Monthly Archives: Nov 2022

ပုသိမ်မြို့ တိုင်းအကူရဲတပ်ဖွဲ့ရုံးရှေ့ ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက် တိုင်းအကူရဲတပ်ဖွဲ့ရုံးရှေ့မှာ နိုဝင်ဘာ ၅ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုင်းအကူတပ်ဖွဲ့ရှေ့ ဖောက်ခွဲမှုကို ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ ကန်ကြီးထောင့် ပကဖ ပူးပေါင်း လုပ်ဆောင်တာလို့ ပုသိမ်မြို့ပြပြောက် ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

”နန်းထိုက်အောင်စစ်ဆင်ရေး တတိယအကြိမ်အဖြစ်ဆောင်ရွက်တာပါ၊ အားလုံးတော့ ဘင်းကင်းတဲ့နေရာ ပြန်ရောက်ပါပြီ’ ‘လို့ ပြောက် ကျားတပ်ဖွဲ့တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

ဗုံးကွဲမှုကြောင့် ရဲ ၁ ယောက် ဒဏ်ရာရပြီး  ဆေးရုံတင်ကား ၁ စီးရောက်ရှိလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ ရုံးပေါင်းစုံလမ်းဖြစ်တာကြောင့် မိနစ်ပိုင်းအတွင်းမှာ စစ်ကောင်စီတပ်သားတွေရောက်လာပြီး ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

မိုးကောင်းတွင် စစ်တပ် ခိုင်းစေမှုဖြင့် ခိုးဆိုးလုနှိက် လုပ်ကိုင်ပြီး ထောက်လှမ်းရေး လုပ် ဆောင်နေသူ ၂ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် စစ်တပ် ခိုင်းစေမှုဖြင့် ခိုးဆိုးလုနှိက်ပြီး ထောက်လှမ်းရေး လုပ်ဆောင်နေသူ ၂ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၆ မိနစ်တွင် မိုးကောင်းမြို့၌ ဗိုလ်ကြီးစိုးညွန့်နှင့် ရဲနယ်ထိန်း ဘငန့်တို့၏ ခိုင်းစေမှုဖြင့် ခိုးဆိုးလုနှိက် လုပ် ကိုင်ပြီး ထောက်လှမ်းရေး လုပ်ဆောင်နေသည့် တိုးမင်းအောင်နှင့် ဝင်းဇော်ဦး (ခ) ဖိုးစေ့ ရယ်ကိတို့ ၂ ဦးကို Kachin Region people Defence forceနှင့် UG black K အဖွဲ့တို့က ပူးပေါင်း ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

“စစ်တပ်က ဗိုလ်ကြီးစိုးညွန့်နဲ့ နယ်ထိန်း ဘငန့် တို့ကလွှတ်ထားတဲ့ ခိုးဆိုးလုနှိက် လုပ်ပြီး ထောက်လှမ်းရေး လုပ်နေတဲ့ တိုးမင်းအောင်ရယ်။ ဝင်းဇော်ဦး (ခ) ဖိုးစေ့ ရယ်ကိတို့ကို ဒီနေ့ ၁ နာရီ ၁၆ မိနစ်မှာ Kachin Region people Defence forceနဲ့ UG black K အဖွဲ့က ပူးပေါင်း ဖမ်းဆီးရမိခဲ့ပါတယ်” ဟု UG Black K အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ khit thit

ဒေသခံများ ၏ ကန့်ကွက်မှုကြောင့် ကလောတန်ဆောင်တိုင်ပွဲပျက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် အကြမ်းဖက်စစ်ကောင်စီက ဦးစီးကျင်းပမည့် ကလောတန်ဆောင်တိုင်ပွဲအား ဒေသခံများ ၏ ကန့်ကွက်မှုကြောင့် ပွဲပျက်သွားကြောင်း သိရသည်။

