Monthly Archives: Nov 2022

တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ် လက် နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ ၅ ဦးသေဆုံး၊ အ များအပြားဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်စစ်ကြောင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး ငါးဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့ကြောင်း တန့်ဆည်PDFတပ်ဖွဲ့ဝင်ထံက သိရသည်။

တန့်ဆည်မြို့အနောက်ဘက် ၁၂မိုင်အကွာရှိ အင်ရေအိုးရွာတွင် ညအိပ်ကာ နိုဝင်ဘာလ ၇ရက် နံနက် ၈နာရီအချိန်တွင် အင်ပင်အိုင်ရွာသို့ ချီတက်လာသော စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းအင်အား ၁၃၀ ခန့်ရှိသည့် စစ်ကြောင်းကို တန့်ဆည်PDF ရွှေဘိုခရိုင် တပ်ရင်း(၆)နှင့် တပ်ရင်း(၇)ပူးပေါင်းအဖွဲ့က ၄၀ မမ လက်နက်ကြီး ခြောက်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့‌ခြင်းဖြစ်သည်ဟု ဆိုသည်။

“ပစ်တာကတော့ သူတို့ချီတက်သွားတဲ့ လမ်းကြောင်းတစ်လျှောက် လိုက်ပစ်တာ ဆက်တိုက်တော့မပစ်ဘူး။ တစ်လုံးပြီး တစ်လုံးလိုက်ပစ်တာ၊ အားလုံးပေါင်း ခြောက်လုံးပစ်တာ၊ ငါးကောင်ကတော့ မျက်မြင်သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်း များတယ်” ဟု PDF တပ်ဖွဲ့ဝင်က မဇ္စျိမကို ပြောသည်။

တပ်မ(၃၃)လက်အောက်ခံ၊ ခလရ(၃၆၈) စစ်ကောင်စီစစ်ကြောင်းသည် စက်တင်ဘာလ ၉ရက်နေ့မှ စတင်ကာ တန့်ဆည်မြို့နယ်အနောက်ဘက် ကျေးရွာများအတွင်းသို့ လက်ရှိအချိန်ထိ မရပ်မနား စစ်ကြောင်းထိုးဝင်ရောက်နေခြင်းဖြစ်သည်ဟု သိရသည်။

“အခုနောက်ပိုင်း ရင်ဆိုင်တိုက်ပွဲအတွက်က ခက်ခဲလာတာ၊ လက်နက်ခဲယမ်းက အရမ်းလိုတယ်။ မပြည့်မစုံနဲ့လုပ်ရင် ထိခိုက်မှုများမှာစိုးလို့ အဝေးကနေ လက်နက်ကြီးနဲ့ပဲ ပစ်ရတယ်။ အနီးကပ်တိုက်ပွဲကတော့ ပိုထိရောက်တာပေါ့” ဟု တန့်ဆည် PDF တပ်ဖွဲ့ဝင်က ပြောသည်။

ယနေ့ နိုဝင်ဘာလ ၈ရက် နေ့လယ်ပိုင်းတွင် အဆိုပါ စစ်ကောင်စီတပ်သည် တန့်ဆည်မြို့အနောက်ဘက် သပြေရင်းရွာသို့ ရောက်ရှိနေကြောင်း သိရပြီး ၎င်းတို့ ရောက်ရှိချိန်တွင် ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ််းရှောင်ကြရသည်ဟု သိရသည်။

ယခုလအတွင်း စစ်ကောင်စီတပ်က ကျေးရွာများသို့ ဝင်ရောက်ရာတွင် မီးရှို့ဖျက်ဆီးခြင်းမျိုး မတွေ့ရဘဲ ၎င်းတို့လိုချင်သည့် ပစ္စည်းများကို အိမ်များအတွင်း ဝင်ရောက်မွှေနှောက်ကာ ရှာဖွေယူဆောင်သွားခြင်းမျိုးသာ ရှိနေသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် တန့်ဆည့်မြို့နယ်တွင် စက်တင်ဘာလမှ စတင်ကာ တန့်ဆည်မြို့မြောက်ဘက်နှင့် အနောက်ဘက်သို့ စစ်ကြောင်းနှစ်ကြောင်းဖြင့် လက်ရှိအချိန်ထိ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။ mizzima

