ပဉ္စမအကြိမ်မြောက် CJDC အစည်းဝေးက မူး ယစ်ဆေးဝါးတားဆီးရေးနှင့် ရွေးကောက်ပွဲလက်မခံကြောင်းထုတ်ပြန်

ချင်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု တားဆီးသွားရန်နှင့် စစ်ကောင်စီမှ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို လက်ခံမည် မဟုတ်ကြောင်း ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) ပဉ္စမအကြိမ်မြောက် အစည်းအဝေးမှ သဘောထားအား နိုဝင်ဘာလ ၁၁ရက်နေ့တွင် ထုတ်ပြန်သည်။

“မူးယစ်ဆေးဝါးပြဿနာက မြန်မာပြည်ထဲမှာသာမက အကျိုးသက်ရောက်မှုက မီဇိုရမ်ဘက်မှာ ခိုလှုံနေကြတဲ့ မြန်မာပြည်သားများအပေါ်မှာလည်း ထိခိုက် မှုမျိုးတွေရှိလာတဲ့အတွက်ကြောင့်မို့ မူးယစ်ဆေးဝါးကို ပိတ်ပင်တားဆီးတာ ဖြစ်ပါတယ်” ဟု CJDC ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထွန်းထွန်းဦး က မဇ္စျိမ ကိုပြောသည်။

မြန်မာနိုင်ငံတွင် ပုံမှန် အစိုးရလည်ပတ်မှုပုံစံမရှိဘဲ မတည်မငြိမ်ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေကို အခွင့်ကောင်းယူပြီး ချင်းပြည်နယ်ထဲတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား ၊ သုံးစွဲသူအရေအတွက် များပြားလာနေသည်ကို တွေ့ရကြောင်းဆိုသည်။

ထို့အပြင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဖက်တွင်လည်း မြန်မာနိုင်ငံသားများ မူးယစ်ဆေးဝါး သယ်ဆောင်မှုနှင့် အဖမ်းခံရမှုများရှိလာနေပြီး ယင်းဒေသတွင်ခိုလှုံနေသော မြန်မာစစ်ဘေးရှောင်များအပေါ်အကျိုးသက်ရောက်မှုများ ရှိလာနိုင်သောကြောင့် ယခုကဲ့သို့ ပိတ်ပင်တားဆီးရခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့် ရှိသူမှ ဆက်လက်ပြောဆိုသည်။

သို့ဖြစ်သောကြောင့် ချင်းပြည်နယ်အတွင်း စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးများ ထုတ်လုပ်ခြင်း ၊ ရောင်းဝယ်ဖောက်ကားခြင်း နှင့် သုံးစွဲခြင်းများကို လုံးဝပိတ်ပင်တားဆီးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

CJDC အနေဖြင့် မူးယစ်ဆေးဝါးတားဆီးရေးလုပ်ငန်းစဉ်များအား အသေးစိတ် ထုတ်ဖော်ပြောဆိုရန် အဆင်မပြေသေးသော်လည်း ဒေသအခြေအနေနှင့် ကိုက်ညီမည့် ထိမ်းသိမ်းမှုများကိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

၎င်းအအပြင် အကြမ်းဖက်စစ်ကောင်စီမှ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအား လုံးဝ လက်ခံမည်မဟုတ်ကြောင်းနှင့် ရွေးကောက်ပွဲ ဖြစ်စဉ်များတွင် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်မှု မပြုလုပ်ကြရန် တိုက်တွန်းထားသည်။

“ချင်းပြည်နယ်မှာ မြိုပေါ်ကလွဲရင် တခြားဒေသအတော်များများကို သက်ဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့အားလုံးက ထိန်းချုပ်ထားတာမို့လို့ ၊ စကစအနေအနဲ့ မြို့ပေါ် ကလွဲပြီး ရွေးကောက်ပွဲလုပ်ဘို့မဖြစ်နိုင်ဘူး ၊ မြို့ပေါ်လုပ်မဲ့ ရွေးကောက်ပွဲ ဖြစ်စဉ်တွေကို CJDC အနေနဲ့ တားဆီးဟန့်တား လုပ်ဆောင်မှုတွေ လုပ်သွားဘို့ရှိပါတယ်” ဟု ဆလိုင်းထွန်းထွန်းဦး ကပြောသည်။

၎င်းတို့အနေနှင့် ဒီမိုကရေစီစံချိန်စံညွှန်းအရ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပသောစနစ်မှ ရလာသော ရလာဒ်ကိုသာ လက်ခံမည်ဖြစ်ပြီး စစ်ကောင်စီသည် နိုင်ငံတော်အာဏာကို မတရားလုယူ ထားကာ အာဏာဆက်လက်တည်မြဲရေးအတွက် နိုင်ငံတကာကို ပြရန် ဘမ်းပြ ပြုလုပ်မည့်ရွေးကောက်ပွဲဖြစ်သောကြောင့် လက်မခံခြင်း ဖြစ်ကြောင်းဆိုသည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲဖြစ်စဉ်များတွင် ပူးပေါင်း ပါဝင်မလုပ်ဆောင်ကြရန် CJDC မှ တိုက်တွန်းထားသည်။

ပဉ္စမမြောက် ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ (Chinland Joint Defense Committee) ပုံမှန်အစည်းအဝေးကို နိုဝင်ဘာလ ၃ရက်မှ ၇ရက်နေ့အထိ ငါးရက်တိုင်တိုင် ကိုယ်စားလှယ် ၃၀ဦး လေ့လာသူ ၂၇ဦး ဖြင့် စုစုပေါင်း ၅၇ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

CJDC သည် လူသားမျိုးနွယ်များအပေါ် နည်းလမ်းပေါင်းစုံဖြင့် အကြမ်းဖက်လုပ်ရပ်များကျူးလွန်သော အာဏာသိမ်းစစ်ကောင်စီ အမြစ်ပြတ်ချေမှုန်းရေး ၊ အမျိုးသားလွတ်မြောက်ရေး နှင့် ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် ပေါ်ထွန်းလာရေးအတွက် အခြားသော တော်လှန်ရေးအင်အားစုများနှင့်အတူ တိုက်ပွဲဝင်နေသော ကော်မတီဖြစ်သည်။

CJDC ကို ချင်းအမျိုးသားတပ်ဦး/တပ်မတော် (CNF/ CNA)အပါအဝင် ဒေသဆိုင်ရာ ချင်းကာကွယ်ရေးတပ်ဖွဲ့ ၁၈ဖွဲ့ဖြင့် ဖက်ဒရယ်ဒီမိုကရေစီနှင့် ချင်းလူမျိုးများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် စစ်ရေးဆိုင်ရာတွင် အချိတ်အဆက်ရှိရှိ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် စက် တင်ဘာလ ၃၀ရက် ၂၀၂၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s