Monthly Archives: Nov 2022

ပခုက္ကူနှင့် မြိုင်မြို့နယ်ကြားတွင် တိုက်ပွဲဖြစ်ပွား

မကွေးတိုင်း ပခုက္ကူနဲ့ မြိုင်မြို့နယ်ကြားမှာ နိုဝင်ဘာ ၅ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သား၊ ပျူစောထီးတွေနဲ့ မြိုင် ပ.က.ဖတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၄ ယောက်လောက် သေဆုံးခဲ့တယ်လို့ မြိုင် ပ.က.ဖ က ပြောပါတယ်။

ပခုက္ကူမြို့နယ် ကျောက်စရစ်ကန်ရွာနဲ့ မြိုင်မြို့နယ် သစ်ပင်ကြီးရွာကြားမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို နိုဝင်ဘာ ၅ ရက် မနက် ၁၀ နာရီခွဲမှာ မြိုင် ပ.က.ဖ တပ်ရင်း(၁) က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့လို့ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

“ကင်းပုန်းဝပ်တာက  ၁၂ ယောက်လောက် ရှိပြီး ဗုံးကြဲ တိုက်ခိုက်ခံရပြီးတဲ့နောက်မှာ  ၁၀ ယောက် လောက် ကားနဲ့ ရောက်လာပြီး ပြန်ပစ်လို့ ကျနော်တို့ဘက်က အသင့်စောင်ပြီး တိုက်ခိုက်တာ ကြောင့် ပျူစောထီးခေါင်းဆောင် မင်းဇော်ဦးအပါဝင် ၄ ယောက်လောက် သေဆုံးနိုင်တယ်။”

အဲဒီ တိုက်ပွဲဖြစ်ပွားတဲ့ နေရာမှာ သွေးကွက်တွေ တွေ့ခဲ့သလို ပျူစောထီးခေါင်းဆောင် မင်းဇော်ဦးရဲ့ အပြာရောင် လက်ကိုင်ဖုန်း တလုံးကို သိမ်းဆည်းနိုင်ခဲ့ပြီး မြိုင် ပ.က.ဖ ရဲဘော်တွေ အထိခိုက်အကျဆုံး မရှိခဲ့ဘူးလို့ ဗိုလ်လက်ယာက ​ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က ဆေးပင်ကြီးရွာနားမှာ နိုဝင်ဘာ ၁ ရက် က စစ်တပ်က တိုက်ခိုက်ခဲ့လို့ ကျဆုံးခဲ့တဲ့ ပေါက်မြို့နယ် ကျေးရွာကာကွယ်ရေး ရဲဘော် ၅ ယောက်အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ခဲ့တာလို့ဆိုပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို သီးခြား  အတည် မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မြိုင်မြို့မှာ နိုဝင်ဘာ ၃ ရက် ညပိုင်းကလည်း စစ်ကောင်စီရဲ့ ဂိတ်စခန်း တခုကို မြိုင် ပ.က.ဖ က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၂ ယောက် အပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့  သိရပါတယ်။ DVB

တပ်မ ၄၄ လက်အောက်ခံ ခမရ ၂ မှ တပ်သားဟိန်းဇော်ဦး လက်နက် အပြည့် အစုံ ဖြင့် အ လင်းဝင်၊ NUG က ဘတ်ငွေ ငါးသောင်း ဆုချ

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ ကော်ဘရာစစ်ကြောင်းထံသို့ ခမရ ၂ မှ တပ်ဖွဲ့ ဝင်တပ်သား ဟိန်းဇော်ဦး လက် နက်နှင့်တစ်ကွ CDM ဝင်ရောက်လာပြီး အမျိုးသားညီညွတ်ရေးအစိုးရက ထိုင်းဘတ်ငွေ ၅၀၀၀၀ ဆုချကြောင်း ကော်ဘရာစစ်ကြောင်းက တရားဝင်သတင်းထုတ် ပြန်သည်။