ကျိုက်ထိုမြို့ သိမ်ဇရပ်မြို့ ရဲစခန်း ၄၀ မမ ဖြင့် ပစ်ခတ်ခံရပြီး ရဲလိုင်းခန်း မီးလောင် ၊ ဘီးလင်း သံတံတားလုံခြုံရေး ဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွား

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ရဲစခန်းကို နိုဝင်ဘာ ၇ ရက်နေ့ (တန်ဆောင်မုန်းလပြည့်) ညနေ ၆ နာရီခွဲ အချိန်တွင် ၄၀ မမ ဖြင့် ပစ်ခတ်ခံရပြီး စခန်းအတွင်း ရဲလိုင်းခန်းမီးလောင်သွားကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

“လူတွေက တန်ဆောင်တိုင်ည ဆိုတော့ ဗျောက်အိုးဖောက်တယ်ပဲ ထင်နေတာ ။ နောက်မှ သေနတ်သံတွေ ဆက်တိုက်ထွက်လာတော့ လမ်းပေါ်မှာ ရှိတဲ့ လူတွေ အိမ်ထဲ ပြေးဝင်ကြရတာပေါ့။ စခန်းထဲက မီးတောက်ကို‌ တွေ့နေရတယ်လေ။ လိုင်းခန်းမီးလောင်သွားတယ်” ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။

ရဲစခန်းကို ၄၀ မမ နှစ်လုံးဆက်တိုက်ပစ်ခတ်ခံရခြင်းဖြစ်ပြီး စခန်းအတွင်း သေနတ်သံများလည်း ကြားရပြီး နောက်ထပ်လည်း ၄၀ မမ နှစ်ချက် ထပ်မံ ပစ်ခံရကြောင်း၊ သိမ်ဇရပ်ရှိ စစ်ကောင်စီဝင်များ၏ လက်နက်ကြီးထိုင်ထားသည့်နေရာမှ လက်နက်ကြီးသံများ ဆက်တိုက်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“သေတာ သတင်းမသိရသေးဘူ။ ညဘက်ဆိုတော့ နောက်ပြီး သူတို့က တစ်ခုခုဆို လူနာရော အလောင်းရော ရှိလာရင် တပ်ထဲပဲ ခေါ်သွားတယ်” ဟု Kyaikhto Information Team က ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ထို့ပြင် နိုဝင်ဘာ ၇ ရက်နေ့ ည ၁၀ နာရိ ၈ မိနစ် အချိန်တွင်လည်း ကျိုက်ထိုနှင့် ဘီးလင်းအစပ် စစ်ကောင်စီတပ် တပ်စွဲထားသည့် သံတံတားဂိတ်တွင်လည်း ၄၀ မမ ဖြင့် ပစ်ခတ်ခံရကြောင်း၊ ပစ်ခတ်သံအပြီး ၁၅ မိနစ်ခန့် အပြန် အလှန် တိုက်ပွဲငယ်ပုံစံ ဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၆၀ မမ၊ ၈၀ မမ ၊ ၁၂၀ မမ တို့ဖြင့် အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့၍ အဓိဌာန်တောင် နားသို့ လက်နက်ကြီးကျည် ဆန်အချို့ ကျရောက်သွားခဲ့ကြောင်း Kyaikhto Information Teamက ပြောသည်။

“သံတံတားဂိတ်မှာ ပစ်နေကြတာ ကြောက်စရာကြီး၊ မြေတွေပါ တုန်တယ်။ ပထမ နှစ်ချက်က ကိုယ့်ဘက်က ပစ်တာ ဖြစ်မယ်။ နှစ်ချက်ကြားပြီး လက် နက်ငယ်တွေ ဆက်တိုက်ပစ်တာ ၁၅ မိနစ်လောက် ကြာမယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။ khit thit

