Monthly Archives: Nov 2022

NUG နိုင်ငံ‌ခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နေအိမ် ချိပ်ပိတ်ခံရ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နေထိုင်ခဲ့တဲ့ မြောက်ဥက္ကလာပ (ဂ) ရပ် ကွက်၊ နီလာ (၃) လမ်းမှာရှိတဲ့ နေအိမ်ကို စစ်ကောင်စီလက်အောက်ခံ ရဲတွေနဲ့ အရပ်ဝတ်အဖွဲ့တွေက နိုဝင်ဘာ ၉ ရက် ညနေပိုင်းမှာ လာပြီး ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်ကတည်းက ပျဉ်းမနားခရိုင်တရားရုံး၊ ဒုတိယခရိုင်တရားသူကြီး ဒေါ်သန္တာညွန့် လက်မှတ်ပါ အမိန့်နဲ့ ဝရမ်းတစောင်၊ ဆင့်ခေါ်စာတစောင် အထုတ်ခံထားရပြီးတဲ့နောက် နိုဝင်ဘာ ၉ ရက်နေ့မှာတော့ နေအိမ်ကို လာရောက်ချိပ်ပိတ်သွားတယ်လို့ သိရပါတယ်။

အဲဒီလို လာချိပ်ပိတ်တဲ့အချိန်မှာ စစ်သားတွေတော့မပါဘဲ ရဲတွေနဲ့ အရပ်ဝတ်တွေက ဒေါ်ဇင်မာအောင် နေထိုင်ခဲ့တဲ့အိမ်ကို ရောက်လာပြီး ချိပ်ပိတ်သွားတာလို့ ရပ်ကွက်နေပြည်သူတယောက်က ပြောပါတယ်။

ကပ်ထားတဲ့ တရားရုံးဆင့်ခေါ်စာ အချက်အလက်တွေအရ ‌စစ်ကောင်စီဘက်က NUG ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)/ ကျင့် ၅၁၂ နဲ့ တရားစွဲဆိုထားတာကို တွေ့ရပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့မှာ နေပြည်တော် ပုဗ္ဗသီရိတရားရုံးမှာ ထုချေလွှာတင်သွင်းရမယ်လို့ ရေးထားပါတယ်။

အဲဒီအိမ်က ဒေါ်ဇင်မာအောင်ရဲ့ ဖခင်ဖြစ်သူ ပိုင်ဆိုင်တာဖြစ်ပြီး အင်္ဂလိပ်စာသင်တန်း ပေး‌နေတဲ့ စာသင်ခန်းလည်း ဖြစ်ပါတယ်။

အခုလို နေအိမ်ချိပ်ပိတ်ခံရတာနဲ့ ပတ်သက်ပြီး ဒေါ်ဇင်မာအောင်ဘက်က ဘာမှတုံ့ပြန်တာမျိုး မတွေ့ရသေးပါဘူး။ DVB

ပုဏ္ဏားကျွန်းတွင် စစ်ကောင်စီတပ်မှ ရိက္ခာပို့ ကား ၃ စီး မိုင်းဆွဲခံရပြီးနောက် ဆင်အင်းကြီးကျေးရွာကို စစ်တပ်က မီးရှို့နေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာအနီးတွင် စစ်ကောင်စီတပ်မှ ရိက္ခာပို့ ကား ၃ စီးကို AA က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ယနေ့ ညနေပိုင်းတွင် ဆင်အင်းကြီးကျေးရွာကို စစ်တပ်က မီးရှို့နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၆ နာရီအချိန်ပုဏ္ဏားကျွန်းမြို့နယ်သို့ ရိက္ခာလာပို့သည့် စစ်ကောင်စီကား ၃ စီးကို မိုင်းဆွဲခံရပြီးနောက် ယနေ့ ညနေပိုင်းတွင် ရွာကို စစ်တပ်က မီးဝင်ရှို့နေခြင်းဖြစ်ကြောင်း၊ ဆင်အင်းကြီးကျေးရွာတွင် အိမ်ခြေ ၁၀၀ ကျော်ရှိကြောင်း၊ ဒေသခံများမှာ ကျေးရွာဘုန်းကြီးကျောင်းတွင် စုပြုံနေထိုင်ကြကြောင်း သိရှိရသည်။

