Monthly Archives: Nov 2022

အညာဒေသ နှင့် ကန့်ဘလူမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် စောင်၊ အနွေးထည်နှင့် အ မိုးအကာများ အရေးပေါ်လိုအပ်နေ

စစ်ကိုင်းတိုင်း၊ အညာဒေသနှင့် ကန့်ဘလူမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် စောင်၊အနွေးထည် နှင့် အမိုးအကာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသည့် NLD လွှတ်တော်အမတ် ဦးနေဇင်လတ် ထံကသိရသည်။

လက်ရှိကာလသည် မိုးရာသီကုန်ဆုံး၍ ဆောင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သည့် အတွက် စစ်ဘေးရှောင်များ အအေးဒဏ် ခံနိုင်ရန် အနွေးထည်များ အရေးပေါ် လိုအပ်နေခြင်းဖြစ်သည်။

“အဓိကကတော့ဆောင်းရာသီရောက်လာပြီ ဆိုရင် စစ်ဘေးရှောင်တွေ အတွက် ကတော့ အနွေးထည်လိုတယ်။ ပြီးရင် စောင်တို့ ဘာတို့လိုတယ်။ ရာသီဥတု ဒဏ်ကို ကောင်းကောင်း ခံနိုင်မယ့် အမိုး အကာတွေလည်း လိုအပ်နေပါတယ်။ အခုလို မိုးရာသီကနေဆောင်းရာသီ ရာသီဥ တု အကူးပြောင်းကာလ ဆိုရင် ဒီနယ်ဘက်မှာတော့ တုပ်ကွေး တွေတော်တော်များများ ဖြစ်ကြတယ်။ ဆေးဝါးတွေလည်း လိုတယ်။ ကျွန်တော် ကိုယ်တိုင်ကိုက အခုဖျားနေတာ” ဟု ဦးနေဇင်လတ်က မဇ္ဈိမကို ပြောသည်။

အညာဒေသ စစ်ဘေးရှောင်များတွင် အအေးဒဏ်ကြောင့် ဖျားနာမှုများဖြစ်ပေါ်လျက်ရှိကာ အဖျားပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ ပိုးသတ်ဆေး နှင့် မြွေဆိပ်ဖြေဆေး စသည့် ဆေးဝါးလိုအပ်ချက် များစွာရှိနေပြီး အခြေခံဆေးဝါး ဈေးနှုန်းမြင့်တက်မှုများလည်း ရှိနေသည်ဟု ဦးနေဇင်လတ်က ဆိုသည်။

ကန့်ဘလူမြို့နယ် အတွင်းရှိ ဒေသခံများသည် လနှင့်ချီကြာ နေအိမ် စွန့်ခွာ ထွက်ပြေး နေရသည်။ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာပါက ဘေးလွတ်ရာသို့ အလျင်အမြန် ရှောင်တိမ်းနေရပြီး ပစ္စည်းများသယ်ဆောင်နိုင်ခြင်းမရှိ၍ အအေးဒဏ် ခံနိုင်သည့် စောင်နှင့် အနွေးအထည်များ လိုအပ်နေခြင်းဖြစ်သည်။

ကန့်ဘလူမြို့နယ်တွင် လက်ရှိအချိန်ထိ အိမ်ခြေ ၁,၃၀၀ မှ ၁,၅၀၀ ကြား စစ်ကောင်စီတပ်၏ မီးရှို့ခြင်းခံထားရပြီး လတ်တလော စစ်ဘေးရှောင်ဦးရေ ၃၀,၀၀၀ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသသည် စစ်တပ်က အာဏာသိမ်းထားသည့် နှစ် နှစ်နီးပါးအတွင်း စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး မီးရှိုဖျက်ဆီးမှုကြောင့် စစ်ဘေးရှောင်ဦးရေ အများဆုံးရှိရာ ဒေသဖြစ်လာနေပြီး လူဦးရေ ၆ သိန်းကျော်အထိ စစ်ဘေးရှောင် နေရကြောင်း သိရသည်။ mizzima

အကြမ်းဖက်စစ်ကောင်စီက ဌာနဆိုင်ရာ ဝန် ထမ်းများကို ရုရှားနိုင်ငံသို့ ပညာတော်သင်စေလွှတ်မည်

အကြမ်းဖက်စစ်ကောင်စီက ဝန်ကြီးဌာနဆိုင်ရာ ဝန်ထမ်းများကို ရုရှားနိုင်ငံသို့ ပညာတော်သင် အများအပြား စေလွှတ်မည်ဖြစ်ကြောင်း ကြောင်း သိရှိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ရုရှားအစိုးရ ပညာသင်ဆုများကို ဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများမှ ဝန်ထမ်းများက ခွင့်ပြုချက်ရယူ၍ လျှောက်ထားကြရန် စာပေးပို့ ညွှန်ကြားထားကြောင်း သိရှိရသည်။

