စစ်တွေ၌ လူငယ် ၉ ဦးနှင့် ဘူးသီးတောင်တွင် အရပ်သား ၇ ဦးကို စစ်ကောင်စီဖမ်းဆီး

ရခိုင်ပြည်နယ် စစ်တွေမြို့က ဘုန်းကြီးကျောင်းတွေမှာ နေထိုင်ပြီး ကွန်ပျူတာသင်တန်း၊ ဂျပန်၊ အင်္ဂလိပ်၊ ကိုရီးယားစကားပြောသင်နေကြတဲ့ တက္ကသိုလ်ကျောင်းသား ၅ ဦးအပါအဝင် လူငယ် ၉ ယောက် နိုဝင်ဘာ ၁၁ ရက် ညခန်ခေါင် ၁၂ နာရီကျော်က စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက် ဖမ်းဆီးသွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

မျက်မြင်ဒေသံတဦးက “အဖမ်းခံတဲ့ လူငယ် ငါးဦးက အဝေးသင်တက္ကသိုလ်စာမေးပွဲပြီးလို့ သင်တန်းတွေတက်ပြီး ဘုန်းကြီး​ကျောင်းတွေမှာ နေထိုင်နေကြတာ။ နောက်လူငယ် လေးဦးမှာ တဦးက ဆိုင်ကယ်ဝပ်ရှော့လုပ်တယ်။ နောက်သုံးဦးက တွဲသုံးဘီးမောင်းနေကြသူတွေပါ” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ စစ်တွေမြို့ ဓညဝတီ(က)ရပ်ကွက်က ဂန္ဓာရုံဘုန်းတော်ကြီးကျောင်းမှာ နေထိုင်သူ လူငယ် ၆ ယောက်နဲ့ အသောကရာမ ဘုန်းတော်ကြီးကျောင်းမှ လူငယ် ၃ ယောက်တို့ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဂန္ဓာရုံဘုန်းတော်ကြီးကျောင်းမှ ဖမ်းဆီးခံရသူ ၆ ဦးအနက် ပုဏ္ဏားကျွန်းမြို့နယ် မြသောက်ကျေးရွာနဲ့ ပဲစိနန်းကျေးရွာတို့က အသက် ၂၀ ကျော်အရွယ် မောင်ဘိုအောင်ခင်၊ မောင်အောင်လင်းစိုး၊ မောင်စိုးမင်းမောင်အောင်ငြိမ်း၊ မောင်ဇော်လှိုင်ဦးတို့ ၅ ဦးမှာ စကားပြောသင်တန်း တက်ရောက်နေသူတွေဖြစ်ပါတယ်။ 

ကျောက်တော်မြို့နယ် ခွဆုံကျေးရွာမှ မောင်ကံစိုးကတော့ ဆိုင်ကယ်ဝပ်ရှော့‌တခုမှာ ဝင်ရောက်လုပ်ကိုင်နေသူဖြစ်ပြီး အသောကရာမဘုန်းတော်ကြီးကျောင်းမှာ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ် ၃ ယောက်ကတော့ ဘေးတွဲဆိုင်ကယ်မောင်းသူတွေ ဖြစ်ကြတယ်လို့  သံဃာတော်တွေဆီက သိရပါတယ်။

“ဒီလူငယ်တွေကို ဘာကြောင့် ဖမ်းတာလဲတော့ မသိရသေးဘူး။ မိဘတွေဆီကိုတော့ အကြောင်းကြားပေးထားတယ်။ လမ်းတွေပိတ်ထားတော သူတို့မိဘတွေလည်း မလာနိုင်ကြသေးဘူး” လို့ ဆရာတော်တပါး ​မိန့်ပါတယ်။

လက်ရှိ သူတို့ ၉ ယောက်ကို စစ်တွေမြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့က အရပ်သား ၇ ယောက်ကို နိုဝင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းက ပန်ဇင်တံတားနား ဝါးဆိပ်ကမ်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး နိုဝင်ဘာ ၁၂ ရက်မှာ ၁ ယောက်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အဲဒီ ၇ ယောက်ကို အေအေနဲ့ဆက်စပ်တယ်ဆိုတဲ့ သံသယရအပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတယ်လို့ သတင်းအရ စား သောက်ဆိုင်မှာ စီးနင်း ရှာဖွေဖမ်းဆီး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မျက်မြင် ဘူးသီးတောင်ဒေသခံတဦးက “သူတို့အားလုံးကို မနေ့က နေ့လယ် ၁ နာရီလောက်မှာ ဝါးဆိပ်ကမ်းက ဘော်တလ်ယူနိုက်တက်စားသောက်ဆိုင်ထဲကနေ အမှတ်(၁)စစ်ဗျူဟာက လာဖမ်းသွားတာ” လို့ ပြောပါတယ်။

ဖမ်းခံရသူတွေကတော့ ထွေ/အုပ်စာရေး ၂ ယောက်ဖြစ်တဲ့  ဦးမြတ်ဇော်ဦးနဲ့ ဦးအောင်နိုင်စိုး၊ ကျေးလက်ဌာနဝန်ထမ်း ဦးဇော်မျိုးသူ၊ ကျောင်း ဆရာ ဦးအောင်နိုင်၊ ဦးဇော်လှိုင်ဦး၊ ဦးလွင်မျိုးသန်းနဲ့ ဦးမင်းမြတ်ကျော်တို့ဖြစ်ပြီး ဘယ်နေရာမှာ  ထိန်းသိမ်းထားတယ်ဆိုတာ မသိရဘူးလို့​ မိသားစုဝင်တွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲက ကျေးလက်ဦးစီးဌာနမှ ဦးဇော်မျိုးသူကိုတော့ နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းက ပြန်လွှတ်ပေးခဲ့တာလို့ သိရပါတယ်။ 

ဖမ်းဆီးခံထားရသူ  ဘူးသီးတောင်မြို့ အမှတ် (၃) ရပ်ကွက်နေ ဦးမင်းမြတ်ကျော်ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က ၁ နာရီကျော်ကြာ ဝင်ရောက်ရှာဖွေခဲ့ပြီး ဦးမင်းမြတ်ကျော်ပိုင်တဲ့ မှန်လုံကား ၂ စီးကို သိမ်းဆည်းသွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s