“မနက်က ရက္ခိုင့်တပ်က အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့နေရာက ဆင်အင်းကြီးကျေးရွာကို အကြမ်း ဖက်စစ်တပ်မှ မီးရှို့နေတယ်။ ကျေးရွာသားကျေးရွာသူတွေကို ဘုန်းကြီးကျောင်းမှာ စုထားတယ်။ ဖမ်းဆီးခံရလား အခြေအနေ ဘယ်လိုရှိလဲဆိုတာ အတိအကျမှန်းရခက်ပါတယ်။ မီးရှို့နေတာ က တစ်ရာ ရာခိုင်နှုန်းသေချာပါတယ်။ ဆင်အင်းကြီးကျေးရွာမှာ အိမ်ခြေ တစ် ရာကျော် ရှိပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်၀မြို့တို့တွင် ရခိုင်တပ်တော်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်လာနေကြောင်း ဒေသခံပြည်သူများနှင့် စစ်ရေးသတင်းရပ်ကွက်များထံမှ သိရှိရသည်။ khit thit

မုံရွာမြို့ ရေကူးကန် မီးပွိုင့်ဂိတ်တွင် အရက်မူးအိပ်ပျော်နေသော စစ်ကောင်စီတပ်သားများ ဗုံးပစ်ခံရပြီး ၂ယောက်သေ

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ကျောက္ကာလမ်း ရေကူးကန်မီးပွိုင့်ဂိတ်တွင် အရက်မူးပြီး အိပ်ပျော်နေသော စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးသွားကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်တော် (Chindwin Attack Force)တပ်ရင်း (၂)၊ တပ်ခွဲ(၂) Monywa Special ဒိတ်ဒိတ်ကြဲ PDF မှ နိုဝင်ဘာလ ၉ရက်နေ့ ယမန်နေ့က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၇ရက် တန်ဆောင်မုန်းလပြည့်ည ၁၁နာရီ ၃၀မိနစ်ခန့်တွင် အဆိုပါဂိတ် အစောင့်များကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဆို သည်။

“ကျနော်တို့က သူတို့ ဂိတ်နားကို သုံးလေးခေါက် ဖြတ်ပြီး အခြေအနေကြည့်ပြီးမှ မူးပြီး တန်းစီအိပ်နေတဲ့အထဲကို လက်ပစ်ဗုံးပစ်ထည့်ခဲ့လိုက်တာ” ဟု Chindwin Attack Force ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင်း ဖရဲသီး(စစ်ကောင်စီအတွင်း ) သတင်းပေးချက်ရ နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း ဆိုသည်။

ဂိတ်အတွင်းသို့ ဗုံးပစ်ခံရပြီးနောက် စစ်ကောင်စီတပ်များမှ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၇ရက်နေ့ ည ၇နာရီ ၄၅မိနစ်အချိန်ကလည်း မုံရွာမြို့ ရှိ အမှတ်(၁၆) ခလရ အရာရှိရိပ်သာကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Chindwin Attack Force) တပ်ရင်း (၂)၊ တပ်ခွဲ (၄) Fight For People မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိသော် လည်း အသေးစိတ်အခြေအနေများ မသိရှိရကြောင်း ထုတ်ပြန်ခဲသည်။

မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂ )၊ (၃) ၊ (၄) မှ တပ်ရင်း ၊ တပ်ခွဲများ ထိုးစစ်ဆင်တိုက်နေသဖြင့် အရေးပေါ်လက်နက်ခဲယမ်းများ လိုအပ်နေပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။mizzima

