Monthly Archives: Nov 2022

ပုဏ္ဏားကျွန်းမြို့နယ်က ချောင်းထဲတွင် တက္ကသိုလ်ကျောင်းသားအလောင်း တွေ့ရှိ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က ချောင်းထဲမှာ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းက ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသားတယောက်အား တွေ့ရှိခဲ့တယ်လို့ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းက သိရပါတယ်။

နိုဝင်ဘာ ၆ ရက်မနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် အောင်မြေကုန်းရွာ သင်္ချိုင်းနားက ချောင်းထဲမှာ ချောင်းထဲမှာ အလောင်းတလောင်း မျောနေတယ်လို့ အကြောင်းကြားလို့ မနက် ၁၀ နာရီ လောက်မှာ သွားရောက်ဆယ်ယူခဲ့တာလို့ မေတ္တာရောင်ခြည် ဖောင်ဒေးရှင်းရဲ့ ဒုဥက္ကဋ္ဌ ကိုကျောက်ချိုင်က ပြောပါတယ်။

သေဆုံးသွားသူဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ စံပြရပ်ကွက်(ရွာသာယာ)က  စစ်တွေ တက္ကသိုလ် (သမိုင်း) အထူးပြုတတိယနှစ်ကျောင်းသား မောင်မျိုးထက် (အသက် ၂၁ နှစ်) ဖြစ်ပြီး ကျောကုန်းမှာ ဓားထိုးဒဏ်ရာ ၂ ချက်၊ လည်ပင်းမှာ လည်လှီး ဒဏ်ရာ ၁ ချက် နဲ့ ပုပ်ပွနေပြီလို့ ဆိုပါတယ်။

မောင်မျိုးထက်ဟာ နိုဝင်ဘာ ၄ ရက်နေ့ ညပိုင်းကတည်းက စစ်တွေမြို့ပွိုင့် အပန်းဖြေစခန်းဘီယာဘားတခုမှာ သူငယ်ချင်းတွေနဲ့ ဘီယာသောက်ပြီး အပြန်မှာ ပျောက်ဆုံးသွားလို့ မေတ္တာရောင်ခြည် ဖောင်ဒေရှင်းကို အကူညီတောင်ခံထားလို့ လိုက်လံရှာဖွေ နေတာလို့ ကိုကျောက်ချိုင်ကပြောပါတယ်။

မောင်မျိုးထက်ရဲ့ အလောင်းကို ပုဏ္ဏားကျွန်းမြို့ ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ပြီး ရဲတွေက လာရောက်စစ်ဆေးနေတယ်လို့ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းကနေ သိရပါတယ်။DVB

