Monthly Archives: Nov 2022

ရဟတ်ယာဉ်အမှု ပြန်ခေါ်သက်သေအဖြစ် တရားလိုများကို ဆက်လက်စစ်ဆေး

ရဟတ်ယာဉ်နဲ့ပတ်သက်လို့ စွဲဆိုထားတဲ့ အဂတိမှုတွေအတွက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နိုဝင်ဘာ ၉ ရက်နေ့က နေပြည်တော်အချုပ်အတွင်းရှိ အထူးသီးသန့်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ ငါးမှုလုံးအတွက် အောက်တိုဘာ ၁၈ ရက်နေ့က စွဲချက်တင်အမိန့် ချလိုက်ပြီး အောက်တိုဘာ ၂၅ ရက်နေ့ကစကာ ပြန်ခေါ်သက်သေတွေကို စစ်ဆေးနေတာပါ။

တရားရုံးနဲ့နီးစပ်သူတယောက်က “ဒီနေ့ရုံးချိန်းမှာ တရားလို ဦးအောင်ခန့် (အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်) ရော ဦးသန်းမင်းဟိန်းကိုရော ဆက်စစ်တယ်၊ ဒါပေမဲ့ မပြီးသေးဘူး။ နောက်အပတ်မှာ သူတို့ကိုပဲ ဆက်စစ်မယ်” လို့ ပြောပါတယ်။

ဒီအမှုအတွက် ပြီးခဲ့တဲ့ရုံးချိန်းတွေမှာ စီမံဘဏ္ဍာဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ လူကယ်ပြန် ဒုတိယဝန်ကြီးဟောင်း ဦးစိုးအောင်တို့ အပါအ ဝင် ပြန်ခေါ်သက်သေတချို့ကို စစ်ဆေးခဲ့ပြီး ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစီး ဝယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ကောင်စီစွဲဆိုထားတဲ့ အမှုတွေထဲက ထောင်ဒဏ်ချမှတ်ခံထားရတာ စုစုပေါင်း ၂၆ နှစ်ရှိပြီ ဖြစ်ပါတယ်။ DVB

မြောင်မြို့နယ်အတွင်းရှိ နနွင်းကိုင်း၊ ရွှေတစ်ချောင်း၊ ဆူးလေးကုန်း၊ မြစ်သာ၊ သုခဒီပ ကျေးရွာ ၅ ခုကို စစ်တပ်က အကြောင်းမဲ့ မီးတင်ရှို့၊ ပြည်သူသောင်းချီ၍ စစ်ဘေးရှောင်ရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ နနွင်းကိုင်း၊ ရွှေတစ်ချောင်း၊ ဆူးလေးကုန်း၊ မြစ်သာ၊ သုခဒီပကျေးရွာ ၅ ခုကို စစ်တပ်က အကြောင်းမဲ့ မီးတင်ရှို့နေကြောင်း‌ ဒေသခံများနှင့် မြောင်ဒေသကာကွယ်ရေးတပ်မှ ဗိုလ်တောက်ထွန်း (မြောင်က)က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာ ၇ ရက်နေ့မှစတင်ပြီး မြောင်မြို့ ကျောက်ရစ်ကျေးရွာ တပ်စခန်းမှလက်နက်ကြီးများဖြင့် ပတ်ဝန်းကျင်ကျေး ရွာများကို ပစ်ခတ်ပြီး ရေစကြိုဘက်မှ လာသော စစ်ကြောင်းက မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများကို လှည့် လည် စစ်ကြောင်းထိုး မီးရှို့လျက်ရှိကြောင်း၊ နိုဝင် ဘာလာ ၇ ရက်နေ့မှ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့အထိ ကျေးရွာ ၅ ခုကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ မီးဝင်ရှို့ခဲ့ကြောင်း၊ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ကျေး ရွာများအတွင်း ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများကို လုယက်ခြင်းများ လုပ်ဆောင်ကြောင်း ၊ ပြည်သူ နှစ်သောင်းကျော် စစ်ဘေးရှောင်နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဒီနေ့မနက်က မြစ်သာ၊ ဆူးလေးကုန်း၊ သုခဒီပကျေးရွာတွေကို စစ်တပ်က မီးဝင်ရှို့တယ်။ နိုဝင်ဘာလ ၇ ရက်နေ့ ဒီနေ့ မနက်ပိုင်းအထိ ကျေး ရွာ ၅ ရွာ ကို ရွာလုံးကျွတ် မီးတင်ရှို့ပါတယ်။ ပြည်သူသောင်းချီပြေးနေရပါတယ်။ မီးလည်း သွားငြိမ်းလို့မရဘူး။ ကျောက်ရစ်ရွာ စခန်းက နီးတော့ ခွေးတွေက ဝင်လိုက် ထွက်လိုက် လုပ်နေကြတာ။ အခြေအနေ အသေးစိတ်မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