ရုရှားနိုင်ငံသို့ အစိုးရ ပညာတော်သင်ဆုလျှောက်ထားနိုင်သည့် ဘာသာရပ်များမှာ-

၁- အလယ်တန်းအဆင့် သက်မွေးဝမ်းကျောင်းပညာရေး

၂-ရိုးရိုးဘွဲ့

၃-မဟာဘွဲ့

၄-အထူးဘွဲ့

၅-ဘွဲ့လွန်

၆-နေရပ်ဒေသအလိုက်လေ့ကျင့်ရေး

၇-စစ်ဘက်ဆိုင်ရာ ဘွဲ့လွန်သင်တန်း

၈-သင်ထောက်ကူပြုလေ့ကျင့်ရေးနှင့် သက်မွေးဝမ်းကျောင်းဆိုင်ရာ ထပ်ဆောင်းပညာရေး တို့ကို ဝန်ကြီးဌာနဝန်ထမ်းများ လျှောက်ထားနိုင်ကြောင်း သိရှိရသည်။

အကြမ်းဖက်မင်းအောင်လှိုင်က ရုရှားအစိုးရနှင့် ဆက်ဆံရေးတိုးမြှင့်လျက်ရှိပြီး နှစ်နိုင်ငံရင်းနှီးမြုပ်နှံရေး၊ ငွေကြေးကဏ္ဍဆိုင်ရာများကို တိုးချဲ့လျက်ရှိကြောင်း၊ စစ်ဘက်ရေးရာများတွင်လည်း မြန်မာနိုင်ငံက ရုရှားနိုင်ငံမှ စက်လက်နက်ခဲယမ်းများကို တိုက်လေယာဉ်များ အပါအဝင် စစ်ရေးဆိုင်ရာ ဘက်စုံသုံး ယာဉ်များကို တိုးမြှင့် ဝယ်ယူမှုများရှိနေကြောင်း သိရှိရသည်။ khit thit

ဖားကန့်မြို့နယ်တွင် ရဲစခန်း ၁ ခု လက်နက် ကြီးဖြင့် ပစ်ခတ်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ နိုဝင်ဘာ ၇ ရက် ညနေပိုင်းက စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတစ်ခု လက်နက်ကြီးနဲ့ပစ်ခတ်ခံရလို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်  ၃ ယောက်ထက်မနည်း ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆိပ်မူကျေးရွာအုပ်စုမှာရှိတဲ့ရဲစခန်းကို အမည်မသိ အဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက် ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

ဖားကန့် ရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက “စာသင်ကျောင်းဘေးက ရဲစခန်းမှာ ညနေ ၅ နာရီလောက်က လက်နက်ကြီးနဲ့ နှစ်ချက်အပစ်ခံရတယ်။ အသံကတော့အတော်ကျယ်တယ်။ စခန်းထဲက သုံးး ဒဏ်ရာရတယ်လို့တော့သိရတယ်။ ဘယ်အဖွဲ့ပစ်သွားလည်းတော့မသိဘူး” လို့ ပြောပါတယ်။

စစ်တပ်ကုန်း (ဒေသအခေါ်) ရဲစခန်းမှာ  စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနဲ့ စစ်သားတွေ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီး ညပိုင်းမှာ အနီးနားပတ်ဝန်း ကျင်ကို ရဲစန်းကနေ လက်နက်ငယ်တွေနဲ့ ၅ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပါတယ်။

ဖားကန့်မြို့နယ်မှာ ပေါက်ကွဲမှုတွေ ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ မေလပိုင်း က ရဲစခန်းအနီးမှာ ဗုံးပေါက်ကွဲလို့ ရဲတပ်ဖွဲ့ဝင် သုံးယောက် ဒဏ်ရာ ရှိခဲ့ကာ အောက်တိုဘာလ ကလည်း နယ်ထိန်းရဲတပ်ဖွဲ့ဝင်တယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါသေးတယ်။ DVB

စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲအား လုံးဝလက်ခံအသိအမှတ်ပြုမည် မဟုတ်ဟု NLD သတင်းထုတ်ပြန်

စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲအား လုံးဝလက်ခံအသိအမှတ်ပြုမည် မဟုတ်ကြောင်း ၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဗဟိုအလုပ်အမှုဆောင်ကော်မတီက ယနေ့ နိုဝင်ဘာ ၈ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ် ပြန်သည်။

NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ သတင်းထုတ်ပြန်ချက်တွင် စစ်ကောင်စီသည် အတုအယောင် ရွေးကောက်ပွဲတစ်ရပ်ကိုကျင်းပရန် ကြံစည်နေပြီး နိုင်ငံရေးအရ တရားဝင်မှုရရှိနိုင်ရေးနှင့် နိုင်ငံတကာအသိအမှတ်ပြု ထောက်ခံမှု ရရှိနိုင်ရေးတို့အတွက် ကြိုးပမ်းနေသည်ကို တွေ့ရှိရသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လုံးဝ လက်ခံအသိအမှတ်ပြုမည် မဟုတ်ဟု အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ရွေးချယ်ပေးထားသော လွှတ်တော် ကိုယ်စားလှယ်များဖြင့် စုဖွဲ့ထားသည့် လွှတ်တော်အ ဆင့်ဆင့်မှာ တရားဝင်တည်ရှိနေပြီး ဖြစ်သဖြင့် စစ်ကောင်စီကပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို လက်ခံအသိအမှတ်ပြုမည် မဟုတ်ကြောင်း နည်းလမ်းမျိုးစုံ ဖြင့်ဖေါ်ပြပြီးဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ NLD၏ ထုတ်ပြန်ချက်ကို ဖော်ပြရာတွင် ရွေးကောက်ပွဲကာလအတွင်းဆောင်ရွက်မှုများ၊ ရွေးကောက်ပွဲ ရလဒ်များနှင့် ပတ်သက်၍ သံသယရှိပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေနှင့်အညီဖြေရှင်းရမည့် လုပ်ငန်း စဉ်များရှိသည်။ သို့သော်လည်း အာဏာသိမ်း စစ်ကောင်စီသည် မဲစာရင်းမှားယွင်းသည်ဟု အကြောင်းပြကာ ပြည်သူလူထု၏ ဆင့်လွှဲအာဏာကို အဓမ္မ လုယူ၍ ရွေးကောက်ပွဲအနိုင်ရ ပါတီကိုပစ်မှတ်ထား တိုက်ခိုက် ချေမှုန်းခြင်းဖြင့် ဒီမိုကရေစီကျင့်စဉ်ကြီး တစ်ရပ်လုံးကိုပါ စနစ်တ ကျ ဖျက်ဆီး ခြင်းဖြစ်သည်ဟု အသိပေးထုတ်ပြန်ထားသည်။

ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်တို့တွင်ဆန္ဒမဲပေးခွင့်ရှိသူ ၃၈,၂၇၁,၄၄၇ ဦးရှိရာ၌ ပြည်သူ့လွှတ်တော်တွင် လာရောက်ဆန္ဒမဲပေးသူ ၂၇,၅၁၈,၈၅၅ ဦးရှိသဖြင့် ၇၁.၈၉ ရာခိုင်နှုန်း ဖြစ်ပြီး ခိုင် လုံမဲအားဖြင့် ၉၆.၉၄ ရာခိုင်နှုန်း ဖြစ်သည်။

အမျိုးသားလွှတ်တော်တွင်လာရောက်ဆန္ဒမဲပေးသူ ၂၇,၄၉၅,၅၅၅ ဦးရှိသဖြင့် ၇၁.၈၄ ရာခိုင်နှုန်းဖြစ်ပြီး ခိုင်လုံမဲအားဖြင့် ၉၇.၂၂ ရာခိုင်နှုန်း ဖြစ် သည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၄၂,၈၆၆,၇၄၁ ဦးရှိရာ၌ လာရောက်ဆန္ဒမဲပေးသူ ၃၀,၄၅၉,၁၁၃ ဦး ရှိသဖြင့် ၇၁.၈၄ ရာခိုင်နှုန်းဖြစ်ပြီး ခိုင်လုံမဲ ၉၇.၆၅ ရာခိုင်နှုန်း ဖြစ်သည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီစုစုပေါင်း ၉၁ ပါတီရှိပြီး အနိုင်ရပါတီ ၁၉ ပါတီ နှင့် တသီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်သူ များမှ တိုင်းနှင့်ပြည်နယ် နှစ်နေရာ ၊ တိုင်းရင်းသားရေးရာဝန်ကြီး နှစ်နေရာသာ အနိုင်ရရှိခဲ့သည်။

နိုင်ငံတစ်ဝန်းမဲဆန္ဒနယ်စုစုပေါင်း ၁,၁၇၁ နယ် ရှိရာတွင် စုစုပေါင်း ၁,၁၁၇ နယ် ကျင်းပနိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မဲဆန္ဒရှင် ပြည်သူတို့၏ ယုံကြည်စွာ တာဝန်ပေးရွေးချယ်မှု ဖြင့် မဲဆန္ဒနယ် ၉၂၀ တွင်အနိုင်ရရှိခဲ့ပြီး ထောက်ခံမှု ၈၂.၄ ရာခိုင်နှုန်း ရရှိခဲ့သည်ဟု NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားသည်။ mizzima

မြောင်မြို့နယ် နနွင်းကိုင်းရွာကို စစ်ကောင်စီတပ်က မီးရှို့၊ ရွာသားများထွက်ပြေး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နနွင်းကိုင်းရွာကို နိုဝင်ဘာ ၇ ရက် ညနေ ၃ နာရီမှာ စစ်ကောင်စီတပ်တွေက အကြမ်းဖက် ဝင်ရောက်မီးရှို့နေတာကြောင့် ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