ကနီတွင် စစ်ကောင်စီတပ်အထိုင်ချထားသည့် နေရာများကို ဒေသကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ စစ်ကောင်စီတပ်များ အထိုင်ချတပ်စွဲထားသည့် စာသင်ကျောင်း၊ ဆေးရုံ ၊ ရဲစခန်း နှင့် ကင်းပုန်းဝပ်ရာနေရာများကို ဒေသကာကွယ် ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုများနိုင်ကြောင်း Salingyi Border Task Force (SBTF) တာဝန်ရှိသူထံက သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့များ စုပေါင်း၍ စစ်ကောင်စီတပ်အထိုင်ချနေရာများနှင့် ကင်းပုန်းဝပ်ရာ နေရာများကို လက်နက်ကြီး ၆၀-မမ၊ ၈၀-မမ၊ ၁၂၀-မမ များဖြင့် အလုံးပေါင်း၁၅၀ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အပြင် လက်နက်ငယ် များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“သူတို့ဘက်ကအထိခိုက်များမယ်ဗျ။ ပြန်လည်းပစ်ခတ်မှုတွေရှိတယ်။ သူတို့က အနားကို ကပ်မလာရဲအောင် ထောင်ထားတဲ့မှိုင်းတွေလည်း ခွဲတယ်ဗျ။ ကျွန်တော်တို့ ဘက်ကတော့ အထိခိုက်မရှိခဲ့ဘူး။ မနက် ၅ နာရီ ၁၅ မိနစ် လောက်ကတည်းက ကျွန်တော်တို့ စပြီးတိုက်ခဲ့တာ မနက် ၈ နာရီလောက်မှာတော့ မမအဖူးတွေနဲ့ ကျည်အင်အားနဲသွားတာကြောင့် အောင်အောင်မြင်မြင်နဲ့ ဆုတ်ခွာခဲ့ကြပါတယ်ဗျ” ဟု SBTF မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များသည် ကနီမြို့နယ်ရှိ ၎င်းတို့ အထိုင်ချရာနေရာ အနီး တဝိုက်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ ဒေသခံများ၏ ပစ္စည်းများကိုခိုးယူခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခြင်းနှင့် မတရားဖမ်းဆီးသတ်ဖြတ်ခြင်းများ ကိုပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုကို Salingyi Border Task Force – SBTF (ဆားလင်းကြီးမြို့နယ်-ပကဖ)၊ Ealgle Defense Force-EDF(Salingyi)၊ တောသားကြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (Salingyi) ၊ Black Shadow(Yinmarbin) ၊ Black Vote Fighter (Yinmarbin)၊ Fighter Brotherhood Guerilla Army (Yinmarbin) ၊ Brave Eagles Revolution Force-BERF(Kani) နှင့် အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်တော် (Kani) စသည့် တော်လှန်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ mizzima

မြင်းမူတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ် ခတ်၊ နေအိမ် ၂ လုံးထိမှန်ပြီး ပြည်သူ ၃ ဦးဒဏ်ရာ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း မြင်းမူမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာမှ ထွက်ခွာလာသော တပ်မ ၃၃ မှ အကြမ်းဖက် စစ်သားများ သည် ဘိုးမင်းကြီးကင်းရွာနှင့် အလ္လကပ္ပရွာအကြား ကားလမ်းတောင်ဘက်ရှိ သရက်ခြံထဲမှနေ၍ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ကျော့မင်းကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့ကြောင်း၊ ကျော့မင်းကျေးရွာမှ နေအိမ်၂ လုံး လက်နက်ကြီး ကျည်ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်ခန့်တွင် လက္ကပင်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ၂ ကြိမ် ထပ်မံ ပစ်ခတ်ခဲ့ပြီး ရွာထဲသို့လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ လမ်းသွား၊လမ်းလာ ပြည်သူ ၃ ဦးကို ထိမှန်ခဲ့ကြောင်း သိရသည်။

” တိုက်ပွဲဖြစ်ခြင်း လုံးဝမရှိဘဲနဲ့ကို စစ်ခွေးတွေက ရမ်းပစ်နေတာ ​မုံရွာ-စစ်ကိုင်း ကားလမ်းမကြီးရဲ့ တောင်ဘက် မြင်းမူမြို့နယ် အလ္လကပ္ပရွာနှင့် ဘိုးမင်းကြီးရွာအကြားကနေ ရွာတွေဘက်ကို တိုက်ပွဲ ဖြစ်တာ မရှိဘဲနဲ့ကို ပစ်နေတာပါ။ နေအိမ် ၂ လုံး ထိမှန်ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရတယ်” ဟု မြင်းမူမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ khit thit

ပုလောတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၈ ဦးထက်မနည်း သေဆုံး

တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ပုလောမြို့နယ် ပဝတ်ကုန်းရွာနဲ့ ပိတက်ရွာနား နိုဝင်ဘာ ၄ ရက်ကဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၈ ယောက်ထက်မနည်း သေတယ်လို့ Palaw People’s Defence Force  က ဒီနေ့ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၄ ရက် မနက် ၁၀ နာရီလောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁)နဲ့ မဟာမိတ်တပ်ပေါင်းစုတို့က ပဝတ်ကုန်းရွာရှိ စစ်ကောင်စီစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာက ၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၄ ယောက်ထက်မနည်း သေ ဆုံးခဲ့သလို စခန်းတခု မီးလောင်ပျက်စီးခဲ့တယ်လို့  ပူရိယက္ခညီနောင်စစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် အဲဒီနေ့ နေ့လယ် ၁ နာရီလောက်မှာလည်း လက္ကူးရွာဘက်က စစ်ကူလာတဲ့ စစ်ကြောင်းကို ပိတပ်ရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုတို့က ထပ်မံကြား ဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