ကော်ဘရာပူး‌ပေါင်းစစ်ကြောင်း ထံသို့ နိုဝင်ဘာ ၅ ရက်နေ့တွင် တပ်မ ၄၄ လက် အောက်ခံ ခမရ ၂ မှ တပ်ဖွဲ့ဝင် ဟိန်းဇော်ဦးသည် MA 3 သေ နတ် တစ်လက်၊ ကျည်ဘောက် ၄ ခု၊ ၅.၅၆ ကပစ ကျည် ၁၀၀ တောင့် နှင့်အတူ CDM ဝင်ရောက် လာကြောင်း တရားဝင်သတင်းထုတ်ပြန်ချက် ဆိုသည်။

ခမရ ၂ မှ တပ်သား ဟိန်းဇော်ဦးသည် လက်နက်အပြည့်အစုံဖြင့် ကော်ဘရာပူးပေါင်းစစ်ကြောင်းထံသို့ ဆက်သွယ် ခိုလှုံကာ CDM ဝင်ရောက်ခဲ့သဖြင့် အမျိုး သား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဆုတော်ငွေ ထိုင်းဘတ် ၅၀,၀၀၀( မြန်မာကျပ်ငွေ သိန်း ၄၀ ဝန်းကျင်) ချီးမြင့်ကြောင်း၊ ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘောက ကိုယ် စား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။khit thit

စိုင်ပြင်မြို့မှ စစ်ကောင်စီတပ်စခန်းအား ကာ ကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ရာ ၂၀ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့၌ စစ်ကောင်စီတပ်စွဲထားရာနေရာကို နိုဝင်ဘာလ ၂ ရက်နေ့က ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂၀ ဦးသေဆုံးပြီး ရှစ်ဦးခန့်ဒဏ်ရာရရှိသွားကြောင်း Shew Bo LPDF မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“စိုင်ပြင်တိုက်ပွဲမှာ ကိုယ့်ဘက်က အထိအခိုက်မရှိဘူးဗျ၊ အားလုံး ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပါတယ်။ ခွေး (စစ်ကောင်တပ်ဖွဲ့)ဘက်က ၂၀ သေတယ် ရှစ်ကောင်ကတော့ ဒဏ်ရာရသွားတယ်။ စကစ (စစ်ကောင်စီ) ရဲ့ သတင်းအတိအကျကတော့ တပ်တွင်းသတင်းက ရခဲ့ပါတယ်ဗျ” ဟု ၎င်းက ပြောသည်။

ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့သည် စိုင်ပြင်မြို့မှ စစ်ကောင်စီတပ်စခန်းအတွင်းသို့ လက်လုပ် ၆၀ မမ နှစ်လုံးပစ်ခတ်ခဲ့ပြီး ဒရုန်းဖြင့် ဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ဒေသမှာ အင်တာနက်လည်းမရ၊ ပြည်သူတွေမှာလည်း အစစရာရာလုပ်ကိုင်ခွင့်မရတဲ့အပြင် စကစ(စစ်ကောင်စီတပ်)တွေက သူတို့အထိနာလေ ရွာတွေမီးရှို့တာတွေပိုလုပ်လေဆိုတော့ ပြည်သူတွေ လည်း အခက်ခဲတွေရှိနေပါတယ်ဗျ” ဟု ပြောသည်။

ယခုတိုက်ခိုက်မှုကို Shwebo Local People Defense Force နှင့် မဟာမိတ်တပ်ခွဲ(၄)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။mizzima

ဘူးသီးတောင်တွင် လက်နက်ကြီးကြောင့် ဒေ သခံ ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်   သရက္ကင်းမနူးကျေးရွာမှာလည်း နိုဝင်ဘာ  ၅  ရက် မနက် ၁၁ နာရီက လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဒေသခံ ကျောင်းဆရာ တယောက် ပွဲချင်းပြီး သေဆုံးခဲ့သလို ကလေး ၁ ယောက်အပါအဝင် ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့  မျက်မြင်ဒေသခံတွေက ပြောပါတယ်။

