Monthly Archives: Nov 2022

သံဖြူဇရပ်-ရေးကားလမ်း၌ စစ်ကောင်စီတပ် ဖွဲ့ ၅ ကြိမ်တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေးကားလမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နိုဝင်ဘာ ၁၂ ရက်နေ့က 5 ကြိမ်ဆက်တိုက် တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ 

ရေးမြို့ဘက်ကနေ သံဖြူဇရပ်ဘက်ကို စစ်ကား ၂ စီးနဲ့ သွားနေစဥ် အောင်သပြေရွာအနီးမှာ နိုဝင်ဘာ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်လောက် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ချုံခိုတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်လောက်မှာလည်း စစ်ကောင်စီတပ်က စစ်ကား ၉ စီးနဲ့  ရေးမြို့ဘက်က​နေ သံဖြူဇရပ်ဘက်ကို လာစဉ် ကနင်ကမော့ရွာနဲ့ အောင်သာယာရွာကြားမှာ ထပ်မံချုံခိုတိုက်ခိုက်ခဲ့ရာမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ရေး-သံဖြူဇရပ်ကားလမ်းပိုင်းမှာပဲ သံဖြူဇရပ်ကနေ ရေးဘက်ကို လမ်းကင်းအဖြစ် ဆင်းလာကြိုတဲ့ စစ်ကား ၂ စီးကို ည ၇ နာရီ ၁၀ မိနစ်လောက်မှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၁ စီး ထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်မှုသေဆုံးတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ 

အဆိုပါကားလမ်း ဘေးလမိုင်းရွာနဲ့ အေးကမ္ဘာရွာကြားမှာ ည ၇ နာရီကျော်လောက် စစ်ကား ၁၁ စီးကို ၄ ကြိမ်မြောက် ထပ်မံချုံခိုတိုက်ခိုက်ခဲ့သလို ည ၁၂ နာရီလောက်မှာလည်း ရေးကနေ သံဖြူဇရပ်ဘက်ကို ထပ်တက်လာတဲ့ စစ်ကား ၁၂ စီးဟာ ဝဲခမိရွာအနီးနားမှာ ၅ ကြိမ်မြောက် တိုက်ခိုက်ခံရပြီး ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဆိုပါ ရေး-သံဖြူဇရပ်ကားလမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မကြာခဏ အလစ်ငိုက် ချုံခိုတိုက်ခိုက်ခံရလေ့ရှိပြီး ထိခိုက်အကျအဆုံး များလာတာကြောင့် ပတ်ဝန်းကျင် ကျေးရွာနေပြည်သူတွေ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံဖြူဇရပ်-ရေးကားလမ်းကို ခရီးသွားတွေ သတိရှိကြဖို့ စစ်ကောင်စီကားနဲ့ အတူ မသွားလာကြဖို့ မွန်ပြည်နယ်တောင်ညိုပြည်သူ့ပြောက် ကျားတပ်ဖွဲ့က သတိပေးထားပါတယ်။

အဆိုပါဖြစ်စဉ်တွေနဲ့ ပက်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ DVB

ဒူဘိုင်းတွင် အိမ်ဖော် မြန်မာ ၄ ဦး တစ်နေ့လျှင် နံပြား ၂ ချပ်သာ ကျွေးပြီး ပိတ်လှောင်ခံထားရ၊ အိမ် ဖော် မစုလှိုင်နွယ် မြန်မာပြည် ပြန်ရန် လျှော်ကြေး ၇၄ သိန်း ပေးခဲ့သော်လည်း အိမ်ပြန်ခွင့်မရဘဲ နိုင်ဝတ်မှုန်အေဂျင်စီက ငွေလိမ်

အရှေ့အလယ်ပိုင်း၊ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းတွင် အိမ်ဖော်လုပ်ရန် နိုင်ဝတ်မှုန်အမည်ရ အေဂျင်စီက ပို့ဆောင်လိုက်သော မြန်မာအမျိုး သမီး ၄ ဦးဖြစ်သည့် မခင်မိုးမြင့်၊ မနွဲ့ရီဝင်း၊ မစပယ်စိုး၊ မတိုးတိုးလွင်တို့မှာ ဧပြီလကတည်းက ဒူဘိုင်းသို့ ရောက်ရှိခဲ့သော်လည်း ယခုတိုင် အလုပ်မရရှိဘဲ ဒူဘိုင်းအလုပ်သမား အေဂျင်စီအခန်းတွင်းပိတ်လှောင်ထားပြီး တစ်နေ့လျှင် နံပြား ၂ ချပ်သာ စားရကြောင်း အဆိုပါအမျိုးသမီး ၄ ဦးက ပြောသည်။

ဒူဘိုင်းတွင် ပိတ်လှောင်ခံထားရသည့် မခင်မိုးမြင့်သည် နေပြည်တော်မှဖြစ်ပြီး မတိုးတိုးလွင်နှင့် မနွဲ့ရီဝင်းသည် ဧရာ၀တီ တိုင်း၊ ဓနုဖြူမြို့မှ ဖြစ်ကြောင်း၊ မတင်ချိူမြင့်သည် ရခိုင်ပြည်နယ်မှဖြစ်ကြောင်း သိရှိရသည်။

ဒူဘိုင်းတွင် အိမ်ဖော်အလုပ်လုပ်ရန် ရောက်ရှိခဲ့သော်လည်း အလုပ်မရသဖြင့် အေးဂျင့်က ပိတ်လှောင်ထားခြင်းဖြစ်ပြီး တစ်နေ့လျင် နံပြား နှစ်ချပ်သာ ကျွေးကြောင်း၊ မြန်မာနိုင်ငံပြန်လိုသော်လည်း လျှော်ကြေး သိန်းရာချီပေးမှ ပြန်ခွင့်ပြုမည်ဆိုသဖြင့် ဒုက္ခရောက်နေကြကြောင်း၊ မတိုး တိုးလွင်သည် အိမ်ဖော်အလုပ်ကို ခဏ လုပ်ခွင့်ရပြီး အိမ်ရှင်က မကြိုက် နှစ်သက်၍ ပြန်ပို့ချိန် နေမကောင်းဖြစ်ကာ စိတ်ဝေဒနာပါ ခံစားနေရကြောင်း သိရှိရသည်။

“၄ လပိုင်းကတည်းက ဒူဘိုင်းရောက်ခဲ့ပြီး အခုချိန်ထိ အလုပ်မရသေးဘဲ အခန်းထဲ ပိတ်ခံထားရပါတယ္။ တိုးတိုးလွင်က အိမ်ရှင်ရခဲ့ပေမယ့် အိမ်ရှင်က ပြန်ပို့လိုက်တဲ့ နေ့ကစပြီး နေမကောင်းဖြစ်တာ စိတ်ရောဂါပါ ခံစားနေရတယ်။ အဲဒါကို အေးဂျင့်ကို ပြောပြတော့ ပြန်ခေါ်ပေးမယ့် လျှော်ကြေးမပေးရဘူးပြောတယ်။ တစ်လ လည်း မခေါ်၊ ၂ လလည်း မခေါ် ၊ ၃ လလည်း မခေါ်လို့ မိဘတွေက သွားညှိနှိုင်းတော့ အေးဂျင့်မက အကုန် Block ပြီး ရှောင်သွားတယ်။ အခန်းထဲ ပိတ်ထားခဲ့တယ်။ တစ်နေ့ကို နံပြား ၂ ခုသာ စားရတဲ့ အပြင် နေမကောင်းတဲ့ မိန်းက လေးပါ ဆေး မကုပေးဘဲ ဒီအတိုင်းထားတယ်” ဟု အိမ်အကူအမျိုးသမီးများ၏ အကူအညီတောင်းချင်ခံရသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောပြ သည်။