“တိုက်ပွဲမဖြစ်ဘဲ။ အကြောင်းမဲ့ ရွာတွေကို မီးဝင်ရှို့နေတာပါ။ စစ်တပ်အင်အားက စစ်ကြောင်း ၂ ခုပေါင်းထားတာ။ အင်အား ၃၀၀ လောက်ရှိပါတယ်” ဟု ဗိုလ်တောက်ထွန်း(မြောင်)က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လတ်တလော စစ်ကြောင်းထိုးလာစဉ် ပြည်သူများ ဖမ်းဆီးခံရသည်ဆိုသော သတင်းများ မကြားရသေးသော်လည်း ကျေးရွာများအတွင်း ပိတ်မိ၍ အဖမ်းဆီးခံရသည့် ပြည်သူများရှိနိုင်သည်ဟု ဒေသခံများက ဆိုကြသည်။ khit thit

ပျားရွာကို စစ်ကောင်စီတပ် ၂ ရက်ဆက်တ်ိုက် မီးရှို့နေပြီး အမျိုးသား ၁ဦး ပစ်သတ်ခံရကာ ဖမ်းဆီးခံထားရသူများ ရှိနေ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ပျားရွာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေပြီး နွားလှည်းပြန်ယူသည့် အမျိုးသားတစ်ဦး ပစ်သတ်ခံရကာ ဖမ်းဆီးခံထားရသူများလည်း ရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်က မဇ္စျိမကို ပြောသည်။

ပျားရွာအနီးတွင် ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှ စတင်ပြီး စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့အကြား နှစ်နာရီကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်က အင်အားတစ်ရာနီးပါးဖြင့် ကျေးရွာအတွင်း ဝင်ရောက်ကာ ယင်းနေ့ ညနေ ၆ နာရီ အချိန်မှ စ၍ ရွာအရှေ့ပိုင်းရှိ နေအိမ်များကို စတင်မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

” မနေ့က ၄ နာရီလောက်မှာ တိုက်ပွဲဖြစ်တယ်။ ညနေခင်း ၆ နာရီလောက်ထိ ဖြစ်တာ။ အဲ့ကနေ အကုန်လုံး ဘေးလွတ်ရာကို ထွက်ပြေးရတော့တာပဲ။ ညရောက်တော့ ရွာကို စပြီး မီးရှို့တယ်။ အခုထိလည်း စစ်ကောင်စီတပ်က ရွာထဲမှာ ရှိနေတုန်းပါ” ဟု သတင်းရင်းမြစ်က မဇ္စျိမကို ပြောသည်။

ထို့အပြင် ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ကျေးရွာအတွင်း ဝင်ရောက်ကာ နွားလှည်းပြန်ယူသည့် ကိုဇော်မျိုးနိုင်ဆိုသူကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

“မနက်က ရွာထဲမရှိတော့ဘူးထင်ပြီး ဝင်တဲ့ ကိုဇော်မျိုးနိုင်ဆိုတဲ့ သူကတော့ သေနတ်မှန်ပြီး သေသွားတယ်ဗျာ၊ အသက် ၃၀ အရွယ်ပါ။ မနက်ခင်းက သူ့အိမ်မှာ နွားလှည်းပြန်ကောက်တာ။ ပြန်ကောက်တဲ့ အချိန် နောက်ကနေ သေနတ်နဲ့ လ်ိုက်ပစ်တာ၊ အဲ့မှာဆုံးသွားတာ။ ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျေးရွာအတွင်းရှိ စာသင်ကျောင်းတွင်လည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ဒေသခံအချို့ရှိနေပြီး သေနတ်ထိမှန်ထားသူများလည်း ရှိနေကာ အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။

