့ ကမ်းနီရွာဘက်ကို ထွက်လာတဲ့အချိန်မှာ တောထဲမှာဖြစ်တာ၊ ကြားဖြတ်တိုက်တဲ့ သဘောပေါ့၊ နာရီဝက်လောက်ကြာပြီးတော့ သူတို့ဘက်က ပြန်ဆုတ်သွားတယ်” ဟု သူက ပြောသည်။ 

တိုက်ပွဲမဖြစ်မီနေ့ (နိုဝင်ဘာ ၂၇) က အဆိုပါ စစ်ကြောင်းသည်  နတ်မဟုတ်ကြီးရွာကို  စီးနင်းပြီး လူငယ်နှင့် သက်လတ်ပိုင်း  ရွာခံ အမျိုးသား ၈ ဦး ဖမ်းဆီးခေါ်ဆောင်သွားသည်၊  ရွာခံပျူစောထီး ၃ ဦးက  စစ်ကြောင်းနှင့် ပါလာစဉ်  ၎င်းတို့နှင့် သင့်မြတ်ခြင်းမရှိသည့် ဒေသခံများကို ဖမ်းဆီးခိုင်းခြင်းဖြစ်သည်ဟု  အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ဖမ်းထားတဲ့ ရွာသားတွေကို ရိုက်တာတောင် စစ်သားတွေက ရိုက်တာမဟုတ်ဘူး။ အဲဒီ ရွာသား ပျူစောထီး သုံးယောက်က ရိုက်တာ၊ ရွာမီးရှို့တာလည်း သူတို့လက်ချက်ပဲ” ဟု ၎င်းက ဆိုသည်။

နတ်မဟုတ်ကြီးရွာခံ ပျူစောထီးတို့မှာ အင်းတော်ရဲစခန်းအတွင်း‌ နေထိုင်သူများဖြစ်သည်ဟု သိရသည်။

နေအိမ်တစ်လုံးနှင့်  စပါးကျီးကြီးတစ်လုံး မီးလောင် သည့်အတွက် သိုလှောင်စပါး တင်းရာချီ ဆုံးရှုံးသည်၊ အဆိုပါစစ်ကြောင်းမှာ  မြို့တောင်ဘက် ၁၀ မိုင်ခန့်ဝေးသည့် မဲဇာရွာ ဘက်သို့ ဆုတ်ခွာသွားသည်၊ ဓားစာခံ ရွာသား ၈ ဦးလည်း ၎င်းတို့နှင့်အတူပါသွားခဲ့သည်ဟု အင်းတော်-PDF အဖွဲ့ထံမှ သိရသည်။

တိုက်ပွဲအခြေအနေနှင့် ရွာအတွင်း ပျက်စီးမှုအကြောင်းကို သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း တိုက်ပွဲအကြောင်း သ တင်းအမှောင်ချထားသည်။

တိုက်ခိုက်မှုများမှာ အင်းတော်မြို့ထဲတွင်လည်း ဖြစ်ပွားခဲ့သည်။

ယမန်နေ့ (နိုဝင်ဘာ ၂၉) ညနေ ၅ နာရီခန့်တွင် အင်းတော်မြို့ပြပြောက်ကျားအဖွဲ့က   အင်းတော်မြို့မ ရဲစခန်းကို လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်းမှ လက်နက်ကိုင်များက ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ကြသည်ဟု အင်းတော်-PDF အဖွဲ့က ပြောသည်။

ည ၇ နာရီခန့်တွင် ရဲစခန်းရှေ့ ဖြတ်သွားသည့် အသက် ၆၀ ခန့်ရှိသည့် နန်းကင်ရွာသား အမျိုးသားတစ်ဦး ကို ပစ်ခတ်ပြီး ရဲစခန်းအတွင်း  ဆွဲခေါ်သွားခဲ့သည်ဟု သိရသည်။