မြန်မာပြည်မှ အိမ်ဖော်များကို ဒူဘိုင်းနှင့် အိုမန်သို့ ပို့ဆောင်နေသည့် နိုင်ဝတ်မှုန်အမည်ရ အေဂျင်စီသည် သင်္ဃန်းကျွန်းမြို့နယ်၊ သမာဓိ ၂ လမ်း တွင် တည်ရှိကြောင်း သိရှိရသည်။

နိုင်ဝတ်မှုန်အမည်ရ အေဂျင်စီ၏ ပို့ဆောင်ပေးမှုဖြင့် ဒူဘိုင်းသို့ အိမ်ဖော်အဖြစ် သွားရောက်ခဲ့သူ မစုလှိုင်နွယ်သည် အိမ်ရှင်၏ ရိုက်နှက်မှု ဒဏ် ခံရသဖြင့် အဆင်မပြေခဲ့ကြောင်း၊ ထို့ကြောင့် လျှော်ကြေး ၇၄ သိန်းပေး၍ မြန်မာပြည်ပြန်ရန် လုပ်ဆောင်ခဲ့သော်လည်း ၁၀ ရက် ကျော်ကြာလာသည့်တိုင် မြန်မာနိုင်ငံ ပြန်မပို့ပေးသေးဘဲ ငွေလိမ်လည်ပုံစံရှိလာကြောင်း သိရှိရသည်။

“အိုမန်မှာရောက်နေတဲ့ မစုလှိုင်နွယ်က မြန်မာပြည်ပြန်ချင်တာ လျှော်ကြေး ၇၃ သိန်း ၆ သောင်းပေးမှ ပြန်ပို့မယ် ပြောလို့‌ လျော်ကြေး ၇၃ သိန်း ၆ သောင်း ပေးခဲ့ပေမယ့် ၁၀ ရက်ရှိပြီ ပြန်မပို့ဘူး။ ပိုက်ဆံပေးပြီး ပြန်ဖို့လုပ်တာ။ အိမ်ရှင်က နှိပ်စက်လို့ ပြန်မှာကို အေဂျင်စီဆီ ပြန်ရောက်တော့လည်း အေဂျင်စီက ကောင်တွေက ထိုးကြိတ်ရိုက်နှက်တယ်” ဟု ဒုက္ခရောက်နေသူ အိမ်အကူများကို ကူညီပေးနေသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ပြေဆိုသည်။ khit thit

မိုးမောက်မြို့တွင် စစ်ကောင်စီတပ်က နေအိမ် ၂လုံးကို မီးရှို့ဖျက်ဆီး၊ ဒေသခံ ကျည်ထိမှန် ဒဏ်ရာရ

ကချင်ပြည်နယ်၊ မိုးမောက်မြို့တွင် စစ်ကောင်စီတပ်က နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးပြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတစ်ဦး ခြေထောက်တွင် ကျည်ထိမှန်ဒဏ်ရရှိခဲ့သည်ဟု ဒေသခံထံက သိရသည်။

နိုင်ဝင်ဘာလ ၁၁ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မိုးမောက်မြို့ ၊ခါနန်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းအနီးတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကျောင်းရှေ့ရှိ ဆိုင်ခန်းနှင့် လူနေအိမ်တစ်လုံးအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“စာသင်ကျောင်းရှေ့မှာ ၁၁နာရီဝန်းကျင်မှာဖြစ်တာ။ရမ်းသန်းပစ်ခတ်မှုတွေရှိတယ် ။ ပြည်သူတစ်ယောက် ခြေထောက်မှာ ကျည်ထိမှန်တယ်။ ဗန်းမော် ဆေးရုံမှာထင်တယ်။ မီးလောင်တာကတော့ အားလုံးလောင်သွားတယ် ။ ဝက်တွေလည်း စစ်သားတွေက ဖမ်းသွားတယ်” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ယင်းနေ့ ညနေပိုင်းတွင် အဆိုပါမီးလောင်မှုအား မိုးမောက်မီးသတ်ဦးစီးဌာနက မီးငြိမ်းသတ်ခဲ့ကြောင်း သိရပြီး အနီးပတ်ဝန်းကျင်တွင် ကျန်ရှိသည့်မိုင်းများကိုလည်း ရှင်းလင်းခဲ့ကြောင်း သိရသည်။

မိုးမောက်မြို့နယ် လုံဂျာတောင်ရွာတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား အောက်တိုဘာလ ၂၂ ရက်နေ့မှ စတင်ကာ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ယနေ့အချိန်ထိ အဆိုပါဒေသတွင် စစ်ရေးတင်းမာလျက်ရှိကာ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် မကြာခဏ ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်နေသည်ဟု အဆိုပါဒေသခံက ဆိုသည်။

ပြီးခဲ့သည့် နိုင်ဝင်ဘာလ ၉ရက်တွင်လည်း စစ်ကောင်စီတပ်နှင့် KIA တို့ကြား ကြံခင်းရွာ၊ ရေကျော်တံတားအနီး၌ ပစ်ခတ်မှုများရှိခဲ့ပြီး လူထိ ခိုက်မှုမရှိကြောင်း သိရသည်။ mizzima

မင်္ဂလာပွဲက ပြန်လာသူ ၂၅ ဦးကို သရက်ချာင်းမြို့ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့က မင်္ဂလာပွဲမှ ပြန်လာသည့် ပြည်သူ ၂၅ ဦးသည် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်အရောက်တွင် ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများထံက သိရသည်။

ပန်းပြင်ရွာနှင့် သရက်နှစ်ခွါရွာ အကြားရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ် အရောက်တွင် ပန်းတောက်ကြီးရွာ မင်္ဂလာဆောင်ပွဲမှ ပြန်လာသည့် ၎င်းတို့ကို စစ်ကောင်စီတပ်က ကားပေါ်မှ ဆင်းခိုင်းကာ စစ်ဆေးစရာရှိသည်ဟုဆိုကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

သရက်ချောင်းမြို့ခံ တစ်ဦးက“ဖမ်းခံလိုက်ရတဲ့ သူတွေက ခရီးသည်ကားနဲ့ လာတာပါ ။ ယာဉ်မောင်းကို ပြန်လွှတ်‌ေပးလိုက်တယ်။ မနေ့က နိုဝင်ဘာလ ၁၂ရက်နေ့အထိ ပြန်မလွှတ်ပေးသေးပါဘူး”ဟု ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများကို စစ်ကောင်စီ တပ်ဖွဲ့က ပြန်လွှတ်ပေးခြင်း ရှိ၊ မရှိကိုမူ မသိရသေးကြောင်း ဒေသခံသတင်း အရင်းအမြစ်ကပြောသည်။

အဆိုပါ မြိတ်-ထားဝယ် လမ်းပိုင်းတွင် ယခု ရက်ပိုင်း အတွင်း စစ်ကောင်စီနှင့် ပြည်သူ့ ကာကွယ်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့တို့ မကြာခဏ တိုက်ပွဲ ဖြစ်ပွား‌ေနသည်။ ထို့ကြောင့် နိုဝင်ဘာလ ၈ ရက်နေ့မှ စတင်ကာ ထိုလမ်းပိုင်းကို ခရီးသွား ပြည်သူများ သွားလာခြင်း မပြုရန် PDF အဖွဲ့များက သတိပေး မေတ္တာ ရပ်ခံထားသည်။ mizzima