လာမည့် နိုဝင်ဘာလ ၇ရက်နေ့ တန်ဆောင်မုန်းလပြည့်နေ့၌ ကလောမြို့နယ်တွင် နှစ်စဉ်ပြုလုပ်နေကြဖြစ်သည့် ကလောတန်ဆောင်တိုင်ပွဲ မီးရှော်တိုင်အလှပြိုင်ပွဲ ကျင်းပရန် ဒေသခံများအား ပါဝင်ရန် ဖိအားပေးသော်လည်း ကန့်ကွက်မှုကြောင့် ပွဲပျက်သွားခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“အရင်က နှစ်စဉ်၊ နှစ်တိုင်း ကလောတန်ဆောင်တိုင် မီးရှော်တိုင်ပွဲဆိုတာ နာမည်ကြီးပဲ။ ရပ်ကွက်တစ်ခုချင်းအလိုက် မီးရှော်တိုင်အလှပြိုင်ကြတယ်။ ဒီနှစ်မှာလည်း ကျင်းပဖို့အတွက် စကစ(စစ်ကောင်စီ) ဘက်က မြို့နယ်အုပ်ချုပ်ရေးမှုးနဲ့ အုပ်ကြီးတွေကတစ်ဆင့် လူထုကိုစည်းရုံးဖို့ ပြောလာတယ်။ လူထုရဲ့သဘောထားက သဘောမတူဘဲ ကန့်ကွက်တာကြောင့် ပွဲမဖြစ်တော့ပါဘူး” ဟု ကလောမြို့မီးရှော်တိုင်ကျင်းပရေးကော်မတီမှ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

နှစ်စဉ်နှစ်တိုင်းကျင်းပလာသည့် ကလော တန်ဆောင်တိုင်ပွဲ မီးရှော်တိုင် အလှပြိုင်ပွဲအား ၂၀၁၉ ခုနှစ်က နောက်ဆုံးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အထိ သုံးနှစ်ဆက်တိုက် ရပ်နားထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

” တစ်ချို့ဒေသခံနဲ့ ရပ်ကွက်အချို့ကလည်း ပွဲကျင်းပဖို့အတွက် စိတ်အားထက်သန်တယ်။ ဒါပေမဲ့ အများရဲ့သဘောထားကို လိုက်လျောပေးခဲ့တာပါ” ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် ကလောမြို့နယ်အတွင်း တန်ဆောင်တိုင်ပွဲ ကျင်းပသည်ဖြစ်စေ၊ မကျင်းပသည်ဖြစ်စေ အသွားအလာဆင်ခြင်ကြရန်လည်း ရှမ်းတောင်တော်လှန်ရေးအင်အားစုမှ ရဲဘော်တစ်ဦးက အသိပေးထားသည်။

“ဒါက ဝါဒဖြန့်နေတာပဲ။ ဒီအပျော်တွေမှာ မနစ်မြောသွားဖို့ဘဲလိုတယ်။ ဒီကာလမှာ အပျော်ဆိုတာလည်း ရှိသင့်ပေမယ့် သွားလာတာ ဂရုစိုက်ကြဖို့ပဲပြောချင်ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် ဇူလိုင်လ ၂၀ ရက်ကလည်း ကလောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီမှ ဦးစီးကျင်းပသည့် ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲတွင် နှစ်ဖက်အသင်းသားများ ခိုက်ရန်ဖြစ်ပွားသောကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ သေနတ်ပစ်ဖောက်၍ လူစုခွဲပြီး ပွဲကိုရပ်ဆိုင်းခဲ့ကာ ဆက်လက်ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။ mizzima

ပုသိမ်မြို့သား PDF တပ်ဖွဲ့ဝင် KNU နယ်မြေတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ကျဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့သား PDF တပ်ဖွဲ့ဝင်တစ်ဦး KNU နယ်မြေတွင် နိုဝင်ဘာလ ၂ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန်က စစ်ကောင်စီတပ်ဖွဲ့များ ရမ်းသန်း ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ကာ ကျဆုံးသွားကြောင်း သိရသည်။

ကျဆုံးသွားသူမှာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် နေထိုင်ခဲ့သည့် ကိုမျိုးမင်းလတ်(ခေါ်)ကိုဘဂျမ်း ဖြစ်သည်ဟုသိရပြီး အာဏာသိမ်းစစ်အုပ်စုအား လက်နက်ကိုင်တော်လှန်နေသူ တစ်ဦးဖြစ်သည်ဟု ကိုမျိုးမင်းလတ်နှင့်

နီးစပ်သူတစ်ဦးက ပြောသည်။

“ကျတာကတော့ KNU တပ်မဟာ(၃) နယ်မြေထဲမှာ ကျသွားတာပါ။ စစ်တပ်ကရမ်းသန်းပစ်တဲ့ လက်နက်ကြီးက ကိုဘဂျမ်းနေတဲ့ တဲပေါ်ကျပြီး အဲ့ဒီနေရာမှာပဲ ဆုံးသွားတာလို့ သိရတယ်”ဟု ဆိုသည်။

ကိုမျိုးမင်းလတ်သည် စစ်အာဏာမသိမ်းမီက NLD ပါတီတွင် ပုသိမ်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်ဟုသိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများပါဝင်ခဲ့ပြီး စစ်အုပ်စုနှင့် ရဲများက လိုက်လံဖမ်းဆီးခဲ့သည့်အတွက် နေရပ်စွန့်ခွာရှောင်းတိမ်းခဲ့ရသည်။

ထို့နောက် ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေတွင် PDF တပ်ဖွဲ့ဝင်တစ်ဦးအဖြစ် လက်နက်ကိုင်တိုက်ပွဲဝင်နေရာက လက်နက်ကြီးထိမှန်၍ မြင့်မြတ်စွာ ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ဧရာဝတီတိုင်းသား တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ကိုမျိုးမင်းလတ်၏ ရုပ်အလောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၃ ရက်နေ့က တောတွင်းတစ်နေရာ၌ မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်ဟု ၎င်းနှင့်နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေတွင် ဧရာဝတီတိုင်းမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် PDF တပ်ဖွဲ့ဝင်အများအပြား၊ အာဏာ သိမ်းစစ်အုပ်စုကို လက်နက်ကိုင်တော်လှန်နေကြသည်ဟု တော်လှန်ရေးအင်အားစုများ၏ ပြောပြချက်အရ သိရသည်။ mizzima

ပေါင်းတည်၊ တောင်ငူ၊ မြိုင်နှင့် သပိတ်ကျင်းတို့တွင် စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခံရပြီး ၆ ဦးခန့်သေဆုံး​

ပေါင်းတည်၊ တောင်ငူ၊ မြိုင်နှင့် သပိတ်ကျင်း မြို့နယ်တို့တွင် စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခံရပြီး ၆ ဦးခန့်သေဆုံး​ခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

တာင်ငူတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

============================================

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က ၅ ဦးခန့် သေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင် တောင်ငူမြို့နယ် ဇရပ်ကြီးအနီးရှိ တလိုင်းအိုင်ရွာ အလှူပွဲတွင် ဗုံးပေါက်ကွဲပြီးနောက် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က ၅ ဦးခန့်သေဆုံးကြောင်း သိရသည်။

“ဇရပ်ကြီးနားက တလိုင်းအိုင်ရွာ အလှူမှာ ဗုံးကွဲပြီး နံက် ၈ နာရီလောက်မှာ PDF တွေနဲ့ စစ်ခွေးတွေ တိုက်ပွဲဖြစ်တယ်။ စစ်ခွေးတွေက အနည်းဆုံး ၅ ဦးလောက်သေတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အနီးအနားရှိ ပြည်သူပိုင် နေအိမ် ၁ လုံးနှင့် တောတဲ ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့တွင် ဖားယားကြီးရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ် ခံရပြီး သေဆုံး