ဗန်းမော်၌ စစ်ကောင်စီတပ်က ကားနှင့်ဆိုင်ကယ်များကို ဖမ်းဆီးပြီး ငွေညှစ်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီ လက်‌အောက်ခံ စစ်တပ်၊ ရဲနဲ့ ယာဉ်ထိန်း‌ရဲတွေ ပူးပေါင်းပြီး လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေကို ပိတ်ဆို့ဖမ်းဆီးပြီး ဆိုင်ကယ်တစီးကို ကျပ် ၂ သိန်းနဲ့  ပြန်ရွေးခိုင်းတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဗန်းမော်မြို့ ၂ မိုင်ရပ်ကွက် နာရီစင်အနီး နောင်ခိုရပ်ကွက်နဲ့ ဗန်းမော် ၅ မိုင်လမ်းမကြီး နေရာတွေမှာ စစ်တပ်နဲ့ရဲတွေပူးပေါင်းဖမ်းဆီးနေရာမှာ ပြည်သူတွေရဲ့ ဆိုင်ကယ်အစီး ၁၀၀ ကျော်နဲ့ ကားအစီးရေ ၃၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။

ဒေသခံ အမျိုးသားတယောက်က “လိုင်စင်မပါတာ ခေါင်းစဉ်တပ်ပြီး ဦးထုပ်၊ ဘက်မှန်၊ ယာဉ်မောင်းလိုင်စင် မပါတဲ့သူတွေကို အကုန်ဖမ်းတာ။ ဖမ်းခံထားရတာ တရုတ်နိုင်ငံလုပ် Kenbo-125 ဆိုင်ကယ်တွေ များတယ်။ အကုန်ပြန်ရွေးခိုင်းမယ်လို့ သိရတယ်” လို့ ပြောပါတယ်။

ခေတ်ပျက်လို့ ပြည်သူတွေ စားဝတ်နေရေးခက်ခဲနေချိန် သူတို့လုပ်ပိုင်ခွင့်ထဲကနေ မတရားသဖြင့် အခုလို အပြစ်ရှာဖမ်းဆီးပြီး ငွေညှစ်နေတာလို့ ဆိုင်ကယ်ဖမ်းခံရသူတဦးက ပြောပါတယ်။ DVB

အာဆီယံအပါအဝင် ကမ္ဘာ့နိုင်ငံများက မြန်မာ့အရေးကူညီဖြေရှင်းရာတွင် လက်တွေ့ကျရန် လိုအပ်ဟု NLD တိုက်တွန်း

အာဆီယံအပါအဝင် ကမ္ဘာ့နိုင်ငံများက မြန်မာ့အရေးကူညီဖြေရှင်းမှုသည် ပြည်သူလူထု၏ဆန္ဒမှန်ကို အသိအမှတ်ပြုထင်ဟပ်စေသော ရည် ရွယ်ချက်နှင့် လက်တွေ့ကျသော လုပ်ငန်းစဉ်များ ဖြစ်ရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( ဗဟိုအလုပ်ကော်မတီ) က ယနေ့ နိုဝင်ဘာ ၈ ရက်တွင် သတိပေးတိုက်တွန်းထားသည်။

ထို့ကြောင့် လတ်တလော ပြဿနာများပြေလည်ရေးကိုရှေးရှုပြီး ဦးစားပေးဆောင်ရွက်မှုများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး၊ လူ့အခွင့် အရေးများကိုထိခိုက် ပျက်သုဥ်းစေနိုင်ပြီး အနာဂါတ် မြန်မာနိုင်ငံအား အနိဌာရုံများအတွင်းသို့ တွန်းပို့လိုက်ရာရောက်စေနိုင်သဖြင့် ယင်းသို့ မဖြစ်စေရေးအတွက် အထူးသတိပြုရန် လိုအပ်ကြောင်း သတိပေးသည်။