၂ နာရီလောက် တိုက်ပွဲဖြစ်ပွားခဲ့ရာမှာတော့ စစ်ကောင်စီဘက်က ၄ ယောက်ထက်မနည်း ထပ်မံ သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ PPDF  တာဝန်ရှိသူက ပြောပါတယ်။

နိုဝင်ဘာ ၄ ရက် တိုက်ပွဲမှာတော့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုဘက်က အထိ အခိုက် မရှိခဲ့ဘူးလို့ ဆိုပါတယ်။ DVB

ဘုတ်ပြင်းမြို့နယ်တွင် ခြေလျင်စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း ၊ ကော့သောင်းခရိုင် ၊ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်ကျေးရွာသို့ ခြေလျင်စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အင်အား ၁၅ ဦးခန့်ပါ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား

တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်မှု ရှိခဲ့ကြောင်း ဒေသခံများနှင့် PDF ရဲဘော်များထံက သိရသည်။

ဒေသ အခေါ် R-0 ဆီအုန်းတော လမ်းကြားအနီးတွင် ယမန်နေ့ မတ်လ ၅ရက် နေလယ် ၁၂ နာရီ မိနစ် ၄၀ အချိန်က ထိုတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ၃၀ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု PDF ရဲဘော် တစ်ဦးက ပြောသည်။

ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း (၁) နှင့် Flying Stars ပကဖ အဖွဲ့ (ဘုတ်ပြင်းမြို့နယ်)တို့ ပူးပေါင်းစစ်ကြောင်းက ထိုစစ်ကောက်စီတပ်ကို မိုင်းဆွဲ တိုက်ဆွဲတိုက်ခဲ့ခြင်းဖြစ်သည်။

“တိုက်ပွဲမှာ စစ်တပ်ဘက်မှာလည်း ထိခိုက်တာ ရှိပေမယ့် အတိအကျတော့ မသိရသေးဘူး။ ကျွန်တော်တို့ ဘက်မှာလည်း ရဲဘော် သုံးဦး ထိ ခိုက် ဒဏ်ရာ ရရှိခဲ့တယ်”ဟု ၎င်းကပြောသည်။

ယင်းတိုက်ပွဲအတွင်း နယ်မြေရှင်းလင်းချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ထံမှ ၆၀ မမ ဗုံးသီး ခုနစ်လုံး၊ ၅.၅၆ ကျည် ၂၀၀ တောင့်၊ ကျည်ဘောက် နှစ်ခုနှင့် ကျည်ဘောက်အဝိုင်း တစ်ခုတို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းတွင် တနင်္သာရီတိုင်းအတွင်းရှိ ခရိုင် သုံးခု၌ စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အများအပြား ထိခိုက်၊သေဆုံးမှုများရှိနေကာ အရပ်သားများလည်း ထိခိုက် ဒဏ်ရာ ရရှိနေသည့်အပြင် ရွာလုံး ကျွတ်ထွက်ပြေး တိမ်းရှောင်နေရသည့် နေရာများလည်း ရှိနေကြောင်း သိရသည်။ mizzima

ပြင်ဦးလွင် တန်ဆောင်ပွဲ လောင်းကစားဝိုင်းများ ထည့်သွင်းရန် ဗိုလ်မှူး နေဇော်လတ်က ကန်ထရိုက်ယူ၊ ၆ ကောင်ဂျင်၊ ရှမ်းကိုးမြီး အပါအဝင် လောင်းကစား၀ိုင်းဆိုင်ခန်း ၈၀ နီးပါးထည့်သွင်းထား