“ညနေပိုင်း လက်ပစ်ဗုံးပစ်ခံရပြီး သူတို့ပြန်ပစ်တာ၊ အသံတွေကို ဆူညံရောပဲ၊ အဲဒါပြီးမှ ၇ နာရီလောက်မှ သေနတ်သံ နှစ်ချက်ကြားရတာ။ လူတစ်ယောက်ကို အကြောင်းမဲ့သက်သက် ပစ်လိုက်တာ” ဟု အသက် ၄၀ ကျော်အရွယ် မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ယနေ့ တိုက်ပွဲမရှိခြင်းမှာ  စစ်ကောင်စီစစ်ကြောင်းများ ဆုတ်ခွာသွားသည့်အတွက် ဖြစ်နိုင်ကြောင်း၊ မြို့ပေါ်တွင်လည်း ဒေသခံတို့ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

နိုဝင်ဘာ ၁၈ တွင် မြို့အရှေ့မြောက်ဘက် နဘားရွာအနီး တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် ၂၀ ခန့် သေဆုံးသည်၊  နို ဝင်ဘာ ၂၂ တွင် စစ်လေယာဥ် ၂ စီးက  မြို့အနောက်ဘက်ကို   ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ဖြစ်ပွားလာသည့် လက်နက်ကိုင်တော်လှန်ရေးတွင် စစ်ကိုင်းတိုင်းသည်  ရှေ့တန်းမှဦးဆောင်လျက်ရှိပြီး စစ်ကိုင်း-ကချင်နယ်စပ်တစ်လျှောက်ရှိ မြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်နေသည်။ myanmar now

ဈေးကွက်အတွင်း ဆန်သစ်များ ဝင်ရောက်နေသော်လည်း ဆန်ဈေးနှုန်း ထပ်မံမြင့်တက်

စျေးကွက်အတွင်း မိုးစပါးဆန်အသစ်တွေ ဝင်ရောက်နေပေမဲ့ အမျိုးအစားအလိုက် ဆန်တအိတ်ကို ကျပ် ၂,၀၀၀ ကနေ  ၃,၀၀၀ အထိ စျေးနှုန်း ထပ်မံမြင့်တက်လာတယ်လို့ ဆန် လက်လီအရောင်းဆိုင်တွေဆီက သိရပါတယ်။

ပြည်တွင်း ဆန်လက်လီစျေးကွက်အတွင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ဒုတိယပတ်က  ဧရာဝတီပေါ်ဆန်း ဆန်ဟောင်း (၁၀၈ ပေါင်) တအိတ်ကို ကျပ် ၇၅,၀၀၀ ရှိခဲ့ရာက အခုအခါ ၇၈,၀၀၀ ကျပ်ထိ စျေးနှုန်းမြင့်တက်လာပါတယ်။ အလားတူ ရက် ၉၀ ဆန်ဟောင်း တအိတ်ကို ၅၆,၀၀၀ ကျပ်ကနေ အခု ၅၈,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းဆန် တအိတ်ကို အရင် ၉၉,၀၀၀ ကျပ်ကနေ  အခု ၁၀၂,၀၀၀ ကျပ်အထိ အသီးသီး စျေးနှုန်းမြင့်တက် နေပါတယ်။

ပြည်တွင်းဆန်စျေးနှုန်း မြင့်တက်နေတဲ့ အဓိကအကြောင်းရင်းက အခုနှစ်မှာ မိုးစပါး အထွက်နည်းပြီး စံချိန်တင် စပါးစျေးကောင်းနေတာ၊ မိုးစပါးပေါ်ချိန် ကုန်သည် လှောင်လက်တွေက ဝယ်ယူစုဆောင်းတာတွေ ရှိနေတာ၊ စစ်ကောင်စီက တပ်ရိက္ခာအတွက် ဝယ်ယူနေတာ၊ ပြည်ပကို ဆန်တင်ပို့မှု အားကောင်းနေတာ စတဲ့အချက်တွေကြောင့် ဖြစ်တယ်လို့ ဆန်စပါးလုပ်ငန်းရှင်တဦးက သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ မိုးစပါးအသစ်ပေါ်ချိန်က စပါးတင်း ၁၀၀ ကို အမြင့်ဆုံး ကျပ် ၈ သိန်းကျော်သာ ရှိခဲ့ပေမဲ့ အခုနှစ် မိုးစပါးမှာတော့ တင်း ၁၀၀ ကို အ မျိုး အစားအလိုက် ကျပ် ၁၂ သိန်းအထက်ကနေ အမြင့်ဆုံး ကျပ် ၁၄ သိန်းကျော်ထိ ရှိနေပါတယ်။ တနှစ်အတွင်း စပါးစျေး ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းထိ မြင့်တက်နေတာပါ။

