Monthly Archives: Nov 2022

နန်းမားမြို့တွင် အမျိုးသမီး ၂ ဦးကို PDF ထောက်ပံ့သည်ဟုစွပ်စွဲပြီး စစ်ကောင်စီတပ် ဖမ်းဆီး

ကချင်ပြည်နယ်၊ နန်းမားမြို့မှာ အောက်တိုဘာ ၁၀ ရက် ညပိုင်းက ဒေသခံ အမျိုးသမီးနှစ်ယောက်ကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလယ်တောရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးနှစ်ယောက်အား ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့ကို ထောက်ပံ့တယ်ဆိုတဲ့ အ ကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြားက လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “ညနေ ၆ နာရီလောက် ကားတွေနဲ့ရောက်လာပြီး ဖမ်းသွားတာ။ အိမ်မှာပဲ အဖမ်းခံရတာ။ PDF ကို ထောက်ပံ့လို့ ဖမ်းတာဆိုပြီး ခေါ်သွားတယ်။ ခုချိန်ထိ ဘယ်ခေါ်သွားမှန်း မသိရသေးဘူး” လို့ ပြောပါတယ်။

အဖမ်းခံရသူနှစ်ယောက်ဟာ အလယ်တောရပ်ကွက်မှာနေထိုင်တဲ့ မညိုလေးနဲ့ မယဉ်ယဉ်တင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်ကလည်း ဦးသန်းစိုး (ခ) ဘကြီးမှုံရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က လမ်းပိတ်ဆို့ပြီး PDF ထောက်ခံတဲ့နေအိမ်လို့ဆိုကာ ဘူဒိုဇာနဲ့ ဖြိုချ ဖျက်ဆီးခဲ့ပြီးနောက် သူ့ရဲ့သား အပါအဝင် ဒေသခံသုံးယောက်ကို ဖမ်းဆီးခဲ့ပါသေးတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နန်းမားမြို့နယ်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်း၊ မေတ္တာလေညှင်း လူမှုကူညီရေးအသင်းက ဒေါ်ခင်မာလင်း၊ ပရဟိတလုပ်ငန်းလုပ်ကိုင်တဲ့ ကိုအောင်ဌေးဦး အပါအဝင် ဒေသခံပြည်သူ ၁၃ ယောက်ထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပါတယ်။ DVB

ရေစကြိုမြို့နယ်၊ အောင်မိုးလမ်းခွဲတွင် လက် နက် ကိုင် ပျူစောထီးများ လိုက်ပါသော ကား မိုင်းဆွဲခံရပြီး ၅ ဦး သေဆုံး၊ အပြစ်မဲ့ အမျိုး သမီး ၂ ဦးကို စစ်တပ်က ဖမ်းဆီးမီးရှို့သတ် ဖြတ်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ အောင်မိုးလမ်းခွဲတွင် ပျူစောထီးများ လိုက်ပါသော ကား မိုင်းဆွဲခံရပြီး ပစ်ခတ်တိုက် ခိုက်ခံရသဖြင့် ပျူစောထီး ၅ ဦး သေဆုံးသွားကြောင်း ဒေသခံများနှင့် ဒေသသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ နံနက်ပိုင်း၊ မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ဇီးတောစံပြကျေးရွာမှ လက်နက်ကိုင် ပျူစောထီးခေါင်းဆောင် ၀င်းမြင့်အောင် နှင့် အဖွဲ့ဝင်များလိုက်ပါသော ကားသည် အောင်မိုးလမ်းခွဲတွင် မိုင်းဆွဲခံရပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ ပစ်ခတ်မှုအပြီးတွင် ဝင်းမြင့်အောင်အပါအဝင် ပျူစောထီး ၅ ဦးလုံး သေဆုံးသွားကြောင်း သိရှိရသည်။

“ကျနော်တို့ဘက်တော့ ပစ်ခတ်မှုဖြစ်တာနဲ့ မိုင်းဆွဲတာတော့ ဟုတ်တယ်။ အမျိုးသမီး ၂ ဦး မီးရှို့အသတ်ခံရတာလည်း သေတယ်ဗျ။ အခြေအ နေတွေက ညပိုင်းအနီးအနားကျေးရွာတွေကို စစ်ကြောင်းဝင်မှာ ကြောက်နေရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ယင်းနောက် စစ်တပ် စစ်ကြောင်းများက အောင်မိုးလမ်းခွဲသို့ ရောက်ရှိလာပြီး ထန်းသီးမုန့်ရောင်းသူ ဈေးသည်တစ်ဦးနှင့် ခရီးသည်လာရောက်ကြိုဆိုသူ အမျိုးသမီး တစ်ဦး တို့ကို ဖမ်းဆီးခဲ့ပြီး အဆိုပါ အမျိုးသမီး (၂) ဦးကို သေနတ်ဒင်များနှင့် ရိုက်နှက်နှိပ်စက်ကာ ဓါတ်ဆီလောင်းကာ မီးရှို့သတ်ဖြတ်သွားခဲ့ကြောင်း၊ ထန်းသီးမုန့်သည် အမျိုးသမီးမှာ မမာမာမြင့် ဟုသိရပြီး၊ ကျန်တစ်ဦးမှာ အမည် မသိရသေးကြောင်း Yesagyo Township INFO Committee ထံမှ သိရှိရသည်။ khit thit

ပြည်ပမှ လျှပ်စစ်ကား တင်သွင်းရာတွင် အ ခွန်ကောက်ခံခြင်းမရှိဟုဆို

လျှပ်စစ်သုံးယာဉ် (Battery Electric Vehicle – BEV) အမျိုးအစားအတွက် အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ တွင် သတ်မှတ်ထားသည့် အကောက်ခွန်နှုန်းထားအား စစ်ကောင်စီပြည်ထောင်စုအစိုးရအဖွဲ့​၏ ဆုံးဖြတ်ချက်ဖြင့် သုညရာခိုင်နှုန်း (0%) ကို လျှော့ချထားကြောင်းသိရသည်။