ပခုက္ကူတွင် စစ်ကောင်စီ ဗိုလ်မှူးတဦး၏ဇနီးကို အမည်မသိအဖွဲ့က ဖမ်းဆီး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ၁ ရပ်ကွက်မှာ စစ်ကောင်စီတပ်က ဗိုလ်မှူးသူရိန်ထွေးရဲ့ ဇနီးဖြစ်သူ မဟန်နွေဦးကို ဒီနေ့မနက် ၈ နာရီလောက်မှာ အမည်မသိအဖွဲ့က ဖမ်းဆီးသွားတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပခုက္ကူမြို့နယ် ၁ ရပ်ကွက် ဝိပဿနာလမ်းနေ အောင်ဆင်မင်း လက်ဖက်အကြော်မျိုးစုံနဲ့ စားသောက်ကုန်လုပ်ငန်းရှိ မိခင်ဖြစ်သူဆီ လာလည်တဲ့ ဗိုလ်မှူးသူရိန်ထွန်းရဲ့ ဇနီးကို အမည်မသိ အမျိုးသားနှစ်‌ယောက်နဲ့ အမျိုးသမီးတယောက်က သေနတ်ပြကာ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။

“သူအမေက မဝတုတ်၊ သူ့သမက်က ဗိုလ်မှူးဆိုတော့ လူမထင်ဘူး။ သူ့သမီးကို ဆိုင်ဖွင့်ခါစမှာ လာဖမ်းသွားတာ။ အခု ဆိုင်ပိတ်ထားတယ်။ လိုက်ရှာနေကြတုန်း။ ဘယ်အဖွဲ့က လာဖမ်းသွားလဲတော့ မသိဘူး။”

မဟန်နွေဦးကို ဒီနေ့မနက် ၈ နာရီ ဆိုင်ဖွင့်ချိန်မှာ အမည်မသိအဖွဲ့က ဆိုင်ကယ်နဲ့ လာရောက်ခေါ်ဆောင်သွားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က အတည်ပြု ပြောဆိုပါတယ်။

“သတင်းက မှန်တယ်။ သူ့ယောက်ျားက DSA ၄၇ ကျောင်းဆင်း ဗိုလ်မှူးသူရိန်ထွေး။ အခုတောင် ရာထူးတက်ပြီလား မသိဘူး။ ၂၀၁၅ လောက်ကတည်းက ဗိုလ်မှူး။ CCTV မှာ တွေ့တယ်။ သေနတ်ပြပြီး ဆိုင်ကယ်နဲ့ လာခေါ်သွားတယ်။ ဘယ်ခေါ်သွားမှန်းကို မသိတာ။ အဆက်အသွယ်မရသေးဘူး။”

လတ်တလောမှာ  အောင်ဆင်မင်း လက်ဖက်အကြော်မျိုးစုံနဲ့ စားသောက်ကုန်လုပ်ငန်းဆိုင်ကို ပိတ်ထားပြီး စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားသူတွေကို လိုက်လံရှာဖွေနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ DVB

ဘုတလင်၊ သက်ရှည်ကန်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူများကို ကယ်ထုတ်နေသည့် PDF ရဲဘော် ၂ ဦး ပစ်သတ်သွား

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ သက်ရှည်ကန်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ပစ်ခတ် ဝင်ရောက်စီးနင်းပြီး ပြည်သူများကို ကယ်ထုတ်နေသည့် PDF ရဲဘော် ၂ ဦး ပစ်သတ်လိုက်ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

နိုဝင်ဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဘုတလင်မြို့နယ် သက်ရှည်ကန်ရွာကို ဝင်ရောက် စီးနင်းခဲ့စဥ် ဒေသခံ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးနိုင်ရန် ကယ်ထုတ်နေသည့် PDF ရဲဘော် ၂ ဦးကို အကြမ်းဖက် စစ်တပ်က ပစ်သတ်ခဲ့ကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ် ပစ်သတ်ခဲ့သည့် PDF ၂ ဦးမှာ ရဲဘော် ဗိုလ်မီးတောက်နှင့် ရဲဘော် မျိုးသူဝင်း တို့ဖြစ်ပြီး ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကျေးရွာအတွင်းမှ ရုပ်အလောင်းများ ပြန်လည် ရယူနိုင်ခဲ့ကြောင်း သိရသည်။