ဧရာဝတီတိုင်းက စပါးစိုက်တောင်သူတဦးက “စပါးစျေးကတော့ ဒီနှစ် အကျမရှိဘူး။ တက်ပြီးရင်း တက်နေတာ။ အဝယ်လည်းရှိတယ်။ တက်မှလည်းဖြစ်မှာ၊ ဒီနှစ် စိုက်ပျိုးစရိတ် ကုန်ကျစရိတ်က များတယ်လေ။ ဧရာဝတီတိုင်းမှာတော့ လှောင်လက်တွေ တောက်လျှောက်ဝယ်နေတယ်” လို့ ပြောပါတယ်။

အခုလို စပါးစျေးရော၊ ဆန်စျေးပါ စံချိန်တင် စျေးမြင့်တက်နေပေမဲ့ တောင်သူလယ်သမားများ အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က အခုနှစ် မိုးစပါး စပါးတင်း ၁၀၀ ရဲ့ အခြေခံဈေးနှုန်းကို ကျပ် ၆၃၀,၀၀၀ သာ သတ်မှတ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်ကထွက်ရှိတဲ့ မိုးစပါးကို အခြေခံရည်ညွှန်းစျေး ၅၄၀,၀၀၀ သာ သတ်မှတ်ခဲ့ပြီး အခုနှစ် မိုးစပါးမှာ ကျပ်တသိန်းဝန်းကျင် တိုးမြှင့်သတ်မှတ်ခဲ့ပေမဲ့ ဒီစျေးနှုန်းက လယ်သမားတွေအတွက် တွက်ခြေကိုက်တဲ့စျေး မဟုတ်ပါဘူး။

အခုနှစ် မိုးစပါးစိုက်ပျိုးချိန်မှာ သွင်းအားစုတွေဖြစ်တဲ့ ဓာတ်မြေသြဇာ၊ မြေဆီ၊ ပိုးသတ်ဆေး၊ အပင်အားဆေး အစရှိတဲ့ သွင်းအားစုစျေးနှုန်းတွေ ကြီးမြင့်နေတာကြောင့် တောင်သူတွေဟာ စိုက်ပျိုးစရိတ်ငွေ ပိုကုန်ကျခဲ့ရပြီး အများစုက သွင်းအားစုကို လျှော့ချသုံးစွဲခဲ့ရတာဖြစ်လို့  အခုစပါးပေါ်ချိန်မှာ အထွက်နှုန်းကျဆင်းတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတာပါ။ DVB

ခင်ဦးစစ်မြေပြင်တွင် အရပ်သား ၁၃ ဦး အ သတ်ခံရ

စစ်ကိုင်းတိုင်း မူးမြစ်နှင့် ဧရာဝတီမြစ်ကြားရှိ ခင်ဦးဒေသကို စစ်ကောင်စီက စစ်ကြောင်း သုံးကြောင်းအပြင် ‌လေတပ်သုံးပြီး စီးနင်းတိုက်ခိုက်နေရာ သီတင်းပတ်နှစ်ပတ်အတွင်း ကလေးတစ်ဦး၊ အရပ်သားများ၊ တော်လှန်ရေးသမားများ သေဆုံးသူ စုစုပေါင်း ၂၃ ဦးအထိ ရှိနေသည်။

နိုဝင်ဘာ ၂၃ တွင် ၁၄ နှစ်အရွယ် ငါးတန်းကျောင်းသား မောင်ရဲမင်းနောင်သည် ခင်ဦးမြို့ မြောက်ဘက်၂ မိုင်ခွဲခန့်အကွာ ကံသာယာရွာအနီး စစ်ရှောင်နေစဉ် စစ်သားများက ပစ်သတ်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ 

ထိုစစ်ကြောင်းမှာ ခင်ဦးမြို့ပေါ်မှ တိုက်ပွဲဖြစ်ရာ မုံလှကျေးရွာကို စစ်ကူလာခြင်းဖြစ်ပြီး စစ်ကြောင်းပါ စစ်သားများက ပစ်သတ်ခဲ့သည်ဟု ကံသာယာကျေးရွာဒေသခံတစ်ဦးက ပြောသည်။