လျှပ်စစ်သုံးယာဉ်အသုံးပြုမှုနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်ပမှ Completely Built Up-CBU စနစ်၊ Completely Knocked Down-CKD စနစ် နှင့် Semi-Knocked Down-SKD စနစ်တို့ဖြင့် တင်သွင်းသည့် လျှပ်စစ်သုံးယာဉ်များအား အခွန်ကောက်ခံခြင်းမရှိဟု

စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါအမိန့်ကြေညာစာသည် နိုဝင်ဘာ ၂ ရက်မှစတင်၍ ၂၀၂၃ ခုနှစ်၊မတ် ၃၁ ရက်အထိ အကျိုးသက်ရောက်မည်ဟုဆိုသည်။

ယာဉ်အမျိုးအစားများတွင် နောက်တွဲယာဉ်အား ဆွဲသည့်ယာဉ်၊ ၁၀ဦးနှင့် အထက် စီးနင်းနိုင်သော ခရီးသည်တင် မော်တော်ယာဉ်၊ ကုန်တင်ယာဉ်၊ လူစီးယာဉ်၊ သုံးဘီးယာဉ်(လူစီး)၊ သုံးဘီးတပ်ယာဉ်(ကုန်တင်)၊ လူစီးနှစ်ဘီးတပ် လျှပ်စစ်မော်တော်ဆိုင်ကယ်၊ လူစီးနှစ်ဘီးတပ် လျှပ်စစ်စက်ဘီး၊ လူနာတင်ယာဉ်၊ ထောင်ကားနှင့်နိဗ္ဗာန်ယာဉ်တို့ ပါဝင်ကြောင်းဖော်ပြထားသည်။

အဆိုပါ လျှပ်စစ်သုံးယာဉ်များနှင့်ပက်သက်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထောက်ခံချက်ပါ အားသွင်းရုံနှင့် အားသွင်းစနစ်စသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ စက်မှုဝန်ကြီးဌာနထောက်ခံချက်ပါ လျှပ်စစ်သုံးယာဉ်များ​၏ အပိုပစ္စည်း (Spare Part)များကိုလည်း တင်သွင်းသည့် အခါ အခွန်မကောက်ရန်စီစဉ်ထားသည်ဟု သိရသည်။

စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဘက်မှ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရှိ နေရာ ငါးခုတွင် လျှပ်စစ်ကားများ အားသွင်းနိုင်မည့် အားသွင်းရုံ ငါးခုကို ရှေ့ပြေးစီမံကိန်းအဖြစ် ဆောင်ရွက်သွားမည်ဟု ပြောကြားထားပြီး အားသွင်းရုံ တစ်ခုတွင် ၅၀ စီး အားဖြည့်နိုင်မည်ဟုဆိုထားသည်။

အားသွင်းရုံ ငါးခုကို ဇီးရိုးမိုင် အမှတ်(၃) လမ်းဆုံ၊ (၁၁၅)မိုင် ဖြူးယာဉ်ရပ်နားစခန်း၊ မိုင်တိုင် (၂၀၁/၂) နေပြည်တော်စီလမ်းဆုံ၊ မိုင်တိုင် (၂၈၄/၄) သီးကုန်းယာဉ်ရပ်နားစခန်းနှင့် မိုင်တိုင် (၃၅၂/၃) စကားအင်းလမ်းဆုံတို့မှာ တည်ဆောက်ဖို့စီစဉ်ထားကြောင်း ဆိုသည်။ mizzima

စစ်တွေတွင် စစ်ယာဥ်တန်းမိုင်းဆွဲခံရ၊ စစ်တပ်က ကျောက်တော်နှင့် ပုဏ္ဏားကျွန်းကို လက် နက်ကြီး ဖြင့် ပစ်ခတ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် အခွဲ မင်းချောင်းတံတားအနီးမှာ နိုဝင်ဘာ ၁၁ ရက် ဒီနေ့ နေ့လယ်က စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ သတင်းရင်းမြစ်တဦးက ​ပြောပါတယ်။

အဲဒီ မိုင်းဆွဲခံရတဲ့ စစ်ကားတွေဟာ စစ်တွေဘက်က စစ်ကား ၃ စီးနဲ့ ပုဏ္ဏားကျွန်းဘက်က စစ်ကား ၂ စီး တံတားအနီးမှာ စုဝေးနေကြချိန် ရက္ခိုင့်တပ်တော် (အေအေ) က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မိုင်းဆွဲတာကတော့ ဒီနေ့ နေ့လယ် ၂ နာရီ ၄၂ မိနစ်မှာ မင်းချောင်းတံတားအောက် ကွမ်းတောင်ဘက်အခြမ်းမှာ မိုင်းဆွဲတိုက်ခိုက်တာဖြစ်တယ်။ အမြင့်ကျွန်းရဲစခန်းမှာ တပ်စွဲနေတဲ့ တပ်မ ၇၇ က တပ်သားတွေ ပုဏ္ဏားကျွန်းဘက်ကိုသွားတာ။ အဲဒီမှာ တံတားအောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ စစ်သား ၁၀ ယောက်သေတယ်လို့တော့ သိရတယ်။ စစ်တပ်ကတော့ ပါဒလိတ်တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်နေတာတွေ ရှိတယ်။”

စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်နေတဲ့အတွက် အနီးအနားရှိ အမြင့်ကျွန်းကျေးရွာသားတွေဟာ ရသေ့တောင်မြို့နယ် မိုးစဲကျွန်းဘက်ကို တိမ်းရှောင်နေကြရသလို ကွမ်းတောင်ရွာသားတွေဟာလည်း နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ရွာသားတဦးက ပြောပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့ ညကလည်း ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာက ကျေးရွာသား ၁၀ ဦးခန့်ကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပြီး နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းက စစ်ကောင်စီ ရိက္ခာတင်ယာဥ် ၃ စီးကို အေအေက တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက ရဟတ်ယာဥ်နှစ်စီး၊ ဒရုန်းအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာ ၃ ရွာက ဒေသခံ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