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မဟာအံ့ထူးကံသာ ဘုရားဝင်တွင် စစ်ကောင်စီက ကျင်းပပြုလုပ်နေသည့် တန် ဆောင် တိုင်ပွဲတွင် လောင်း ကစား၀ိုင်း ဆိုင်ခန်း ၈၀ နီးပါး ထည့်သွင်းထားပြီး ဗိုလ်မှူးနေဇော်လတ်က လောင်း ကစား ၀ိုင်း ဆိုင်းခန်းများအတွက် ကန်ထရိုက်ယူထားကြောင်း ပွဲနှင့်ဆက်စပ်နေသူများထံမှ သိရှိရသည်။

စစ်ကောင်စီ၏ ညွှန်ကြားချက်အရ မန္တလေးတိုင်း စစ်ကောင်စီက ပြင်ဦးလွင် တန်ဆောင်တိုင်နှင့်မီးပုံပျံပွဲတော်ကို နိုဝင်ဘာလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး လူစည်ကားစေရန် လောင်းကစား၀ိုင်းများကို ထည့်သွင်းထားခြင်းဖြစ်ကြောင်း၊ လောင်းကစား၀ိုင်းထည့်သွင်းထားသည့်တိုင် လူစည်ကားမှုမရှိကြောင်း၊ ထူးခြားမှု အနေဖြင့် စစ်တပ်ဗိုလ်မှူးတစ်ဦးက လောင်းကစား၀ိုင်းဆိုင်ခန်းများကို ကန်ထ ရိုက်ယူခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပြင်ဦးလွင်မြိုနယ်၊မဟာအံ့ထူးကံသာ ဘုရားဝင်းတွင်ကျင်းပပြုလုပ်လျက်ရှိသည့်တန်ဆောင်တိုင်ပွဲတော်ကြီးတွင်လောင်းကစားဝိုင်းများထည့်သွင်းကျင်းပလျက်ရှိပါတယ်။ ဗိုလ်မှူးနေဇော်တ်က အပြင်လူ ကိုသူရထွန်း ကို အမည်ခံခိုင်းပြီး လောင်းကစားဝိုင်းတွေကို ကန်ထရိုက်စွဲထားပါတယ်။ တန်ဆောင်တိုင်ပွဲအားခုတုံးလုပ်၍ ကိုယ်ကျိုးစီးပွားရှာကြလို့ လောင်းကစား၀ိုင်းအတန်းမှာ ခါးပိုက်နှိက်မှုနဲ့ ရန်ပွဲတွေဖြစ်နေပါတယ်” ဟု ပွဲနှင့်ဆက်စပ်သူတစ်ဦးက ပြော သည်။

ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတွင် လောင်းကစား၀ိုင်းများထည့်သွင်းရာတွင် ၆​​ကောင်ဂျင်၊ ရှမ်းကိုးမီး လောင်းကစား ၀ိုင်း ဆိုင်၂၂ခန်း၊ ဆင်လားကျားလား ၃၈ကောင်လောင်းကစား၀ိုင်းဆိုင်ခန်း ၅၀ ကျော် စုစုပေါင်း လောင်းကစား၀ိုင်း ဆိုင်ခန်း ၈၀ နီးပါး ပါဝင်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတစ်ဝန်း တန်ဆောင်တိုင် မီးပုံးပျံပွဲ၊ မီးထွန်းပွဲ၊ ပျော်ပွဲရွှင်ပွဲ၊ စတိတ်ရှိုး၊ စျေးပွဲတော်များ မဖြစ်မနေ ကျင်းပရန် တိုင်းနှင့်ပြည်နယ်စစ်ကောင်စီများကို နေပြည်တော်က ညွှန်ကြား ခိုင်းစေထားပြီး ပွဲတော်များတွင် ဗုံးကွဲခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားလာလျှင် PDF များ၏ လက်ချက်ဟု ကြေညာရန် ပြင်ဆင်ခိုင်းထားကြောင်း ရန်ကုန် တိုင်းစစ်ကောင်စီသတင်းရပ်ကွက်ထံမှ သိရှိရသည်။khit thit