‌အခုမီးရှို့နေတဲ့ စစ်တပ်ဟာ မြောင်မြို့နယ်အတွင်း ပြည်သူတွေထံကနေ လုယက်နေတဲ့ အဖွဲ့ဖြစ်ပြီး အခု နနွင်းကိုင်းရွာကို မီးရှို့နေတာလည်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာသားတဦးက “ညနေပိုင်း ၃ နာရီကတည်းက ရှို့နေကြတာ၊ ည ၈ နာရီအထိကို မီးက မငြိမ်းသေးဘူး။ သူတို့ကလည်း ရွာထဲကမထွက်သေးဘူး။ ဘာကြောင့်မီးရှို့တာလဲတော့ မသိဘူး။ ဆန်ဖလပ်တင် မော်တော်ကြီးကို PDF တွေကဖမ်းပြီး ဆန်တွေယူတာတော့ ဒေသတွင်းမှာရှိတယ်။ အဲဒါပဲပြောစရာရှိတယ်။ ကျန်တာကတော့မရှိဘူး။ စစ်ကောင်စီ တာဝန်ရှိသူတွေကလည်း ခေါင်းလေးနဲ့ စဉ်းစားကြပါဦး။ ပြည်သူကလုပ်လို့ ပြည်သူ့အိမ် မီးရှို့တာဆို ခံသာသေးတယ်။ လုပ်တဲ့သူကို တွေ့အောင်ရှာပြီး အရေးယူပါ။ အခုဟာက မဆိုင်တဲ့ပြည်သူတွေ မလုပ်စေချင်ဘူး။ ပြည်သူက ဘယ်ဖအေလာလာ ကြောက်နေရတော့တာ” လို့ ပြောပါတယ်။

စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတွေကို အဓိကပစ်မှတ်ထားပြီး မီးရှို့နေတဲ့အတွက် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒေသခံရွာသားတွေဟာ ဆောင်းရာသီမှာ အနွေးထည်နဲ့ စောင်တွေ အရေးပေါ်အကူအညီ လိုနေတယ်လို့ စစ်ဘေးရှောင် ကူညီသူတွေထံက သိရပါတယ်။ DVB

ဝက်လက်တွင် တန်ဆောင်တိုင် လပြည့်နေ့ စစ် တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အ မျိုးသမီး ၁ ဦးသေဆုံးပြီး အဘွားအို၊ ၃ နှစ်အရွယ်ကလေးငယ် အပါအဝင် ၃ ဦး ဒဏ်ရာ အပြင်းအ ထန်ရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာတွင် နိုဝင်ဘာလ ၇ ရက်နေ့ (တန်ဆောင်တိုင်လပြည့်နေ့) ညပိုင်းတွင် စစ်တပ်က လက် နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်၍ အမျိုးသမီး ၁ ဦးသေဆုံးပြီး အဘွားအို ၁ ဦး၊ ကလေးငယ် ၁ ဦး အပါအဝင် ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း ဝက်လက်မြို့ဒေသသတင်းရင်းမြစ်နှင့် ဒေသခံများက ပြော သည်။

နိုဝင်ဘာလ ၇ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်အချိန် ဝက်လက်မြို့နယ်၊ ရှိန်းမကား‌ကျေးရွာရှိ စစ်တပ်စခန်းမှ လက် နက်ကြီး ရမ်းသန်း ပစ်ခတ်ကြောင်း၊ ပစ်ခတ်မှုကြောင့် ကျေးရွာရှိ နေအိမ် တလုံးပေါ်သို့ လက်နက်ကြီး ကျရောက်၍ မိသားစုဝင် ၄ ဦး ကျည်ထိမှန်ကြောင်း၊ အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသမီး၏ ခင်ပွန်းဖြစ်သူ ဒဏ်ရာ အပြင်း အထန်ရရှိကြောင်း၊ အဘွားအို တစ်ဦးနှင့် သေဆုံးသူ အမျိုးသမီး၏ ၃ နှစ်အရွယ်ကလေးငယ် ပါ ဒဏ်ရာ အပြင်းအထန်ရရှိထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“တန်ဆောင်တိုင် လပြည့်ညကြီးတောင် ဒီကောင်တွေ လုပ်တာဗျ။ အတော်ရက်စက်တယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြော ဆိုသည်။ khit thit

ပြည်သူ့ဆန္ဒကို လေးစားလိုက်နာရန် မြန်မာစစ်အာဏာရှင်ကို အမေရိကန်နှင့် ပြင်သစ်တိုက် တွန်း

မြန်မာပြည်သူလူထုရဲ့ဆန္ဒကို လေးစားလိုက်နာဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ထူထောင်ဖို့  အမေရိကန်နဲ့ ပြင်သစ်နိုင်ငံတို့က စစ်အာ ဏာရှင်ကို တိုက်တွန်းလိုက်ပါတယ်။    