လက်ရှိမှာတော့ အဲဒီအခင်းဖြစ်ပွားခဲ့တဲ့ နေရာအနီးရှိ ကျေးရွာတွေက ဒေသခံထောင်ချီ ထွက်ပြေးနေကြရပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွှေပြည်သစ်ကျေးရွာကို စစ်ကောင်စီ စခက-၉ တပ်မက နိုဝင်ဘာ ၁၁ ရက် နေ့လယ် ၁၂ နာရီကျော်လောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ၇ နှစ်အရွယ် ကလေးငယ် ၂ ယောက် အပါအဝင် အမျိုးသမီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေပြည်သစ်ကျေးရွာ ဒေသခံတယောက်က ဒီ‌ဗွီဘီကို ပြောပါတယ်။

စခက-၉ တပ်မက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး အသက် ၇ နှစ်အရွယ် မလှလှကျော့နဲ့ မခိုင်ဇင်ဖြိုး၊ အသက် ၃၅ နှစ်အရွယ် မခိုင်စောဝေနဲ့ အသက် ၆၂ နှစ်အရွယ် ဒေါ်ဦးမြအေးတို့မှာ ဒဏ်ရာတွေရရှိခဲ့ပြီး မလှလှကျော့ရဲ့ ဒဏ်ရာကတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

“ကျောက်တော်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘူးဗျ။ အဲဒီ စခက-၉ က ဒေသခံပြည်သူတွေရဲ့ ကျေးရွာတွေကို တမင် ရည်ရွယ်ချက်ရှိရှိ နေ့စဥ်ရက်ဆက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် သေဆုံးဒဏ်ရာရတဲ့သူတွေ ရှိတယ်။”

ကျောက်တော်မြို့နယ်၊ နဂရာကျေးရွာကိုလည်း စက်တင်ဘာ ၂၅ ရက် ညကလည်း စခက-၉ စစ်ကောင်စီတပ်က လက်နက်​ကြီးနဲ့ ပစ်ခတ်လိုက်လို့ အသက် ၇ နှစ်အရွယ် ကလေးငယ်တယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာကြောင့် စာသင်ကျောင်းတွေ၊ စျေးတွေ ပိတ်ထားရကာ ကားအစီးရေ ၃၀၀ ကျော်လောက် ပိတ်မိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နေ ကျောင်းသားမိဘတယောက်က “ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်ရင်းနဲ့ ပါဒလိတ်တပ်ရင်းဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တာကြောင့် နိုဝင်ဘာ ၁၀ ရက် မနေ့ကတည်းက ကလေးတွေကို ကျောင်းမသွားခိုင်းတော့ဘူး။ ဗုံးခိုတွင်းထဲမှာပဲ ပုန်းခိုနေကြရတာ။ ပုဏ္ဏားကျွန်းမြို့နယ် အနောက်ဘက်ခြမ်း ကျေးရွာ ၂၀ ကျော်လောက်က စာသင်ကျောင်းတွေအားလုံး ပိတ်ထားကြရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့က ပျံကျစျေးသည် အမျိုးသမီးတယောက်ကလည်း “ကျမတို့က မနေ့က မနက်ပိုင်းမှာ လက်နက်ကြီးစပစ်တဲ့အသံ ကြားက တည်းက စျေးမရောင်းတော့ဘဲ ဘေးလွတ်တဲ့နေရာကို ထွက်ပြေးလာခဲ့ရတာ။ ကုန်တွေဆုံးရှုံးသွားတာထက် အသက်ဆုံးရှုံးမှာကို ကြောက်လို့ ဒီနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာလည်း ဘယ်သူမှ စျေးမရောင်းဖြစ်ဘူး။ ဆိုင်ခန်းတွေအားလုံးပိတ်ပြီး လုံခြုံတဲ့နေရာတွေမှာ နေနေကြရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ပုဏ္ဏားကျွန်း-စစ်တွေ ကားလမ်းကို ပိတ်ဆို့ထားလို့ ကုန်တင်ကား၊ ခရီးသည်တင်ကား အစီးရေ ၃၀၀ ကျော်လောက် ပိတ်မိနေပြီး အဲဒီထဲမှာ ကုန်စိမ်းကားတွေလည်း ပါဝင်ကာ ဘယ်နေ့ဖွင့်ပေးမယ် ဆိုတာကိုလည်း မသိရသေးဘူးလို့ ပုဏ္ဏားကျွန်းမြို့မှ ယာဥ်မောင်းတယောက်က ပြောပါတယ်။

လက်နက်ကြီးတွေက မနေ့က တနေကုန် ဆက်တိုက်ပစ်ခတ်သလို ဒီနေ့မှာလည်း မကြာခဏ ပစ်ခတ်နေတာကြောင့် ကားသမားတွေအနေနဲ့ လမ်းပေါ်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှာကိုလည်း စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာရွာနဲ့ ဆင်အင်းကြီးရွာနားမှာ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းက စစ်ကောင်စီရဲ့ ရိက္ခာတင်ကား ၃ စီးကို အေအေက မိုင်းဆွဲတိုက်ခိုက် သိမ်းပိုက်ရရှိပြီးတဲ့နောက် အနီးနားကျေးရွာတွေကို စစ်ရဟတ်ယာဥ်တစီး အပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ DVB