ဦးဆောင်သံဃာကိုမမိသဖြင့် သံဃာအချို့အား ဖမ်းဆီးခဲ့သည့်အပေါ် သံဃသမဂ္ဂ(မန္တလေး) ကန့်ကွက်

မန္တလေးမြို့မှာ သံဃသမဂ္ဂ ဦးဆောင်သံဃာတော်ကို ဖမ်းမမိတဲ့အတွက် အခြားသံဃာအချို့ကို ပြန်ပေးဆွဲသလို ဖမ်းဆီးချုပ်နှောင်ခဲ့တဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း သံဃသမဂ္ဂ(မန္တလေး) က နိုဝင်ဘာ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်သားတွေဟာ နိုဝင်ဘာ ၂ ရက် နေ့ခင်း ၁ နာရီလောက်က မန္တလေးမြို့ မိုးကောင်းကျောင်းတိုက်အတွင်း ယခင်က သီတင်းသုံးနေထိုင်ခဲ့တဲ့ သံဃသမဂ္ဂ ဦးဆောင်ရဟန်းတပါးကို ဖမ်းဆီးဖို့ ဝင်ရောက်ရှာဖွေခဲ့ပါတယ်။

ဖမ်းဆီးလိုတဲ့ သံဃသမဂ္ဂ ဦးဆောင်ရဟန်းတော်ကို ဖမ်းမမိတာကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေက ည ၇ နာရီကျော်မှာ ဒုတိ ယအကြိမ်  မိုးကောင်းကျောင်းတိုက်အတွင်း ဝင်ရောက်လာပြီး သံဃသမဂ္ဂ(မန္တလေး) နဲ့ လုံးဝပတ်သက်ဆက်နွှယ်ခြင်းမရှိတဲ့ ဦးအဇ္ဇုနနဲ့ ရှင်ကုသလတို့ကို စာအံကျောင်းတက်နေချိန် ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးစဉ်က “မေးစရာရှိလို့ ခဏခေါ်သွားမည်၊ ပြန်ပို့ပေးပါမည်” ဟု ဆရာတော်ကြီးကို ​လျှောက်ထား ခေါ်ဆောင်သွားခဲ့ပေမယ့် နိုဝင်ဘာ ၆ ရက် ဒီနေ့အထိ ပြန်မလွှတ်သေးဘဲ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သံဃသမဂ္ဂ (မန္တလေး) က ထုတ်ပြန်ထားပါတယ်။

မတရားဖမ်းဆီးခံထားရတဲ့ ဦးအဇ္ဇုန နဲ့ ရှင်ကုသလတို့အား ညှဉ်းပန်းနှိပ်စက်မှုကြောင့် ကျန်းမာရေးနဲ့ အသက်အန္တရာယ်တစုံတရာဖြစ်ခဲ့ပါက အကြမ်းဖက် ဖမ်းဆီးခဲ့သူတွေသာ တာဝန်ခံ တာဝန်ယူကြရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ DVB

Capital FX Myanmar ထူထောင်သူ ဘရန်အောင်(ခ)အောင်အောင်ဦး စစ်ကောင်စီ၏ ပြည်သူ့စစ်အဖွဲ့များနှင့်ဆက်စပ်နေ

ပြည်တွင်းတွင် ပြည်သူများထံမှ ငွေကျပ်ဘီလီယံပေါင်းများစွာ လိမ်လည်သည့် Capital FX Myanmar ထူထောင်သူ ဘရန်အောင်(ခ)အောင်အောင်ဦးသည် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များနှင့်ဆက်စပ်နေကြောင်း လားရှိုး နှင့်မူဆယ် ဒေသခံများထံမှ သိရှိရသည်။