============================================

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ဖားယားကြီးရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ် တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ် ဖားယားကြီးကျေးရွာနေ အုပ်ချုပ်ရေးမှုး ဆောင်းတင်ကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃၆၀၁) တပ်ခွဲ (၅) နွေဦးအဖွဲ့ မှ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ဆောင်းတင် အလောင်းကို မွန်းလွဲ ၁ နာရီခန့် အကြာတွင် ပေါင်းတည်မြို့မှ ရဲနှင့် စစ်သားများက ဆိုင်ကယ် ၃ စီး၊ ရဲကားလေး ၁ စီး၊ အရာရှိ လိုက်ပါလာသော အိမ်စီးကားလေး ၁ စီးနှင့် နာရေးကား ၁ စီးတို့ ရောက်ရှိ လာပြီး အလောင်း ကောက်ယူသွားကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူး တာဝန်မှ မနှုတ်ထွက်သော စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများကို ဆက်လက် ရှင်းလင်းသွားမည်ဖြစ်ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁) တပ်ရင်းက ထုတ်ပြန်ထားသည်။

သပိတ်ကျင်းရှိ ရဲကင်း စစ်ဆေးရေးဂိတ် ဖောက်ခွဲ တိုက်ခိုက်ခံရ

============================================

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ရဲကင်း စစ်ဆေးရေးဂိတ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နိုင်ဝင်ဘာလ ၅ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်တွင် သပိတ်ကျင်းမြို့ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲကင်း စစ်ဆေးရေးဂိတ်ကို သပိတ်ကျင်းမြို့နယ် ပကဖ ကြာညှပ်-ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဒီမနက် ၈ နာရီ ၅၀ မိနစ် အချိန် တကောင်းရဲကင်းစစ်ဆေးရေးဂိတ်ကို သပိတ်ကျင်းမြို့နယ် (ပကဖ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ်မှ ပဒေသာမိုင်း ၂ လုံးဖြင့်ဖောက်ခွဲခဲ့ပါတယ်။ အထိခိုက်တော့မရှိခဲ့ပါဘူး” ဟု သပိတ်ကျင်းမြို့နယ် ပကဖ ကြာညှပ်-ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

မကွေးတွင် စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

============================================

မကွေးတိုင်း၊ ပခုက္ကူနှင့် မြိုင်တို့တွင် စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခံရ​ပြီး ထိခိုက်သေဆုံးမှု ရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ပခုက္ကူမြို့နယ် ကျောက်စရစ်ကန်နှင့် မြိုင်မြို့နယ် သစ်ပင်ကြီးရွာ လမ်းပိုင်းတွင် ကင်းပုန်းဝပ်နေသော စစ်သားနှင့် ပျူစောထီးများ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဒရုန်းဖြင့် တိုက်ခိုက် ခံရပြီးနောက် ကာကွယ်ရေး တပ်ဖွဲ့များကို စစ်ကောင်စီ တပ်သားများက ကားဖြင့် လာရောက်ပစ်သောကြောင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၃ ဦး ကျည်ထိမှန်ကာ ပျူစောထီး ခေါင်းဆောင် မင်းဇော်ဦး သေဆုံး နိုင်ကြောင်း သိရသည်။

သေဆုံးသည်ဟု ယူဆရသော ပျူစောထီး ခေါင်းဆောင် မင်းဇော်ဦး၏ လက်ကိုင်ဖုန်းကို ကာကွယ်ရေး တပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုသည် မြိုင်တွင် ကျဆုံးခဲ့သည့် PDF ရဲဘော် ၅ ဦးအတွက် လက်စားချေ တိုက်ခိုက် ခြင်းဖြစ်ကြောင်း မြိုင် ပကဖ တပ်ရင်း-၁ က ထုတ်ပြန်ထားသည်။ khit thit

မြင်းမူမြို့နယ် ရွှေယင်းမာကျေးရွာမှ နေအိမ် ၆ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် နိုဝင်ဘာလ ၃ ရက်နေ့တွင် ရွှေယင်းမာကျေးရွာမှ နေအိမ်ခြောက်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှသိရ သည်။