” PDF ရဲဘော် ၂ ဦး အသတ်ခံရပါတယ်။ စစ်ခွေးတွေက မနေ့တည်းက သက်ရှည်ကန်ရွာထဲကို ဝင်ရောက် စီးနင်းတာဝင်တာ ဒီနေ့ ရွားသားတွေ ရွာထဲပြန်ဝင်တော့ ရဲဘော် ၂ ဦးရဲ့ ရုပ်အလောင်းကို မနက်ကမှ တွေ့တာ။ ရဲဘော် ဗိုလ်မီးတောက်က မိုင်းဆွဲ ဘုရင်လို့ ပြောလို့ရတယ်။ သူမိုင်းဆွဲလို့ သေခဲ့တဲ့ စစ်ခွေးတွေလည်း အများကြီး ရွာကလူတွေကို စစ်ဘေးရှောင်နိုင်ဖို့ ကယ်ထုတ်နေရင်း စစ်ခွေး စစ်ကြောင်နဲ့ ထိပ်တိုက်တိုးသွားပြီး ပစ်သတ်ခံလိုက်ရတာပါ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။ khit thit

ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် ဒေသခံ ၂ဦး ဒဏ် ရာရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ယနေ့ နိုဝင်ဘာလ ၁၀ရက် နံနက် ၇နာရီကျော်ခန့်မှ စတင်ကာ စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် အိုင်ဒင်ကျေးရွာအတွင်းသို့ ကျရောက်၍ ကျေးရွာသား နှစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဒဏ်ရာရရှိသူများမှာ မောင်စိုးဝင်းဦး(၁၅နှစ်)နှင့် ဒေါ်မနုချေ(၅၂နှစ်)တို့ ဖြစ်သည်။

အိုင်ဒင်ကျေးရွာသားတစ်ဦးက “ ကျနော်တို့ရွာကို လက်နက်ကြီးက ခြောက်လုံးကျတာပါ၊ အဲဒီမှာ မောင်စိုးဝင်းဦးအိမ်ကိုက နှစ်လုံးကျတယ်။ ပထမတစ်လုံးမှာ ဒဏ်ရာမရဘဲ ဒုတိယ တစ်လုံးမှာ အဲဒီကောင်းလေးပေါင်မှာ ထိသွားတယ်။ ဒဏ်ရာကများတော့ စိုးရိမ်ရပါတယ်။ ဒေါ်မနုချေမှာလည်း အိမ်မှာနေတုန်း လက်နက်ကြီးကျည်ကျလို့ ခါးမှာ ဒဏ်ရာရသွားပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် အိုင်ဒင်ကျေးရွာရှိ နေအိမ်တချို့မှာလည်း လက်နက်ကြီးကျည်ကြောင့် ပျက်စီးသွားပြီး ကျေးရွာသားများမှာလည်း ထွက်ပြေးနေကြရကြောင်း ၎င်းကဆက်ပြောသည်။

“ကျနော်တို့ ရွာဖက်ကို ပါဒလိတ်စစ်တပ်ကနေပြီးတော့ ပစ်နေတယ်လို့သိရပါတယ်။ အခုလက်နက်ကြီးကျတာက ကျနော်တို့ရွာ တစ်ရွာတည်းကို ကျတာပါ။ လူနှစ်ယောက်နဲ့ နေအိမ်တွေကို လက်နက်ကြီးကျတာပါ၊ ဦးစံသာလှ အိမ်ကိုလည်း လက်နက်ကြီးကျပြီး နေအိမ်ပြိုသွားပါတယ်။ ကျနော်တို့ရွာမှာ လူတွေ အကုန်ထွက်ပြေးနေကြရပါတယ် ”ဟု ဆိုသည်။

လက်ရှိတွင် စစ်တွေ -ပုဏ္ဏားကျွန်း ကားလမ်းကို ပိတ်ထားသည့်အတွက် လူနာများကို ရေလမ်းမှတစ်ဆင့် မေတ္တာရောင်ခြည်ပရဟိတအသင်းက လာရောက်‌ ခေါ်ဆောင်သွားပြီး စစ်တွေဆေးရုံးကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ ရိက္ခာတင်လာသည့် ကားနှစ်စီးကို ရက္ခိုင့်တပ်တော် (AA) က ပဒေသာကျေးရွာနှင့် ဆင်အင်းကြီးကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ယင်းနောက် ပုဏ္ဏားကျွန်းရှိ တပ်မ (၅၅၀) ၊ ပါဒလိတ်တပ်ရင်းများက ကျေးရွာများ နေရာအနှံ့သို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ပစ်ခတ်ခြင်းများကို လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့ကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိ‌ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ရမ်းသန်းပစ်ခတ်နေခြင်းများကြောင့် အရပ်သားထိခိုက်သေဆုံးမှုမှာလည်း တိုးလာနေခြင်းဖြစ်သည်။ mizzima