“ကြောက်အားလန့်အားနဲ့ တောထဲမှာ ပုန်းနေကြတာဗျာ၊ စစ်ကောင်စီက သေနတ်ဖောက်သံကြားတော့ ကြောက်အားလန့်အားနဲ့ ပြေးတဲ့အချိန် ကလေး (မောင်ရဲမင်းနောင်) ကို ပစ်လိုက်တာ” ဟု အသက် ၃၀ ဝန်းကျင် အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။

ယခုလ ၁၅ ရက်မှစပြီး မူးမြစ်အနောက်ဘက် ရေဦးမြို့မှ ထွက်လာသည့် စစ်ကြောင်းတစ်ခုသည် ခင်ဦးမြို့နယ် အနောက်တောင်ပိုင်းသို့ စတင်ဝင်ရောက်လာပြီး ကန့်ဘလူမြို့နယ်ဘက်မှ ထွက်လာသည့် စစ်ကြောင်းနှစ်ခုသည် နိုဝင်ဘာ ၁၉ နှင့် ၂၃ တို့တွင် ခင်ဦးမြို့နယ်မြောက်ခြမ်းကို စီးနင်းခဲ့ခြင်း ဖြစ်သည်။

လေကြောင်းမှ ပစ်ခတ်မှု၊ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၁၃ ဦး သေဆုံးကြောင်း၊ တော်လှန်ရေးသမား ၁၀ ဦး တိုက် ပွဲအတွင်း သေဆုံးကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြန်ကြားရေးအရာရှိက အတည်ပြုသည်။

“သက်ကြီးရွယ်အိုတွေ မီးထဲပါသွားတာတွေ ရှိတယ်။ ဖမ်းဆီးသတ်ဖြတ်တာတွေရှိတယ်၊ ကလေးသူငယ်တွေဆိုလည်း ပြေးဟယ်လွှားဟယ်နဲ့ ပစ်သတ်ခံရတာတွေရှိတယ်။ မြစ်တော်ရွာက ၆၅ နှစ်အရွယ် အဖိုးကြီးဆို တောင်ဝှေးနဲ့ သွားနေတာကို နောက်ကနေ ပစ်သတ်သွားတာ” ဟု ကိုလူချောက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွေဘိုခရိုင်တပ်ရင်း ၃ အခြေစိုက်ရာ ခင်ဦးမြို့နယ်တွင် ဒေသခံကာကွယ်ရေးတပ်ပေါင်းစုများနှင့် စစ်ကောင်စီတပ်တို့ နေ့စဉ် တိုက်ပွဲများဖြစ်နေပြီး ယခုလ ၂၃ ရက်က ဖြစ်ပွားခဲ့သည့် မုံလှရွာအနီးတိုက်ပွဲသည် အပြင်းထန်ဆုံးဖြစ်ကာ စစ်ရဟတ်ယာဉ်လည်း သွားရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“ဒါက ခင်ဦးမြို့နယ်မှာ အကြီးဆုံးတိုက်ပွဲလို့ ပြောလို့ရတယ်၊ အပြင်းဆုံးတိုက်ပွဲပဲ၊ လေကြောင်းက တစ်နာရီနီးနီး ဆက်တိုက်ပစ်ပြီး အောက်ကခြေလျင်က ဆက်တိုက်တက်တာ” ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် မုံလှကျေးရွာကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ထိုရွာသည် ကက်သလစ်သာသနာပိုင် ချားလ်စ်မောင်ဘို၏ ဇာတိရွာဖြစ်သည်။

ငါးတန်းကျောင်းသား ပစ်သတ်ခံရသည့်နေရာနှင့်မနီးမဝေးတွင် ကံသာယာကျေးရွာ ကာကွယ်ရေး အဖွဲ့ဝင် အသက် ၂၅ နှစ် အရွယ် ကိုထွန်းထွန်းဝင်း ဖမ်းဆီးခံရပြီး ခေါင်းဖြတ်သတ်ဖြတ်ခံရသည်။ 