ယနေ့ နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီက သတင်းထုတ်ပြန်ချက်အမှတ်( ၁၂/၂၀၂၂) ဖြင့် ယင်းသို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ထုတ်ပြန်ချက်တွင် အာဆီယံ အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံအသီးသီးက မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝများ တစ်နေ့တစ်ခြား ဆုတ်ယုတ်ကျဆင်းနေမှုများမှတစ်ဆင့် ဒေသတွင်းတည်ငြိမ်မှုကိုထိခိုက်လာနိုင်သည့်အလားအလာအပေါ် သတိကြီးစွာထားပြီး ကူညီဖြေရှင်းပေးရန် ကြိုးပမ်းလာရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အသိအမှတ်ပြုကျေးဇူးတင်နေမည် ဖြစ်ကြောင်းဆိုသည်။

ထို့အပြင် အာဆီယံ အထူးကိုယ်စားလှယ်အပါအဝင် မြန်မာ့အရေးဆိုင်ရာကိုယ်စားလှယ်များအားလုံးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် လွတ်လပ်စွာတွေ့ဆုံ ဆွေးနွေးအဖြေရှာနိုင်မှသာ လက်တွေ့ကျသော ပြဿနာပြေလည်ရေး လမ်းစ ရရှိနိုင်မည်ဖြစ်ကြောင်း၊ စစ်မှန်သောကိုယ်စားပြုမှုရှိသည့် ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးရန်လိုအပ် ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ရေးကို အာဆီယံအပါအဝင် ကမ္ဘာ့ခေါင်းဆောင်များ အနေဖြင့် ဦးစားပေးဆောင်ရွက်သင့်သော လုပ်ငန်းစဉ်အဖြစ် သတ်မှတ်အကောင်အထည်ဖေါ်သင့်ကြောင်း အလေးအနက် တိုက်တွန်းတောင်းဆိုထားသည်။

အလားတူ စစ်ကောင်စီက ကျူးလွန်သော ရာဇဝတ်မှုများကို နိုင်ငံတကာဥပဒေများနှင့်အညီ ဖေါ်ထုတ်အရေးယူ နိုင်ရေးလုပ်ငန်းများကို ဆောင် ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂ အပါအဝင် အဖွဲ့အစည်းအသီးသီးနှင့် ကမ္ဘာ့နိုင်ငံအသီးသီးက ယခုထက်ပိုမိုထိရောက်စွာ ကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။ mizzima

စစ်ကောင်စီလေတပ်က မကြာခဏ ပျက်ကျလေ့ရှိသည့် သက်တမ်းကုန် တရုတ် A-5C တိုက်လေယာဉ်များကို ထုတ်သုံးပြီး ဗုံးကျဲ၊ စစ်ဆင်ရေးအတွက် လေတပ်အင်အားအပြည့် ပြန်သုံး

အကြမ်းဖက်စစ်ကောင်စီလေတပ်က မကြာခဏ ပျက်ကျလေ့ရှိသည့် သက် တမ်း ကုန် A-5C တိုက်လေယာဉ်များကိုပါ လက်ရှိ စစ်ဆင်ရေးများတွင် ထုတ်သုံးလာနေပြီး ဗုံးကျဲမှုများလုပ်ဆောင်နေကြောင်း လေတပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

တရုတ်နိုင်ငံထုတ် Nanchang A-5C Fantan များသည် မကြာခဏ ပျက်ကျလေ့ရှိခြင်း၊ ဆီစားနှုန်းမြင့်မားခြင်း၊ ပြုပြင်ရန် ပစ္စည်းရှားပါးခြင်းတို့ကြောင့် အသုံး မပြုဘဲ ထားနေရာမှ ယခုရက်ပိုင်းအတွင်း ပြန်လည် အသုံးပြု ဗုံးကျဲလာခြင်း ဖြစ်ကြောင်း သိရှိရသည်။

“စစ်ဆင်ရေးအတွက် လေတပ်အင်အားအပြည့် ပြန်သုံးတာမျိုးပါ။ A-5 က မသုံးဘဲ ထားထားတာကြာပြီ။ ပျက်ကျတာတွေနဲ့ ဆီစားနှုန်းများလို့။ သက်တမ်းလည်းကုန်နေပြီ။ ခေတ်လည်း မမီတော့ဘူး။ ဒါပေမယ့် အခုတော့ အင်အားပြည့် ပြန်သုံးနေတယ်” ဟု လေတပ်သတင်းရင်း မြစ်က ပြောသည်။