အာဏာသိမ်းကာလ ဖြစ်ရပ်ဆိုးများနှင့် စိတ်ကျန်းမာရေး

စစ်တပ် မတရား အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံ၌ Facebook သုံးသူ မည်သူမဆို စိတ်ကျန်းမာရေး ထိခိုက်စေနိုင်သော ပို့စ်များ၊ သ တင်းများကို ပိုမို ထိတွေ့ မြင်တွေ့ လာကြရသည်။  

အာဏာသိမ်း စစ်တပ်က ဆန္ဒပြကြွေးကြော်သူများကို အကြမ်းဖက် ပစ်ခတ်ခြင်း၊ ကားဖြင့် ရက်စက်စွာ တိုက်၍ ဖမ်းဆီးခြင်း၊ စစ်ကြောရေးတွင် လူမဆန်စွာ နှိပ်စက်ညှဥ်းပန်းခြင်း၊ ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခြင်း၊ လူအစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများကို လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးငယ်များ သေကြေထိခိုက် ဒဏ်ရာရရှိခြင်း စသည့် စိတ်ကျန်းမာရေး အကြီးအကျယ် ထိခိုက်နိုင်စေသည့် ရေးသားတင်ဆက်မှုများ၊ သတင်းများကို ဖတ်ရှုနေကြရသည်။  

ထိုသို့သော မြင်ကွင်းများကို လူမှုကွန်ရက်ပေါ်တွင်သာ မဟုတ်ဘဲ လက်တွေ့ မြေပြင်တွင် ကိုယ်တိုင် ကြုံတွေ့ ဖြတ်သန်းနေရသူများ ဆိုလျှင်မှု ၎င်းတို့၏ စိတ်ဒဏ်ရာရမှုက ဆိုဖွယ်ရာပင် ရှိမည် မဟုတ်ပေ။  

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ COVID 19 ကပ်ရောဂါ ကာလ မတိုင်ခင်မှာပင် ကမ္ဘာတစ်ဝှမ်းရှိ လူ ရှစ်ယောက်တွင် တစ်ယောက်နှုန်းခန့်သည် စိတ်ပိုင်းဆိုင်ရာ ပြသနာ တစ်ခုခုနှင့် ရင်ဆိုင် နေကြရသည်။  

မြန်မာပြည်သူများ၏ စိတ်ကျန်းမာရေး အခြေအနေကို သီးခြား သုသေတန ပြုထားသည့် အချက် အလက်များ မရှိသော်လည်း တစ်ကမ္ဘာလုံး ခံရသည့် COVID-19 လှိုင်း သာမက စစ်တပ် အာဏာသိမ်းမှု၊ နောက်ဆက်တွဲ အထွေထွေအကြပ်အတည်းနှင့် တော်လှန်ရေး ကာလ ပြည်တွင်း စစ်မီးတို့ကိုပါ ခါးစည်း ရင်ဆိုင် ခံစား နေကြရသည့် မြန်မာပြည်သူတို့၏ စိတ်ကျန်းမာရေး မည်မျှ ထိခိုက် ချို့ယွင်းနေကြမည်ကို တွေးကြည့် ရုံဖြင့်ပင် မှန်းဆ၍ ရနိုင်သည်ဟု ဆိုရမည် ဖြစ်သည်။  

ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့ကပင် ချင်းပြည်နယ် ဖလမ်း ပြည်သူ့ဆေးရုံအုပ်ကြီး ဖြစ်သူ အသက် ၄၁ နှစ်အရွယ် Dr.Tluang Cung Thang သည် နေအိမ်၌ပင် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေခဲ့သည်။   ဩဂုတ်လမှ စက်တင်ဘာလ အထိ ပြည်တွင်းသတင်းများပါ အချက်အလက်များ ထဲမှ စုဆောင်း ထုတ်နှုတ် တွေ့ရှိထားချက်အရ ဆိုလျှင် ထိုဆေးရုံအုပ်ကြီးအမှု အပါအဝင် စက်တင်ဘာလအတွင်း ကိုယ့်ကိုယ်ကိုယ် သတ်သေသည့် အမှုပေါင်း ကိုးမှု ဖြစ်ပွားခဲ့သည်။   အလားတူ သြဂုတ်လ နောက်ဆုံးပတ် တစ်ပတ်အတွင်းမှာပင် ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်မှု ခုနှစ်မှု ဖြစ်ပွားခဲ့သည်။   

ထိုသို့ သတ်သေသူများတွင် စားဝတ်နေရေး အဆင်မပြေသူများ၊ မိသားစုတွင်းပြဿနာ ရှိသူများ၊ အရက် အလွန်အကျွံ သောက်စားသူများ၊ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ရှိ ရဲများနှင့် စစ်သားများ ပါဝင်သည်။ ထို့အပြင်၊ စစ်ကောင်စီတပ်၏ နှိပ်စက်ညှဥ်းပန်းမှုများကို မခံနိုင်သဖြင့် သတ်သေမှုများလည်း ရှိနေသည်။   

အလုပ်နှင့် မိသားစုအပေါ် သက်ရောက်မှု

အာဏာသိမ်းပြီး နှစ်နှစ်ကြာ ကာလအတွင်း ရဲတပ်ဖွဲ့ဝင် ၂၀ ဦးထက် မနည်း မိမိကိုယ်ကိုယ် အဆုံး စီရင်မှု၊ ယခုနှစ် မတ်လ ၃၁ ရက်နေ့က စစ် ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ အဓမ္မ ပြုကျင့်ခံရသည့် အမျိုးသမီး နှစ်ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေမှု၊ မိသားစု၀င်များကို စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးမှုကြောင့် ရှေ့နေအမျိုးသမီးတစ်ဦး သေကြောင်းကြံစည်မှုတို့က  အာဏာသိမ်း စစ်တပ်၏ ရက်စက်စွာ နှိမ်နှင်းအုပ်ချုပ်မှုကြောင့် ရရှိသည့် စိတ်ဒဏ်ရာများ၏ နောက်ဆက်တွဲ အကျိုး သက်ရောက်မှုများကို ဖော်ြပလျက် ရှိသည်။  

စစ်ကောင်စီတပ် အဓမ္မကျူးလွန်နေသည့် လုပ်ရပ်များ ဖြစ်သော ရွာလုံးကျွတ် မီးရှို့ခြင်း၊ လူအစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခြင်း၊ အ ရပ်သား ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးချခြင်း၊ အမျိုးသမီးများကို မုဒိန်းကျင့်ခြင်း၊ ကလေးသူငယ် စာသင်ကျောင်းများနှင့် ဘာသာရေး အဆောက်အအုံများကိုပါ မချန် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်း စသည့် အကြမ်းဖက်မှုများက ပြည်သူတို့ကို စိတ်ဒဏ်ရာများ ရစေသည်။  

ကယားပြည်နယ်၊ ဖယ်ခုံမြို့ ဒေသခံ မစိုးစိုးက သူနေထိုင်ရာ ကျေးရွာသို့ စစ်ကောင်စီတပ် စစ်ကြောင်း ထိုးလာ၍ မိသားစုနှင့် တောထဲသို့ ထွက် ပြေး တိမ်းရှောင်နေရသူ ဖြစ်သည်။ 

