Monthly Archives: Nov 2022

ရေစကြိုနှင့် မြောင်နယ်စပ်က ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအစပ်က မြောင်နဲ့ ရေစကြိုမြို့နယ်အတွင်း ကျေးရွာတွေကို  နိုဝင်ဘာ ၁၃ ရက် မနက် ၉ နာရီခွဲကစပြီး စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေယာဉ်နဲ့ပစ်ခတ်လို့ မြောင်မြို့နယ် ငါရံအိုကျေးရွာနေသူ တယောက် လက်နက်ကြီးအစ ထိမှန် ဒဏ်ရာရသွားတာကြောင့် ဆေးကုသပေးနေတယ်လို့ မြောင်ဒေသခံပြည်သူကာကွယ်ရေး ဗိုလ်တောက်ထွန်း က ပြောပါတယ်။

“လေယာဉ်နဲ့ ပစ်တာက ရေစကြိုမြိုနယ်ဘက်က ရွှေလှန်ကျေးရွာ ပတ်ပတ်လည်ကို ပစ်တာ။ ကျနော်တို့ မြို့နယ်ဘက်က ရွာတွေလည်း ပါတယ်။ ဗုံးချတဲ့ အသံတွေလည်း ကြားရတယ်။ လေယာဉ်ပေါ်ကနေ စက်လက်နတ်တွေလည်း ပစ်၊  ဗုံးလည်း ချ။ အထိအခိုက်ကတော့ လော လော ဆယ်တော့ လေယာဉ်ပေါ်ကနေပစ်လို့ တဦးတော့ ထိတယ်။”

နိုဝင်ဘာ ၁၂ ရက်က စစ်ကောင်စီတပ်ဟာ မြောင်မြို့နယ် မြစ်စုံရွာကို မီးရှို့ခဲ့ပြီးနောက် ညတွင်းချင်း ရေစကြိုမြို့နယ် ရွှေလှန်ရွာကို စစ်ကြောင်းထိုးကာ မီးရှို့ခဲ့ပြီး  ဒီမနက် ရွာက အထွက် ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက်မှာ မုံရွာ နမခက လေကြောင်းကနေ လာရောက် ပစ်ခတ်ခဲ့တယ်လို့ ဗိုလ်တောက်ထွန်းက ပြောပါတယ်။ 

စစ်ကောင်စီနဲ့ မြေပြင်စစ်ပွဲမှာ စစ်ကောင်စီဘက်က ၅ ယောက်ထက် မနည်းကျဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့က ပြောဆိုပေမဲ့ သီးခြားတော့ အတည်မပြုနိုင်ပါဘူ။

စစ်ကောင်စီတပ်ကတော့ အခုအချိန်အထိ ရွှေလှန်ကျေးရွာထဲကမထွက်သေးဘဲ ဆက်လက် မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

ဝက်လက်၊ ထန်းကြီးရွာကို မီးရှို့နေသော စစ် သားများ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးရွာကို မီးရှို့နေသော စစ်သားများ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကြောင်း Bo Tiger အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့တွင် မွန်းလွဲပိုင်းတွင် ထန်းကြီးရွာကို မီးရှို့ဖျက်ဆီးပြီး ကျေးရွာအတွင်းမှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ် ကြောင်းကို ကျောင်းဖြူရွာမှ Bo Tiger ဗိုလ်ကျားကြီးအဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကြောင်း သိရသည်။

