ပုသိမ်မြို့တွင် တန်ဆောင်မုန်းလပြည့်ည မီးမျှောပွဲပြုလုပ်မည့်အတွက် လုံခြုံရေးတင်း ကျပ်ထား

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ယနေ့ နိုဝင်ဘာလ ၇ ရက်၊ တန်ဆောင်မုန်းလပြည့်နေ့ညတွင်၊ စစ်ကောင်စီကဦးစီးကာ မီးမျှောပွဲပြုလုပ်မည်ဖြစ်သည့်အတွက် ကမ်းနားတလျှောက် လုံခြုံရေးတင်းကျပ် ထားကြောင်း ဒေသခံများထံမှသိရသည်။
ပုသိမ်ကမ်းနားလမ်းရှိ စည်ပင်တိုင်းရုံးရှေ့မှ ပုသိမ်တံတားအသစ်အောက်ခြေအထိ လမ်းများပိတ်ကာ ကင်းပုန်းများ ချထားသည်ဟု သိရပြီး ငဝန်မြစ်အတွင်း ရေကြောင်းရဲစခန်းမှရဲများနှင့် စစ်ကောင်စီ ရေတပ်များကင်းလှည့်နေကြောင်း ဒေသခံတစ်ဦးကပြောသည်။
၎င်းအပြင် ပုသိမ်မြို့တော်ခန်းမ၌ ဒရုန်းဖျက်စက်များနှင့် Jammer များ အသင့်အနေအထားတပ်ဆင် ထားပြီး စစ်ကောင်စီတပ်များ၊ရဲများနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းများလည်းနေရာ အနှံ့ရှိနေ သည်ဟု ဆိုသည်။
“ ဒီနေ့ညလုပ်မယ့် မီးမျှောပွဲကို ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်ရီနဲ့ စစ်တပ်ကတိုင်းမှူးပါလာမယ်လို့ သတင်း တွေထွက်နေတယ်။ လုံခြုံရေးက တော့အင်အားတော်တော်များတယ်ဗျ။ စစ်ကောင်စီရဲ့ ဝန်ကြီးချုပ်လည်း အဲ့ဒီမီးမျှောပွဲကိုတက်ဖို့များတယ်” ဟု ဆိုသည်။
ပုသိမ်မြို့ပေါ်ရပ်ကွက်များရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် အရန် မီးသတ်များကိုလည်း လုံခြုံရေးအတွက်အင်အားလိုအပ်သည်ဟုဆိုကာ မီးမျှောပွဲအနီးပတ်ဝန်းကျင်တွင် ကင်းစောင့်ရန်စေခိုင်းထားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
အဆိုပါမီးမျှောပွဲတွင် စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းများက စတုဒိသာ ကျွေးမည့်အစီအစဥ်များပြုလုပ်နေ သည်ဟု သိရပြီး ပါဆယ်ယူသွားခြင်းများမပြုလုပ်ရန် ကန့်သတ်ထားကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များနှင့် ရဲများက မီးမျှောပွဲပြုလုပ်မည့်နေရာ အနီးသို့ဆိုင်ကယ်နှင့် ကားများ ဖြတ် သန်းသွားလာခွင့်မပေးတော့ဘဲ ဌာနဆိုင်ရာရုံးကားများကိုသာ သွားလာခွင့်ပေးနေသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။
“ပုသိမ်ကမ်းနားလမ်းမှာလုပ်တဲ့ မီးမျှောပွဲက ကြံခိုင်ရေးလက်ထက် ဦးသိန်းအောင်ဝန်ကြီးချုပ်ဖြစ်တုန်းက လုပ်ခဲ့ဖူးတယ်။ မလုပ်တာတော့ကြာ ပြီပေါ့။ ပြီးတော့ အဲဒီမီးမျှောပွဲက ပုသိမ်မြို့ရဲ့ အစဥ်အလာတစ်ခု လည်းမဟုတ်ပါဘူး။ အခုမှ စစ်တပ်က ပြန်လုပ်ဖို့စီစဥ်နေတာပါ။ မြန် မာနိုင်ငံထဲက ပြည်သူတွေအသတ်ခံ ရ၊ အိမ်တွေမီးရှို့ခံရဖြစ်နေတဲ့အချိန်မှာ ဒီပွဲကိုလုံးဝမသွားသင့်ပါဘူး” ဟု ပုသိမ်ဒေသခံတစ်ဦးကပြော သည်။ mizzima