ဘုတလင်၊ ရွာရှည်ကျေးရွာမှ NLD ပါတီ စည်းရုံးရေးမှူး ဦးရှမ်းနှင့် အသက် ၁၄ နှစ်အရွယ် မောင်အောင်မျိုးသန့်တို့ကို စစ်တပ်က သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ၊ ရွာရှည်ကျေးရွာမှ NLD ပါတီ စည်းရုံးရေးမှူး ဦးရှမ်းနှင့် အသက် ၁၄ နှစ်အရွယ် မောင်အောင်မျိုးသန့်တို့ကို စစ်တပ်က ရက် ရက်စက်စက် သတ်ဖြတ်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ စစ်ကောင်စီတပ်က ဘုတင်လင်မြို့နယ်၊ ရွာရှည်ကျေး ရွာသို့ ဝင်ရောက်ခဲ့ပြီး ကျေးရွာ ပြည်သူ ၂ ဦးကို သတ်ဖြတ်သွားကြောင်း၊ စစ်ကောင်စီက သတ်ဖြတ်ထားခဲ့သည့် ရွာသားနှစ်ဦး ရုပ်အလောင်း၂လောင်းကို ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ နံနက် ၁၁နာရီအချိန်တွင် ပြန်လည် တွေ့ရှိရကြောင်း ဒေသံများက ပြောဆိုကြသည်။

“မနေ့ကလာတဲ့စစ်ကြောင်းက ‌ ရွာသား၂ ဦးကို သတ်သွားကြတာ။အလောင်းက ဒီနေ့မှ ပြန်တွေ့တာ။ ရက်ရက် စက် စက် ကိုသတ်ထားတာ။ သေဆုံးသူတွေက ဦးရှမ်း အသက်၅၅နှစ်ရယ်၊မောင်အောင်မျိုးသန့် အသက်၁၄နှစ်ပါ။ အလောင်း တွေကတော့ နေချင်း သင်္ဂြိုလ်ပေးလိုက်ပြီ” ဟု ရွာရှည်ရွာဒေသခံက ပြော သည်။

သေဆုံးသွားသူ ဦးရှမ်းသည် NLDပါတီ ရပ်ကျေးစည်းရုံးရေးမှုးတစ်ဦးဖြစ်ပြီး မောင်အောင်မျိုးသန့်သည် ကျေးရွာလုံခြုံ ရေး ကင်းစောင့်သည့် ကလေးငယ်တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

“ရပ်/ကျေးလုံခြုံရေးဆိုတာဟာ အခုလိုခေတ်ပျက်နေတဲ့အချိန်မှာ ရွာကိုညသူခိုးဓားပြ ဝင်ရောက်မှာ စိုးရိမ်လို့ ရွာတိုင်းမှာဖွဲ့စည်းတဲ့အဖွဲ့ပါ။ PDFမဟုတ်ဘူး။ ကျေး ရွာလူထုအတွက် ကင်းစောင့်ပေးပါတာ” ဟု ရွာရှည်ကျေးရွာမှ ကျေးရွာသားတစ်ဦးက ရှင်းပြသည်။ khit thit

ဆားလင်းကြီးမြို့နယ်တွင် အရက်ဝယ်ပြန်လာသည့်ရဲ ၂ဦး စစ်ဆေးစဉ် ပြန်လည်အကြမ်းဖက်ခုခံ၍ ပစ်ခတ်ရှင်းလင်း ဟုဆို

စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်အတွင်း အရက်ဝယ်ပြန်လာသည့် ရဲနှစ်ဦးအား ဖမ်းဆီးစစ်ဆေးစဉ် အကြမ်းဖက်ပြန်လည်ခုခံသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ချင်းတွင်းဂဠုန်ရာဇာပြောက်ကျားတပ်ဖွဲ့ Chindwin Galone Yarzar Guerrilla Defence Force (CGYDF) က နိုဝင်ဘာလ ၁၀ရက်နေ့တွင် သတင်းထုတ်ပြန် သည်။

နိုဝင်ဘာလ ၇ရက်နေ့ ညနေ ၅နာရီ ၄၅မိနစ်အချိန်တွင် ပုသိမ် – မုံရွာလမ်းမပေါ်တွင် နယ်မြေတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် စီစဉ်ဆောင်ရွက်နေစဉ် တန်ဆောင်မုန်းလပြည့်ည သောက်စားမူးရူးရန် အတွက် အရက်ဝယ်လာသော ရဲနှစ်ဦးအား ဖမ်းဆီးမိခဲ့ခြင်းဖြစ် ကြောင်း ဆိုသည်။

“မအလရဲ့ ကျွန်သဘောက်လောက်ကောင် ရဲခွေးနှစ်ကောင်မှာ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော ပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ စစ် ဆေးဆောင်ရွက်‌နေမှုအား အသာတကြည် မလိုက်နာဘဲ ရုန်းရင်းဆန်ခတ်ဖြင့် ပြန်လည်ခုခံမှုကြောင့် အကြမ်းဖက်စစ်ကောင်စီ အာဏာရူးတို့ သွားရာ မရဏလမ်းသို့ ရောက်ရှိ သွားပါကြောင်း” ဟု CGYDF သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ဆေးရှင်းလင်းမှုကို CGYDF ၊ Triple Two Task Force နှင့် Monywa Trust of Force – MOTM တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ mizzima

ပခုက္ကူမြို့နယ်အတွင်းရှိ စစ်ကောင်စီလက် အောက်ခံ တပ်ဖွဲ့များကို ဘုံသဘောတူညီချက်အတိုင်း စစ်ဆင်ရေးပြုလုပ်သွားမည်ဟုဆို

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များအား ဘုံသဘောတူညီချက်အတိုင်း စစ်ဆင်ရေးပြုလုပ်သွားမည်ဟု ပခုက္ကူမြို့နယ် ကိုယ်စားပြုဒေသခံကာကွယ်ရေးအဖွဲ့ ၁၀ ဖွဲ့မှ နိုင်ဝင်ဘာ ၁၀ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အမည်ခံ ပျူစောထီးများအား အဓိကထား စစ်ဆင်ရေးပြုလုပ်သွားမည်ဖြစ်ပြီး အမာခံသတင်းပေးဒလန်များ၊ အန္တရာယ်ကြီးမားသော Non-CDM ဝန်ထမ်းများအား သတင်းအချက်အလက်ခိုင်မာအောင် စုံစမ်း၍ တိကျသေချာမှသာ ရှင်းလင်းသွားမည်ဟု ဆိုထားသည်။