Capital FX Myanmar ထူထောင်သူ ဘရန်အောင်(ခ)အောင်အောင်ဦးသည် မူဆယ်တွင် Emperor KTV နှင့် ဘား ထောင်ထားပြီး လားရှိုးမြို့နယ် ၇ ရပ်ကွက်တွင်လည်း 5D KTV Emperor II ကို တည်ဆောက်နေကြောင်း၊ ဘရန်အောင်(ခ) အောင်အောင်ဦး အပါအဝင် အပေါင်းအပါများအားလုံးသည် လားရှိုးမြို့ ၇ ရပ်ကွက်၊ နယ်မြေ ၄ ၊ အမက ၂ ကျောင်းလမ်းကြားရှိ ဦးပြာလောင်နှင့်ဒေါ်အမုန်းတို့၏ RC ၂ ထပ်တိုက်ကို ငှားရမ်းနေထိုင်ကြကြောင်း ၊ ဘရန်အောင် (ခ) အောင်အောင်ဦး အပါအဝင် အပေါင်းအပါများက အိမ်ရှေ့တွင် လက် နက်ကိုင် ပြည်သူ့စစ်များကို လုံခြုံရေးချထားလေ့ရှိပြီး နေထိုင်ကြကြောင်း၊ ယနေ့နံနက်ပိုင်းတွင် ယင်းအိမ်မှ ပြောင်းရွှေ့မှုများ မြင်တွေ့ရကြောင်း လားရှိုးဒေသခံများထံမှ သိရှိရသည်။

“ဘရန်အောင်(ခ)အောင်အောင်ဦးက ပြည်သူ့စစ်တွေနဲ့ တစ်ဖွဲ့တည်း။ လားရှိုး ရပ်ကွက် ၇ ၊ နယ်မြေ ၄ ၊ အမှတ် ၂ အခြေခံပညာမူလတန်းကျောင်းလမ်းကြားမှာရှိတဲ့ ဦးပြာလောင်နဲ့ ဒေါ်အမုန်းတို့ရဲ့RC ၂ထပ်တိုက်ကို ငှားနေကြတ ယ်။ သူတို့ နဲ့အတူ ပြည်သူ့စစ်အဖွဲ့တွေက တစ်ဖွဲ့တည်းတွေ.။ အိမ်ရှေ့မှာလည်း သေနတ်နဲ့ ထိုင်စောင့်နေတယ်။ ပြည်သူ့စစ်အဖွဲ့တွေက ။ အခု မနက်က ခေတ် သစ်မှာပါတဲ့ ဓာတ်ပုံတွေထဲက လူတွေ တချို့တစ်ဝက် အဲဒီအိမ်မှာကျန်နေသေးတယ်။ သတင်းတက်လာတော့ အဲဒီအိမ်မှာ‌ ရွှေ့ကြပြောင်းကြတယ်။ တချို့တွေတော့ ကျန်နိုင်သေးတယ်။ ဒီနေ့သတင်းကြောင့် အဲ့အိမ် ပြာယာခတ်နေတာ။ ပြေးကြပြီထင်တယ်။အရင်ရက်က အဲဒီအိမ်မှာရှိတယ်။ အခုတော့ ပြေးပြီထင်တယ်။ မမြင်တော့ဘူး ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြော သည်။

လားရှိုးမှ အခြားဒေသခံတစ်ဦးကလည်း ဘရန်အောင်(ခ)အောင်အောင်ဦးသည် ပြည်သူ့စစ်လက်နက်ကိုင်အဖွဲ့ကို ငွေကြေးပေးငှားရမ်းကာ လုံခြုံရေးအပြည့်ဖြင့် သွားလာသည်ဟု ဆိုသည်။

မူဆယ်မြို့ဒေသခံတချို့ကလည်း မူဆယ်မြို့ရှိ ဘရန်အောင်(ခ)အောင်အောင်ဦး ဖွင့်လှစ်ထားသော Emperor KTV ကို ပြည်သူ့စစ်အဖွဲ့များ စောင့်ကြပ်ကြောင်း၊ ဘရန်အောင်(ခ) အောင်အောင်ဦးက ပြည်သူ့စစ်အဖွဲ့ဝင် ဟုတ်၊ မဟုတ် မသိရှိကြောင်း၊ ပြည်သူ့စစ်အဖွဲ့များကို ငွေပေးငှားရမ်းပြီး စောင့်ခိုင်းခြင်းလည်းဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။