ရွာသားတဦးက “လက်နက်ကြီးကတော့ စကခ(၁၅)နဲ့ နောက် တပ်ရင်း တပ်ဖွဲ့တွေကတော့ ကျေးရွာတွေနားကို နေတိုင်း ပစ်နေတာတာတော့ ရှိတယ်။ အခု ပစ်တာကတော့ စစ်တပ်က ပစ်တာလား။ ဘယ်သူဘက်က ပစ်တာလည်းဆိုတာ အတိအကျ မပြောနိုင်ဘူး။ ရွာသူရွာသားတွေကတော့ ကြောက်လန့် ထွက်ပြေးနေကြတယ်” လို့  ပြောပါတယ်။

သေဆုံးသွားသူမှာ အသက် ၃၅ နှစ်အရွယ် ကျောင်းဆရာ အဘူနော်ဆဲရ်ဖြစ်ပြီး ဝမ်းဗိုက်ပွင့်ထွက် ဒဏ်ရာနဲ့ သေဆုံးခဲ့ကာ ၅ နှစ်အရွယ် ရှာဟတ်နဲ့ ၃၂ နှစ်အရွယ် လိုင်လာတို့က ခြေသလုံးနဲ့ လက်မောင်းမှာ ဒဏ်ရာ ရခဲ့ကြတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့မနက်မှာ ဖြစ်တာ။ ပထမဆုံး လက်နက်ကြီးတလုံးက ရွာနားမှာကျလို့  ၅ နှစ်အရွယ်ကလေး တဦးနဲ့ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရတာ။ ဒဏ်ရာရသူတွေကို ကျောင်းဆရာက ကူညီဖို့ သွားတာ။ သူက အရင်ကလည်း ဆေးမှူး လုပ်ခဲ့ဖူးတယ်။ ကူညီဖို့ သွားတဲ့အချိန်မှာ နောက်ထပ် လက်နက်ကြီးတလုံးကျလာပြီး ပွဲချင်းပြီးသေဆုံးသွားတာ။”

အိမ်ခြေ ၁၂၀ ရှိတဲ့ သရက္ကင်းမနူးကျေးရွာဟာ ဘူးသီးတောင်အခြေစိုက်အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရဲ့ လမ်းမြောက်ဘက်မှာတည်ရှိပြီး  လက်နက်ကြီး ကျရောက်တာကြောင့် ရွာသူရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် နဂရာရွာမြောက်ဘက်၊ ရုပ်သားရွာနောက်ကျောဘက်က တောင်တန်းကို ဒီမနက်အစောပိုင်း ၃ နာရီခွဲလောက်မှာ စစ်ကောင်စီက တိုက်လေယာဥ်တစီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ နဂရာကျေးရွာဒေသခံ တယောက်က ပြောပါတယ်။

နဂရာကျေးရွာကို  နိုဝင်ဘာ ၄ ရက်မှာလည်း စစ်ရေယာဥ် ၂ စီးက ပစ်ခတ်ခဲ့လို့ နေအိမ်တလုံး ထိခိုက်ပျက်စီခဲ့ပေမဲ့ ပြည်သူတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြလို့ ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

တိုက်ခိုက်ရေးနဲ့ထောက်ပို့ ရဟတ်ယာဥ်တွေကတော့ တရက်ကို ၄ စီးထက်မနည်း စစ်တွေ ခလရ ၂၀ ကနေ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပလက်ဝဘက်တွေကို ဆက်တိုက် သွားလာ နေကြတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “အင်အားတွေ၊ ရိက္ခာတွေ ပို့သလားတော့ မသိဘူး။ နေအိမ် ခေါင်မိုးပေါ်တွေကနေ ရဟတ်ယာဥ် တစီးပြီး တစ်စီးဖြတ်ပျံနေတာ အများစုကတော့ စစ်တွေမြို့ဘက်ကနေ မြောက်ဘက်ကို နေ့တိုင်းသွားလာနေကြလို့ ဒေသခံတွေအနေနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခံရမှာကို စိုးရိမ်နေကြရတယ်”လို့ ပြောပါတယ်။