“တောထဲမှာ ဘာမှ မရှိဘဲ နှစ်ပတ်လောက် ပုန်းနေခဲ့ရတယ်။   မိုးတွေရွာနေတော့ မိုးရွာထဲမှာပဲ နေစရာ၊ စားစရာ မရှိ ရေလည်းငတ်၊ ကျွတ်ကောင်တွေလည်း အကိုက်ခံပြီး နေခဲ့ရတယ်။   ဘဝမှာ တစ်ခါမှ ခုလို ဆိုးဆိုးရွာရွား မကြုံတွေ့ခဲ့ရဖူးဘူး။   အဲ့ဒီ အချိန်တုန်းက ကျန်းမာရေးလည်း ထိခိုက်ခဲ့ရသလို စိတ်ပိုင်း ဆိုင်ရာ အရလည်း ပြောမပြတတ် လောက်အောင် ထိခိုက် ခံစားခဲ့ရတယ်။   မမှတ်မိချင်ပေမယ့် တစ်သက်လုံး မှတ်မိနေတော့မယ့် မှတ်ညဏ်ဆိုးကြီးပေ့ါ” ဟု သူက ပြောသည်။  

“လေယာဉ်နဲ့ ဗုံးကြဲတာတွေ ကြုံလာနိုင်တဲ့အတွက် အထုပ်တွေလည်း အမြဲ ပြင်ထားရတယ်။   လေယာဉ်သံတွေ ကြားတာနဲ့ အထုပ်ဆွဲပြီး ပြေးဖို့ ပြင်ရတယ်။   လေယာဉ်သံ ကြားတိုင်း လန့်နေမိတယ်”  

ထို အဖြစ်အပျက်များ၏ စိတ်ဒဏ်ရာက မည်မျှ ပြင်းထန်သည်ဟု ဆိုလျှင် ထွက်ပြေးနေရသည်ဟူသော အိမ်မက် မက်နေဆဲ ဖြစ်သောကြောင့်   မကြာခဏ လန့်နိုးနေကာ ပြန်၍ အိပ်မရ တော့သည့် အခြေအနေကို ရင်ဆိုင် ကြုံတွေ့ နေရသည်ဟု မစိုးစိုးက ဆိုသည်။  

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကျေးရွာ တရွာမှ ရန်ကုန်သို့ လာရောက် ရွှေ့ပြောင်း အလုပ် လုပ်ကိုင်နေသော ကိုအောင်ဇော်ကမူ စစ်ကောင် စီတပ် မီးရှို့မှုကြောင့် ပြာပုံ ဖြစ်သွားသော ဆွေမျိုး၊ အိမ်နီးချင်းများ၏ အိမ်များ၊ ငိုသံများ၊ အငွေ့ မသေသေးသော မီးခိုးများနှင့် ညှော်နံ့များက သူ့ကို စိတ်ဒဏ်ရာ ရစေခဲ့သည်ဟု ဆိုသည်။  

စစ်အာဏာသိမ်းမှုကို အပြင်းအထန် ဆန့်ကျင်သည့် ကိုအောင်ဇော်တို့ ဇာတိ တန့်ဆည်မြို့နယ်၌ အာဏာသိမ်းပြီး နောက်ပိုင်း တိုက်ပွဲပေါင်း တစ်ရာကျော်အထိ ဖြစ်ပွားခဲ့သည်ဟုလည်း ကုလသမဂ္ဂဆိုင်ရာ ကျွမ်းကျင်သူများ စုဖွဲ့ထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။   

တိုက်ပွဲများနှင့် အတူ တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီ လက်ချက်ဖြင့် တစ်နှစ်ခွဲနီးပါး အတွင်း ရွာပေါင်း ၆၄ ရွာမှ နေအိမ် ၂,၁၀၀ ကျော် မီးလောင် ပျက်စီးခဲ့သည်ဟု ဒေသအခြေစိုက် အချက်အလက် ကောက်ယူရေး အဖွဲ့များက ထုတ်ပြန်သည့် စာရင်းများတွင် ဖော်ပြထားသည်။  

ထိုကဲ့သို့ အဖြစ်အပျက်များ ၎င်းတို့ တစ်နေရာတည်း သာမက အခြား နေရာပေါင်း ရွာပေါင်း များစွာတွင်ပါ ဖြစ်ပွား နေသည်ကို သတင်းများ လူမှုကွန်ရက် စာမျက်နှာများမှ တစ်ဆင့် ကိုအောင်ဇော် နေ့စဉ် ကြားရ မြင်ရလာသည့်အခါ ၎င်း၏ စိတ်ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်လာပြီး အလုပ်နှင့် မိသားစုကိုပါ သက်ရောက်မှုများ ရှိလာသည်ဟု ဆိုသည်။   

 “အိပ်ချိန် စားချိန် မမှန်တော့ဘူး။   မျှော်လင့်ချက် မဲ့တဲ့ ခံစားချက်တွေဖြစ်လာတဲ့အခါ အလုပ် လုပ်ရတာ စိတ်မပါတာတွေ၊ တစ်ယောက် တည်း သီးသန့်ပဲ နေဖြစ်လာတာတွေ၊ ဘယ်သူနဲ့မှ စကားမပြော ဖြစ်ဘဲ သီးသန့် ဖြစ်လာတာတွေရှိတယ်။   ဒါပေမယ့် ကိုယ့်ထက် အများကြီး ဆိုးတဲ့သူတွေရှိသေးတယ်ဆိုတဲ့ စိတ်နဲ့ တဖြည်းဖြည်း အားပြန် တင်းနေပါတယ် ” ဟု ၎င်းက ပြောသည်။ 

ကျန်းမာရေး အကူအညီ

မတည်ငြိမ်မှု ပဋိပက္ခ အမျိုးမျိုး ခံစားရသော အကြောင်းအရာ အခြေအနေများအ ပေါ် WHO ၏ ညှိနှိုင်း လေ့လာချက် (၁၂၉) ချက် အရ ပဋိပ က္ခ ခံစားနေရသော အခြေအနေရှိ လူများတွင် ငါးယောက်လျှင် တစ်ယောက်နှုန်း စိတ်ဝေဒနာရှိနေသည်ဟု ဆိုသည်။   

စိတ်ကျန်းမာရေး ဝေဒနာများမှာ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ် ပူပန်ခြင်း၊ စိတ်ဒဏ်ရာရပြီး နောက်ပိုင်း စိတ်ဖိစီးမှု ရောဂါ၊ စိတ်ကြွရောဂါ၊ စိတ်ကစဉ့်ကလျား ရောဂါတို့ ဖြစ်သည်။   

ကိုယ်တိုင်ကိုယ်ကျ နှိပ်စက် ညှဥ်းပန်း သတ်ဖြတ်မှုကို ရင်မဆိုင်ရသော်လည်း သောကဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားနိုင်သည်ဟု  စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် မပန်းနီက ပြောသည်။

“အာဏာသိမ်းမှု နောက်ပိုင်းမှာ ချစ်တဲ့သူတွေဆုံးရှုံးရတာ၊ ပြီးတော့ သူတို့ကျ ကောင်းကောင်း နေနေရတယ်။   ကောင်းကောင်း စားနေရတယ်။   နေစရာ၊စားစရာ၊ သွားစရာတွေရှိနေပေမယ့် သူတို့ ခင်တဲ့၊ ချစ်တဲ့သူတွေက သေဆုံးသွားတာ၊ အဖမ်းခံသွားရတာ၊ တောထဲ ရောက်သွားတာတွေဖြစ်သွားတဲ့ အတွက် သူတို့က ကိုယ့်ကိုယ်ကို အပြစ်မကင်းဘဲ Survivor guilt (အသက်ရှင် ကျန်ရစ်သူတို့၏ အပြစ်မကင်းစိတ်) တွေခံ စား နေကြရတာ တွေ့ရတယ်” ဟု သူက ဆိုသည်။