” ရွာထဲက စာသင်ကျောင်းထဲမှာ အဖမ်းခံထားရတဲ့ သူတွေလည်း ရှိနေတယ်။ ခန့်မှန်းခြေကတော့ မသိရသေးဘူး။ အခုမနက်ခင်းလည်း ရွာထဲဝင်ပြီးတော့ အိမ်ထောင်စု ဇယားတွေ မှတ်ပုံတင်တွေ ကျန်နေခဲ့တာကို ဝင်ယူတဲ့ သူတွေလည်း အဖမ်းခံထားရတယ်” ဟု ၎င်းက ဆိုသည်။

မြင်းခြံမြို့နယ် ပျားရွာတွင် ယခင်ကလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လှုပ်ရှားမှုများအတွက် ကျေးရွာအတွင်း ဝင်ထွက်သွားလာခြင်း ၊ ရံဖန်ရံခါ တပ်စွဲခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

သို့သော် ယခုတစ်ကြိမ်လာရောက်တပ်စွဲပြီး နှစ်ရက်မြောက်အကြာတွင် ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်မှု ခံရပြီးနောက် ကျေးရွာကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

” မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက်ကတော့ မသိရသေးဘူး။ အခုလည်း ရွာဘေးပတ်ပတ်လည်က နေအိမ်တွေကို မီးစရှို့နေပြီ။ မနေ့ညကရှို့တာနဲ့ဆို ရွာက တစ်ဝက်နီးပါး ကုန်နေပြီ။ ဒေသခံတွေက ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ဆိုသည်။

ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ နေ့လယ်ပိုင်းအချိန်အထိ ပျားရွာအတွင်း ရောက်ရှိနေသည့် စစ်ကောင်စီတပ်က နေအိမ်များကို ဆက်လက်မီးရှို့မှုများ ပြုလုပ်နေကြောင်း သိရသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ပျားရွာသည် အိမ်ခြေ ၁,၅၀၀ ကျော်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်၏ နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာရှိ နေအိမ်တစ်ဝက်ခန့် မီးလောင်ကျွမ်းခဲ့ပြီဖြစ်ကာ ပြည်သူများစွာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ mizzima

ဖယ်ခုံမြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့နှင့်ညှိနှိုင်း၍ ကျောင်းဖွင့်သည်ဟု စစ်ကောင်စီ သတင်းလွှင့်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ နန်းဟူးရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း (ယခင် အ.မ.က (၇)ကျောင်း) ကို ကာကွယ်ရေးတပ်ဖွဲ့များနှင့် ညှိနှိုင်းဖွင့်လှစ်ခြင်းဖြစ်သည်ဟု ကျောင်းသားမိဘများကို စစ်ကောင်စီက သတင်းလွှင့်နေသည်ဟု ဒေသခံထံက သိရသည်။

အဆိုပါကျောင်းကို စစ်ကောင်စီ၏ Non-CDM များက ဦးဆောင်ဖွင့်လှစ်နေသည့်အတွက် ဖယ်ခုံမြို့နယ်ပညာရေးဘုတ်အဖွဲ့ အပါအဝင် တော် လှန်ရေးအင်အားစု တစ်ရပ်လုံး အနေဖြင့် လုံး၀ (လုံး၀) အသိအမှတ်မပြုပါကြောင်း မိုးဗြဲ PDFက ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ကျောင်းဖွင့်လှစ်ရန် စည်းရုံးသိမ်းသွင်းခဲ့သူများသည် ဖယ်ခုံမြို့နယ် တော်လှန်ရေးအင်အားစုများရှိ သက် ဆိုင်ရာ တပ်ရင်းမှူးများနှင့် ညှိနှိုင်းထားပြီးဖြစ်ကြောင်း မိဘပြည်သူများကို မှားယွင်းစွာ သတင်းပေးခဲ့မှုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဖြစ်ကြောင်း ကြေညာချက်ဖြင့် အသိပေး ထုတ်ပြန်ထားသည်။

