ရေစကြို၊ ကန့်ဘလူ၊ ဝက်လက်၊ မြောင်၊ ဝန်းသိုမြို့နယ်ရှိ ကျေးရွာအများအပြားကို ယနေ့ နံနက်ပိုင်းတွင် စစ်တပ်စစ်ကြောင်းများက မီး ရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မြောင်မြို့နယ်၊ ဝန်းသိုမြို့နယ်၊ ကန့်ဘလူမြို့နယ် နှင့်မကွေးတိုင်း၊ ရေစကြိုမြို့နယ်တို့ရှိ ကျေးရွာအများအပြားကို စစ်တပ်စစ်ကြောင်းများက မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းမှစတင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များက စစ်ကိုင်းတိုင်း၊၀က်လက်မြို့နယ်အတွင်းသို့ စစ်ကြောင်း ၃ ကြောင်းဖြင့် ကျေးရွာများကို ပစ်ခတ် မီးရှို့မှုများ လုပ်ဆောင်နေပြီး ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထန်းကြီးကျေးရွာကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ကျေးရွာသားများက ပြောဆိုကြသည်။

” ဒီမနက် ဝက်လက် ထန်းကြီးကျေးရွာကို စစ်ကောင်စီက မီးတွေ ရှို့နေပါတယ်။ မနေ့ညနေပိုင်းမှာ လက်နက်ကြီးတွေနဲ့ပစ်ပြီး ရွာထဲကို ဝင်လာတာပါ။ အခု ဝက်လက်နယ်ထဲကို စစ်ကြောင်း၃ကြောင်းနဲ့ ထိုးနေပါတယ်။ မင်းကွန်းဘက်ကနေ စစ်တပ် စစ်ကြောင်း ၁ကြောင်း၊ ပဒူခက်ခဘက်ကနေ စစ်ကြောင်း ၁ ကြောင်း၊ ထန်းကြီးကျေးရွာဘက်ကနေ စစ်ကြောင်း ၁ ကြောင်း စုစုပေါင်း၃ကြောင်းထိုးနေပါတယ်” ဟု ဒေသခံပြည်သူတစ်ဦးက‌ ပြောဆိုသည်။

ထို့အတူ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အင်းမကျေးရွာ မြောက်ကုန်း ရှိ နေအိမ်များကို စစ်တပ်က စတင်မီးရှို့နေကြောင်း၊ အင်းမကျေးရွာ တောင်ရွာနှင့်မြောက်ရွာ နှစ်ရွာ​ပေါင်း အိမ်ခြေ ၄၀၀ ခန့်ရှိပြီး ပြည်သူများအားလုံးထွက်ပြေးနေရကြောင်း သိ ရှိရသည်။

ထို့ပြင် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရွှေလှန် ကျေးရွာကို ရွာလုံးကျွတ် မီးရှို့နေကြောင်း သိရှိရသည်

ထို့အတူ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၇ နာရီအချိန် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မြစ်ဆုံ ကျေးရွာကိုလည်း ထပ်မံ မီးရှို့နေကြောင်း သိရှိရသည်။

“မြစ်ဆုံကျေးရွာကတော့ တစ်ရွာလုံးကုန်ပါပြီ။ အိမ်ခြေ ၁၀၀၀ လောက်ရှိတာ။ မနေ့က တစ်နေ့လုံး မီးရှို့တယ်။ အခု မနက်လည်း ထပ်ပြီး မီးရှို့တယ်။ ရွာလုံးကျွတ် ပျောက်အောင် မီးရှို့ပစ်နေကြတာ” ဟု မြစ်ဆုံကျေးရွာသားတစ်ဦးက ပြောသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမော်ကျေးရွာ အုပ်စု၊ ဝါးဘိုးချောင်းကျေးရွာကို စစ်တပ်က ယမန်နေ့ညပိုင်းတွင် မီးစတင်ရှို့ခဲ့ပြီး ယ နေ့ နံနက်ပိုင်းအထိ မီးလောင်ကျွမ်းနေဆဲဖြစ်ကာ ရွာလုံးကျွတ်နီးပါး ပြာကျသွားပြီဟု ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

“မနေ့ ညနေ ၆ နာရီခွဲလောက်ကတည်းက ဝါးဘိုးချောင်းကျေးရွာကို မီးရှို့တာ အခု မနက်အထိ လှိုက်လောင်နေတာတွေလည်းရှိတယ်။ ရွာက ကုန်သွားပြီ။ အကုန်ပြာကျသွားပြီ။ ပြည်သူတွေက အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ပြေးရတာ အကုန်မီးထဲပါသွားပြီ။ ဘာမှ ပြန်မရဘူးလို့ သိရပါတယ်။ကျနော့်မိဘဆွေမျိုးတွေလည်း ပြေးနေကြတော့ ဖုန်းအဆက်အသွယ်မရဘူး။ ဖုန်းလိုင်းတွေဖြတ်ထားတယ် ” ဟု ရန်ကုန်မြို့သို့ ရောက် ရှိနေသည့် ဝန်းသိုမြို့နယ်၊ ဝါးဘိုးချောင်းကျေးရွာမှ လူငယ်တစ်ဦးက ပြောသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s