“စိတ်ဒဏ်ရာလို့ ပြောလိုက်လို့ ရှိရင် ကိုယ်ကိုယ်တိုင် မကြုံရတဲ့ အဖြစ်အပျက်တွေမှာတောင် စိတ်ဒဏ်ရာ ရနိုင်တဲ့ အနေအထား မျိုးတွေရှိတယ်”

သတင်း တင်ဆက်သူ တစ်ဦးဖြစ်သည့် မဖူးဖူးကမူ  အာဏာသိမ်း ကာလတွင် မြေပြင်သို့ သွားရောက်၍ ဆန္ဒပြသတင်းများကို သတင်း လိုက်ခဲ့သူ ဖြစ်သည်။   သူတို့ သတင်းတိုက်ကို စစ်ကောင်စီက ချိပ်ပိတ်ပြီး သတင်းသမားများကို လိုက်လံ ဖမ်းဆီးနေသည့် အချိန်တွင် ပုန်းရှောင်ကာ သတင်းများကို တင်ဆက်ခဲ့ရသည်။   ထို့နောက် နယ်စပ်ဖြတ်ပြီး  ထိုင်းနိုင်ငံသို့ တိမ်းရှောင် နေထိုင်ခဲ့ရသည်။   

ခံယူချက်ကြောင့် သတင်း တင်ဆက်ရန် နိုင်ငံမှ ထွက်လာခဲ့သော်လည်း ကျန်နေခဲ့သူများ အတွက် စိုးရိမ် ပူပန်မှုများ ရှိခြင်းကြောင့် မိသားစုနှင့်ပင် အဆက်အသွယ် ဖြတ်ကာ နေခဲ့ရသည်ဟု သူက ဆိုသည်။  

“အာဏာသိမ်းမှု တစ်လျှောက် လူတိုင်းက စိတ်ပင်ပန်း ရသလိုပဲ  ညီမတို့လို သတင်းသမားတွေ အနနေဲ့လည်း စိတ်ထိခိုက်စရာ သတင်းတွေကို နေ့တိုင်း မေးမြန်း တင်ဆက်နေရတော့ စိတ်ပင်ပန်းတယ်။   နောက် သတင်းရင်းမြစ်တွေက သူတို့ ဆုံးရှုံးမှုတွေ၊ အခက်အခဲတွေကို ပြောလာတဲ့ အခါမှာ ကိုယ်တိုင်က ထိထိရောက်ရောက် မကူညီနိုင် ခဲ့တာတွေက စိတ်အဆင် မပြေ  ဖြစ်စေတယ်။   ပြီးတော့ ဘာမှ စိတ်တိုင်းကျ ဖြစ်မနေတဲ့ ခံစားချက်ကြီးပေါ့။   အဲ့ဒါတွေက စုပေါင်းလာပြီး စိတ်ထိခိုက်မှု တွေ တိုးလာစေတယ်” ဟု မဖူးဖူးက ပြောသည်။   

စိတ်ထိခိုက်မှုက သူ့အလုပ်ကို  ထိခိုက်စေသည်အထိ  ဖြစ်လာသောကြောင့်  သက်ဆိုင်ရာ ကျွမ်းကျင်သူထံတွင် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့် ဆွေး နွေးမှု ခံယူ နေရသည်ဟုလည်း ၎င်းက ဆိုသည်။  

ပုံမှန်မဟုတ်သည့် အခြေအနေများကို ကျော်ဖြတ်ရသည့်အခါ ကြုံတွေ့ရသည့် စိတ်ဒဏ်ရာများကြောင့် ဝမ်းနည်းခြင်း၊ စိတ်ဓါတ် အတက်အ ကျ ဖြစ်ခြင်း၊ အိပ်မပျော်ခြင်း သို့မဟုတ် အလွန်အကျွံ အိပ်ပျော်ခြင်း၊ အစား စားချင်စိတ် မရှိခြင်း သို့မဟုတ် အလွန်အကျွံ စားခြင်း၊ အပြင်မထွက်ခြင်းနှင့် လူမှုရေး ကိစ္စများတွင် ပါဝင်မှု မရှိခြင်း၊ အရက်နှင့် စိတ်ကြွဆေးများ အလွန်အကျွံ သုံးစွဲခြင်းများ ဖြစ်လေ့ဖြစ်ထ ရှိသည်ဟု သိရသည်။ 

ထိုသို့ ဖြစ်လာလျှင်  စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေး ပညာပေးသူများ၊ ဆရာဝန်များ၏ အကူအညီ ရယူသင့်သည်ဟု စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် မပန်းနီက ပြောသည်။  

“သာမန်လူတွေအနနေဲ့ စိတ်ဝေဒနာ လက္ခဏာတွေကို ကျွမ်းကျင် ပညာရှင်တွေလို မဆုံးဖြတ် နိုင်တာကြောင့် အွန်လိုင်းက နေ ဖတ်ပြီးတော့မှ ငါကတော့  စိတ်ကျနေပြီ။   Bipolar Disorder ( စိတ်အတက်အကျမြန် စိတ်ဝေဒနာ) ဖြစ်နေပြီ။   Panic Attack (ကြောက်စိတ်မွှန်ခြင်း စိတ် ဝေဒနာ) တွေရနေပြီ ဆိုပြီး ကိုယ့်ကိုယ်ကို ဆုံးဖြတ်တာမျိုးတွေမလုပ်ဖို့ အရေးကြီးပါတယ်” ဟု ၎င်းက ပြောသည်။  

“ဘာကြောင့်လဲ ဆိုတော့ ကိုယ့်မှာ ကြုံတွေ့ရတဲ့ လက္ခဏာတွေက အင်တာနက်ကနေ ဖတ်လိုက်ရတဲ့ အကြောင်းအရာ ​တွနေဲ့ တူနိုင်တယ်။   ဒါပေမယ့် အဲ့ဒီရဲ့နောက်မှာ ကိုယ့်မသိနိုင်တဲ့ ပြသနာတွေအများကြီး ရှိနိုင်တယ်။   ဒါကြောင့်မို့ စိတ်ကျန်းမာရေး ပညာရှင်တွေ၊ ဆရာဝန်တွေဆီ သွားတွေ့ ပြီးတော့မှ အကူအညီတွေယူဖို့ လိုအပ်ပြီး သူတို့က လေ့ကျင့်ခန်းတွေလုပ်ဖို့ ဒါမှမဟုတ် လိုအပ်ရင် ဆေးသောက်ဖို့ ပြောပါလိမ့်မယ်။   ဒါမှသာလျှင် ကိုယ့်ခံစားရတဲ့ နာကျင်မှုတွေနဲ့ စိတ်ဒဏ်ရာတွေက ပျောက်ပျက်နိုင်တယ် ” 

အာဏာသိမ်းပြီးစကာလတွင် ဌာနဆိုင်ရာ ဝန်ထမ်းများက စစ်တပ်ကို အာဏာ ဖီဆန်သည့် အနေဖြင့် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ် ရှားမှု (CDM) တွင်  ပါဝင်လာရာ ကျန်းမာရေး နယ်ပယ်မှ ဝန်ထမ်းများက အစောဆုံးနှင့် အင်အား အများဆုံး ပါဝင်ကြခြင်း ဖြစ်သည်။    စစ်ကောင်စီက CDM ဝန်ထမ်းများကို လိုက်လံ ဖမ်းဆီး သတ်ဖြတ်ခြင်းများ၊ ထောင်ချခြင်းများကြောင့် ထွက်ပြေး တိမ်းရှောင် နေကြရသူ များစွာ ရှိသည်။   