မြို့နယ်ပညာရေးဘုတ်အဖွဲ့အနေဖြင့် စစ်ကောင်စီ ဖွင့်လှစ်သည့် ကျောင်းများမှ ပြီးမြောက်လာမည့် ကျောင်းသား၊ ကျောင်းသူများကို တော် လှန်ရေးကာလအလွန်တွင် အသိအမှတ်ပြုမည်မဟုတ်ဘဲ အမျိုးသားညီညွတ်ရေး အစိုးရ၏ ပညာအရည်အချင်း စစ်ဆေးအကဲဖြတ်မှုဖြင့် အောင်မြင်သူများကိုသာ အသိအမှတ်ပြုသွားပါမည်ဟုလည်းဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အနေဖြင့်လည်း အဆိုပါ အမည်အလွဲသုံးစားမှု လုပ်ရပ်တွင် ပါဝင်ကြသော စစ်ကောင်စီ ဘက်တော်သားများကို ထပ်မံအတည်ပြု စိစစ်လျက်ရှိပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပူးတွဲသတိပေး ထုတ်ပြန်ကြေညာချက်ကို မိုးဗြဲ PDF က နိုဝင်ဘာ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ mizzima

မြင်းမူတွင် စစ်ဆေးရေး လုပ်နေသည့် စစ်သားများ ဒရုန်းဖြင့် ဗုံးသီးချ တိုက် ခိုက်

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင် စစ်ဆေးရေး လုပ်ဆောင်နေသည့် စစ်သားများ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံးကြောင်း MMU အဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၁၃ မိနစ်တွင် ရေပိုးစားဘုန်းကြီး ကျောင်းရှေ့၌ ဆက်ကြေးကောက်နေသော အင်အား ၃၀ ခန့်ပါ အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ရေပိုးစား ဘုန်းကြီးကျောင်းရှေ့မှာ ပြည်သူတွေဆီကနေ ဆက်ကြေး ကောက်နေတဲ့ အကြမ်းဖက် စစ်ခွေး ၃၀ ခန့်ကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာ ခွေး ၄ ကောင်သေတယ်” ဟု Black Eagle Defense Force-MMU မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Eagle Defense Force-MMU (မြင်းမူလင်း ယုန်နက် ကာကွယ်ရေးအဖွဲ့)နှင့် မြင်းမူမြို့နယ် ပကဖ တို့မှ ပူးပေါင်း လုပ် ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။khit thit

YBS ခရီးသည်များကို သံတုတ်ဖြင့်ရိုက်ပြီး လု ယက်ခဲ့သူ ၈ ဦးအား ဖမ်းမိ

ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းဘူတာကြီးလမ်းမပေါ်ရှိ သမိုင်းစျေး ဘူတာရုံလမ်းအနီးမှာ နိုဝင်ဘာ ၈ ရက် ညနေက YBS ၆၁ ဘတ်စ်ကားပေါ်က ခရီးသည်တွေကို သံတုတ်နဲ့ရိုက်ကာ ဖုန်းလုခဲ့သူ ၈ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

လုယက်ခဲ့သူ ၈ ‌ယောက်ကို ဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့ တနေရာမှာ ဖမ်းဆီးရမိခဲ့တာလို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ပရိုဘောက်ကားရယ် ယာဥ်မောင်းရယ် လုယက်သူ ၇ ဦးရယ် အားလုံးပေါင်း ၈ ဦးမိတယ်၊ မရမ်းကုန်းရဲစခန်းမှာ ချုပ်ထားပါတယ်။”

လတ်တလောမှာ ပြစ်မှုကျူးလွန်သူ အောင်မျိုးသန့်၊ ဖြိုးမောင်၊ လှိုင်ဖြိုးမောင်၊ မျိုးမင်းအောင်၊ ထွန်းထွန်းဦး၊ အောင်ကျော်ဆန်း၊ ဝင်းထူးနဲ့ မင်းသိန်းနိုင်တို့ကို ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ ပရိုဘောက်ကား GG/5704 နဲ့အတူ မရမ်းကုန်းမြို့မရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

အဆိုပါလုယက်သူ ၈ ယောက်ဟာ မနေ့ညနေ ၄ နာရီက ပရိုဘောက်အဖြူရောင် အငှားယာဉ်နဲ့ YBS ၆၁ ကားအနောက်ကို ကပ်လိုက်ကာ သ မိုင်းဘူတာကြီးလမ်းမပေါ်ရှိ ဘုရင့်နောင်မီးပွိုင့်အနီးမှာ ကားရပ်စဥ် YBS ကားပေါ်တက်ပြီး ခရီးသည်တွေကို သံတုတ်တွေနဲ့ ရိုက်နှက်ကာ ဖုန်းတွေလုယူခဲ့တာလို့ YBS ယာဥ်မောင်းတယောက်က ပြောပါတယ်။