ထို့နောက် အဆိုပါစစ်ကြောင်းနှစ်ကြောင်းသည်  မုံလှကျေးရွာအနီးရှိ သာဝတ္ထိကျေးရွာတွင် ပေါင်းသွား ပြီး အနီးရှိကျေးရွာများကို စီးနင်းမီးရှို့ခဲ့ပြီး နိုဝင်ဘာ ၂၈ တွင် မြင်းဒေါင်းကျေးရွာ မှတစ်ဆင့် ရေဦးမြို့နယ်ဘက်သို့ပြန်ဆုတ်သွားကြောင်း ရွာခံများထံမှ သိရသည်။

စစ်သားများပြန်ထွက်သွားသဖြင့် မြင်းဒေါင်းကျေးရွာအတွင်း ရွာသားများက ဝင်ရောက်ကြည့်ရှုရာ ဈေးဆိုင်တစ်ခုအတွင်း မီးလောင်ထားသည့် ရုပ်အလောင်း ၃ လောင်း တွေ့ရကြောင်း ထိုရွာခံတစ်ဦး က မြင်တွေ့ခဲ့ရပုံကို ပြောသည်။

“ဈေးဆိုင်တစ်ဆိုင်ထဲ ထည့်ပြီး မီးရှို့သွားတာ၊ မသေမရှင် ရှို့တာနဲ့တူတယ်ဗျ၊ တစ်ယောက်နဲ့ တစ်ယောက် ဖက်လျက်လေးတွေ ဖြစ်နေတာ၊ ရုပ်တွေတော့ မသဲကွဲတော့ဘူး”ဟု ရုပ်အလောင်းများကို သွားရောက်ကြည့်ရှုခဲ့သည့် အထက်ပါရွာခံ အမျိုးသားက ဆိုသည်။

သို့သော်လည်း ထို ၃ ဦးမှာ ကာကွယ်ရေးအဖွဲ့ဝင်များမဟုတ်ဘဲ စစ်ကြောင်း စဝင်သည့်နေ့က ဖမ်းဆီးခံလိုက်ရသည့် မြင်းဒေါင်းရွာသားများသာဖြစ်ကြောင်း ၎င်းက အခိုင်အမာပြောသည်။

အဆိုပါစစ်ကြောင်းများ သီတင်းပတ် နှစ်ပတ်အတွင်း စီးနင်းမီးရှို့မှုကြောင့် ခင်ဦးမြို့နယ်ရှိ ‌ပေါင်းလဲကုန်း၊ လက်ပံကြီး၊ မဒေါင်းကြီး၊ ရွှေကာ၊ ဆီဆုံလေး၊ နှဲတွင်း၊ စောကြီး၊ သနပ်စိန်၊ မုံလှ၊ မြင်းဒေါင်း၊ မြစ်တော် စသည့် ကျေးရွာ ၁၁ ရွာမှ နေအိမ် ၇၀၀ ကျော် မီးလောင်ပြာကျခဲ့သည်။

ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးနေရပြီး အရေးပေါ်အကူညီများလည်း လိုအပ်နေသည်၊ ဒေသခံ ကာကွယ်ရေးအဖွဲ့ များလည်း  နှစ်ပတ်ကြာ ခုခံမှုအပြီး ကျည်ဆန်ကုန်နေသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။ 

“အခက်အခဲတွေကတော့ ကျည်ဆန် မရှိတာပဲ၊ တိုက်ပွဲတစ်ပွဲဖြစ်ပြီးရင်တောင် နောက်ထပ်ထိပ်တိုက် တွေ့နေရင် မပစ်ရဲတဲ့အခြေအနေပေါ့။ ပစ်ရဲတဲ့သတ္တိတော့ ရှိတယ်၊ ပစ်ဖို့ ကျည်ဆန် မရှိတာပေါ့ဗျာ”‌ ဟု သူက ပြောသည်။ myanmar now