ထိုသို့သော အခြေအနတွေင် မြန်မာနိုင်ငံသည် ကျန်းမာရေး ဝန်ထမ်းများအတွက် အန္တရာယ် အရှိဆုံး ထိပ်တန်းနိုင်ငံများထဲတွင် ပါဝင်လာသည်ဟု အမေရိကန် အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ သမားတော်များ အဖွဲ့ (PHR) က ဆိုသည်။   စစ်ကောင်စီတပ်ကြောင့်  ၂၀၂၂ ခုနှစ် ဇန်နဝါရီ လ ၁၀ ရက်နေ့အထိ တစ်နှစ်နီးပါး အတွင်း မြန်မာနိုင်ငံ၌ ကျန်းမာရေးဝန်ထမ်း ၂၈၆ ယောက် အဖမ်းခံရပြီး ၃၀ ကျော် အသက် ဆုံးရှုံးခဲ့ရကြောင်း PHR ၏ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

မြန်မာနိုင်ငံ၌ ထိရောက်သည့် စိတ်ကျန်းမာရေး ဆိုင်ရာ မူဝါဒ လုံးဝ မရှိသဖြင့် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုမှ တစ်ဆင့် တတ်ကျွမ်းသည့် ပညာရှင်များ အကူအညီ ရယူရန် အတားအဆီး ဖြစ်နေသည်ဟုလည်း မြန်မာပြည် နိုင်ငံရေး၊ စီးပွားရေးနှင့် ပတ်သက်၍ သုတေသန ပြုလုပ်နေသော လွတ်လပ်သည့် အဖွဲ့အစည်း တခု ဖြစ်သည့် Tea Circle သုတေသန အဖွဲ့အစည်းက ဖော်ပြထားသည်။   ပုဂ္ဂလိက ကဏ္ဍမှ တဆင့် စောင့်ရှောက်မှု အချို့ ပေးသည်ကို တွေ့ရသော်လည်း အကန့်အသတ် ရှိနေသည်ဟု ဆိုထားသည်။

အာဏာသိမ်း စစ်တပ်က CDM တွင် ပါဝင်သည့် ကျန်းမာရေး ဝန်ထမ်းများကို ပြင်ပ ဆေးခန်းများ၌ ဆေးကုသခွင့်ကိုပါ ပိတ်ပင်ထားရာ  မြန် မာ နိုင်ငံ၌ လူ့အသက် ကယ်တင်ရန် ဆေးကုသပေးဖို့ပင် မဖြစ်နိုင်တော့သည် အထိ အာဏာရှင်တို့က ဖိနှိပ်ထားကြသည်။ myanmar now

ပြောင်းချိုးရာသီတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ တောင်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ကရင်ပြည်နယ်၊ KNUတပ်မဟာ(၆)ထိန်းချုပ်နယ်မြေ၊ မြဝတီမြို့နယ် တောင်ဘက်ခြမ်း၊ မြဝတီ-ဝေါလေကားလမ်းမဘေး၊ ထိုင်း-မြန်မာနယ်စပ်ရှိ သေ့ဘောဘိုး ကျေးရွာနှင့် တောင်နီကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် တောင်သူများထွက်ပြေးနေရကြောင်း သိရသည်။

ယခု နိုဝင်ဘာလမှ စတင်၍ ဇန်နဝါရီလအထိသည် တောင်သူများ၏ ပြောင်းချိုးရာသီဖြစ်ပြီး ပြောင်းစိုက်တောင်သူများသည် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြောင်းချိုးခြင်း မပြုနိုင်ဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

“တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတာပဲ။ ဒါပေမဲ့ ဒီရာသီက တောင်သူတွေရဲ့ ပြောင်းချိုးရာသီလေ။ ဒီအချိန်မှာမှ စစ်ကောင်စီတပ်က လက်နက် ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတော့ တောင်ယာတွေထဲလည်း ကျတယ်။ အဲ့ဒီတော့ တောင်သူတွေက ထိုင်းဘက်ကို ထွက်ပြေးနေရတယ်။ တောင်သူတစ်ယောက်မှာ အနည်းဆုံး ပြောင်းတန်ဖိုး ဘတ် တစ်သိန်း လောက်ရှိတာလေ။ အခုတော့ အားလုံးထွက်ပြေးနေရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် မြဝတီ-ဝေါလေကားလမ်းကို ထိန်းချုပ်နိင်ရန်အတွက် သေ့ဘောဘိုးစခန်းကုန်းကို ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

“ဆုံးဆည်မြိုင်ကျေးရွာက ရိက္ခာကုန်းမှာ ၁၂၀-မမ တစ်လက် ၊ ၈၁-မမ နှစ်လက်၊ ၆၀-မမ လေးလက်လောက်ရှိတယ်။ အဲ့ကနေ လှမ်းပစ်နေတာ။ နောက်ပြီး တောင်နီဘက် ဘုရားကုန်းကနေပြီးတော့လည်း လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ စစ်ကောင်စီတပ်က တာအူးထ လမ်းပိုင်း ဝမ်းနိုင်းနိုင်းဘက်ကနေ သေ့ဘောပိုးစခန်းကို ပတ်ဝင်တာ။ ဒီဘက်ကို ဗျူဟာ သုံးဗျူဟာနဲ့ စစ်ကြောင်းထိုးနေတာ။ တစ်ဗျူဟာကို တပ် ရင်း သုံးရင်းရှိတယ်။ တိုက်ပွဲအခြေနေကတော့ နှစ်ဖက် အပြန်အလှန်ပစ်နေတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်တယ်။ ဒီဘက် တပ် ပေါင်းစုဘက်က ဒရုန်းနဲ့ ပြန်ပစ်တယ်ပေါ့”ဟု စစ်ကောင်စီတပ်အား ပြန်လည်ခုခံနေသည့် အမည်မဖော်လိုသော လက်နက်ကိုင်အရာရှိတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် ဒေသခံများထိခိုက်မှုရှိသလို ပြောင်းစိုက်ခင်းထဲတွင်လည်း မြေမြုပ်မိုင်းများရှိနေခြင်းကြောင့် ဒေသခံများမှာ အလွန်စိုးရိမ်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့် အဆိုပါ ဒေသသည် ကော်ပြောင်းအမျိုးအစားကိုသာ အဓိကထားစိုက်ပျိုးရသည့် နယ်မြေဖြစ်ပြီး ထိုင်းနိုင်ငံကို တင်ပို့ရောင်းချလျက်ရှိသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် သေ့ဘောဘိုး ကျေးရွာနှင့် တောင်နီကျေးရွာမှ ဒေသခံ ဦးရေ ၄၀၀၀ကျော် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးနေရကြောင်း သိရသည်။ mizzima

ဝမ်ပေါင်ကုမ္ပဏီနှင့်ရွှေဘိုကညနရုံး ရဲကင်းများ ပစ်ခတ်ခံရ၊ ချောင်ဦး PDF နှင့် ပျူစောထီးအဖွဲ့ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး-ယင်မာပင်သွား ကားလမ်းဘေးက ဝမ်ပေါင်ကုမ္ပဏီအစောင့် ရဲကင်း နိုဝင်ဘာ ၁၂ ရက် ညနေ ၆ နာရီကျော်က ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေက ပြောတယ်။

ပစ်ခတ်ခံရပြီးနောက် ဝမ်ပေါင်ကုမ္ပဏတခုလုံး လျှပ်စစ်မီးတွေ ပိတ်ထားတယ်လို့ ဝမ်ပေါင်ဝန်ထမ်းတဦးက ပြောပါတယ်။ 