“သူတို့က သံတုတ်တွေနဲ့ရိုက်ပြီး ဖုန်းတွေလုတာ၊ ကောင်မလေးတယောက်ဆို ကြောက်လန့်ပြီး ကားပေါ်ကခုန်ဆင်းတာ ဒဏ်ရာရသွားတယ်၊ ညက မိတယ်လို့ကြားတယ်။”

ရန်ကုန်မှာ ပြီးခဲ့တဲ့လတွေက YBS ကားတွေပေါ်မှာ အုပ်စုဖွဲ့ ခါးပိုက်နှိုက်တာ၊ လုယက်တာတွေအပြင် ဓားထောက် ဓားပြတိုက်မှုတွေလည်း ဖြစ်ခဲ့ပါသေးတယ်။ DVB

စမ်းချောင်းမြို့နယ် ကျွန်းတောမြောက်ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးအား သတိပေးဖောက်ခွဲ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနှင့် အောင်သပြေလမ်းထောင့်ရှိ ကျွန်းတောမြောက် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား နို ဝင်ဘာလ ၇ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်ခန့်က ကာကွယ်ရေးတပ်ဖွဲ့မှ သတိပေးဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအုပ်ချုပ်ရေးမှူးရုံးမှာ တော်လှန်ရေးအစပိုင်းအချိန်က မီးရှို့ခံရသဖြင့်ပျက်စီးသွားသောရုံးဖြစ်ပြီး ယခု အသစ် ပြန်လည်တည်ဆောက်နေချိန်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ရဲ့အဓိကပစ်မှတ်က အုပ်ချုပ်ရေးပစ်မှတ်အဖြစ် အဲဒီရုံးကိုရွေးချယ်ခဲ့တာပါ၊ ဒါပေမယ့် အနီးအနားမှာ ပြည်သူတချို့ထိုင်နေတာတွေ၊ ပံ့သကူကောက်ဖို့စောင့်ဆိုင်းနေသူတွေကြောင့် ရုံးရဲ့အတွင်းနံရံကို အကာအကွယ် လုပ်ပြီး ပြည်သူမထိခိုက်အောင် ဆောင်ရွက်ခဲ့ရတာပါ။ ဒါကြောင့် လူထိခိုက်မှုတော့မရှိဘူး၊ အုပ်ချုပ်ရေးရုံးကို သတိပေးတဲ့အနေနဲ့ ဖောက်ခွဲသလိုပဲ ဆောင်ရွက်ခဲ့တာပါ” ဟု People Defence Force (Sanchaung) အဖွဲ့တာဝန် ရှိသူက ပြောသည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်စွဲထားသောနေရာများရုံးရှိရာနေရာများနှင့် ဝေးသောနေရာများတွင် နေထိုင်ကြရန်နှင့် အပျော်အ ပါးလျှော့ပြီး တော်လှန်ရေးကိုအာရုံစိုက်ကြရန် တိုက်တွန်းထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း စမ်းချောင်းမြို့နယ်၊မြေနီကုန်း ပဒုမ္မာပန်းခြံအနီးရှိ စစ်ကောင်စီ ဘန်ကာနှင့် စစ်ကောင်စီကစျေးရောင်းပွဲတော်ကျင်းပမည့် ပဒုမ္မာပြဇာတ်ရုံဟောင်းအနီးတွင် ကာကွယ်ရေးတပ်ဖွဲ့မှ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။mizzima

ထားဝယ် PDF ရဲဘော် အောင်ခိုင်၏ ဖခင်နှင့် မိခင်ကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်PDF ရဲဘော် အောင်ခိုင်၏ မိခင်နှင့်ဖခင်ကို စစ်ကောင်စီတပ်က ဖမ်းဆီး သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၀ နာရီခွဲတွင် စစ်တပ်နှင့်ရဲများက ထားဝယ်မြို့၊ ကြက်စားပြင်ကျေးရွာထဲသို့ ဝင်ရောက်လာပြီး ထားဝယ် PDF ရဲ ဘော် ကိုအောင်ခိုင်၏ ဖခင် ဦးကြည်လွင်နှင့် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ နိုဝင် ဘာ ၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က ထား ဝယ် PDF ရဲဘော် အောင်ခိုင်၏ ဖခင် အသက် ၆၀ အရွယ် ရောဂါသည် ဦးကြည်လွင်ကို သတ်ဖြတ်ထားခဲ့ပြီး အလောင်း ကို ထားဝယ်မြို့၊ လမ်းမသစ်တွင် တွေ့ရှိရကြောင်း သိရှိရသည်။