စစ်သားအင်အား ၈၀ ခန့်ပါဝင်သည့်စစ်ကြောင်းသည့် မြင်းမူမြို့၏အနောက်ဘက် ၁၀ မိုင် ခန့်အကွာရှိ ရွှေယင်းမာကျေးရွာတွင် နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၅ နာရီခန့်က နေအိမ်များကို စတင်မီးရှို့ ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“အိမ်ခြောက်လုံးကတော့ ပြာကျသွားတယ်။ တခြားအိမ်တွေကိုလည်း ထင်သလိုမွှေနှောက်ပြီး ပစ္စည်းတွေ ကိုထုဖျက်ပြီး လိုချင်တာအကုန် ခိုးသွားကြတယ်။ ကျွန်မတို့မှာ စစ်သားတွေလာပြီဆိုရင် ဒူးတွေ၊ ရင်တွေ တုန်ပြီး ကြောက်လန့်နေရတယ်။ ကလေးငယ်လေးတွေ၊ ကိုယ်ဝန် ဆောင်တွေ၊ အဘိုးကြီး အဖွားကြီးတွေ ပါမကျန် အကုန်ထွက်ပြေးနေရတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့်ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

အိမ်ခြေ ၄၀၀ ခန့်ရှိသည် ရွှေယင်းမာကျေးရွာမှ ဒေသခံများအပါအဝင် နီးစပ်ရာကျေးရွာငါးရွာမှ ပြည်သူ များမှာ စစ်ကောင်စီတပ်ရန်မှ ကြောက် လန့်တကြား ထွက်ပြေးတိမ်ရှောင်နေရကြောင်း သိရသည်။

မြင်းမူမြို့နယ် ရွှေယင်းမာကျေးရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ဂွေးပင်တောကျေးရွာ တွင်ရောက်ရှိနေပြီး သေနတ်များဖောက်ကာ ဘုန်းတော်ကြီးကျောင်း၌ တပ်စွဲထားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ mizzima

လွိုင်ကော်-မော်ချီးလမ်းပိုင်းကို တပတ် ၃ ရက်သာ ဖြတ်သန်းခွင့်ပေးမည်ဟု KNDF ထုတ်ပြန်

ကယား(ကရင်နီ) ပြည်နယ်  လွိုင်ကော် – မော်ချီးလမ်းပိုင်းက ဂိတ် ၃ ဂိတ်နဲ့ ပြည်သူတွေကို တပတ်မှာ ၃ ရက်သာ ဖြတ်သန်းသွားလာခွင့်ပေးမယ်လို့  ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၀ က နိုဝင်ဘာ ၄ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။ 

လွိုင်ကော် -မော်ချီးလမ်းပိုင်းကို တနင်္လာနေ့ ၊ အင်္ဂါနေ့ နဲ့ ဗုဒ္ဓဟူးနေ့တွေ မနက် ၆ နာရီမှ ညနေ ၅ နာရီအတွင်း ဖြတ်သန်းသွားလာခွင့်ပြုမှာဖြစ်ပြီး သတ်မှတ်အချိန်ထက်ကျော်လွန်ပါက အာမခံချက် မပေးနိုင်ဘူးလို့ ဆိုပါတယ်။

ယာဉ်ကြီးတွေက Canter (၁၄ ) ပေ နဲ့ ဒန်ဘာ ၃ ကျင်း ကားတွေသာ လမ်းပိုင်းအသုံးပြုခွင့်ရမှာ ဖြစ်ပြီး ပြည်နယ်ပြင်ပမှ ရွှေ့ပြောင်းအလုပ်သားတွေနဲ့ ဆိုင်ကယ်ကုန်စိမ်းရောင်သေတွေကို လုံးဝ ဝင်ရောက်ခွင့်ပြုမှာ မဟုတ်သလို တားမြစ်ထားတဲ့ ဘိလပ်မြေ၊ သံတိုသံစ၊ အိမ်ဆောက်ပစ္စည်းတွေအပါအဝင် တားမြစ်ကန့်သတ်ပစ္စည်းသယ်ဆောင်လာတဲ့ ကားတွေကို သိမ်းဆည်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် နွား၊ ဝက် သယ်ဆောင်လာတဲ့ကားတွေကိုလည်း လမ်းပိတ်ရက်တွေမှာ ဖြတ်သန်း သယ်ဆောင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ကရင်နီပြည် ထဲရေးဝန်ကြီးဌာန၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF ဗဟိုကော်မတီ နဲ့ ကရင်နီရဲဌာန KSP တို့ရဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ သိရပါတယ်။ DVB