ကျောက်တော်မြို့နယ်မှာ နိုဝင်ဘာ ၄ ရက်ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၃ ယောက်သေဆုံးကာ ၂၃ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။DVB

မဲဆောက်တွင် မြန်မာဘက်သို့ ပို့မည့် စနိုက်ပါလက်နက်များ အပါအဝင် သေနတ်အရှည်၊ အတို ၅၉ လက် ဖမ်းဆီးရမိဟုဆို

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့လယ်တွင် မြန်မာနိုင်ငံသားတစ်ဦးငှားရမ်းထားသော နေအိမ်တွင် သေနတ်အရှည်၊ အတို များ အပါအဝင်စုစုပေါင်း လက်နက် ၅၉ လက် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းများနှင့် မဲဆောက်မြန်မာသတင်းရပ်ကွက်များထံမှ သိရှိရသည်။

ယနေ့ နံနက် ၅ နာရီအချိန် မဲဆောက်မြို့ အင်ထရာခီလီလမ်း ဘန့်နိုင်းဖန်အိမ်ရာရှိ အိမ်အမှတ် ၁၁/၈၄ ကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းရာမှ မောင်းပြန်သေနတ် ၃၉ လက် ၊လက် နက်ငယ် ၂၀ လက်နှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း၊ ထပ်မံ၍ ဆက်စပ်သူများကို ထပ်မံ ဖမ်းဆီးမည့် အလားအလာရှိကြောင်း သိရှိရသည်။

“လက်နက်တွေက မြန်မာပြည်ဘက်ကို ပို့မယ့် လက်နက်တွေလို့သိရတယ်။ ဖမ်းတာကတော့ နယ်မြေခံမဟုတ်ဘဲ ဘန်ကောက်က တိုက်ရိုက်လာတဲ့ အမိန့်နဲ့ဖမ်းတာလို့သိရပါတယ်။ လောလောဆယ်တော့ အဲဒီအိမ်ကို ငှားရမ်းထားတဲ့ မြန်မာနိုင်ငံသားတစ်ဦးလည်း အဖမ်းခံထားရတယ်ပြောတယ်။ ထိုင်းဘက်က သတင်းထုတ်ပြန်ချက်ကိုပဲ စောင့်ကြည့်ရမှာပဲ” ဟု မဲဆောက်ရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်တပ်မှ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်က အောက်တိုဘာ ၂၂ ရက်နေ့ ထိုင်းနိုင်ငံ ဘန် ကောက်တွင် ထိုင်းရဲဗိုလ်ချုပ် Khemmarin Hassir ခေါင်းဆောင်သောအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံနယ်စပ်တွင် တတိယနိုင်ငံသားများ တရားမဝင် ဝင်ရောက်မှု၊ မြန်မာနိုင်ငံသား ထိုင်းနယ်စပ်တွင် ခိုအောင်းနေမှုကို ရဲတပ်ဖွဲ့ချင်း ပူးပေါင်းဖော်ထုတ်အရေးယူနိုင်ရန် ဆွေးနွေးခဲ့ကြောင်း အကြမ်းဖက်စစ်တပ်၏ ဝါဒဖြန့် သတင်းမီဒီယာများက သတင်းဖော်ပြခဲ့သည်။ khit thit