ဒီကနေ့ နိုဝင်ဘာ ၈ ရက်မှာကျရောက်တဲ့  ၂၀၂၀ ရွေးကောက်ပွဲ ၂ နှစ်ပြည့်အထိမ်းအမှတ် အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်နဲ့ ရန်ကုန်အခြေစိုက် ပြင်သစ်သံရုံးတို့က ထုတ်ပြန်ကြေညာ တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ် အခုလိုနေ့က  ရာစုနှစ်တစ်ဝက်ကြာ စစ်အုပ်ချုပ်မှုအောက်မှာ  ဒီမိုကရေစီနည်းကျ အစိုးရတစ်ရပ်အဖြစ် တိုင်းပြည်တိုးတက်ပြောင်းလဲမှုရဲ့ မှတ်တိုင်တခုဖြစ်တဲ့၊ အများလက်ခံတဲ့ ငြိမ်းချမ်းစွာကျင်းပခဲ့တဲ့ ပါတီစုံရွေးကောက်ပွဲမှာ မြန်မာနိုင်ငံတဝန်း ပြည်သူတွေ ဆန္ဒမဲ ပေးခဲ့ကြတယ်၊ ဒီရွေးကောက်ပွဲမှာ မြန်မာပြည်သူတွေဟာ သူတို့ရဲ့ ဒီမိုကရေစီ သံန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုခဲ့ပေမဲ့ မြန်မာစစ်အာဏာ ရှင်က မဲဆန္ဒရှင်တွေရဲ့ ဆန္ဒကို တားဆီးပိတ်ပင်ခဲ့ကာ  ၂၀၂၁ ဖေဖော်ဝါရီမှာ အာဏာသိမ်းယူခဲ့ပြီး မြန်မာနိုင်ငံရဲ့ ၁၀ စုနှစ် တခုစာ ဒီမိုကရေစီရေးတိုးတက်ပြောင်းလဲမှုကို နောက်ပြန်လှည့်စေခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အမေရိကန်အနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့၊ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို လေးစားဖို့၊ အားလုံးပါဝင်နိုင်တဲ့ ပါတီစုံ ဒီမိုကရေစီနည်းကျအုပ်ချုပ်ရေးပေါ်ပေါက်ဖို့ ကြိုးစားနေသူတွေနဲ့အတူ ရပ်တည်ကြောင်း၊  မြန်မာကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်နေကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နဲ့ ရိုဟင်ဂျာလို့ လူနည်းစုတိုင်းရင်းသားအဖွဲ့တွေအပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားမှုများကို ဆက်လက်အားပေးထောက်ခံသွားမယ်လို့ ဝန်ကြီး ဘလင်ကန်က ပြောပါတယ်။

စစ်အာဏာရှင်ကျင်းပဖို့ စီစဉ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲဟာ လက်ရှိအနေအထားအရ လွတ်လပ်ပြီးတရားမျှမှုရှိဖို့ မဖြစ်နိုင်သလို အကြမ်းဖက်မှုတွေပိုမိုဖြစ်ပွားဖို့ တွန်းအားပေးတာ၊ အကျပ်အတည်းကို ပိုမိုကြာရှည်စေတာ၊ တိုင်းပြည်ရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုနဲ့ တည်ငြိမ်အေးချမ်းသာယာရေးကို နှောင့်နှေးကြန့်ကြာစေမှာဖြစ်ပြီး စစ်အာဏာရှင်ရဲ့  အမည်ခံရွေးကောက်ပွဲကိုငြင်းပယ်ကြဖို့နဲ့ ဒီမိုကရေစီလိုလားတဲ့ ခေါင်းဆောင်တွေနဲ့ အဓိပ္ပါယ်ရှိရှိ ထိတွေ့ဆောင်ရွက်ကြဖို့  နိုင်ငံတကာအသိုက်အဝန်းကို  အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။

အာဏာရှင်ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေအတွက်  အရေးယူမှု အစီအမံတွေကို အမေရိကန်က မိတ်ဖက်တွေနဲ့အတူ ဆက်လက်လုပ်ဆောင်သွားမယ်၊ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ ပြည်သူ့ဆန္ဒနဲ့ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေးနဲ့ လူ့ဂုဏ်သိက္ခာတို့ကို  လေးစားလိုက်နာဖို့ အာဏာ ရှင် ဖိအားပေးရင်း တရားမျှတမှုနဲ့ တာဝန်ခံမှု တာဝန်ယူမှုတို့ ရှိစေရန်ဖို့ အာဏာရှင်အဖွဲ့အစည်းရဲ့ ဝင်ငွေရလမ်းနဲ့ အရင်းအမြစ်တွေကို ပိတ်ဆို့ သွားမယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

