ဝမ်ပေါင်ကုမ္ပဏီနှင့်ရွှေဘိုကညနရုံး ရဲကင်းများ ပစ်ခတ်ခံရ၊ ချောင်ဦး PDF နှင့် ပျူစောထီးအဖွဲ့ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး-ယင်မာပင်သွား ကားလမ်းဘေးက ဝမ်ပေါင်ကုမ္ပဏီအစောင့် ရဲကင်း နိုဝင်ဘာ ၁၂ ရက် ညနေ ၆ နာရီကျော်က ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေက ပြောတယ်။

ပစ်ခတ်ခံရပြီးနောက် ဝမ်ပေါင်ကုမ္ပဏတခုလုံး လျှပ်စစ်မီးတွေ ပိတ်ထားတယ်လို့ ဝမ်ပေါင်ဝန်ထမ်းတဦးက ပြောပါတယ်။ 

“ညက အပစ်ခံရတယ်။ ဘယ်အဖွဲ့က လာပစ်တယ်တော့ မသိဘူး။ အပစ်ခံရတဲ့ ရဲကင်းက ပုံမှန် ရဲ ၅ ဦး စောင့်တယ်။ အသေအပျောက် ရှိလားတော့ မသိရဘူး” လို့ ပြောပါတယ်။

အခုလို ပစ်ခတ်ရတာဟာ နိုဝင်ဘာ ၁၁ ရက်က ဆာလင်းကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့တဦး သတ်ဖြတ်ခံရတဲ့အပေါ် လက်စားချေတာလို့ ဆာလင်းကြီးမြိုနယ် MRDA မြန်မာတော်ဝင်နဂါး တပ်ခွဲ တာဝန်ခံ တကိုယ်တော်သုဘရာဇက ပြောပါတယ်။

“ပစ်တာက ၄၀ မမ နဲ့ မီတာ ၁၀၀ ကပစ်ခဲ့တာ။ တလုံးပဲ ပစ်နိုင်ခဲ့တယ်။ ၂ ဦး သေတယ်လို့ သိရတယ်။ ကျနော်တို့ဘက်က အသေအပျောက် မရှိဘူး။”

ဆာလင်းကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့  ပြည်သူကာကွယ်ရေးအဖွဲ့တို့ စစ်ရေး  တင်းမာနေကာ စစ်ကောင်စီတပ်က ညောင်ပင်ကြီး-ယင်းမာပင်လမ်း၊ မုံရွာ-ပုသိမ်လမ်း စတဲ့ လမ်းဆုံကနေ နိုဝင်ဘာ ၁၃ ရက် မနက်ခင်းမှာ စစ်ဆေးရေး  လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ ကညနရုံးရှိ ဂိတ်စောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နိုဝင်ဘာ ၁၂ ရက်က ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ  စစ်သား ၂ ယောက် သေဆုံး သွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

ကညနရုံးကို ၄ မမ ဗုံးသီး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရည်ရွယ်ထားတဲ့ ပစ်မှတ်အသီးသီးကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ Black Wolf – PDF မှ တာဝန်ရှိသူက ပြောပါတယ်။

“ပစ်မှတ်ကို ထိထိရောက်ရောက် ပစ်ခတ်နိုင်ခဲ့ပါတယ်။ သေတဲ့ ၂ ကောင်အပြင် ဒဏ်ရာရတဲ့ ကောင်တွေလည်း ရှိတယ်။ အတွင်းထဲ အော်သံတွေဆူညံသွားတာပဲ။”

တိုက်ခိုက်မှုအတွင်း ကညနရုံးအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာ ကင်းတဲဂိတ် (ဘန်ဘာ) အနီးမှာ ၁ လုံး၊ ရုံးခေါင်မိုးပေါ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စုဖွဲ့ထိုင်နေတဲ့နေရာအတွင်းမှာ ၂ လုံး ထပ်မံ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဖွဲ့က အနီးဝန်းကျင်ကို ပစ်ခတ်ခဲ့ပြီး သေဆုံးသူ ၂ ယောက်နဲ့ ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်တွေကို လူမှုရေးကားနဲ့ တင်သွားကြတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုဟာ အောက်တိုဘာလအတွင်းက ကျဆုံးသွားတဲ့ Black Wolf – PDF မှ ရဲဘော် ၄ ယောက်အတွက် လက်တုန့်ပြန်တာလို့ ဒေသကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။

မနေ့မနက် ၁၁ နာရီခွဲလောက်ကလည်း ရွှေဘိုမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့က ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသကာ ကွယ်ရေးအဖွဲ့များက အနီးကပ်ပစ်ခတ်ခဲ့ရာမှာ စစ်သား ၁ ယောက် သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ချောင်ဦးမြို့နယ်အတွင်း ချောင်းဦးပြည်သူကာကွယ်ရေးတပ်၊ မဟာမိတ် ပူပေါင်းကင်းလှည့်အဖွဲ့နဲ့ ကံကြီးကုန်း ပျူစောထီးတို့ နိုဝင်ဘာ ၁၂ ရက် မနက် ၁၁ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူစောထီး ၃ ယောက် သေဆုံးတယ်လို့ Chaung U Local Defence Force (CLDF) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“မဟာမိတ်ပူးပေါင်းအဖွဲ့ရဲ့ ရဲဘော်တွေက ကင်းလှည့်နေတာနဲ့ ကံကြီးကုန်းကျေးရွာက ထွက်ခွာလာတဲ့ ပျူစောထီးတွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ် ပွားခဲ့တယ်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပျူစောထီးဘက်က သုံးဦး သေဆုံးတယ်။ ကျနော်တို့ ရဲဘော်ဘက်က အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့တယ်။”

အဲဒီတိုက်ပွဲမှာ Chaung U Local Defence Force (CLDF)၊ ချောင်းဦးမြို့နယ် ပ.လ.ဖ၊ မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း နဲ့ Chaung U Revolution Army (CRA) အဖွဲ့တွေ ပူးပေါင် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ သေဆုံး ဒဏ်ရာရတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီခြားအတည် မပြုနိုင်သေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s