” လက်ပြန်ကြိုးချည်ထားတယ်။ မျက်လုံးကိုပိတ်ထားတယ်။ ဘယ်လိုပုံစံသတ်တယ်ဆိုတာကိုတော့မသိသေးဘူး။ အရမ်းကို ဆိုးရွားရက်စက်လွန်းပါတယ်။သူ့မိန်းမအသတ်ခံရတာမှ တနှစ်မပြည့်သေးဘူး။ သူကလည်းရောဂါသည်ပါ။ အလုပ်လည်းမလုပ်နိုင်ပါဘူး။ လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်ဘူး” ဟု ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။

ရဲဘော် အောင်ခိုင်၏ မိခင်ဖြစ်သူ အသက်၆၀အရွယ် ဒေါ်ညွန့်လှိုင်မှာလည်း ယခုနှစ် မေလ ၂၄ ရက်နေ့ ထားဝယ်ကမ်းနားစျေးတွင် ဒူးရင်းသီး ရောင်းနေချိန် သေ နတ်ဖြင့် ပစ်သတ်ခံရပြီး ပစ်ခတ်သတ်ဖြတ်မှုသည် စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများ လက်ချက်ဖြစ်ကြောင်း မြို့ခံများက ဆိုကြသည်။

ရဲဘော် အောင်ခိုင်က သူ၏ မိခင်ကို စစ်ကောင်စီတပ်သားများက ပစ်သတ်သွားပြီးနောက် မဆိုင်သူများကို ဒုက္ခပေးမှုများ ရပ်တန့်ရန် ၊ သူ့ဆီကိုသာ လာရန် လိပ်စာနှင့်တကွ လူမှုကွန်ရက်တွင် ပြောဆိုခဲ့ကြောင်း ၊ လက်ရှိတွင် ရဲဘော်အောင်ခိုင်၏ ဖခင်အလောင်းကို လူမှုကူညီရေးအသင်းများက သယ်ယူသွားပြီဖြစ်ကြောင်း သိရှိရသည်။ khit thit

လက်နက်ကြီးကြောင့် မင်းပြားက နေအိမ် ၁၅ လုံးပျက်စီး၊ ပုဏ္ဏားကျွန်းဒေသခံ ၆ ဦး ဖမ်းဆီးခံရ၊ ရွက်ညို့တောင်ဆရာတော် ပြန်လွတ်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ နေအိမ် ၁၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းပြားမြို့နယ်မှာ နိုဝင်ဘာ ၈ ရက် မနက် ၉ နာရီကျော်လောက်က စစ်ကောင်စီရဲ့ ဇက်ရေယာဥ် ၂ စီးကို ရက္ခိုင့်တပ်တော် (အေအေ) က တိုက် ခိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီ ဇက်ရေယာဉ်နဲ့ အထိုင်တပ်ရင်းတွေက ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး နွားတကောင်သေဆုံး၊ ၂ ကောင် ဒဏ်ရာရခဲ့တယ်လို့ ကျားပစ်ကေရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် နေအိမ်တွေမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စက္ကရေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ညွန့်ချေ နေအိမ်အပါအဝင် နေအိမ် ၃ လုံး၊ ဖလောင်းပြင်ရွာက နေအိမ် ၆ လုံး၊ ကျားရဲပြင်ရွာက နေအိမ် ၄ လုံး၊ ချောင်းရှည်ကျေးရွာက နေအိမ် ၂ လုံးနဲ့ အိမ် ထောင်ပရိဘောဂပစ္စည်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖလောင်းပြင်ရွာ ဒေသခံတယောက်က ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာလည်း နိုဝင်ဘာ ၄ ရက်က စစ်ကောင်စီရဲ့ ဇက်ရေယာဥ် ၂ စီးကို ရက္ခိုင့်တပ်တော် (အေအေ) က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်က ဒေသခံတွေရဲ့ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူ ၃ ယောက် သေဆုံးကာ ၂၃ ယောက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့မှာလည်း နိုဝင်ဘာ ၈ ရက် ညက ဒေသခံပြည်သူ ၆ ယောက်ကို စစ်ကောင်စီတပ်က ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တောင်ဘက်ကမ်းမှာ နိုဝင်ဘာ ၈ ရက် ည ၉ နာရီခွဲလောက်မှာ ခမရ ၅၅၀ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပုဏ္ဏားကျွန်းမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ပြည်သူ ၆ ယောက်ကို ဖမ်းဆီးသွားကြတာလို့ ဒေသခံတယောက်က ပြောပါတယ်။

တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့ အထိမ်းမှတ် ဝိုင်းဖွဲ့စားသောက်နေတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်နဲ့ ရဲအင်အား ၆၀ လောက်က စစ်ကားတစီး၊ ဆိုင်ကယ် ၅ စီးလောက်နဲ့ ဝင်ရောက်စီးနင်း ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။

“ကားတွေ ဆိုင်ကယ်တွေကိုတော့ စံပြရပ်ကွက် ဦးရာဇ်တော်တံတားထိပ်မှာ ရပ်ထားခဲ့တာဗျ။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေကတော့ နတ်ဆိပ်ကျေးရွာနဲ့ မင်းဂံကျေးရွာဘက်က ပုဏ္ဏားကျွန်းမြို့မှာ လာရောက်အလုပ်လုပ်ကိုင်နေသူတွေဖြစ်တယ်” လို့ ဒေသခံက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့က ကိုဒီမို (ခေါ်) အောင်မင်းသိန်းကိုလည်း နိုဝင်ဘာ ၅ ရက်နေ့မှာ ရန်ကုန်က ပြန်လာရာ စစ်တွေလေဆိပ် လေယာဥ်ပေါ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ မောင်တောမြို့နယ် ရွက်ညို့တောင်ဆရာတော်ကို နိုဝင်ဘာ ၉ ရက် မနက် ၇ နာရီလောက်က ပြန်လွှတ်​ပေး လိုက်တယ်လို့ ဒေသခံဆရာတော်တွေဆီက သိရပါတယ်။

မောင်တောမြို့နယ် ရွက်ညို့တောင်ကျေးရွာ ဆရာတော် ပညာသိရီကို မောင်တောမြို့မ ပရိယတ္တိစာသင်တိုက်မှာ ကျင်းပနေတဲ့ ပဋ္ဌာန်းတရားပွဲကနေ နိုဝင်ဘာ ၄ ရက် ညမှာ စစ်ကောင်စီ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဖမ်းဆီးသွားခဲ့တာပါ။

“ဒီနေ့မနက် ၇ နာရီမှာ ပြန်လွှတ်ပေးလိုက်တယ်။ ဘာအပြစ်မှ လုပ်မထားတော့ ဘာအပြစ်မှ မရှိတာလေ။ သံသယနဲ့ ဖမ်းဆီးသွားတာ” လို့ အ မည်မဖော်လိုတဲ့ ဆရာတော်တပါးက မိန့်ပါတယ်။

ရွက်ညိုတောင်ကျေးရွာ ဒေသခံတဦးက “အဓိကကတော့ ရက္ခိုင့်တပ်တော်ဘက်က ရွက်ညို့တောင်ကျေးရွာမှာ ဒီဆရာတော်ကို ကျောင်းထိုင်ခိုင်းထားတယ်လို့ စစ်ကောင်စီက သံသယနဲ့ ဖမ်းတာ။ ကျောင်းထိုင်ခိုင်းထားတာက မြို့နယ် သံဃနာယအဖွဲ့က ကျောင်းထိုင်ခိုင်းထားတာ” လို့ ပြောပါတယ်။

ဆရာတော် ဦးပညာသီရိဟာ ရွက်ညို့တောင်ကျေးရွာ ကျောင်းတိုက်မှာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ကတည်းက သီတင်းသုံးနေပြီး ဝါတော် ၁၅ ဝါ၊ သက်တော်  ၃၅ နှစ်ရှိပြီ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ အခုနှစ် သြဂုတ်ကစတင်ကာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပြီးနောက်ပိုင်း မြို့နယ်အများအပြားမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဧည့်စာရင်းစစ်ဆေးတာ၊ ပရဟိတသမားတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးတာ၊ ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင်ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးကို ပိတ်ဆို့ပြီး စားနပ် ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့် ဖြတ်တောက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။ DVB

« Older Entries