တံတားဦးလေဆိပ်တွင် A-5 တိုက်လေယာဉ် ၄ စီးရှိပြီး အမှတ် ၆၄ တိုက် လေယာဉ်အုပ် အုပ်မှူး ဒုတိယဗိုလ်မှူးကြီး ရဲဦးက ဦးဆောင်ပျံသန်းကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တရုတ်A-5 တိုက်လေယာဉ်စီးရေ ၃၀ ကျော်ကျန်ရှိနေသေးကြောင်း သိရှိရသည်။

“A5 တွေက အစီးရေ များတယ်။ တစ်နိုင်ငံလုံးဆိုရင် အစီးရေ ၃၀ ကျော်တယ်။ တံတားဦးမှာတော့ ၄စီးပဲ ရှိတော့တာ။ Nanchang A-5C Fantan တွေက သက်တမ်းကုန်နေတာကို စစ်ဆင်ရေး တက်ခိုင်းတာ”ဟု ရန်ကုန်ခေတ်သစ်၏‌ လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက လက်ရှိ စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲဝင်နေသော အင်အားစုများကို လေယာဉ်ဖြင့် ဗုံးကျဲရန် ထိုးစစ်ဆင်ခြင်း မဟာ ဗျူဟာကိုပြောင်းလဲ ကျင့်သုံးနေပြီး လေတပ်ကို လူကုန် လေယာဉ်အကုန် အင်အားပြည့် အသုံးပြုရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတုင်း၊ ရေမျက်ကြီးအင်းတွင် တရုတ်ထုတ် Nanchang A-5C Fantan စစ် တိုက် လေယာဉ်ပျက်ကျခဲ့ပြီး လေယာဉ်မှူးမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

တရုတ်ထုတ်Nanchang A-5C Fantan တိုက်လေယာဉ်များသည် ၁၉၇၀ ခုနှစ်ဝန်းကျင်တွင် ထုတ်လုပ်ခဲ့သော တိုက် လေယာဉ်အမျိုးအစားများဖြစ်သည်။ khit thit

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ရွာအနီးမှာ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို မိုင်း ၆ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက်ထက်မနည်း သေဆုံးဒဏ်ရာရခဲ့တယ်လို့ Palaw People’s Defence Force (PPDF) က ထုတ်ပြန်ပါတယ်။

ဒီနေ့မနက် ၆ နာရီလောက်က ပုလောအခြစိုက် ၂၈၅ တပ်ရင်းကနေ မြိတ်ကိုဆင်းလာတဲ့ စစ်ကောင်စီခြေလျင်စစ်ကြောင်းကို ပြည်သူ့ကာ ကွယ် ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း (၁)က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

PPDF တာဝန်ရှိသူက “စခ တွေက ကားနဲ့ အရင်လာတာ။ ခမောင်းတော ရောက်ခါအနီးမှ ခြေကျင် ဆင်းလျှောက်လာတာ။ အင်အား ၅၀ ဝန်း ကျင်လောက်ရှိမယ်။ မင်းထိန်ရွာနားရောက်မှာ ကျနော်တို့ဘက်ကမိုင်းဆွဲတာ”လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူများလို့ စစ်ကောင်စီဘက်က လက်နက်ကြီးငယ်တွေနဲ့ တရစပ် ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်းသေဆုံးခဲ့ပြီး ၅ ယောက် ထက်မနည်း ဒဏ်ရရခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အထိအခိုက်မရှိဘူးလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပုလောမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်ကလည်း PDF မဟာမိတ်တပ်ပေါင်းစုက စစ်ကောင်စီစခန်းနဲ့ စစ်ကူတက်တာတဲ့စစ်ကြောင်းတို့ကို သွားရောက်တိုက်ခိုက်ခဲ့လို့ ပြင်းထန်တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၈ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး  ထိခိုက်သေဆုံးမှု အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။ DVB