ရွှေဘိုရှိ နေအိမ်မီးရှို့ဖျက်ဆီးခံရသည့် ပြည်သူများအား စောင်နှင့် အနွေးထည်များ လှူဒါန်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ မီးဘေးသင့်ပြည်သူ အိမ်ထောင်စု ၅၀၀ ကျော်အတွက် လိုအပ်နေတဲ့ စောင်နဲ့ အနွေးထည်တွေကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က နိုဝင်ဘာ ၂၈ ရက်မှာ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေရဲ့ ထောက်ပံ့မှုနဲ့ အညာဒေသရဲ့ ဆောင်းတွင်းကာလကို အန်တုနိုင်ဖို့ လတ်တလော လိုအပ်နေတဲ့ စောင်အထည် ၄၁၀ နဲ့ အနွေး ထည် ၂၇၀ ထည်တို့ကို လှူဒါန်းထားနိုင်ပြီး အိမ်ထောင်စုတိုင်းကို နေအိမ်ဆောက်လုပ်ပေးနိုင်ဖို့နဲ့ စောင်နဲ့ အနွေးထည်တွေ လှူဒါန်းပေးနိုင်ဖို့ အလှူရှင်တွေ လိုအပ်နေသေးတယ်လို့ S&C မှ တာဝန်ရှိသူက ပြောပါတယ်။

“အိမ်ထောင်စု ၆၀၀ နီးပါးအတွက် စောင်နဲ့ အနွေးထည် အပြည့်လှူမှာပါ။ အိမ်ထောင်တစုကို စောင်တထည်နဲ့ အနွေးထည်တထည်နှုန်းပေါ့။ တချို့တဝက်တော့ သွားလှူပြီးပါပြီ။ ကျန်တာတွေအတွက်လည်း ငွေချေထားပြီးပြီ။ လောလောဆယ် အိမ် ၆၅ လုံး ထပ်ဆောက်ပေးဖို့ လုပ်နေပါတယ်။ ဒီဇင်ဘာလထဲမှာ အပြီး ဆောက်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။”

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မီးဘေးသင့်ပြည်သူတွေအတွက် S&C အဖွဲဲ့က ထန်းရွက်မိုး ထရံကာ တဲအိမ်တလုံးကို ၂ သိန်းနှုန်းနဲ့ အိမ် ၅၀ ကျော် ဆောက်လုပ်ပေးထားပါတယ်။

ရွှေဘိုခရိုင်အတွင်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဩဂုတ်လ ပထမပတ်မှာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၆၀၀ နီးပါး မီးလောင်ပျက်စီးကာ လူဦးရေ ၂,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ DVB

ထီးချိုင့်ရှိ ကျေးရွာ ၅ ရွာကို စစ်တပ်က ၃ ရက်ဆက်တိုက် မီးတင်ရှို့နေ၊ အလယ်တောရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၈၆ လုံးပြာကျ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ ကျေးရွာ ၅ ရွာကို အကြမ်းဖက် စစ်တပ်က ၃ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ထီးချိုင့်မြို့နယ်အတွင်းရှိ အလယ်တောရွာ၊ ဆားတွင်းရွာ၊ အင်ကြင်းကုန်းရွာနှင့် အင်းတိန်ရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အင်းတိန်ရွာနှင့် လေသာရွာတို့ကို ထပ်မံမီးရှို့ဖျက်ဆီးနေ သည်ဟု သိရှိရသည်။

” လေသာရွာကို စစ်တပ်က ဒီနေ့ နိုဝင်ဘာ၃၀ရက်နေ့ မွန်းလွဲပိုင်းမှာ မီးရှို့နေတယ်။ နံနက်ပိုင်းကလည်း အင်းတိန်ရွာကို မီးရှို့ခဲ့တယ်။ ရွာထဲကနေ မီးခိုးတွေကတော့ မြင်မကောင်းအောင်ကိုမြင်နေရတယ်။ ရွာထဲကို နံနက်ခင်း ၉ နာရီ အချိန်တည်းက စစ်ခွေးတွေ ရွာထဲဝင်လာတယ်။ မွန်း လွဲပိုင်း ရောက်တော့ မီးရှို့တာဘဲ မီးလောင်အရေအတွက်ကတော့ အတိကျ မသိရသေးဘူး။ ရွာထဲကလည်း စစ်ခွေးတွေက မထွက်သေးဘူး။ အလယ်တောရွာအနီးမှာ PDFနဲ့တိုက်ပွဲဖြစ်ပြီး စစ်ခွေးတွေဘက်က အကျဆုံးများလို့ အခုလိုရွာတွေကို မီးရှို့နေတာဖြစ်နိုင်တယ်” ဟု ဒေသခံပြည်သူတစ်ဦးက​ပြောဆိုသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က အလယ်တော စံပြကျေးရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ပြည်သူပိုင် နေအိမ် ၈၆ လုံးမီးလောင်ပြာကျပြီး ကျွဲ၊ နွား၊ လယ်ယာသုံးစက်ကိရိယာများ နှင့်အိမ်မွေးတိရိစ္ဆာန်များ ၊ဆန်၊စပါး တင်းပေါင်း ထောင်ချီလောင် ကျွမ်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။ khit thit