ထို့အပြင် ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပြီး စစ်ကောင်စီနှင့် ပတ်သက်မှုမရှိသော ပြည်သူလူထုအား အကြမ်းဖက်ခြင်း၊ ပြန်ပေးဆွဲခြင်း ၊ ဓားပြတိုက်ခြင်းတို့ ဆောင်ရွက်ခြင်း မပြုလုပ်ရန်နှင့် စစ်ကောင်စီ ဒေါက်တိုင်စစ်စစ်များ၏ ပိုင်ဆိုင်မှုများကိုသာ သိမ်း ယူရန် ဘုံသဘောတူညီချက်တွင် ဖော်ပြထားသည်။

ပခုက္ကူမြို့နယ် ကိုယ်စားပြုဒေသခံကာကွယ်ရေးအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကာရေးဝန်ကြီးဌာန၏ လမ်းစဉ်၊ မူဝါဒများနှင့်အညီ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်သွားမည်ဖြစ်သကဲ့သို့ စစ်ကောင်စီနှင့် ပတ်သက်မှုမရှိသည့် ပြည်သူများအား အကြမ်းဖက်မှုပြုလုပ်သည့်အဖွဲ့အား NUG ၏ လမ်းညွှန်ချက်နှင့်အညီ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဘုံသဘောတူညီချက်အား ပခုက္ကူမြို့နယ် ကိုယ်စားပြုဒေသခံကာကွယ်ရေးအဖွဲ့များဖြစ်သည့် Pakokku People Defence Force (PPDF)၊ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ (၁)တပ်ခွဲ ၊ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ – တပ်ဖွဲ့(၂)၊ Young Force UG ၊ Earthquare’s People’s Defence Force ၊ RSO(PKU) ၊ PKU N PDF ၊ PKU Ranger ၊ Black Cobra Force နှင့် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ) တို့မှ သဘောတူညီထားခြင်းဖြစ်သည်။ mizzima

စစ်ကောင်စီ၏ PR စနစ်၊ မဲပေးသူက ကိုယ် စားလှယ်ရွေးခွင့်မရှိ

လွှတ်တော်အသီးသီး၌ ၂၅ ရာခိုင်နှုန်း အသာစီးယူထားသည့်အပြင် နိုင်ငံရေးမှမထွက်လိုသော အာဏာသိမ်းစစ်တပ်က ၎င်းတို့စီစဉ်မည့် ရွေးကောက်ပွဲတွင် ပြည်သူကို စိတ်ကြိုက်ကိုယ်စားလှယ် ရွေးခွင့်မပေးရန် ကြံစည်ထားသည်။

အရပ်သားအစိုးရကို ဖြုတ်ချ၍ အာဏာသိမ်းထားသည့် စစ်ကောင်စီက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD) ရွေးကောက်ပွဲ ဝင်ပြိုင်တိုင်း အပြတ်နိုင်သည့် မဲအများဆုံးသူ အနိုင်ရ (FPTP) စနစ်အစား အချိုးကျ ကိုယ်စားပြု(PR)ဖြင့် အစား ထိုးရန် စီမံနေရာတွင် ထိုအချက် ပါဝင်လာခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ဩဂုတ်လအတွင်း ထုတ်ဝေသည့် မြန်မာနိုင်ငံတွင် ပြောင်းလဲ ကျင့်သုံးမည့် အချိုးကျကိုယ်စားပြုစနစ် စာအုပ်တွင် “စာရင်းပိတ်စနစ်” (Closed List PR) ကျင့်သုံးမည်ဟု ဖော်ပြထားသည်။

ထိုစနစ်အရ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပါတီများသည် ဦးစားပေးရွေးချယ်မည့် လူစာရင်းကို UEC သို့ ကြိုတင်ပေးပို့ထားရမည်ဖြစ်သည်။

မဲဆန္ဒနယ်တစ်ခုအတွက် မဲပမာဏ တွက်ချက်ပြီးနောက် ခွဲတမ်းရမည့်ဦးရေ ပေါ်ထွက်ချိန်တွင် ပါတီအလိုက် ကြိုပို့ထားသည့် စာရင်းပါ အစဉ်အတိုင်း ကိုယ်စားလှယ်အဖြစ် အလိုအလျောက် သတ်မှတ်ခံရမည်ဖြစ်သည်။

“ပြည်သူများ၏ ပညာတတ်မြောက်မှု၊ ရွေးကောက်ပွဲ အတွေ့အကြုံနှင့် နိုင်ငံရေး ယဉ်ကျေးမှုရေချိန် မြင့်တက်လာချိန်တွင် Open List PR (ကိုယ်စားလှယ်ကိုပါ ရွေးနိုင်မည့် အချိုးကျ ကိုယ်စားပြုစနစ်) သို့မဟုတ် အခြား PR တစ်မျိုးမျိုး ပြောင်းလဲကျင့်သုံးရန်” စီမံမည်ဟု UEC စာအုပ်တွင် ပါဝင်သည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းနှင့် ပြည်နယ်လွှတ်တော်များ အတွက် ၂၀၀၈ အခြေခံဥပဒေက သတ်မှတ်ထားသည့် ဦးရေ စုစုပေါင်းကို စစ်ကောင်စီက ပြင်ဆင်မည်မဟုတ်သော်လည်း မဲဆန္ဒနယ်များကိုမူ လိုသလို သတ်မှတ်ရန် စီမံထားသည်။

ထို့အပြင် မဲဆန္ဒရှင်တစ်ဦးသည် အမျိုးသားလွှတ်တော်၊ တိုင်းနှင့် ပြည်နယ်လွှတ်တော်တို့အတွက် စနစ်သစ် PR၊ ယခင် မဲပေးနေကျပုံစံ နိုင်သူအကုန်ယူ (FPTP) စနစ် နှစ်ခုစလုံး ရောပြွန်း၍ မဲပေးရမည်ဖြစ်သည်။