အလားတူ ပြင်သစ်နိုင်ငံကလည်း စစ်အာဏာရှင်အနေနဲ့ မြန်မာပြည်သူလူထုရဲ့ ဆန္ဒကို လေးစားလိုက်နာဖို့ တောင်းဆိုလိုက်ပြီး   ၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီ ၁  ရက်နေ့မှ စတင်ကာ နိုင်ငံရေး အကြောင်းပြချက်နဲ့ ဖမ်းဆီးထောင်ချထားခံရသူတွေ လွတ်မြောက်ရေးနဲ့ အရပ်ဘက်နဲ့ ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်ရေးတို့အတွက် ထပ်မံတောင်းဆိုတယ်လို့ ရန်ကုန်အခြေစိုက် ပြင်သစ်သံရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။

၂၀၂၀ ခုနှစ်၊ နို၀င်ဘာ ၈ ရက်မှာ မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် အထွေထွေရွေးကောက်ပွဲကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခဲ့တဲ့ အရပ်သားအစိုးရက စီမံကျင်းပခဲ့ပြီး မြန်မာပြည်သူလူထုဟာ သူတို့ရဲ့ ဒီမိုကရေစီ မျှော်မှန်းချက်တွေကို မဲပုံးမှတဆင့် ထုတ်ဖော်ခဲ့ကြရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဟာ ရွေးကောက်ပွဲမှာ အနိုင်ရသူ အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရတယ်လို့ ပြင်သစ်သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပခဲ့တဲ့ ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂ ၂၆၀ ဦး အပါအဝင် ပါတီပေါင်း ၈၇ ပါတီမှ ကိုယ် စားလှယ်လောင်း ၅,၆၃၉ ဦးတို့က မဲဆန္ဒနယ်ပေါင်း ၁,၁၁၇ နေရာမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပါတယ်။

မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိတဲ့အနက် မဲပေးသူက ၂၇ သန်းကျော် မဲပေးတဲ့ ရာခိုင်နှုန်း ၇၀ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး လွှတ်တော် ၃ ရပ်စလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရာခိုင်နှုန်း ၈၀ ကျော် မဲအပြတ်အသတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်မျှတဲ့ သန့်ရှင်းတဲ့ရွေးကောက်ပွဲဖြစ်ကြောင်း ပြည်တွင်းနဲ့ နိုင်ငံတကာလေ့လာစောင့်ကြည့်အဖွဲ့တွေက ကြေညာထားပြီးဖြစ်သလို ရွေးကောက်ပွဲ  ရလဒ်ကိုလည်း ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံတွေက အသိအမှတ်ပြုထားပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်တပ်က ရွေးကောက်ပွဲမှာ မဲစာရင်းမှားတယ်လို့ အကြောင်းပြချက်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက်ပြီး တရားမဝင် အာ ဏာ သိမ်းခဲ့သလို ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်ကြောင်းလည်း အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ  ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ဇူလိုင် ၂၆ ရက်မှာ  ကြေညာခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ ရလဒ် ပယ်ပျက်သွားကြောင်း စစ်ကောင်စီရဲ့ ကြေညာချက်ဟာ အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင် မဲဆန္ဒရှင်တိုင်းရင်း သားပြည်သူတစ်ရပ်လုံးကို လစ်လျူရှုစော်ကားတာ ဖြစ်သလို နိုင်ငံအနှံ့ တောင်းဆိုနေတဲ့ ပြည်သူဆန္ဒကို ထပ်မံ စော်ကားတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖေဖော်ဝါရီ ၂၆ ရက်မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်၊

တရားမဝင် စစ်ကောင်စီဟာ ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခန့်အပ်ပိုင်ခွင့် လုံးဝမရှိတဲ့အတွက် ကော်မရှင်သစ်ဟာလည်း တရားဝင်အဖွဲ့အ စည်းမဟုတ်လို့ ဒီအဖွဲ့ကို ကိုယ်စားပြု ပြောဆိုထုတ်ပြန်တာတွေ မှန်သမျှဟာလည်း တရားမဝင်တဲ့ ပြောဆိုချက်တွေသာဖြစ်တယ်လို့လည်း အန်အယ်လ်ဒီက ပြောပါတယ်။အာဏာသိမ်းတဲ့အချိန်ကစပြီး စစ်တပ်ဟာ အပြစ်မဲ့ ပြည်သူ ၂,၄၀၀ ကျော်ကိုသတ်ဖြတ်ခဲ့ပြီး သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပေါင်း ၁၆,၀၀၀ ကျော် ဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်လုပ်ရပ်တွေ နေစဉ်ဆက်တိုက် ကျူးလွန်နေကာ၊ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်တာ၊ သံဃာတော်တွေ၊ အမျိုးသမီးနဲ့ကလေးငယ်တွေ၊ ကျောင်းဆရာ/ဆရာမတွေနဲ့ ကျောင်းသားလူငယ်တွေအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်၊ ရွာတွေကို မြေလှန်မီးရှို့ ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။DVB