ကလေးမြို့တွင် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးဟုဆို

စစ်ကိုင်းတိုင်း ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကလေး) PDF – Kalay မှ သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၆ နာရီ ၅၀ မိနစ်အချိန်တွင် မြို့ကြီးကုန်းနှင့် နည်းပညာတက္ကသိုလ် (ကလေး)အကြား၌ မိုင်းတပ်ဖွဲ့မှ အသင့်တပ်ဆင်ထားသောမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါစစ်ကြောင်းသည် ကလေးမြို့နယ်တောင်ပိုင်းသို့ နံနက် ၃ နာရီတွင် အင်အား ၈၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် မိုင်းဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် အနီးပတ်ဝန်းကျင်အား ငါး မိနစ်ခန့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း PDF – Kalay ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၃၁ ရက်နေ့က ဖမ်းဆီးခဲ့ပြီး နည်းပညာတက္ကသိုလ်တွင် ထိန်းသိမ်းထားသည့် အပြစ်မဲ့ပြည်သူသုံးဦးကို ယင်းနေရာမှ အဖွဲ့စက်နေရာသို့ အင်အား ၄၀ ခန့်ဖြင့် ခေါ်ဆောင်သွားကြောင်း သိရသည်။

နံနက် ၁၁ နာရီအချိန်ခန့်၌ အဖွဲ့စက်တွင်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီးဖြင့် ထောက်ကြန့်ကျေးရွာသို့ပစ်ခတ်ခဲ့ရာ လူနေခြံဝင်းအတွင်းမှ စပါးတိုက်နှင့် နွားစာတိုက်ပေါ်သို့ လက်နက် ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၇၀ ခန့် အမျိုးသမီးကြီးတစ်ဦး(မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ mizzima

ခေါဇာမြို့၌ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၃ ဦး ဒဏ်ရာရ

မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့၌ နိုဝင်ဘာ ၄ ရက် ညက လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံအရပ်သားမိသားစုဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကြောင့် ဒဏ်ရာရကြတဲ့သူတွေက အမျိုးသား ၁ ယောက်နဲ့  အသက် ၆ နှစ်နဲ့ ၇ နှစ်အရွယ်ရှိ အမျိုးသမီးငယ် ၂ ယောက်တို့ဖြစ်ပြီး ဒဏ်ရာရသူတွေကို လူမှုကယ်ဆယ်ရေးသမားတွေက ရေးမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ခေါဇာအခြေစိုက် ခလရ ၃၁ စစ်ကောင်စီတပ်ရင်းကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တာဖြစ်ပြီး ရွာထဲက လူနေအိမ်ဘက်မှာ ကျည်ထိမှန်ပေါက် ကွဲခဲ့တာပါ။

လက်နက်ကြီးက ရွာထဲကို ၅ ချက် ထက်မနည်း လက်နက်ငယ်တွေပါ  ထပ်မံပစ်နေတော့ ဒေသ ကာကွယ်ရေး PDF နဲ့ တိုက်ပွဲတွေ ဖြစ်တာလားတော့ မသိရဘူးလို့ ဒေသခံတယောက်က ထပ် ပြောပါတယ်။

အောက်တိုဘာ ၁ ရက်ကလည်း ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့မရဲစခန်းကို မွန်ပြည်ကာကွယ်ရေးတပ် တောင်ပိုင်း MSDF-S တပ်ဖွဲ့က လာရောက်ပစ်ခတ်အပြီး စစ်ကောင်စီ တပ်လက်အောက်ခံ စစ်တပ်၊ ရဲတွေနဲ့ စစ်ရေးတင်းမာလာနေသလို နှစ်ဖက်စလုံးက ထိခိုက်ကျဆုံးတာတွေရှိနေခဲ့တာပါ။

ခေါဇာမြို့က စစ်ကောင်စီရဲ့ လက်အောက်ခံတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေ ရှိလာ ခဲ့တာကြောင့် ညဘက်တွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လှည့်ကင်း ဝပ်ကင်းတွေရဲ့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ မကြာခဏ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

စစ်တပ်ဝါဒဖြန့်ချိရေး Facebook Page များ၊ တယ်လီဂရမ်အုပ်စုများတွင် ပါဝင်ရန်၊ Share လုပ်ရန် တပ်တွင်း အမိန့်ထုတ်