” စစ်ခွေးတွေက ထန်းကြီးကို ရွာလုံးကျွတ် နီးပါးကို ရှို့တာ အဲရွာကနေ ပြန်ထွက်လာတဲ့အချိန် BO Tiger အဖွဲ့က ကျောင်းဖြူရွာနားက စောင့်ကြိုတိုက်ခိုက်တယ်။ ကြားကနေလည်း ဖြတ်တိုက် တာတွေလည်းရှိတယ်။ စစ်ခွေး ၂ ကောင်သေတာတော့ အတည်ပြုနိုင်တယ်။ ကျန်တဲ့ ထိ ခိုက်မှုတွေလည်း ရှိနိုင်တယ်။ အခုစစ်ခွေးတွေက ကျောက်ဖြူရွာဘက်ကို ရောက်နေတယ်။ အင်အား ၈၀ လောက်ရှိတယ်။ လက်နက်အင်အားက မမျှတော့ ကျွန်တော်တို့ ရဲဘော်တွေ ဆုတ်ပေးလိုက်တာရတယ်” ဟု Bo Tiger အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထိတွေ့ တိုက်ပွဲအတွင်း Bo Tiger အဖွဲ့မှ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းများကို အပြည့်အဝ ခုခံနိုင်ရန် မောင်းပြန်သေနတ်များလည်း လိုအပ်လျက်ရှိ​ပြီး ပြည်သူများမှ ဝိုင်းဝန်းလှူဒါန်းပေးရန် မေတ္တာရပ်ခံကြောင်း Bo Tiger အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ထပ်မံပြောဆိုသည်။khit thit

နွားထိုးကြီးမြို့ပေါ် ရှိ နေအိမ် ၁ လုံးကို သွေး သောက်အဖွဲ့ မီးရှို့ဖျက်ဆီး၊ ပြည်သူ ၂ ဦးကို ပစ်သတ်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် အမှတ်(၆)ရပ်ကွက်ရှိ နေအိမ်တစ်လုံးအား နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် စစ်ကောင်စီလက်အောက်ခံ သီတာယုမွန် သွေးသောက်အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း NTI Media ထံမှသိရသည်။

ယင်းနောက် အမှတ်(၅)ရပ်ကွက်ရှိ ပန်းကံ့ကော် လက်ဘက်ရည်ဆိုင်ပိုင်ရှင် ကိုမျိုးကျော်အားမတွေ့သဖြင့် အဖျော်ဆရာနှင့်အကြော်ဆရာအား ဖမ်းဆီးခေါ်ဆောင်ပြီးနောက် နွားထိုးကြီးမြို့အနောက်ဘက် တာတိုင် ကုန်းတွင် သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း သိရသည်။

သွေးသောက်အဖွဲ့သည် အမှတ်(၄)ရပ်ကွက်ရှိ မဝေမုန့်ဆိုင်အား သော့ဖျက်ဝင်ရောက်ကာ မီးရှိုဖျက်ဆီးခဲ့ ရာ အနီးရှိ မိုးဦးပန်းလက်ဘက်ရည်ဆိုင်ပါ တစ်ခြမ်းမီးလောင်ကျွမ်းခဲ့ရကြောင်း သိရသည်။

“ကားနှစ်စီးနဲ့လာတာ၊ မဝေမုန့်ဆိုင်နဲ့တစ်ပြိုင်တည်း အမှတ်(၆)ကအိမ်တစ်လုံးကို လုံခြုံရေးယူပြီး မီးရှို့ တာ။ ဘယ်သူမှ မငြှိမ်းရဲဘူး” ဟု NTI Media တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့ကလည်း နွားထိုးကြီးမြို့ အမှတ်(၇)ရပ်ကွက်၊ (၄၂)ရပ်ကွက်၊ (၄၈)ရပ် ကွက်နှင့် ဆူးဖြူကန်ကျေးရွာတို့မှ ပြည်သူလေးဦးအား စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်ကာ စေဒိတ်ကျေး ရွာနှင့် ထန်းတောကျေးရွာကြားတွင် လာရောက်ချထားခဲ့ကြောင်း သိရသည်။mizzima

မြိုင်မြို့နယ် နှမ်းဆီကန်ရွာကို စစ်ကောင်စီတပ် မီးရှို့၊ နေအိမ် ၁၂ လုံး ဆုံးရှုံး

မကွေးတိုင်း၊ မြိုင်မြို့နယ် နှမ်းဆီကန်ကျေးရွာကို နိုဝင်ဘာ ၁၂ ရက်နေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၂ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိုင်မြို့နယ် နှမ်းဆီကန်ရွာကို နိုဝင်ဘာ ၁၂ ရက်နေ့ ညနေ ၄ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ သရက်ကန်ရွာ၊ ဝက်ပုတ်ရွာက ပျူစောထီးတွေ အင်အား ၅၀ လောက် ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ နှမ်းဆီကန်ရွာခံတယောက်က ဒီဗွီဘီကိုပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ ရွာပြင်မှာနွားကျောင်းနေတဲ့ အဘိုးကြီးတယောက်ကို ဖမ်းဆီးရိုက်နှက်ကာ သူတို့မီးရှို့ချင်တဲ့ အမည်စာရင်းတွေပါတဲ့ နေအိမ်တွေကို လိုက်ပြခိုင်းပြီး မီးရှို့ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