ငွေကြေး ဘီလီယံများစွာ လိမ်လည်ထားသော Capital FX Myanmar မှ ဘရန်အောင်(ခ) အောင်အောင်ဦးနှင့်အဖွဲ့က ရင်းနှီးမြုပ်နှံမှုဆိုင် ရာ Facebook Page ၄ ခုထက်မနည်း ဖွင့်လှစ်၍ ငွေအရင်းရော အတိုးပါ မပေးဘဲ လိမ် လည်ထား

ပြည်တွင်းတွင် ငွေကျပ် ဘီလီယံများစွာ လိမ်လည်ထားသည့် Capital FX Myanmar ထူထောင်သူ ဘရန်အောင် (ခ)အောင်အောင်ဦးနှင့်အဖွဲ့က ရင်းနှီးမြုပ်နှံမှုဆိုင်ရာ Facebook Page ၄ ခုထက်မနည်း ဖွင့်လှစ်၍ ငွေအရင်းရော အတိုးပါ မပေးဘဲ လိမ်လည်ထားကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရသည်။

ဘရန်အောင် ခေါ် ‌ အောင်အောင်ဦးနှင့်အဖွဲ့ ထူထောင်ထားသော Facebook Page များမှာ-

၁- Passive U Finance

၂- Fair Forex Trading Myanmar – Mandalay Branch

၃- OGFX မြန့်မာ့ရင်းနှီးမြုပ်နှံဝန်ဆောင်မူ

၄- Green FX Investment

တို့ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ Page များတွင်လည်း အတိုးများပေး၍ ရင်းနှီးမြှုပ်နှံမှု ရှယ်ယာများ ခေါ်ထားသဖြင့် ထည့်ဝင်သူများရှိပြီး လက်ရှိတွင် အတိုးရော အရင်းပါ မရဘဲဖြစ်နေသည်ဟု သိရှိရသည်။

” အခု သူတို့ ထောင်ထားတဲ့ Capital FX Myanmar ၊ Green FX ၊ Passive U Investment ၊ OGFX Investment ဆိုတဲ့ အဲဒီ Page ၄ ခုက အမြတ်ငွေလည်းမပေးတဲ့အပြင် အရင်းငွေပါ ပြန်မပေးဘဲ အမျိုးမျိုး အကြောင်းပြလိမ်နေတယ်။ အချိန်ဆွဲနေတယ်။ အဓိက ငွေကြေးအများဆုံးကတော့ Capital FX Myanmar က အများဆုံး လိမ်ထားတာ။ ကျန်တဲ့ Page တွေက Capital FX Myanmar လောက်မများဘူး။ ဖေ့ဘုတ်စ်မှာ လေ့လာကြည့်ရင်သိပါတယ်” ဟု ငွေကြေးအလိမ်ခံထားရသူတစ်ဦးက ပြောသည်။

ဘရန်အောင်(ခ) အောင်အောင်ဦး နှင့်အဖွဲ့ က ငွေကြေးလိမ်လည်နေသော Facebook Page များမှာ-

၁-https://www.facebook.com/passiveufinance

၂-https://www.facebook.com/greenfxtrading

၃-https://www.facebook.com/OGFX-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%B7%E1%80%99%E1%80%AC%E1%80%B7%E1%80%9B%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%BE%E1%80%AE%E1%80%B8%E1%80%99%E1%80%BC%E1%80%AF%E1%80%95%E1%80%BA%E1%80%94%E1%80%BE%E1%80%B6%E1%80%9D%E1%80%94%E1%80%BA%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%B0-105539268727463

၄-https://www.facebook.com/fairforextradingmyanmar တို့ဖြစ်ကြသည်။

Green FX ထံတွင်ငွေလိမ်လည်ခံလိုက်ရသည့် ပြည်သူတချို့က ငွေကြေးများကို အတိုးပေးမည်ဟု ရှယ်ယာခေါ်ယူသွားပြီးနောက် ဆက်သွယ်မရတော့ဘဲ ငွေကြေးများ ဆုံးရှုံးနေရသည်ဟုဆိုသည်။