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းခရီး သွားလာမှု သိသိသာသာလျော့ကျ

လက်ရှိ ခရီးသွားရာသီကာလမှာ နေရာဒေသအပေါ်မူတည်ပြီး ပြည်တွင်းမှာ ပုံမှန်ခရီးသွားလာမှုတွေ ရှိလာတယ်ဆိုပေမဲ့ စစ်တပ်က အာဏာမသိမ်းမီ ရှိခဲ့တဲ့အခြေအနေနဲ့ နှိုင်းယှဉ်ရင် များစွာလျော့ကျသွားတယ်လို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှုခံခဲ့ရတဲ့ ပထမလှိုင်းနဲ့ ဒုတိယလှိုင်း အပြီးကာလမှာ ပြည်တွင်းခရီးသွားလုပ်ငန်းတွေ ပြန် လည်စတင်ဖို့ ဦးမော့လာချိန် စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ ပြည်တွင်းခရီးသွားလာမှုက သိသိသာသာ ‌လျော့ကျလာခဲ့တာပါ။

ခရီးသွားကုမ္ပဏီပိုင်ရှင်တဦးက “ကျနော်တို့ ၂၀၂၀ နဲ့ ၂၀၂၁ ကို ပြန်ကြည့်ရင် ၂၀၂၀ ခုနှစ်ရဲ့ ၇ လပိုင်း ၈ လပိုင်းတွေမှာ ရှိခဲ့တဲ့ ပြည်တွင်းခရီးသွားပမာဏက တော်တော်လေး မြင့်ခဲ့တယ်နော်။ ကိုဗစ်မတိုင်မီပေါ့။ တခါ ကိုဗစ်ဖြစ်ပြီးတဲ့နောက် ပထမလှိုင်း၊ ဒုတိယလှိုင်း ကြုံခဲ့ရပြီးနောက် လူတွေဟာ အိမ်ထဲမှာပဲ နေခဲ့ရတဲ့အတွက် ကိုဗစ်ငြိမ်သွားတဲ့အချိန် နိုဝင်ဘာ ဒီဇင်ဘာလတွေမှာ ခရီးထွက်ကြလို့ ခရီးသွားတွေ ပြန်တက်လာတယ်။ ဒါပေမဲ့ ၂၀၂၁ မှာ စစ်တပ်အာဏာသိမ်းပြီးနောက် သိတဲ့အတိုင်းပဲ လုံခြုံရေးမကောင်းလို့ ခရီးသွားတဲ့နှုန်းက လုံးဝကျသွားခဲ့ရတယ်။ အ ခု ၂၀၂၂ ခရီးသွားရာသီကာလမှာ လူတွေဟာ မွန်းကြပ်လာတဲ့အတွက် ခရီးသွားလာချင်ကြတယ်။ ဒါကြောင့်မို့ သီတင်းကျွတ်ပိတ်ရက်လို long holiday ရက်တွေမှာ သွားကြတာတွေ များလာတယ်။ ပြောရရင် ချောင်းသာ၊ ငွေဆောင်နဲ့ ငပလီ၊ ဒါတွေက ကမ်းခြေခရီးသွားပေါ့။ တခါ ပြည် တွင်းဘုရားဖူးသဘောမျိုး သွားကြတာက ပုဂံ၊ ပုပ္ပါး၊ ပြင်ဦးလွင်နဲ့ ကလော၊ တောင်ကြီး၊ အင်းလေး အဲ့ဒီလောက်ပဲ သွားနိုင်လာနိုင်ကြတယ်။ ဘာပြောပြော လွန်ခဲ့တဲ့ ၂ နှစ်က အခြေအနေနဲ့တော့ ယှဉ်လို့ မရတော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ပြည်တွင်းခရီးသွားလုပ်ငန်း အခြေအနေက နိုင်ငံခြားသား ခရီးသွားတွေ ဝင်လာဖို့ထက် ပြည်တွင်းခရီးသွားတွေကို ဆွဲဆောင်နိုင်မှသာ ဆက်လက်ရှင်သန်နိုင်မယ့် အခြေအနေနဲ့ ရုန်းကန်နေရပါတယ်။