အကြမ်းဖက်စစ်တပ်က တပ်ဝါဒဖြန့်ချိရေး Facebook စာမျက်နှာများ၊ တယ် လီဂရမ်အုပ်စုများတွင် တပ်ရင်းတပ်ဖွဲ့များမှ မိသားစုများ၊ စစ် သားများအားလုံး ပါဝင်ကြရန်နှင့် ဝါဒဖြန့် သတင်း၊ ဆောင်းပါးများကို မဖြစ်မနေ Share လုပ်ကြရန် အမိန့် ထုတ်ထားကြောင်း သိရှိရသည်။

စစ်တပ်က Facebook လူမှုကွန်ရက်စာမျက်နှာတွင် တရားဝင် ရပ်တည်နိုင်ခြင်းမရှိသောကြောင့် အကောင့်အတုများဖြင့် အမည်အမျိုးမျိုးသုံး ၍ လူမှုကွန်ရက်တွင် ဝါဒဖြန့်ချိရေး Page များထူထောင်ကာ ပုံစံအမျိုးမျိုးဖြင့် ဝါဒဖြန့် လျက်ရှိကြောင်း၊ တယ်လီဂရမ်စာမျက်နှာတွင် Han Nyein Oo ၊ Kyaw Swar အပြင် အခြားသော စစ်တပ်လော်ဘီ စာမျက်နှာများကို စစ်တပ်အသိုင်းအဝိုင်းမှ မိသားစုများ၊ စစ်သားများအားလုံး မဖြစ်နေ Join လုပ်ခိုင်းထားကြောင်း သိရှိရသည်။

“တပ်တွင်းမှာ propaganda လုပ်တဲ့ Fb page တွေနဲ့ telegram တွေကို တပ်တွင်း မိသားစုတွေကို ခေါ်ပြီး အဲ့ဒါတွေကို သူတို့ဖုန်းတွေမှာ အကုန် share ခိုင်းတယ်။ တပ်ထဲတွေမှာ တပ်နယ်အလိုက် ဖွင့်ထားတဲ့ Facebook page တွေရှိနေပြီး အဲ့ဒီ ပေ့ချ်တွေကို တပ်ထဲက တပ်မိ သားစုဝင်တွေကို အကုန်ခေါ်ပြီး post တွေကို share ခိုင်းတယ် ဖုန်းတွေပါ ယူပြီး အရာရှိတွေကိုယ်တိုင်က share ပေးတာတွေပါလုပ်ခိုင်းပါတယ်။ Telegram ကိုဆိုရင်လည်း ကကဟန်ဆိုတဲ့ telegram ကိုပဲ အမြဲကြည့်ဖို့ channel ကို join ဖို့ပြောပါတယ်” ဟု ရန်ကုန်ခေတ် သစ်၏ သတင်းရင်းမြစ်က ပြောသည်။

စစ်ကိုင်းတိုင်းနှင့်ချင်းပြည်နယ်ရှိ တပ်ရင်းတပ်ဖွဲ့များတွင် Facebook လူမှုကွန်ရက်တွင် ဖွင့်လှစ်ထားသည့် သလ္လာရွှေမြေ လူမှုကွန်ရက် စာ မျက်နှာ ကို မဖြစ်မနေ Like လုပ်ထားကြရန်နှင့် ဝင်ရောက်ကြည့်ရှုကြရန် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)က အမိန့်ထုတ်ထားသည်ဟု သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက လူမှုကွန်ရက် Facebook ကို အစားထိုးမည့် လူမှုကွန်ရက်တစ်ခုကိုလည်းကောင်း၊ You tube ကို အစားထိုးမည့် Mtube ကိုလည်းကောင်း တီထွင် တည်ဆောက်နေပြီဟု တရားဝင် သတင်းထုတ်ပြန် ထားသော်လည်း လက်ရှိအချိန်အထိ တရားဝင် ထွက်ရှိလာခြင်းမရှိသေးပေ။