“ညက အပစ်ခံရတယ်။ ဘယ်အဖွဲ့က လာပစ်တယ်တော့ မသိဘူး။ အပစ်ခံရတဲ့ ရဲကင်းက ပုံမှန် ရဲ ၅ ဦး စောင့်တယ်။ အသေအပျောက် ရှိလားတော့ မသိရဘူး” လို့ ပြောပါတယ်။

အခုလို ပစ်ခတ်ရတာဟာ နိုဝင်ဘာ ၁၁ ရက်က ဆာလင်းကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့တဦး သတ်ဖြတ်ခံရတဲ့အပေါ် လက်စားချေတာလို့ ဆာလင်းကြီးမြိုနယ် MRDA မြန်မာတော်ဝင်နဂါး တပ်ခွဲ တာဝန်ခံ တကိုယ်တော်သုဘရာဇက ပြောပါတယ်။

“ပစ်တာက ၄၀ မမ နဲ့ မီတာ ၁၀၀ ကပစ်ခဲ့တာ။ တလုံးပဲ ပစ်နိုင်ခဲ့တယ်။ ၂ ဦး သေတယ်လို့ သိရတယ်။ ကျနော်တို့ဘက်က အသေအပျောက် မရှိဘူး။”

ဆာလင်းကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့  ပြည်သူကာကွယ်ရေးအဖွဲ့တို့ စစ်ရေး  တင်းမာနေကာ စစ်ကောင်စီတပ်က ညောင်ပင်ကြီး-ယင်းမာပင်လမ်း၊ မုံရွာ-ပုသိမ်လမ်း စတဲ့ လမ်းဆုံကနေ နိုဝင်ဘာ ၁၃ ရက် မနက်ခင်းမှာ စစ်ဆေးရေး  လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ ကညနရုံးရှိ ဂိတ်စောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နိုဝင်ဘာ ၁၂ ရက်က ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ  စစ်သား ၂ ယောက် သေဆုံး သွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

ကညနရုံးကို ၄ မမ ဗုံးသီး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရည်ရွယ်ထားတဲ့ ပစ်မှတ်အသီးသီးကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ Black Wolf – PDF မှ တာဝန်ရှိသူက ပြောပါတယ်။

“ပစ်မှတ်ကို ထိထိရောက်ရောက် ပစ်ခတ်နိုင်ခဲ့ပါတယ်။ သေတဲ့ ၂ ကောင်အပြင် ဒဏ်ရာရတဲ့ ကောင်တွေလည်း ရှိတယ်။ အတွင်းထဲ အော်သံတွေဆူညံသွားတာပဲ။”

တိုက်ခိုက်မှုအတွင်း ကညနရုံးအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာ ကင်းတဲဂိတ် (ဘန်ဘာ) အနီးမှာ ၁ လုံး၊ ရုံးခေါင်မိုးပေါ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စုဖွဲ့ထိုင်နေတဲ့နေရာအတွင်းမှာ ၂ လုံး ထပ်မံ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဖွဲ့က အနီးဝန်းကျင်ကို ပစ်ခတ်ခဲ့ပြီး သေဆုံးသူ ၂ ယောက်နဲ့ ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်တွေကို လူမှုရေးကားနဲ့ တင်သွားကြတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုဟာ အောက်တိုဘာလအတွင်းက ကျဆုံးသွားတဲ့ Black Wolf – PDF မှ ရဲဘော် ၄ ယောက်အတွက် လက်တုန့်ပြန်တာလို့ ဒေသကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။

မနေ့မနက် ၁၁ နာရီခွဲလောက်ကလည်း ရွှေဘိုမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့က ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသကာ ကွယ်ရေးအဖွဲ့များက အနီးကပ်ပစ်ခတ်ခဲ့ရာမှာ စစ်သား ၁ ယောက် သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ချောင်ဦးမြို့နယ်အတွင်း ချောင်းဦးပြည်သူကာကွယ်ရေးတပ်၊ မဟာမိတ် ပူပေါင်းကင်းလှည့်အဖွဲ့နဲ့ ကံကြီးကုန်း ပျူစောထီးတို့ နိုဝင်ဘာ ၁၂ ရက် မနက် ၁၁ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူစောထီး ၃ ယောက် သေဆုံးတယ်လို့ Chaung U Local Defence Force (CLDF) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“မဟာမိတ်ပူးပေါင်းအဖွဲ့ရဲ့ ရဲဘော်တွေက ကင်းလှည့်နေတာနဲ့ ကံကြီးကုန်းကျေးရွာက ထွက်ခွာလာတဲ့ ပျူစောထီးတွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ် ပွားခဲ့တယ်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပျူစောထီးဘက်က သုံးဦး သေဆုံးတယ်။ ကျနော်တို့ ရဲဘော်ဘက်က အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့တယ်။”

အဲဒီတိုက်ပွဲမှာ Chaung U Local Defence Force (CLDF)၊ ချောင်းဦးမြို့နယ် ပ.လ.ဖ၊ မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း နဲ့ Chaung U Revolution Army (CRA) အဖွဲ့တွေ ပူးပေါင် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ သေဆုံး ဒဏ်ရာရတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီခြားအတည် မပြုနိုင်သေးပါဘူး။ DVB

ကန့်ဘလူတွင် ကျေးရွာများကို မီးရှို့နေသည့် စစ်ကြောင်းများ မိုင်းဆွဲခံရပြီး စစ်သား ၄၀ဦးခန့် သေဆုံးနိုင်၊ ရွှေဘိုတွင်လည်း စစ်ကောင်စီတပ်သားများ ပစ်ခတ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ အင်းမရွာနှင့် ပင့်သာရွာကို မီးရှို့ဖျက်ဆီးနေသော စစ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၄၀ ဦးခန့်သေဆုံးနိုင်ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ၂ ကြောင်းသည် အင်းမရွာနှင့် ပင့်သာရွာကို ဝင်ရောက်စီးနင်းစဥ် မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်သား ၄၀ ဦးခန့် သေဆုံးမှု ရှိကြောင်း သိရသည်။