ရခိုင်တွင် ရက်ပိုင်းအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ၆ ဦး အဖမ်းခံရ

နိုဝင်ဘာလဆန်းအတွင်း ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်က အုပ်ချုပ်ရေးမှုးတစ်ဦးအပါအဝင်  ၆ ဦးကို ဖမ်းထားပြီး မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မသိရကြောင်း   ဒေသခံများနှင့် မိသားစုဝင်များက ပြောသည်။

နိုဝင်ဘာ ၁  မွန်းလွဲပိုင်းက  ဆိုင်ကယ်အတူတကွစီးလာသော လူငယ်နှစ်ဦး မောင်တောမြို့နယ်တွင် အဖမ်းခံရသည်။ ထိုသူတို့မှာ  မင်းခမောင်း ကျေးရွာမှ  ၂၅ နှစ်အရွယ်တက္ကသိုလ်ကျောင်းသား ကိုဆန်းဌေး၊  မင်္ဂလာညွန့်စံပြကျေးရွာမှ ၂၅ နှစ်အရွယ် ကိုခင်ဇော်တို့ ဖြစ်သည်။ 

နိုဝင်ဘာ ၂ တွင် ကျောက်ဖြူမြို့ ပြင်ဖြူမော်ရပ်ကွက်မှ  ၅၆ နှစ်အရွယ်  အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်း၊ စေတီတောင်ရပ်ကွက်မှ  ၅၆ နှစ်အရွယ် ရာအိမ်မှူး  ဦးဝင်းမောင်၊   ၃၇ နှစ်အရွယ် မောင်မောင်ထွန်းနှင့် စေတီယျရပ်ကွက်မှ ဦးထွန်းနေဝင်းတို့ ဖမ်းဆီးခံရသည်။

တိုက်ပွဲများပြင်းထန်နေသော ရခိုင်ပြည်နယ်တွင်  စစ်တပ်က ထိုသူများကို   ရက္ခိုင့်တပ်တော် (AA) ဆက်စပ်သံသယဖြင့် ဖမ်းဆီးခြင်းဖြစ်မည်ဟု ဒေသခံများက ယူဆနေ ကြသည်။

မောင်တောမြို့နယ်တွင် ဖမ်းဆီးခံလိုက်ရသော လူငယ် ၂ ဦးနှင့်ပတ်သက်၍ ယနေ့ထိ အဆက်အသွယ် မရဖြစ်နေ၍ မိသားစုဝင်များက စိုးရိမ်နေကြသည်ဟု ကိုဆန်းဌေး၏ ဦးလေးတော်စပ်သူ တစ်ဦးက Myanmar Now ကို ပြောသည်။

“ကျွန်တော့်တူက စစ်တွေမှာကျောင်းတက်ပြီးတော့ အောက်တိုဘာ ၂၇ ရက်နေ့က ပြန်လာတယ်။ ဘူးသီးတောင် မှာ တစ်ညအိပ်ခဲ့ပြီးတော့ မောင်တောကို ၂၈ ရက်နေ့ ရောက်တယ်။ နိုဝင်ဘာ ၁ ရက်နေ့ ရွာပြန်လာတဲ့အခါ ကျီးကန်းပြင်စစ်ဆေးရေးဂိတ်မှာ အဖမ်းခံရတာပါ” ဟု ဆိုသည်။

အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကွဲမှုဌာနချုပ်ရှေ့ရှိ ကျီးကန်းပြင်ဂိတ်သည် မောင်တောမှ အငူမော် ဆက်သွယ်ထားသော လမ်းတွင် တည်ရှိကာ ဒေသခံအများစုသည် ထိုဂိတ်ကို မဖြစ်မနေ  ဖြတ်သန်းသွားလာရသည်။ တူဖြစ်သူ ဖမ်းဆီးခံရကြောင်းကို ယင်းနေ့ ညနေ ၅ နာရီခန့်တွင် ထိုနေရာအနီးရှိ ဒေသခံအမျိုးသမီးတစ်ဦးပြောပြ၍ သိခဲ့ရသည်ဟု အထက်ပါအမျိုးသားက ပြောသည်။ထိုလူငယ် ၂ ဦးအနက် တစ်ဦး၏ ဖုန်းထဲတွင် AA  နှင့်ဆက်စပ်သည်များတွေ့၍ ဖမ်းဆီးထားခြင်းဖြစ်သည်ဟု နယ်ခြားစောင့်ရဲအရာရှိတစ်ဦးက မိသားစုဝင်များကို အသိပေးထားသည်ဟု သိရကြောင်း ဒေသခံအမျိုးသားတစ်ဦး က ပြောသည်။

“ကျွန်တော်တို့ကြားရတာက သူတို့နှစ်ယောက်ရဲ့ဖုန်းတွေကို စစ်ဆေးတဲ့အခါ ဖုန်းထဲမှာ တပ်တော်နဲ့ ဆက်နွယ်တဲ့ အချက်အလက် တွေ့လို့ ဖမ်းတယ်လို့ ပြောကြတယ်။ မင်းခမောင်းနယ်ခြားစောင့် ရဲကင်းစခန်းက ဗိုလ်လေး မင်းမင်းခိုင်က မိသားစုဝင်တွေကို တိုက်ရိုက်ပြောတယ်လို့ သိရတယ်”ဟု ထိုသူက ဆိုသည်။

င်္ဂလာညွန့် စံပြကျေးရွာသား ကိုခင်ဇော်ဆိုသည့် လူငယ်မှာလည်း မောင်တောမြို့နယ်တောင်ပိုင်း ရွှေရင်အေးရွာ တွင် နေထိုင်သော မိသားစုဝင်များထံ အလည်ရောက်ရှိလာပြီး အပြန်တွင် ထိုသို့ အဖမ်းခံရခြင်းဖြစ်သည်ဟု ဒေသခံ ပညာရေးဝန်ထမ်းတစ်ဦးကလည်း ပြောသည်။

“အဲဒီကိုအလည် လာတယ် ထင်တယ်။ မောင်ဆန်းဌေးကလည်း ရွာပြန်တော့ တနယ်တည်းနေကြတဲ့ သူငယ်ချင်းတွေ ဆိုတော့ အဖော်ရတယ် ဆိုပြီး ဆိုင်ကယ်တစ်စီးနဲ့ နှစ်ယောက်အတူပြန်ကြတာဖြစ်မယ်။ အခုမိသားစုနဲ့လည်း အဆက် အသွယ်မရ ဖြစ်နေတယ်လို့ သိရတယ်” 

အလားတူ ရခိုင်တောင်ပိုင်း ကျောက်ဖြူမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးအပါအဝင် အရပ်သား ၂ ဦး တို့ကို နိုဝင်ဘာ ၂ တစ်နေ့တည်းမှာပင် အရပ်ဝတ်စစ်ကောင်စီတပ်သားတို့က ညဘက်တွင် ဖမ်းဆီး သွားသည်ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။ 

ဧည့်စာရင်းစစ်မည်ဟု ဆိုကာ လူနေရပ်ကွက်များအတွင်း ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ပြီး ထိုသူများကို ကျောက်ဖြူ အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၃၄ တပ်ရင်းထဲသို့ ခေါ်ဆောင်သွားကြောင်း ၎င်းက ဆက်ပြောသည်။