ဟိုတယ်လုပ်ငန်းရှင်တဦးကလည်း “အန်ကယ်လ်တို့အနေနဲ့ နိုင်ငံခြားသား ခရီးသွားကို မျှော်နေတာထက် ပြည်တွင်းခရီးသွားတွေကို အခုလိုအ ချိန်မှာ ကြိုးစားပြီး ဆွဲဆောင်နိုင်ဖို့ လိုမယ်နော်။ အဲ့ဒါဆိုရင် ဘာပဲပြောပြော လုံးဝ ရပ်တန့်နေတာထက်စာရင် နည်းနည်းလေးတော့ ရှင်သန်လာမှာပေါ့။ ဥပမာ အန်ကယ်လ်တို့ ဟိုတယ်တွေဆိုရင်လည်း ဝန်ထမ်းစရိတ်လိုဟာမျိုး ပြန်ရနိုင်တယ်။ တကယ်လို့ လုံခြုံရေး ကောင်းမွန်လာမယ်၊ နိုင်ငံရေး ပြန်လည်တည်ငြိမ်လာမယ်ဆိုရင် ထုံစံအတိုင်း တရုတ်လူမျိုးတွေက အုံနဲ့ကျင်းနဲ့ လာလည်ကြဖို့ ရှိတယ်နော်။ ယိုဒယားကလည်း သူတို့ လာလည်ချင်ကြတယ်။ ဒါပေမဲ့ ဟိုတလောကဖြစ်ပွားတဲ့ ကျိုက်ထီးရိုးကိစ္စဆိုရင် ရုပ်ဆိုးတာပေါ့။ ဒါမျိုးတွေရှိနေတော့ နိုင်ငံခြားသား ခရီး သွားတွေ လာဖို့က တော်ရုံတန်ရုံနဲ့ မလွယ်တော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာမသိမ်းမီကာလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အစိုးရလက်ထက် ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ မြန်မာနိုင်ငံအတွင်းကို နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု ၄ ဒသမ ၈ သန်းကျော် ရှိခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီမှ သြဂုတ်အထိ ၄ လတာ ကာလအတွင်းမှာ မြန်မာနိုင်ငံအတွင်းကို နိုင်ငံခြားသားခ ရီး သွား ဝင်ရောက်မှုက ၂၀,၀၀၀ ကျော်ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ DVB

သထုံအမှတ် ၉ လေ့ကျင့်ရေးတပ်မှ ဒုတပ် ရင်းမှူးနှင့်အဖွဲ့ကို သထုံ PDFက တိုက်ခိုက်မှု ဗိုလ် မှူးချစ်ဝင်းသူ အပါအဝင်စစ်သား ၃ ဦးသေဆုံး၊ ဗိုလ်မှူးချစ်ဝင်းသူ ဖမ်းဆီးလာသော ပြည်သူ များကို ကယ်ထုတ်ပြီး လက်နက်များ သိမ်း ဆည်းရမိ

ပြည်သူများကို ဖမ်းဆီးလာသော သထုံမြို့နယ် အမှတ် ၉ လေ့ကျင့်ရေးတပ်မှ ဒုတပ် ရင်း မှူး ဗိုလ်မှူးချစ်ဝင်းသူနှင့်အဖွဲ့ကို သထုံပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (ပကဖ ) က တိုက်ခိုက်ရာ ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင်စစ်သား ၃ ဦးသေဆုံးပြီး ဖမ်းဆီးခံထားရသော ပြည်သူများကို ကယ်ထုတ်နိုင်ကြောင်း၊ လက်နက်များ သိမ်းဆည်းရမိကြောင်း သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် ပြည်သူများကို မတရားဖမ်းဆီးလာသော စစ် ကားကို သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က တားဆီးပစ် ခတ်ခဲ့ကြောင်း၊ ထိုပစ်ခတ်မှုတွင် စစ်တပ်ဘက်မှ ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် စစ်သား ၃ သုံးဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရကာ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ၎င်းကားပေါ်မှ လက်နက် ၃ လက်၊ ငွေသား ၂၃ သိန်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