ဘာသာရေးပွဲတော်များသို့ စစ်ခေါင်းဆောင်တက်ရောက်နေခြင်းသည် ဘာသာရေးကို နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချနေခြင်းဖြစ်သည်ဟုဆို

ဘာသာရေးပွဲတော်များသို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်နေခြင်းသည် ၎င်း၏စစ်အာဏာတည်မြဲရေး၊ အကျိုးစီးပွားနှင့် တရားဝင်မှုအတွက် ရှေးရှု့၍ ဘာသာရေးကို နိုင်ငံရေးအကျိုးအမြတ်အဖြစ် အသုံးချနေခြင်းဖြစ်ကြောင်း နွေဦးတော်လှန် ရေး မြန်မာမွတ်စလင်ကွန်ရက်ဦးဆောင်အဖွဲ့ဝင် ဦးထွန်းကြည်က မဇ္စျိမကိုပြောသည်။

နိုဝင်ဘာ ၆ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ သျှရီမဟာလက်ချ်မီး မယ်တော်ကြီးဘုရားကျောင်း၌ ပြုလုပ်သည့် ဟိန္ဒူရိုးရာ ဒီပါ ဝလီ မီးထွန်းပွဲတော်သို့ စစ်ခေါင်းဆောင်တက်ရောက်ခဲ့သည့်အပေါ် ဦးထွန်းကြည်က ထိုသို့ ရည်ညွှန်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဒီလုပ်ရပ်ကိုက ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေတဲ့လုပ်ရပ်လို့ပဲ သုံးသပ်ချင်ပါတယ်။ အတုအယောင်နဲ့ဟန်ပြ လုပ်ဆောင်ချက်တွေလို့မြင်ပါတယ် အစွန်းရောက် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ ဗုဒ္ဓဘာသာအပါအဝင် ဘာသာတွေအားလုံးအပေါ် ယုံကြည်လို့ လုပ်ဆောင်နေတာမဟုတ်တဲ့အပြင် စေတနာ သဒ္ဓါတရား ထက်သန်လို့လည်း မဟုတ်ဘူးဆိုတာ လက်တွေ့လုပ်ရပ်တွေက သက်သေခံနေပါတယ်”ဟု ၎င်းက ရှင်းပြသည်။

ဒီပါဝလီ မီးထွန်းပွဲတော်သို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ မီးထွန်းပူဇော်ခဲ့ပြီး ဒီပါဝလီပွဲတော်သည် ကဏှ ဟုခေါ်သည့် မကောင်းမှုအင်အားစုကို ကလျာဏ ဟုခေါ်သည့် ကောင်းမှုအင်အားစုက အနိုင်ရပြီး အဝိဇ္ဇာ တည်းဟူသော အသိဉာဏ်ကင်းမဲ့မှုအမှောင်ထုကို ပယ်ခွင်း၍ ဝိဇ္ဇာ တည်းဟူသော အသိဉာဏ်အလင်းကို ဆောင်နိုင်ခြင်း၊ အဓမ္မဟူသည့် မှားယွင်းသည့်သဘော တရားများကို ဓမ္မ ဟူသည့် သစ္စာတရားက အနိုင်ယူလိုက်ခြင်းတို့၏ အထိမ်းအမှတ် ဖြစ်သည်ဟု ပြောကြားခဲ့သေးသည်။

ယင်းအပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈)၊ ပုဒ်မ-၃၆၂ တွင် နိုင်ငံတော်သည် ခရစ်ယာန် ဘာသာသာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ကိုးကွယ်ရာဘာသာ သာသနာများ ဟူ၍ အသိအမှတ်ပြု ပြဋ္ဌာန်းထားကြောင်း၊ အလားတူ ပုဒ်မ-၃၆၃ တွင်လည်း နိုင်ငံတော်က အသိအမှတ်ပြုထားသော ဘာသာ သာသနာများကို တတ်နိုင်သမျှ ကူညီစောင့် ရှောက် ရမည်ဟုလည်း ပြဋ္ဌာန်းထားသည်ဟု ဆိုသည်။

