တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ် လက် နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ ၅ ဦးသေဆုံး၊ အ များအပြားဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်စစ်ကြောင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး ငါးဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့ကြောင်း တန့်ဆည်PDFတပ်ဖွဲ့ဝင်ထံက သိရသည်။
တန့်ဆည်မြို့အနောက်ဘက် ၁၂မိုင်အကွာရှိ အင်ရေအိုးရွာတွင် ညအိပ်ကာ နိုဝင်ဘာလ ၇ရက် နံနက် ၈နာရီအချိန်တွင် အင်ပင်အိုင်ရွာသို့ ချီတက်လာသော စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းအင်အား ၁၃၀ ခန့်ရှိသည့် စစ်ကြောင်းကို တန့်ဆည်PDF ရွှေဘိုခရိုင် တပ်ရင်း(၆)နှင့် တပ်ရင်း(၇)ပူးပေါင်းအဖွဲ့က ၄၀ မမ လက်နက်ကြီး ခြောက်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ပစ်တာကတော့ သူတို့ချီတက်သွားတဲ့ လမ်းကြောင်းတစ်လျှောက် လိုက်ပစ်တာ ဆက်တိုက်တော့မပစ်ဘူး။ တစ်လုံးပြီး တစ်လုံးလိုက်ပစ်တာ၊ အားလုံးပေါင်း ခြောက်လုံးပစ်တာ၊ ငါးကောင်ကတော့ မျက်မြင်သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်း များတယ်” ဟု PDF တပ်ဖွဲ့ဝင်က မဇ္စျိမကို ပြောသည်။
တပ်မ(၃၃)လက်အောက်ခံ၊ ခလရ(၃၆၈) စစ်ကောင်စီစစ်ကြောင်းသည် စက်တင်ဘာလ ၉ရက်နေ့မှ စတင်ကာ တန့်ဆည်မြို့နယ်အနောက်ဘက် ကျေးရွာများအတွင်းသို့ လက်ရှိအချိန်ထိ မရပ်မနား စစ်ကြောင်းထိုးဝင်ရောက်နေခြင်းဖြစ်သည်ဟု သိရသည်။
“အခုနောက်ပိုင်း ရင်ဆိုင်တိုက်ပွဲအတွက်က ခက်ခဲလာတာ၊ လက်နက်ခဲယမ်းက အရမ်းလိုတယ်။ မပြည့်မစုံနဲ့လုပ်ရင် ထိခိုက်မှုများမှာစိုးလို့ အဝေးကနေ လက်နက်ကြီးနဲ့ပဲ ပစ်ရတယ်။ အနီးကပ်တိုက်ပွဲကတော့ ပိုထိရောက်တာပေါ့” ဟု တန့်ဆည် PDF တပ်ဖွဲ့ဝင်က ပြောသည်။
ယနေ့ နိုဝင်ဘာလ ၈ရက် နေ့လယ်ပိုင်းတွင် အဆိုပါ စစ်ကောင်စီတပ်သည် တန့်ဆည်မြို့အနောက်ဘက် သပြေရင်းရွာသို့ ရောက်ရှိနေကြောင်း သိရပြီး ၎င်းတို့ ရောက်ရှိချိန်တွင် ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ််းရှောင်ကြရသည်ဟု သိရသည်။
ယခုလအတွင်း စစ်ကောင်စီတပ်က ကျေးရွာများသို့ ဝင်ရောက်ရာတွင် မီးရှို့ဖျက်ဆီးခြင်းမျိုး မတွေ့ရဘဲ ၎င်းတို့လိုချင်သည့် ပစ္စည်းများကို အိမ်များအတွင်း ဝင်ရောက်မွှေနှောက်ကာ ရှာဖွေယူဆောင်သွားခြင်းမျိုးသာ ရှိနေသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် တန့်ဆည့်မြို့နယ်တွင် စက်တင်ဘာလမှ စတင်ကာ တန့်ဆည်မြို့မြောက်ဘက်နှင့် အနောက်ဘက်သို့ စစ်ကြောင်းနှစ်ကြောင်းဖြင့် လက်ရှိအချိန်ထိ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။ mizzima