နှမ်းဆီကန်ရွာမှာ အိမ်ခြေ ၂၀၀ ကျော်လောက်ရှိပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ဝင်လာပြီး မီးရှို့ ဖျက်ဆီးနေတာကြောင့် ရွာသားတွေ ဘေးလွတ်ရာထွက်ပြေးကြရပြီး အခုအချိန်ထိ ရွာထဲကို ပြန်မဝင်ရဲကြသေးဘူးလို့ ပြောပါတယ်။

သြဂုတ် ၇ ရက်နေ့ကလည်း စစ်ကောင်စီစစ်ကြောင်းက နှမ်းဆီကန်ကျေးရွာထဲကို ဝင်ရောက်မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူကာ နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။DVB

မုံရွာတွင် စစ်သားများ လိုက်ပါလာသည့် အိမ်စီးကား ၁ စီး ပစ်ခတ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်သားများ လိုက်ပါလာသည့် အိမ်စီးကား ၁ စီး ပစ်ခတ် တိုက်ခိုက်ခံရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့တွင် မုံရွာမြို့နယ် ကျောက္ကာကျေးရွာအနီးရှိ ဘုရားဋ္ဌာပန ပိတ်ပွဲမှ အရပ်ဝတ်ဖြင့် ပြန်လာသည့် စစ်သားများ လိုက်ပါလာသော အိမ်စီးကား ၁ စီးသည် မုံရွာ-ကျောက္ကာလမ်းပိုင်းမှ ဖြတ်လာစဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ် မုံရွာခရိုင်အမှတ် (၁) တပ်ရင်း- တပ်ခွဲ (၄) SRAF(MPDF)၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပက ဖ)၊ God of Monywa People Defense၊ ပုဏ္ဏကအဖွဲ့ တို့က ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကာ စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။khit thit

မြန်အောင်မြို့နယ်တွင် စစ်ကောင်စီသတင်း ပေးတစ်ဦး ပစ်ခတ်ခံရ

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကျေးရွာအုပ်စု၊ မျှင်ဝါးတောင်ကျေးရွာတွင် နိုဝင် ဘာလ ၁၂ ရက်နေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီသတင်းပေးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

အမည်မသိလက်နက်ကိုင်လူတစ်စုက မျှင်ဝါးတောင်ကျေးရွာတံတားထိပ်၊ မျှင်ဝါးတောင်ရဲစခန်းအနီးတွင် စစ်ကောင်စီသတင်းပေး မင်းထွဋ်ဆိုသူကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“အပစ်ခံရတဲ့လူက မျှင်ဝါးတောင်တံတားထိပ်နားမှာရှိတဲ့ ဖုန်းဆိုင်ကလူပါ။ အဲဒီလူက သူ့ကိုယ်သူ သတင်း ထောက်လိုလိုနဲ့ ရဲတွေနဲ့ပလူးပလဲနေတဲ့လူ။ ပြောရမယ်ဆို စစ်တပ်ဘက်ကပေါ့နော်။ ပစ်ခံရတဲ့လူကို ထိ သွားလား၊ မထိသွားဘူးလားတော့ မသိရဘူး။ ပစ်တဲ့အဖွဲ့တွေကတော့ ပြန်ပြေးသွားကြတယ်” ဟု ဒေသခံ ကဆိုသည်။

အမည်မသိလက်နက်ကိုင်များ ပစ်ခတ်သည့် သေနတ်သံကို မျှင်ဝါးတောင်နယ်မြေရဲစခန်းရှိ စစ်ကောင်စီ လက်အောက်ခံရဲများကြားပြီးနောက် စခန်းအတွင်းမှ ထွက်လာကာ ၁၅ မိနစ်ခန့် ရမ်းသန်းပစ်ခတ်ခဲ့ ကြသည်ဟုသိရသည်။