“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ယုံကြည်ကိုးကွယ်မှု ဘာသာတရားနှင့် ပတ်သက်ပြီး လွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်ကြကြောင်း၊ ဟိန္ဒူဘာသာသာသနာ အပါအဝင် အခြားဘာသာကြီးများကို နိုင်ငံတော်က အသိအမှတ်ပြုပြီး တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးလျက်ရှိသည်”ဟု စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆိုသည်။

” ဘာသာပေါင်းစုံအပေါ်မှာ သာသနာညှိုးနွမ်းစေမှုဆိုတဲ့ ရာဇဝတ်မှုကိုဗြောင်ကျကျ အတိအလင်းကျူးလွန်နေတယ်လို့လည်း မြင်ပါတယ်”ဟု ထပ်မံ ဦးထွန်းကြည်က ပြောကြားသည်။

အဆိုပါပွဲတော်သို့ စစ်ခေါင်းဆောင်နှင့်အတူ စစ်ကောင်စီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vinay Kumar နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Listopadov Nikolai Alexandrovich၊ အခြားဘာသာရေးခေါင်းဆောင်းများ နှင့်စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်ဟု သိရသည်။ mizzima

တန့်ဆည်တွင် စစ်ကြောင်းထိုးလာသော ခလရ ၃၆၈ စစ်ကြောင်းကို လက် နက်ကြီးဖြင့် ပစ် ခတ်မှု စစ်သား ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော ခလရ(၃၆၈) စစ်ကောင်စီတပ်ကို နိုဝင်ဘာလ၇ရက်နံနက် ၈နာရီခန့်တွင် တန့်ဆည်PDFက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၅ဦးသေဆုံးခဲ့ကြောင်း PDFသတင်းရင်းမြစ်ထံမှ သိရသည်။

တန့်ဆည်မြို့နယ်၊ အင်ရေအိုးရွာမှ အင်ပင်အိုင်ရွာသို့ ထွက်ခွာလာသော အင်အား ၁၃၀ ခန့်ရှိသည့် စစ်ကြောင်းကို တန့်ဆည်PDF ရွှေဘိုခရိုင် တပ်ရင်း (၆)နှင့် တပ်ရင်း(၇)ပူးပေါင်းအဖွဲ့က ၄၀ မမ လက်နက်ကြီး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့‌ခြင်းဖြစ်ကြောင်း ရှေ့တန်းရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

“အင်ရေအိုးရွာအရှေ့ဘက် ကိုက်တစ်ထောင် အကွာလောက်မှာ စစ်ခွေးအစုလိုက်ကို ၄၀မမနဲ့ လှမ်းထုတာ အတုံး အရုန်း လဲကျသွားတယ်။ အဲ့ထဲကမှ သေတဲ့ ခွေး၅ကောင်ကို တရွတ်တိုက်ဆွဲသွားတာ တွေ့လိုက်ရတယ်”ဟု ရှေ့တန်းရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ ခလရ(၃၆၈) စစ်ကောင်စီတပ်သည် စက်တင်ဘာလ၉ရက်နေ့ က တည်းက တန့်ဆည်မြို့နယ်သို့ ရောက်ရှိ စစ်ကြောင်းထိုးနေပြီး နယ် မြေခံ ပျူစောထီးများနှင့် ပူးပေါင်း၍ ၃လကြာသည်အထိ မရပ်မနား စစ်ကြောင်းပတ်ထိုးနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

တပ်မ(၃၃)လက်အောက်ခံ၊ ခလရ(၃၆၈) စစ်ကောင်စီစစ်ကြောင်းနှင့် တန့်ဆည် PDFတို့ အောက်တိုဘာလ ၁၉ရက်နေ့ ရွာသစ်ရွာအနီးတွင် တိုက် ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၈ဦးသေဆုံးခဲ့ကြောင်း သိရှီရသည်။ khit thit