လွတ်လပ်ရေးနေ့အတွက် စစ်အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ထားသောမြို့နယ်များတွင် ဧည့်စာရင်း စစ်ဆေးခြင်းနှင့် ပတ်ကင်းလုံခြုံ ရေးများ တင်းကြပ်ထား

ရန်ကုန်မြို့အတွင်း စစ်အုပ်ချုပ်ရေးနယ်မြေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော မြို့နယ်အချို့တွင် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မတိုင်မီ ဧည့် စာရင်းစစ်ဆေးခြင်းနှင့် မြို့နယ်အတွင်း ပတ်ကင်းလုံခြုံရေး များ တင်းကြပ်စွာလုပ်ဆောင်နေကြောင်း ရပ်ကွက်တာ၀န်ရှိသူတစ်ဦးက မဇ္စျိမကိုပြောသည်။

စစ်အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ထားသော ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့ နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များအတွင်း ညစဉ် ဧည့်စာရင်းစစ်ဆေးခြင်းများနှင့် ပတ်ကင်းဆောင်ရွက် ခြင်းများကို တင်းကြပ်စွာဆောင်ရွက်ရန် ခရိုင်အဆင့် ညွှန်ကြားထားရှိသည်ဟု ဆိုသည်။

ထို့ပြင် ရပ်ကွက်များအတွင်းတပ်ဆင်ထားသော CCTV ကင်မရာ လုပ်ဆောင်ချက်များနှင့် ရိုက်ကူးထား ရှိသောမှတ်တမ်းများကို ပြန်လည်စစ် ဆေးခြင်းများပြုလုပ်ရန် ညွှန်ကြားထားရှိသည် ဟုဆိုသည်။

“ တစ်နေ့ကတည်းက ဧည့်စာရင်းစစ်ဆေးတာတွေ၊ ဆိုင်ကယ်တွေနဲ့ ပတ်တာတွေ မြို့နယ်ထဲ တလျှောက် လုပ်လာတာတွေ့ နေရတယ်။ ယူနီ ဖောင်း၀တ်တွေ ကားနဲ့ပတ်တာရှိသလို အရပ်၀တ်နဲ့ ဘာကောင်တွေ မှန်းမသိ ဆိုင်ကယ်နဲ့ပတ်နေတာတွေလည်း တွေ့နေရတယ်။ ပုံမှန် စစ်ကား ရဲကားတွေ ပတ်နေတတ်တာ တွေ့ပေမယ့် ဒီရက်ထဲတော့ ခပ်စိတ်စိတ် တွေ့လာရတယ်” ဟု ဒဂုံမြို့သစ်တောင်ပိုင်းတွင်နေထိုင်သော ဒေသခံတစ်ဦးက ဆိုသည်။

အလားတူ အခြား ပုဒ်မ ၁၄၄ ထုတ်ခံထားရသော မြို့နယ်များအတွင်းတွင်လည်း စစ်ကား၊ ရဲကားနှင့် အခြား အရပ်ဘက်ကားများအသုံးပြုကာ လုံခြုံရေးဆောင်ရွက်လျှက်ရှိသည်ကိုတွေ့ရသည်။

စစ်ကောင်စီက ရန်ကုန်တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားအချို့ ပြုလုပ်ရန်ပြင်ဆင်နေ သည်ဟုသိရပြီး ယင်းအတွက် လုံခြုံ ရေးများတင်းကြပ်စွာ ချထားခြင်းဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ခံအချို့ က မှတ်ချက်ပြုသည်။ mizzima

« Older Entries