၎င်းအပြင် အဆိုပါနေ့ ည ၉ နာရီခန့်က မျှင်ဝါးတောင်ကျေးရွာအရှေ့ဘက်ရှိ သရက်ချောင်းတောအုပ်အ တွင်းမှ ပစ်ခတ်သံများကြားခဲ့ရကြောင်း ဒေသခံကဆက်လက်ပြောသည်။

“မနေ့ညက သရက်ချောင်းမှာ ပစ်ခတ်သံတွေကြားရပြီးတော့ မြန်အောင်၊ ငှက်ကြီးကွင်းရွာထဲကနေ ရဲတွေ ဖြတ်သွားကြတယ်။ ငှက်ကြီးကွင်းရွာမှာ အင်အားတဝက်ကျန်ခဲ့ပြီး၊ နောက်တစ်ဝက်က မျှင်ဝါးတောင် ဘက်ကိုဆင်းသွားကြတယ်”ဟုဆိုသည်။

လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံရဲများက မြန်အောင်မြို့နယ်အတွင်းမှ ကျေးရွာများတွင် မတရား ဖမ်းဆီးမှုများပြုလုပ်နေသည့်အ တွက် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ဝင်္ကပါ၊ ရွာသစ်ကုန်းနှင့် မျှင်ဝါးတောင်ကျေးရွာများမှ ပြည်သူငါးဦးထက်မနည်းဖမ်းဆီးခံထားရသည်ဟု ဒေသခံများ၏ ပြောပြချက် အရသိရသည်။ mizzima

မိုးကောင်းတွင် ပြည်သူ့စစ်စခန်းလုံခြုံရေးအတွက် ဒေသခံများကို အဓမ္မကင်းစောင့်ခိုင်း

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့က ပြည်သူတွေကို လုံခြုံရေးအကြောင်းပြ အတင်းအဓမ္မ ကင်းစောင့်ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထုံးရေပေါက်ကျေးရွာက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်း လုံခြုံရေးအတွက်ဆိုပြီး ပြည်သူ့စစ်စခန်း ဝင်ပေါက်တွေမှာ ဒေသခံပြည်သူတွေကို အလှည့်ကျ ကင်းစောင့်ခိုင်းနေတာလို့ ဆိုပါတယ်။

“ပြည်သူ့စစ်တပ်စခန်းမှာ ရွာထဲကသူတွေ အလှည့်ကျ ကင်းစောင့်ပေးရတယ်။ ရပ်ရွာလုံခြုံရေးဆိုပြီး သူတို့ စခန်းဝင်ပေါက်  နှစ်ခုမှာ သုံးဦးစီ အလှည့်ကျကင်းစောင့်ပေးရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးစစ်အောင် ခေါင်းဆောင်တဲ့ တပ်ဖွဲ့ဟာ သူတို့စခန်းကို လုံခြုံရေးအကြောင်းပြပြီး အရပ်သား ‌ဒေသခံ အမျိုးသားတွေသာမက အမျိုးသမီးတွေကိုလည်း ကင်းစောင့်ခိုင်းနေတယ်လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

“အကြောင်းအမျိုးမျိုးကြောင့် ယောက်ျားသား မရှိတဲ့ အိမ်တွေဆို အမျိုးသမီးတွေပါ ကင်းစောင့်ရတယ်။  ကင်းစောင့် မလိုက်ရင် ဒဏ်ကြေးကောက်မယ်ဆိုတော့ သွားစောင့်ရတာပေါ့။” 

ထုံးရေပေါက်ကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး နေအိမ် ခြောက်အိမ်မှ ဆယ်အိမ်ကို တဦးနှုန်းနဲ့ သြဂုတ်လမှစတင်ကာ ပြည်သူ့စစ်စခန်းမှာ အတင်းအဓမ္မ  ကင်းစောင့်ခိုင်းနေတာလို့ ဒေသခံတွေက ပြောပါတယ်။ DVB