“အရောလုပ်တယ်ဆိုတော့ (မဲပေးမယ့်သူတွေက) ပိုခက်တာပေါ့။ မဲပေးတဲ့အခါ စနစ်နှစ်မျိုးနဲ့ ပေးရမှာလေ။ တစ်ခုက ပါတီကို မဲပေးပြီး နောက်တစ်ခုက လူပုဂ္ဂိုလ်ကို ပေးရမယ် အဲသလို ဖြစ်နေတာပေါ့” ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ဥက္ကဌ ဦးစိုင်းညွန့်လွင်က ပြောသည်။

ဝါရင့်တိုင်းရင်းသားပါတီ SNLD သည် ဝင်ပြိုင်သည့် ရွေးကောက်ပွဲတိုင်းတွင် အထူးသဖြင့် ရှမ်းပြည်နယ်၌ အောင်ပွဲခံလေ့ရှိသည့် ပါတီဖြစ်သည်။ 

လာမည့်နှစ်အတွင်း ရွေးကောက်ပွဲလုပ်မည်ဆိုသော စစ်ကောင်စီ၏ ခြေလှမ်းကို စောင့်ကြည့်နေသော်လည်း ပါဝင်ယှဉ်ပြိုင်ရန် ရှိမရှိ ပါတီတွင်း ဆွေးနွေးနေခြင်းပင်မရှိဟု SNLD ဥက္ကဌက ဆက်ပြောသည်။

သို့သော် စစ်ကောင်စီ၏ PR စနစ်ကြောင့် ၎င်း၏ ပါတီအတွက်မူ မည်သည့်သက်ရောက်မှုမျှ မရှိနိုင်ဟု SNLD ဥက္ကဌက ဆိုသည်။

“ကျွန်တော်တို့အတွက် ထိခိုက်မှုလည်းမရှိဘူး။ အကျိုးစီးပွားလည်း မရှိဘူး။ (တိုင်းရင်းသား) အခွင့်အရေး ပိုရလာမှာတော့ မဟုတ်ဘူး။ မရတဲ့သူတွေ(မဲမနိုင်ဖူးသူတွေ) ရလာမယ် (ကိုယ်စားလှယ်ဖြစ်လာမယ်)ဆိုတာတော့ ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက ပယ်ဖျက်ထားသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်ကိုင်စွဲထားသည်ဟု လွှတ်တော်သုံးရပ်တွင် ၄၂ ဦး အနိုင်ရထားသည့် SNLD ဥက္ကဌက ပြောသည်။

“လွှတ်တော်မရှိလို့ ကျွန်တော်တို့လူတွေ(၂၀၂၀ ရွေးကောက်ခံအမတ်တွေ)ကို လွှတ်တော်ကိုယ်စားလှယ်လို့ မပြောနိုင်ရင်တောင်မှ ကျွန်တော်တို့က သူတို့ကို လူထုကိုယ်စားလှယ်အဖြစ် သဘောထားထားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တရားမျှမျှတတနဲ့ ဝင်ပြိုင်ပြီး နိုင်ထားတဲ့ သူတွေပဲ” ဟု ဦးစိုင်းညွန့်လွင်က ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် တစ်နေရာမှ အနိုင်မရခဲ့သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးကမူ စစ်ကောင်စီ၏ ရွေးကောက်ပွဲစနစ်ပြောင်းလဲမှုမှာ ဥပဒေဖြင့် တိတိကျကျ မတွေ့မြင်ရသေး၍ ဝေဖန်ချက်ပေးရန် စောလွန်းနေသည်ဟု ဆိုသည်။

သို့သော် PR ပြောင်းမည်ဆိုလျှင် တပ်မတော်၏ နိုင်ငံရေးပါဝင်မှု အခန်းကဏ္ဍကို သုံးသပ်ရန်၊ UECကို သီးခြားလွတ်လပ်သည့် အဖွဲ့အဖြစ် ဖွဲ့ရန်၊ တိုင်းရင်းများ၏ ကိုယ်စားပြုခွင့်အတွက် ထည့်သွင်းစဉ်းစားရန် ပါတီအနေဖြင့် အကြံပြုထားသည်ဟု ၎င်းက ပြောသည်။

“အခုကတော့ သူက ဆုံးဖြတ်ပြီးသွားပြီ။ ဒီပုံစံကျင့်သုံးမယ်။ ဒီလိုလုပ်မယ်ဆိုပြီး လုပ်တဲ့အခါကျတော့ ကျွန်တော်တို့က ပြောရေးဆိုခွင့်တော့မရှိတော့ဘူးပေါ့။ ဒီအတိုင်း သတ်မှတ်ပြဌာန်းတဲ့ အပေါ် မှာ လက်ခံမလား၊ လက်မခံဘူးလားလို့ပဲ၊ ဆုံးဖြတ်ရမယ့် သဘောဖြစ်သွားတာပေါ့”။

အာဏာသိမ်းစစ်ကောင်စီက ကျင်းပမည်ဆိုသော ရွေးကောက်ပွဲသို့ ဝင်ရန်ရှိမရှိကိုမူ ပါတီဘက်က ဆုံးဖြတ်ထားခြင်းမရှိသေးဟု ထင်ရှားသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ဆက်ပြောသည်။

“(ရွေးကောက်ပွဲစနစ်ပြောင်းတဲ့) ရလဒ်က နိုင်ငံရဲ့ ပြဿနာတွေကို ဘယ်လောက်ဖြေရှင်းနိုင်စွမ်းရှိလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်”။

ဦးကိုကိုကြီး၏ ပါတီသည် မကြာမီက နေပြည်တော်တွင် ရုံးခန်းဖွင့်ခဲ့ရာ ရွေးကောက်ပွဲဝင်ပြိုင်လိမ့်မည်ဆိုသော သတင်းများထွက်ပေါ်နေသည်။