လူမှုကွန်ရက် Facebook ၊ You tube တို့တွင် စစ်ကောင်စီက နေရာမရသဖြင့် တယ်လီဂရမ်၊ ဗိုက်ဗာတို့မှတစ်ဆင့် ဝါဒ ဖြန့်ချိရေးများကို အင် တိုက်အားတိုက် စစ်တပ်က လုပ်ဆောင်နေသော်လည်း လက်ရှိအချိန်အထိ ပြည်သူများ အကြားကို ထိုးဖောက်နိုင်ခြင်းမရှိသေးပေ။ khit thit

ကုမ္ပဏီများကို စိစစ်မှုများ တိုးမြှင့်လုပ်ဆောင်မည်ဖြစ်၍ ဥပဒေမလိုက်နာကြောင်း တွေ့ရှိပါက အရေးယူမှုများ ပြုလုပ်မည်ဟု စစ်ကောင် စီလက်အောက်ခံ DICA ထုတ်ပြန်

ကုမ္ပဏီများကို စိစစ်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး ဥပဒေမလိုက်နာကြောင်း တွေ့ရှိပါက အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က ယမန်နေ့ နိုဝင်ဘာလ ၄ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ကုမ္ပဏီများနှင့် ကုမ္ပဏီဒါရိုက်တာများ၊ ကုမ္ပဏီတွင် ပါဝင်သူများအနေဖြင့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကို ပိုမိုလိုက်နာစေရန်အတွက် အ ရည်အသွေးမြင့်သော စိစစ်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး လိုက်နာမှုမရှိကြောင်း တွေ့ရှိပါက သတ်မှတ်ထား သောဒဏ်ကြေးငွေချမှတ်ခြင်းနှင့် အခြားသောအရေးယူမှုများကို ပြုလုပ်မည်ဖြစ် ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင်ကုမ္ပဏီများနှင့် ကုမ္ပဏီတွင်ပါဝင်သူ တချို့သည် မြန်မာနိုင်ငံ ကုမ္ပဏီ များဥပဒေတွင် ပြဌာန်းပါရှိသည့် ဒါရိုက်တာများနှင့် ပါဝင်သူ များ၏ တာဝန်များကို သိလျက်နှင့်ဖြစ်စေ၊ မသိ၍ဖြစ်စေ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်နေသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မှတ်ပုံတင်စာရင်း တင်သွင်းထားသော ကုမ္ပဏီ၏ မှတ်ပုံတင်ရုံးခန်းလိပ်စာသည် မြေပြင်တွင် အမှန်တကယ် တည်ရှိမနေခြင်း၊ ဥပဒေအရ ပြုစုထားရှိရန် လိုသော မှတ်ပုံတင်စာရင်းစာအုပ်နှင့် အခြားလိုအပ်သော အချက်အလက်များကို ပြုစု၍ သိမ်းဆည်းထားရမည့် လိုအပ်ချက်ကို သိ လျက်နှင့်ဖြစ်စေ မသိ၍ ဖြစ်စေ လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ခြင်းနှင့် အချို့သော ကုမ္ပဏီအဖွဲ့အစည်းများသည် ငွေကြေးဆိုင်ရာ ကိစ္စများဆောင်ရွက်ရာတွင် ဘဏ်များ၌ သီးခြားငွေစာရင်း ဖွင့်လှစ်ရ မည့်အစား လူပုဂ္ဂိုလ်ဆိုင်ရာ ဘဏ်စာရင်းများကို အသုံးပြု၍လုပ်ငန်းဆောင် ရွက် နေကြသည်ကို တွေ့ရှိရကြောင်း ဆိုထားသည်။

လက်ရှိတွင် နှစ်စဉ်အစီရင်ခံစာတင်ပြရန် ပျက်ကွက်သဖြင့် ဆိုင်းငံ့ခံရခြင်း၊ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရခြင်း စသည်ဖြင့် အရေးယူခံရသော ကုမ္ပဏီအရေ အတွက် အများအပြားရှိနေကြောင်း သိရသည်။ mizzima

« Older Entries