“မူဆယ်မှာက KTV မာဆပ်၊ ဘားတွေ၊ လောင်းကစားရုံတွေ အကုန်လုံး စစ် တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေကို ငွေပေးပြီး ဖွင့်ရတာပဲ။ Emperor KTV လည်းထိုနည်းအတူပါပဲ။ ပြည်သူ့စစ်တွေဆီ အခွန်ဆောင်ရမှာပဲ။ ပတ် သက် ဆက်နွယ်နေတာပေါ့။ KTV ဆိုပေမယ့် အရက် လောင်းကစား ပြည့် တန်ဆာ မူးယစ်ဆေးဝါး အကုန်ရတယ်” ဟု မူဆယ်မြို့ဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်ခေတ်သစ်က ယနေ့တွင် Capital FX Myanmar သတင်းဖော်ပြပြီးနောက် လှိုင်မြို့နယ်၊ ပါရမီကွန်ဒိုတွင် ဖွင့်လှစ်ထားသော Capital FX Myanmar ရုံးခန်းသည် ငှားရမ်းထားခြင်းသာဖြစ်ပြီး အဆိုပါကုမ္ပဏီ၏ ကိစ္စရပ်များသည် အိမ်ရှင်နှင့်မသက်ဆိုင်ကြောင်း၊ အိမ်ရှင်-အိမ်ငှားစာချုပ်တွင် ဥပဒေနှင့်မလွတ်ကင်းသော အလုပ်များ၊ ပြစ်မှု ရာဇဝတ် မှု များ လုပ်ဆောင်လျှင် အခန်းပြန်သိမ်းမည်ဟု တရားဝင် ထည့်သွင်းချုပ်ဆိုထားသဖြင့် ယနေ့တွင် ရပ်ကွက်ရုံး၊ ရဲစခန်းတို့ထံ တရားဝင် အကြောင်းကြားပြီး အငှားစာချုပ်ရပ်စဲကာ အခန်းပြန်သိမ်းပြီဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အိမ်ရှင်နှင့်နီးစပ်သူက ပြောသည်။

“၂၀၂၂ ခုနှစ် ၄ လပိုင်းက အခန်းကို စငှားထားတာပါ။ အိမ်ရှင်-အိမ်ငှားစာချုပ်ထဲမှာ တရားဥပဒေနဲ့မလွတ်ကင်းတာ၊ ပြစ်မှုနဲ့ ရာဇဝတ်မှုတွေ ပတ်သက်ရင်တော့ အခန်း အငှားစာချုပ်တွေ ရပ်စဲမယ်လို့ ထည့်သွင်းချုပ်ဆိုထားပါတယ်။ အဲဒီအချက်အရပဲ အငှားစာချုပ်ရပ်စဲမှာပါ။ အခု သက်ဆိုင်ရာတွေကို အ ကြောင်း ကြားထားပါတယ်။ အဲဒါလေးကို ရှင်းပြချင်တာပါ။ သူတို့ကအခန်းကိုနှစ် ချုပ်နဲ့ငှားထားတာပါ။ အခုလည်း အခန်းသော့ခတ်တော့မှာပါ။ သက်ဆိုင်ရာတွေကိုလည်း အကြောင်းကြားပါပြီ” ဟု အိမ်ရှင်နှင့်နီးစပ်သူကပြော ဆိုသည်။

နိုင်ငံတကာစတော့ရှယ်ယာနှင့် Trading အမည်ခံထားသော Capital FX Myanmar ကုမ္ပဏီက လူပေါင်း သုံးသောင်း ကျော်ထံမှ ငွေကျပ် ဘီလီယံပေါင်းများစွာ ရှယ်ယာထည့်ဝင်ခိုင်ပြီး အတိုးနှင့်အရင်းပါ မပေးတော့ဘဲ လိမ်လည်တိမ်း ရှောင်နေကြောင်း ငွေလိမ်လည်ခံရသူ ပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