“ရွေးကောက်ပွဲဝင်မယ် မဝင်ဘူးဆိုတာလည်း ဆုံးဖြတ်ထားတာမရှိဘူး။ ဒီအခြေအနေ ဖြစ်ထွန်းမှုတွေအပေါ်မှာ ဆက်ပြီးလေ့လာနေတုန်းရှိပါသေးတယ်” ဟု ဦးကိုကိုကြီးက ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် ပြည်သူမဲပေးရွေးထားသည့် NLD အစိုးရကို ဖြုတ်ချ၊ NLD ထပ်နိုင်သည့် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်၍ အာဏာသိမ်းခဲ့စဉ်က ကြိုတင်ကြေညာထားသည့်အတိုင်း ၂၀၂၃ တွင် ရွေးကောက်ပွဲလုပ်မည်ဆိုသော ခြေလှမ်းကို စစ်ကောင်စီ ဆက်လှမ်းပြနေသော်လည်း မည်သို့ ဖြစ်လာမည်ကို ယတိပြတ်မပြောနိုင်သေးဟု အမည်မဖော်လိုသည့် တိုင်းရင်းသားပါတီခေါင်းဆောင် တစ်ဦးကလည်း ဆိုသည်။

“အာဏာသိမ်းတယ်ဆိုတဲ့လူတွေ လုပ်ရမယ့်အလုပ်က မကြာခင် ရွေးကောက်ပွဲပြန်ကျင်းပပေးမယ် ဆိုတဲ့ ကတိကဝတ်ပဲလေ၊ ဘယ်အာဏာ သိမ်းတဲ့သူမဆို အဲဒီလိုပဲ ပြောကြတာပဲ။ ရွေးချယ်ခံအစိုးရ တစ်ရပ်ရှိလာရင် (ပြည်သူနဲ့ နိုင်ငံတကာက) ထောက်ခံမလားဆိုတဲ့မျှော်လင့်ချက်ပေါ့”ဟု ၎င်းက ပြောသည်။

ထို့အပြင် စစ်ကောင်စီ ရွေးချယ်ထားသည့် PR စနစ်မှာ မဲဆန္ဒရှင်တို့သည် ပါတီကိုသာကြည့်၍ မဲပေးနိုင်တော့မည်ဖြစ်ရာ NLDသာ ရွေး ကောက် ပွဲဝင်မည်ဆိုလျှင် အကြီးအကျယ် အခက်တွေ့လိမ့်ဦးမည်ဟု ဦးစိုင်းညွန့်လွင်က သုံးသပ်သည်။

“ကိုယ်စားလှယ်လောင်းကို မဲဆန္ဒရှင်က မဲမပေးရဘူး။ အံ့ဩတယ် အဲသလိုမျိုးလုပ်တယ်ဆိုရင် NLD ကို မဲပေးတဲ့သူတွေက NLDကိုပဲ မျက်စိမှိတ်မဲပေးမှာပဲ။ လူနဲ့မဆိုင်တော့ဘူး။ ပါတီနဲ့ပဲ ဆိုင် တယ်ဆိုတော့”။

အစိုးရအဖွဲ့ဝင်ဟောင်း၊ အငြိမ်းစား တပ်မတော်အရာရှိကြီးတစ်ဦးကလည်း ဦးစိုင်းညွန့်လွင်ကဲ့သို့ပင် ရှုမြင်ထားသည်။

“NLD တို့၊ SNLDတို့၊ ALD(ဝါရင့်ပါတီ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်)တို့လို ပါတီတွေ ဝင်ပြိုင်မယ်ဆိုရင် အဲဒီ ဖော်မြူလာက ဂွကျမှာဆိုတော့ အဲဒီလိုမျိုးကျရင် (ရွေးကောက်ပွဲ)လုပ်ချင်မှ လုပ်တော့မှာပေါ့” ဟု ဩဂုတ်လအတွင်း Myanmar Now နှင့် စကားပြောခွင့်ရစဉ်က ထိုသူက ပြောခဲ့သည်။

၁၉၈၈ ပြည်သူ့ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးအပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီ စတင်ပေါ်ထွန်းလာချိန်ကတည်းက စစ်တပ်သည် ထိုပါတီကို အစဉ်တစ်စိုက် နည်းမျိုးစုံဖြင့် နှိပ်ကွပ်လေ့ရှိသည်။

NLD အပြတ်နိုင်သည့် ၁၉၉၀ ရွေးကောက်ပွဲအပြီးတွင် အာဏာလွှဲမပေးပဲ ဒေါ်အောင်ဆန်းစုကြည် နှင့် ပါတီခေါင်းဆောင်၊ ပါတီဝင်၊ အားပေးထောက်ခံသူ အများအပြားကို ဖမ်းဆီး၊ ချုပ်နှောင်ကာ စစ်တပ်က နှစ်ပေါင်း ၂၀ ကျော်ကြာ တိုင်းပြည်ကို အာဏာသိမ်းခဲ့သည်။

ထို့နောက်တွင် ၂၀၀၈ အခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲ၍ လွှတ်တော်အသီးသီး၌ တပ်ကိုယ်စား လှယ် ၂၅ ရာခိုင်နှုန်းထည့်ကာ ရွေးကောက်ပွဲဖြင့် တိုင်းပြည်အုပ်ချုပ်သည့် စနစ်ကို ၂၀၁၀မှ စတင် ကျင့်သုံးသည်။

NLDက ၂၀၁၂တွင် ၇၅ ကျပ်သားဒီမိုကရေစီဟု နာမည်ကျော်သည့် စစ်တပ်၏ နိုင်ငံရေးစနစ်ကို လက်ခံပေးခဲ့ပြီးနောက် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ဝင်ပြိုင်ရာ အစိုးရဖွဲ့နိုင်သည်အထိ အပြတ်အသတ်အနိုင်ရခဲ့သည်။

နောက် ၅နှစ်အကြာ ၂၀၂၀ တွင် NLDက ရွေးကောက်ပွဲထပ်နိုင်ချိန်တွင်မူ စစ်တပ်က တကျော့ပြန် အာဏာသိမ်းခဲ့ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD တစ်ထောင်ကျော်ကို ဖမ်းထားသည်။ ထိုအထဲတွင် စစ်ကောင်စီ ဖမ်းထားစဉ် သေဆုံးသူ ၆၇ ဦးထိရှိသည်၊ NLD ပါတီဝင် ၃၀၀ နီးပါး၏ နေအိမ်များကို ချိတ်ပိတ်သိမ်းဆည်းထားသည်။