တိုက်ခိုက်မှုအပြီးတွင် ဗိုလ်မှူးချစ်ဝင်းသူနှင့်အဖွဲ့က မတရားဖမ်းဆီးလာသော ပြည်သူများကို ကယ်ထုတ် နိုင်ခဲ့ကြောင်း၊ ဗိုလ်မှူး ချစ်ဝင်းသူသည် ထုံးဘိုလေးကျေးရွာ မီးရှို့မှုတွင် အဓိကပါဝင်သူဖြစ်ပြီး သထုံမြို့တွင်း တက်ကြွလှုပ်ရှားသူ များကို မတရားဖမ်းဆီးခဲ့သူဖြစ်ကြောင်း၊ ဝီယော်ကျေးရွာ ရေတံခွန်လာသော လူငယ်များကို PDF ဟု အမှုဆင် မတရားဖမ်းဆီးခဲ့သူလည်းဖြစ်ပြီး ကားမှောင်ခိုလုပ်ငန်းလုပ်ကိုင်သူဖြစ် ကြောင်း သိရှိရသည်။ khit thit

တိုက်ပွဲ မကြာခဏဖြစ်ပွားနေ၍ မြိတ်-ထား ဝယ် လမ်းတစ်လျှောက် ခရီးသွားလာခြင်း မပြုလုပ်ဖို့ PDF အဖွဲ့က မေတ္တာရပ်ခံထား

တနင်္သာရီတိုင်းအတွင်း မြိတ်-ထားဝယ် လမ်းတစ်လျှောက်ရှိ ပြည်ထောင်စုလမ်းမကြီးတွင် ယခုရက်ပိုင်းအတွင်း ခရီးသွားလာခြင်း မပြုလုပ်ဖို့ PDF အဖွဲ့က ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့က မေတ္တာရပ်ခံ ထုတ်ပြန်ထားကြောင်း သိရသည်။

အခု ရက်ပိုင်းမှာ စစ်ရေးတင်းမာနေသည့်အတွက် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့က ခရီးသည်ကားများနှင့်အတူ ကြား ညှပ်သွားလာနေသောကြောင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ စစ်ရေးအရ တိုက်ခိုက်ရန် ခက်ခဲနေပြီး ပြည်သူများထိခိုက်နိုင်သည့်အတွက် အခုလို ခရီးသွားလာခြင်း မပြုလုပ်ဖို့ အသိပေးထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း (၁) မှ တာဝန်ရှိသူထံမှ သိရသည်။

ပြည်သူ့ ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း (၁) မှ တာဝန်ရှိသူ တစ်ဦးက “အခုရက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက် ဆိုသလို ဖြစ်နေတာကြောင့် စစ်တပ်ဘက်က တော်တော်လေးကို ထိခိုက်မှုတွေ များလာတော့ ပြည်သူတွေကို အကာကွယ်ယူပြီး သွားလာတာတွေ လုပ်လာလို့ ကျွန်တော်တို့က ပြန်လည် တိုက်ခိုက်ဖို့ အရမ်းခက်ခဲတာတွေ ဖြစ်လာတယ်”ဟု ပြော သည်။

ပြည်သူများအနေဖြင့် မြိတ်-ထားဝယ် လမ်းပိုင်းကို ကြေညာချက် ထုတ်ပြန်သည့် နေ့မှ စ၍ နောက်ထပ် ထုတ်ပြန်ချက် မကြေညာခင် အချိန်အထိ ရက်အကန့်သတ်မရှိ သွားလာခြင်းမပြုဖို့ ထပ်မံ မေတ္တာရပ်ခံထားသည်။

ယင်း လမ်းပိုင်း၌ ယခု ရက်ပိုင်း တိုက်ပွဲ ဖြစ်ပွားချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ခရီးသည်ကားများ ကျည်ထိမှန်မှုများလည်း ရှိနေပြီး ခရီးသွားပြည်သူများကိုပါ ဖမ်းဆီးမှုများလည်း ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။mizzima

« Older Entries