Capital FX Myanmar အမည်နှင့် နိုင်ငံခြားငွေကြေးဆိုင်ရာ ဈေးကွက်ရောင်းဝယ်မှု လုပ်ငန်း လုပ် ကိုင်သည်ဟုဆိုကာ ပြည်သူများထံမှ အနည်းဆုံး ၃ သိန်းမှ သိန်းထောင်ချီ ရှယ်ယာများ ရောင်းချကြောင်း၊ရှယ်ယာငွေ တစ်လ ထည့်ထားလျှင် အတိုးအမြတ် ၁၀ ရာခိုင်နှုန်း၊ ၃ လ ရှယ်ယာငွေထည့်ထားလျှင် အတိုးအမြတ်ငွေ ၁၂ ရာခိုင်နှုန်း၊ ၆ လရှယ်ယာ​ငွေ ထည့်ထား လျှင် အတိုးအမြတ်​ငွေ ၁၅ ရာခိုင်နှုန်းပေးမည်ဟု ဆွဲတောင်ပြီး ၂ နှစ်အတွင်း ပြည်သူ ၃ သောင်းကျော်ထံမှ ငွေကျပ် ဘီလီယံပေါင်းများစွာ လိမ် လည်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ငွေကျပ် ဘီလီယံပေါင်းများစွာ လိမ်လည်ထားသည့် Capital FX Myanmar ကို ဘရန်အောင်(ခ) အောင်အောင်ဦးက ဦးဆောင်သည်။ ဘရန်အောင်၏ မှတ်ပုံတင်နံပါတ်သည် လားရှိုးအမည်ပေါက် မှတ်ပုံတင်ဖြစ်သည်။

ငွေလိမ်လည်သည့် ထိုကုမ္ပဏီတွင် ထူးမြတ်အောင်(ခ) ထူးအောင်၊ မြတ်စုစံ ၊ အောင်ဖြိုး၊ ဆက်ရိန်းအောင် စသည့် ဦးဆောင်သူများက KBZ ဘဏ်များတွင် ဘဏ်အကောင့်များ ဖွင့်လှစ်ကာ ရှယ်ယာရှင်များ၏ ငွေကြေးများကို လက်ခံကြသည်။khit thit

ရေစကြိုမြို့နယ်တွင် NLD ပါတီထောက်ခံသူတဦး၏ နေအိမ် ချိပ်ပိတ်ခံရ

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်းက နေအိမ်  ၁လုံးကို စစ်ကောင်စီ တပ်က ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမှတ်(၈) စိတ္တသုခရပ်ကွက်က ကိုပြည်သိန်းရဲ့ နေအိမ်ကို အဲဒီနေ့ မွန်းလွဲ ၁ နာရီ ကျော် လောက်မှာ စစ်ကောင်စီတပ်သားနဲ့ ရဲတွေ ရောက်လာပြီး ချိပ်ပိတ်သိမ်းဆည်းခဲ့တာလို့ ရေစကြို မြို့ဒေသခံတယောက်က ပြောပါတယ်။

ကိုပြည်သိန်းဟာ NLD ပါတီထောက်ခံ ဝန်းရန်သူ တယောက်ဖြစ်တာကြောင့် PDF နဲ့ ပတ်သက်ဆက်နွှယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ကာ ဖမ်းဝရမ်းအထုတ်ခံထားရပြီး နေအိမ်ချိပ်ပိတ်ခံလိုက်ရတာလို့ ဆိုပါတယ်။

မကွေးတိုင်းမှာ စစ်တပ်ကအဏာသိမ်းပြီးနောက်ပိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ NLD ပါတီဝန်းရန်ထောက်ခံသူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့  နေအိမ် ၅၀ ထက် မနည်းချိပ်ပိတ်ခံခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။DVB

« Older Entries