ငွေကြေးလိမ်ခံရသူ ရန်ကုန်ဒေသခံတစ်ဦးက “CFMနဲ့ပုံစံတူ Green FX က ကျနော့်ဆီက ငွေလိမ်သွားပါတယ်။ သူကရန်ကုန်ကရုံးထိုင်လို့ပြောတယ်။ အမြတ်ငွေပေးတဲ့ရာခိုင်နှုန်းတော့မတူဘူးပေါ့။ ကုမ္ပဏီ နာမည်က Green FX ပါ။ ငွေထည့်ပြီးတော့ မူရင်းPageမှာ စာမပြန်၊ ရုံးဖုန်းတွေဆက်တော့လည်း ပိတ်ထားနဲ့ အလိမ်ခံလိုက်ရတယ်။ အ​ခြေနေစောင့်ကြည့်သေးတယ်။ အကြောင်းမထူးဘူး။ ၃လ ၄လလောက်ကြာပါပြီ။ စောင့်နေတာ။ အလိမ်ခံရတဲ့ ရှယ်ယာရှင် ရင်းနှီးမြုပ်နှံတဲ့မန်ဘာဝင်တွေအများကြီးပါ။ အချို့ကလည်း အရှက်ကွဲမှာစိုးလို့မတိုင်တာရယ်၊ တချို့က တရားစွဲချင်ပေမယ့် မလုပ်တတ်တာရယ်ကြောင့်ငြိမ်နေကြသာပါ။ ကျနော့်ငွေ သိန်း ၁၀၀ လောက်ပါသွားတာပါ” ဟု ပြောဆိုသည်။

ဘရန်အောင်(ခ) အောင်အောင်ဦးနှင့်အတူ ထူးမြတ် အပါအဝင် အဖွဲ့ဝင်များက ပုံစံအမျိုးမျိုး၊ Page အမျိုးမျိုး ဖွင့်လှစ် လိမ်လည်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit

ကန့်ဘလူမြို့နယ်တွင် စစ်တပ်က ရွာသား ၁၄ ဦးကို ဖမ်းဆီးသတ်ဖြတ်မီးရှို့ အလောင်းဖျောက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်မှ အပြစ်မဲ့ပြည်သူ ၁၄ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မီး ရှို့ခဲ့ပြီး မိသားစုတွေကို အလောင်းပြန်မပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က နိုဝင်ဘာ ၃ ရက်မှာ ၈ တန်းကျောင်းသားလူငယ်တယောက်အပါအဝင် ရွာသား ၁၈ ယောက်ကို ဖမ်းဆီးသွားတာဖြစ်ပြီး ၄ ဦး ပြန်လွှတ်ပေးခဲ့ပေမဲ့ ကျန်တဲ့ ၁၄ ယောက်ကိုတော့  သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက“သူတို့က နိုဝင်ဘာ ၃ ရက်နေ့ နေ့လယ် ၂ နာရီလောက်က ဖမ်းသွားတယ်ဗျ။ ဖမ်းဆီးသူတွေထဲမှာ ၈ တန်းကျောင်းသားကလေးလည်း ပါတယ်ဗျ။ ဖမ်းဆီးတဲ့ စကစအဖွဲ့က ကိုးတောင်ဘို့အထိုင် ခမရ-၃၆၃ တပ်ကပါ။” လို့ ပြောပါတယ်။

စစ်ကောင်စီက ရွာသားတွေကိုဖမ်းဆီးသွားပြီး တနေကုန် နေပူလှန်း၊ ရိုက်နက်စစ်ဆေးခဲ့ကာ နိုဝင်ဘာ ၅ ရက်မှာ တသုတ်၊ သတ်ဖြတ်မီးရှို့ခဲ့သလို နိုဝင်ဘာ ၆ ရက်မှာ တသုတ် မီးရှို့သတ်ဖြတ် အလောင်းဖျောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ လျှော်ဖြူကုန်းရွာသားတွေဖြစ်တဲ့ ကိုစိုးဝင်း (၂၇ နှစ်)၊ မောင်စိုးစံ (၁၈ နှစ်)၊ ကိုမိုးဝင်းထွန်း (၃၀ နှစ်)၊ ကိုကျော်စိုး (၃၅ နှစ်)၊ ကိုဇော်ဇော် (၃၇ နှစ်)၊ ဦးမြင့်ဦး (၅၀ နှစ်)၊ ကိုဇော်မင်းစိုး (၃၅ နှစ်)၊ ကိုငချို (၃၄ နှစ်)၊ ကိုအောင်စိုး (၃၃ နှစ်)၊ ကိုညီညီ (၃၀ နှစ်)၊ ကိုမျိုး‌အောင် (၂၅ နှစ်)၊ ၈ တန်းကျောင်းသား မောင်ဝင်းဝင်သူ (၁၈ နှစ်)၊  ဇီးကနားကျေးရွာသား ကိုထွန်းဦး (၃၅ နှစ်)၊ စသူတွေဖြစ်တယ်လို့သိရပါတယ်။

သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းကို ရရှိဖို့ မိသားစုဝင်တွေက စစ်တပ်ကို သွာရောက်တောင်းဆိုပေမဲ့  အလောင်းပြန်မပေးဘဲ ‌စစ်တပ်အတွင်းကနေ မောင်းထုတ်ခံခဲ့ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ရွာသား ၁၄ ယောက်နဲ့ပတ်သက်လို့ စစ်ကောင်စီအနေနဲ့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ DVB

« Older Entries Recent Entries »