မုံရွာနှင့် ဒီမော့ဆိုတွင် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံး၊ ပေါင်တွင်လည်း အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်ကောင်စီ တပ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၈ နာရီခန့်တွင် မုံရွာမြို့ရှိ ဗိုလ်ချုပ်လမ်း ညောင်ရိပ်သာရပ် မီးကင်းတဲအနီး အကြမ်းဖက် စစ်တပ် ခြေလျင်အဖွဲ့နှင့် အိမ်စီးကားဖြင့် ကင်းပတ်နေသော စစ်ကောင်စီ တပ်သားများ မိုင်း ၃ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Golden Eagle Force-Monywa၊ Black Dragon Special Task Force၊ Monywa Ranger Armyနှင့် Farmers Revolution Force (FRF UG တပ်ရင်း)တို့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က ၄၀ မမ၊ လက်နက်ငယ်များ ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေး တပ်ဖွဲ့များက အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း Golden Eagle Force-Monywa အဖွဲ့က ထုတ်ပြန်ထားသည်။

ထို့အတူ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့များနှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး ၂ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဒီမော့ဆိုမြို့နယ်၊ ဒေါငံခါးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် အလယ်ပိုင်းတိုင်း အမှတ် (၁၁၀၂) တပ်ရင်းတို့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က စတင်ကာ တစ်နာရီကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၂ ဦး သေဆုံးခဲ့​ကြောင်း အလယ်ပိုင်းတိုင်း အမှတ် ၁၁၀၂ တပ်ရင်းက ထုတ်ပြန်ထားသည်။

ထို့ပြင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ ညပိုင်းတွင် ပေါင်မြို့နယ် မူးနိုင်း ရပ်ကွက် ဥက္ကဌ ကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေ ဆုံးခဲ့ကြောင်း သိရသည်။ khit thit

ရေဦးမြို့ ဆီသာမြေကျေးရွာနှင့် ကျေးရွာပေါင်း ၁၁ ရွာကို စစ်ကောင်စီမှ ရဟက်ယာဉ်ဖြင့်ပစ်ခတ် ဒေသခံ ၃ ဦးသေဆုံး

စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဆီသာမြေကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၁ ရွာကို နိုဝင်ဘာလ ၁၁ရက်နေ့ နံနက်၁၀နာရီခန့်က တိုက်ခိုက်ရေး ရဟက်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရသည်။

စစ်ကောင်စီမှ Mi-35 ရဟက်ယာဉ်လေးစီး ၊ ထောက်ပို့ရဟက်ယာဉ် နှစ်စီးတို့ဖြင့် ဆီသာမြေ ကျေးရွာအပါအဝင် ရွာပေါင်း ၁၁ ရွာကိုပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ သုံးဦး သေဆုံးခဲ့ပြီး ပြည်သူ ၁၈၀၀ဝန်းကျင်ခန့်သည် စစ်ဘေးရှောင်စခန်းတွင် တိမ်းရှောင်နေရကြောင်း သိရသည်။

“အဲ့ဒီမှာ ကာကွယ်ရေးအဖွဲ့တစ်ခုက အစည်းအဝေးလုပ်မယ်လို့ကြားတာပေါ့။ ရဟတ် ယာဉ်နဲ့ပစ်ပြီးမှ ကြားတာ။ ဒါကြောင့် ပစ်ပြီး လေယာဉ်ပေါ်ကနေ လူချပြီးတာနဲ့ရွာထဲကို ဝင်စီးတော့ တာပဲ”ဟုရေဦးမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူကပြောသည်။

စစ်ကောင်စီသည် ကျေးရွာပေါင်း ၁၁ ရွာကို ရဟက်ယာဉ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နောက် စစ်ကောင်စီတပ်သား အင်အား၁၀၀ခန့်ချ ထားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဆီသာမြေကျေးရွာမှ တစ်ဆင့်ပန်းကုန်းရွာသို့ စစ်ကြောင်းထိုးခဲ့ပြီး ထိုမှတဆင့် အင်တောရွာ၊ ပုန်းနဂါးရွာများသို့ ထပ်မံစစ်ကြောင်းထိုး ဝင်ရောက်၍ ပန်းကုန်း ကျေးရွာတွင် ပြန်လည်တပ်စွဲခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းတွင်လည်း ရေဦး-တန့်ဆည် လမ်းမဘေးရှိ ဆိုင်များအား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိသည်။ mizzima

« Older Entries