ရွှေကူမှ စုန်ဆင်းလာသည့် စစ်ကောင်စီရေ ယာဉ် တိုက်ခိုက်ခံရ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ဘက်ကနေ နိုဝင်ဘာ ၇ ရက် မနက်၁၀ နာရီလောက်က ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီ ရေယာဥ်အုပ်စုကို ကသာမြို့နယ်၊ တိုက်ကုန်းကျေးရွာအနီးမှာ Katha Drone Team (KDT) အဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ကသာမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါတယ်။

ဗုံးကြဲချရာမှာ  ရေယာဉ် ၆ စီးထဲက  ၁ စီးပေါ်ကျသွားခဲ့ပေမဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိရသေးတဲ့အကြောင်း၊ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးငယ်မျိုးစုံနဲ့ပြန်ပစ်ခဲ့တယ်လို့ ကသာမြို့နယ် ပကဖ အဖွဲ့က  ထုတ်ပြန်ချက်မှာရေး သားထားပါတယ်။

“အဆန်တုန်းကတော့ ခေါင်မိုးပေါ်မှာ စက်သေနတ်ပစ်တဲ့ စခတွေပါတယ်။ အခုမပါတော့ ရေယာဥ်ပေါ်ကိုပဲပစ်ချလိုက်ရတာ။ အထိအခိုက်မသိရပေမဲ့ ပစ်ချခံရပြီးနောက် လက်နက်ကြီးငယ်မျိုးစုံ ပြန်ပစ်တာပါ။ မိုတားလေးကို ခဏကပ်ပြီး စခတွေ အတင်အချလုပ်ကာ ကသာဘက်ကို  ဆက်စုန်သွားပါတယ်။ ဒီနေ့ည ကသာမှာ ညအိပ်ကြမယ်ထင်ပါတယ်”လို့ ကသာမြို့နယ် ပကဖ အဖွဲ့ကပြောပါတယ်။

စစ်ကောင်စီရေယာဥ်အုပ်စု လုံခြုံရေအတွက် ကုန်းပေါ်မှာနေတဲ့ စကစ တပ်သားတွေက ဆင်ကုန်တိုင်ကျေးရွာ၊ မိုးတားလေးကျေးရွာ၊ ခတက်ချောင်ကျေးရွာ၊ မင်းလယ်ကျေးရွာ၊ နလယ်အင်းကျေးရွာ၊ ပေါမမြိုင်ကျေးရွာနဲ့ ပုလွှေရွှေကျေးရွာတွေမှာ တပ်ဖြန့်ထားတယ်လို့ ကသာမြို့နယ် ပကဖ အဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။

နလယ်အင်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တာကြောင့် သာစည်ကျေးရွာနေ ၄ နှစ်သားအရွယ် မောင်ဖြူရဲ့ လက်မောင်း မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး သာစည်လမ်းစုံဘက်ကို ကျတဲ့လက်နက်ကြီးကျည်ကတော့  မပေါက်ကွဲလို့ ကံကောင်းခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “စစ်ကောင်စီတပ်သားတွေ ရွာတွေထဲကိုဝင်လာချိန် PDF တွေက ဘာမှမလုပ်ရင် သူတို့ကလည်း ဘာမှမလုပ်ဘူး။ မိုင်းခွဲခံရရင် ရွာကိုမီးရှို့မယ် အမျိုးမျိုးပြောခဲ့ပေမယ့် ညပိုင်းအချိန်ရောက်ရင် ရွာတွေထဲကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်နေတာကြမို့ ယုံကြည်လို့မရတော့ဘူး” လို့ပြောပါတယ်။

နိုဝင်ဘာ ၆ ရက် ညကလည်း စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ရာမှာ နေအိမ် ၁ လုံး မီးလောင်ကျွမ်းခဲ့လို့ ဒေသခံပြည်သူတွေ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရတယ်လို့ ရွာခံတွေကဆိုပါတယ်။ DVB

« Older Entries