NLD ကို ဖျက်သိမ်းမည်ဟုပင် အာဏာသိမ်းပြီးပြီးချင်း စစ်ကောင်စီက ခန့်ထားသည့် စစ်ဥပဒေချုပ်၊ ဒုတိယတရားသူကြီးချုပ်၊ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုး ဦးဆောင်သော UEC က ထုတ်ပြောဖူးသည်။ 

စစ်တက္ကသိုလ်အပတ်စဉ် ၁၆ ဆင်းဖြစ်သူ ဦးသိန်းစိုးသည် NLD ဝင်မပြိုင်ဘဲ စစ်တပ်ကျောထောက် နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အနိုင်ရခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကို ကြီးကြပ်ဖူးသူဖြစ်သည်။ ထိုရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးမှုများဖြင့် ကမ္ဘာကျော်သည်။

ဦးသိန်းစိုး၏ UECက ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီက စစ်ခေါင်းဆောင်ကို အာဏာသိမ်းရန် တိုက်တွန်း ခဲ့သည့် မဲတစ်ကြိမ်မှ အနိုင်မရဖူးသော ပါတီအများစု လက်တွဲကာ စစ်ကောင်စီ အလိုကျ PRဖြင့် ရွေးကောက်ပွဲအသစ်ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။

NLD ကမူ ၂၀၂၀ ရွေးကောက်ပွဲ နှစ်နှစ်ပြည့်ချိန် ယခုနှစ် နိုဝင်ဘာ ၈ရက်တွင် စစ်ကောင်စီ၏ အတု အယောင် ရွေးကောက်ပွဲကို လုံးဝအသိအ မှတ်ပြုလုပ်ခံမည်မဟုတ်ဟု ကြေညာချက်ထုတ်ပြန်ထား သည်။

နိုင်ငံတကာအနေဖြင့် စစ်ကောင်စီက ဖမ်းထားသည့် NLD ဥက္ကဌ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေး၍ မြန်မာ့နိုင်ငံရေးအကြပ်အတည်းကို အဖြေရှာ ရန် ထိုကြေညာချက်တွင် တပါတည်း တိုက်တွန်းထားသည်။

အာဏာသိမ်းမှု နှစ်နှစ်ပြည့်ခါနီးတွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို ဒေသ အလိုက် ခုခံနေကြရာ နိုင်ငံအနှံ့ တိုက်ပွဲများစွာဖြစ်နေချိန်တွင် ရွေးကောက်ပွဲကို မည်သို့ စီစဉ်မည်ကို မူ ရှင်းလင်းစွာမသိရသေးပေ။

နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံတကာရေး စသဖြင့် ကဏ္ဍစုံတွင် စစ်ကောင်စီကို အကြပ်တွေ့ အောင် လုပ်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလကမူ စစ်ကောင်စီ၏ ရွေးကောက်ပွဲကို သတိကြီးစွာထား၍ နိုင်ငံရေးထွက်ပေါက်မရအောင် လုပ်ရမည်ဟု အောက်တိုဘာလဆန်းတွင်ပြောထားသည်။ myanmar now

မြင်းမူနှင့် တန့်ဆည်တွင် စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး၊ သရက်ချောင်းတွင် စစ်ကား ၃ စီး မိုင်းဆွဲခံရပြီး ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ထီးဆောင်းရွာတွင် တပ်စွဲထားသော စစ်တပ် ကင်းပုန်းများ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ထီးဆောင်းရွာ၌ တပ်စွဲထားသော စစ်သား အင်အား ၃၀ ခန့်မှ စစ်သား ၁၅ ဦးခန့်သည် ရွာအရှေ့ဘက် ထန်းတောထဲ ကင်းပုန်းဝပ်ပြီး ဝိုင်းဖွဲ့ထိုင်နေစဥ် Drone ဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ထို့အတူ စစ်ကိုင်းတိုင်း တန့်ဆည်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကြောင်း သိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်မှ စတင်ကာ တန့်ဆည်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကြောင်း သိရသည်။

နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကံထူးမ ဘက်မှ စစ်ကြောင်းထိုးလာသော အင်အား ၁၅၀ ကျော်ခန့်ရှိသော အကြမ်းဖက် စစ်တပ် ခမရ ၃၆၈ မှ စစ်သားများကို ရေရှင်ကုန်းရွာအနီးတွင် TPCတပ်ရင်း(၂၅)၊ တန့်ဆည် ပ.က.ဖ တို့မှ အနီးကပ် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ဘရွှေဘိုခရိုင် တပ်ရင်း (၆)၊ (၇)၊ Taze Tiger တို့မှ တန့်ဆည်-ကံထူးမ လမ်းတစ်လျှောက် စောင့်ကြိုတိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်ခဲ့ပြီး ၂ နာရီကြာ တိုက်ပွဲ ပြင်းထန်ခဲ့ကာ အနီးကပ် ကြားဖြတ် တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှု များပြားပြီး သေဆုံးသူ အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်တွင် စစ်တပ်ယာဥ်းတန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၅ ဦး ထိခိုက်သေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ရငဲရွာနှင့်ကတွဲရွာ အကြားတွင် အကြမ်းဖက် စစ်တပ်မှ စစ်ကား ၃ စီးပါ ယာဥ်တန်းသည် ထားဝယ်ဘက်မှ ပုလောသို့ ဦးတည်ဆင်း မောင်းနှင်လာစဥ် မိုင်းဆွဲ တိုက်ခိုက်ခံရ​ပြီး စစ်သား ၅ ဦး ထိခိုက်သေဆုံး ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုကို ပုတီးတစ်လုံးအဖွဲ့၊ ဂဠုန်မင်းအဖွဲ့၊ ကျားရိုင်းအဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ khit thit

« Older Entries