“အိမ်ကနေလာဖမ်းသွားကြတာ။ ည ၇ နာရီ၊ ၉ နာရီ အဲဒီဝန်းကျင်တွေမှာ လာဖမ်းသွားတာ။ အရပ်ဝတ်တွေနဲ့ အင်အား ၁၀ ကျော်လောက်စီ ပါတယ်။ ဘာကြောင့်ဖမ်းသွားတယ်ဆိုတာကိုတော့ မသိဘူး။ အခုသူတို့က ခမရ ၃၄ တပ်ရင်းထဲမှာ ရှိနေတယ်”

ပြီးခဲ့သည့် အောက်တိုဘာ ၂၅ နှင့် ၂၆ တို့တွင်လည်း ကျောက်ဖြူမြို့နယ် မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူး အသက် ၅၀ ကျော်အရွယ် ဦးထွန်းထွန်းဝင်း၊ ၃၉ နှစ်အရွယ် ဦးခင်မောင်၊ ၄၅ နှစ် အရွယ်များဖြစ်သော  ဦးညီညီတင်နှင့် ဦးထွန်းထွန်းနိုင်တို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၆ ညနေတွင် စာရေးနှစ်ဦးဖြစ်သော ဦးခင်မောင်နှင့် ဦးညီညီတင်တို့ကိုသာ ပြန်လွှတ်ပေး ခဲ့သည်ဟု ဒေသခံ များထံမှသိရသည်။

AA နှင့်တိုက်ပွဲများပြင်းထန်နေသော စစ်ကောင်စီသည် နေရာအနှံ့အပြားမှ ဒေသခံများကို ဆက်တိုက် ဖမ်းဆီး မေးမြန်းခြင်း၊ အမှုဖွင့်ခြင်းများကို ရခိုင်အပါအဝင် တစ်နိုင်ငံလုံးအနှံ့ လုပ်ဆောင်နေသည်။ myanmar now

ဗကသခေါင်းဆောင်ဟောင်း ကိုလင်းထက်နိုင်‌ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် ထပ်မံ တရား

ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်းဖြစ်သလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ် သော ကိုလင်းထက်နိုင်‌(ခ)ကိုဂျိမ်းကို အာဏာ သိမ်းစစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)ဖြင့် ထပ်မံတရားစွဲဆိုလိုက်ကြောင်း မိသားစုနှင့်နီးစပ်သူများက ဆို သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့က အင်းစိန်ထောင်တွင်းတရားရုံး၌ အာဏာသိမ်းစစ်ကောင်စီက တရားစွဲ ဆိုလိုက်ခြင်းဖြစ်သည်။

ကိုလင်းထက်နိုင်မှာ ၂၀၂၂ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က ဗိုလ်တထောင်မြို့နယ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် ၅၀၅(က)အပြင် အနိမ့်ဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အမြင့်ဆုံးထောင်ဒဏ် တစ်သက်တစ်ကျွန်း ထိပါချနိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)ဖြင့်ပါ တရားစွဲဆိုခံထားရသည်။

ကိုလင်းထက်နိုင်သည် ၂၀၀၇ ခုနှစ်မှစတင်ကာ ဒီမိုကရေစီပညာရေးနှင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုများ တွင် တက်ကြွစွာပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ ပြီးခဲ့သော အောက်တိုဘာလ ၁၉ ရက်နေ့က ရန်ကုန် မြို့ အင်းစိန်ထောင်တွင်ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ကိုလင်းထက်နိုင်ထံသို့ ထောင်ဝင်စာလာပို့သည့် မိခင်ဖြစ်သူ ဒေါ်ကြီးမြင့်(ခ)ဒေါ်မေမေကြည် ထိခိုက်သေဆုံးခဲ့ရသည်။ မိခင်ဖြစ်သူ၏နာရေးသို့သွားရောက် ခွင့်ပြုရန် ကိုလင်းထက်နိုင်၏တောင်းဆိုမှုကိုလည်း ထောင်အာဏာပိုင်များက ပယ်ချခဲ့သည်။mizzima

« Older Entries Recent Entries »