မြောင်မြို့နယ်အတွင်းရှိ နနွင်းကိုင်း၊ ရွှေတစ်ချောင်း၊ ဆူးလေးကုန်း၊ မြစ်သာ၊ သုခဒီပ ကျေးရွာ ၅ ခုကို စစ်တပ်က အကြောင်းမဲ့ မီးတင်ရှို့၊ ပြည်သူသောင်းချီ၍ စစ်ဘေးရှောင်ရ
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ နနွင်းကိုင်း၊ ရွှေတစ်ချောင်း၊ ဆူးလေးကုန်း၊ မြစ်သာ၊ သုခဒီပကျေးရွာ ၅ ခုကို စစ်တပ်က အကြောင်းမဲ့ မီးတင်ရှို့နေကြောင်း ဒေသခံများနှင့် မြောင်ဒေသကာကွယ်ရေးတပ်မှ ဗိုလ်တောက်ထွန်း (မြောင်က)က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာ ၇ ရက်နေ့မှစတင်ပြီး မြောင်မြို့ ကျောက်ရစ်ကျေးရွာ တပ်စခန်းမှလက်နက်ကြီးများဖြင့် ပတ်ဝန်းကျင်ကျေး ရွာများကို ပစ်ခတ်ပြီး ရေစကြိုဘက်မှ လာသော စစ်ကြောင်းက မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများကို လှည့် လည် စစ်ကြောင်းထိုး မီးရှို့လျက်ရှိကြောင်း၊ နိုဝင် ဘာလာ ၇ ရက်နေ့မှ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့အထိ ကျေးရွာ ၅ ခုကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ မီးဝင်ရှို့ခဲ့ကြောင်း၊ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ကျေး ရွာများအတွင်း ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများကို လုယက်ခြင်းများ လုပ်ဆောင်ကြောင်း ၊ ပြည်သူ နှစ်သောင်းကျော် စစ်ဘေးရှောင်နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။
“ဒီနေ့မနက်က မြစ်သာ၊ ဆူးလေးကုန်း၊ သုခဒီပကျေးရွာတွေကို စစ်တပ်က မီးဝင်ရှို့တယ်။ နိုဝင်ဘာလ ၇ ရက်နေ့ ဒီနေ့ မနက်ပိုင်းအထိ ကျေး ရွာ ၅ ရွာ ကို ရွာလုံးကျွတ် မီးတင်ရှို့ပါတယ်။ ပြည်သူသောင်းချီပြေးနေရပါတယ်။ မီးလည်း သွားငြိမ်းလို့မရဘူး။ ကျောက်ရစ်ရွာ စခန်းက နီးတော့ ခွေးတွေက ဝင်လိုက် ထွက်လိုက် လုပ်နေကြတာ။ အခြေအနေ အသေးစိတ်မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
“တိုက်ပွဲမဖြစ်ဘဲ။ အကြောင်းမဲ့ ရွာတွေကို မီးဝင်ရှို့နေတာပါ။ စစ်တပ်အင်အားက စစ်ကြောင်း ၂ ခုပေါင်းထားတာ။ အင်အား ၃၀၀ လောက်ရှိပါတယ်” ဟု ဗိုလ်တောက်ထွန်း(မြောင်)က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လတ်တလော စစ်ကြောင်းထိုးလာစဉ် ပြည်သူများ ဖမ်းဆီးခံရသည်ဆိုသော သတင်းများ မကြားရသေးသော်လည်း ကျေးရွာများအတွင်း ပိတ်မိ၍ အဖမ်းဆီးခံရသည့် ပြည်သူများရှိနိုင်သည်ဟု ဒေသခံများက ဆိုကြသည်။ khit thit