အင်းမရွာကို ဝင်ရောက်စီးနင်းသော စစ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၄၀ ဦးခန့် သေဆုံးနိုင်ကာ အင်းမရွာကိုလည်း ရွာလုံးကျွတ် မီးရှို့ဖျက် ဆီးခဲ့ကြောင်း၊ ပင့်သာရွာကို မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက် စစ်သားများလည်း ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” အင်းမရွာက မနေ့က ဖြစ်တာ နံနက် ၉ နာရီလောက် မိုင်းဆွဲခံရတာ ထိခိုက် သေဆုံး စုစုပေါင်း ၆၀ လောက်လို့ကြားတယ်။ မနေ့က ၁ နာရီလောက်တည်းက စရှို့တာ ဒီနေ့ တစ်မနက်လုံးရှို့နေတာပဲ တစ်ရွာလုံးမရှိတော့ဘူး။ ပြာကျသွားပြီ ပင့်သာမှာ မိုင်းဆွဲ ခံရတာ ၂ ဦးတော့သေတယ်။ အင်းမ ရွာထဲက ဒဏ်ရာရတဲ့ စစ်ခွေးတွေလောက်ပဲ သယ်နိုင်မှာ သေတဲ့ဟာတွေတော့ မီးရှို့လောက်တယ်။ နံနက်က မီးခိုးတော့ မြင်လိုက်ရတယ်။ ကျွန်တော်တို့ လှမ်းကြည့်တဲ့ နေရာက ၂ မိုင်လောက်ဝေးတော့ သေချာတော့ မတွေ့လိုက်ရဘူး။ ၆၀ လောက်တော့ ထိခိုက်သေဆုံးမှုရှိတယ်။ အခု ကျွန်းလှကို ပြန်တက်တာ ၁၀၀ လောက်ပဲရှိတယ်တဲ့ ဆိုင်ကယ်ထဲ ထည့်ခွဲတာပေါ့။ မြေပြင်တိုက်ပွဲကတော့ ရှိအုန်းမယ်။ ခွေးတွေကလည်း အကုန်မပြန်သေးဘူး။ အခုက ပင့်သာရွာမှာမရှိတော့ဘူး။ ပင့်သာနဲ့ အင်းမက စစ်ခွေးတွေ ပြန်ပေါင်းနေတာ အင်းမ ဘုန်းကြီးကျောင်း အနောက်ဘက်မှာ အခုတပ်စွဲထားတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၁ စီး ပစ်ခတ် တိုက်ခိုက်ခံရကြောင်း သိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ရွှေဘို အကျဉ်းဦးစီးမှ စစ်ကောင်စီ တပ်သား ၄ ဦး လိုက်ပါလာသည့် အိမ်စီးကားကို ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ်(၅) တပ်ရင်း၊ တပ်ခွဲ (၂)၊ တပ်စု (၁)၊ တပ်စိတ် (၂) မှ ရဲဘော် ထက်မြတ် (တပ်စိတ်မှူး) ဦးဆောင်ပြီး အင်အား ၈ ဦးနှင့် နေလစင်္ကြာ_Shwebo PDFအဖွဲ့မှ ကင်းပုန်းဝပ်ပြီး စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ရန် ပြုလုပ်နေစဥ် မိုင်းကွင်းအတွင်း၌ ပြည်သူ့ နွားလှည်းများ ရောက်ရှိ နေသောကြောင့် မိုင်းဆွဲလိုက်နိုင်ခြင်း မရှိဘဲ လက်နက်ငယ်ဖြင့်သာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပြီး ရဲ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း နေလစင်္ကြာ_Shwebo PDF က ထုတ်ပြန်ထားသည်။ khit thit

အင်းစိန်ထောင်တွင်း အကျဉ်းကျနေသည့် သ မဂ္ဂကျောင်းသူတစ်ဦး ကျန်းမာရေးအခြေ အ နေဆိုးရွားနေပြီး မကြာခဏ သတိလစ်မေ့ မြောနေ

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်မှုဆောင်တစ်ဦးဖြစ်သူ မဝတ်ရည် အောင်သည် အင်းစိန်ထောင်အတွင်း၌ ကျန်းမာရေးအ ခြေအနေဆိုးရွားနေပြီး အောက်တိုဘာလ ၂၄ ရက် နေ့မှ နိုဝင်ဘာလ ၁၀ ရက်‌နေ့အတွင်း မကြာခဏသတိလစ်မေ့မြောမှုများရှိခဲ့ကြောင်း သ တင်းရရှိသည်။

အောက်တိုဘာလ ၂၄ ရက်နေ့က ဒိုက်ဦးအကျဉ်းထောင်မှ အင်းစိန်ထောင်သို့‌ ပြန်လည်ပြောင်းရွှေ့ခံရ သည့် မဝတ်ရည်အောင်မှာ ထိုနေ့မှစ၍ နို ဝင်ဘာလ ၁၁ ရက်နေ့အကြားကာလအတွင်း သတိလစ်မေ့မြော မှုများရှိခဲ့သည်ဟု သိရကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ တာ ဝန်ရှိသူတစ်ဦးကမဇ္ဈိမသို့ ပြောသည်။

“ သူဒီလိုဖြစ်တယ်ဆိုတာ အထဲကရတဲ့ သတင်းအရသာ ညီမတို့ သိရတာ။ ဘယ်နေ့က သတိလစ်တယ် ဆိုတာတော့ အတိအကျမသိရဘူး။ အင်းစိန်ထောင်ကိုပြန်ရောက်ပြီး သတိလစ်တာ သုံးကြိမ်ရှိပြီလို့ပဲ သိရ တယ်” ဟု ဒဂုံတက္ကသိုလ်‌ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် မအက်စတာက ပြောသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းကဖမ်းဆီးခံရသည့် မဝတ်ရည်အောင်သည် စစ်ကြောရေးကိုနှစ်ပတ် ခန့်ဖြတ်သန်းခဲ့ပြီးနောက် စစ်ကောင်စီတပ်များ၏နှိပ်စက်မှုများကြောင့် ဦးနှောက်တွင်အကြိတ်တည်ခဲ့ သည်ဟု ၎င်းနှင့်နီးစပ်သူများက ယူဆထားကြသည်။

မဝတ်ရည်အောင်ကို ဆေးကုသခွင့်‌ပေးရန် မိသားစုဝင်များကတောင်းခံခဲ့သော်လည်း အကျဉ်းဦးစီးဌာနမှ ခွင့်ပြုခဲ့ခြင်း မရှိပေ။ ထိုသို့ ရောဂါခံစားနေသည့်ကြားကပင် စစ်ကောင်စီက မဝတ်ရည်အောင်ကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် အင်းစိန်ထောင်မှ ဒိုက်ဦးအကျဉ်းထောင်သို့ ပြောင်း‌ရွှေခဲ့သည်။

သို့သော်လည်း ဒိုက်ဦးအကျဉ်း‌ထောင်တွင် ကျန်းမာရေးဆိုးရွားလာသည့်အတွက် အောက်တိုဘာလ ၂၄ ရက်နေ့တွင် အင်းစိန်ထောင်သို့ ပြန် လည်ပြောင်းရွှေ့ခဲ့သည်။

“ ဒိုက်ဦးမှာ ဦးနှောက်နဲ့အာရုံကြောနဲ့ဆိုင်တဲ့ ဆရာဝန်မရှိလို့ ပို့တာပေါ့။ ဒီဘက်ကိုရောက်လာတော့လည်း အမှန်ဆို‌ ထောင်ဆေးရုံတင်ပြီး ဆေး ကုသရမယ်ဆိုတဲ့မှတ်ချက်ပေးလိုက်ပေမယ့် သူ့ကို ထောင်ဆေးရုံ မတင်ပေးခဲ့ဘူး”ဟု သမဂ္ဂတာဝန်ရှိသူကဆိုသည်။

အင်းစိန်ထောင်သို့ရောက်ရှိချိန်တွင်လည်း ဆေးကုသမှုမရရှိသည့်အတွက် ကျန်းမာရေးအခြေအနေဆိုး ရွားကာ မကြာခဏသတိလစ်ခြင်းများဖြစ်နေပြီး နောက်ဆုံးအကြိမ်တွင် ၂၂ နာရီခန့် သတိလစ်သွားသည် ဟုသိရကြောင်း သမဂ္ဂတာဝန်ရှိသူတစ်ဦးကဆိုသည်။

ထိုသို့ သတိလစ်ပြီး‌နောက်တွင် အင်းစိန်ထောင်အတွင်းရှိ ဆေးရုံသို့တင်ပေးခဲ့သော်လည်း တစ်စုံတရာ ကုသမှုပေးခဲ့မှု မရှိကြောင်းသိရသည်။

ဒဂုံတက္ကသိုလ်‌ကျောင်းသူနှင့် သမဂ္ဂဗဟိုအလုပ်မှုဆောင်ဖြစ်သူ မဝတ်ရည်အောင်သည် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅(က)ဖြင့် ထောင်ဒဏ်သုံးနှစ်ချမှတ်ခံထားပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပ‌ဒေပုဒ်မ ပုဒ်မ၅၂(က)ဖြင့်လည်း ထပ်မံတရားစွဲဆို ခြင်းခံထားရသူဖြစ်သည်။

အစာအိမ်ရောဂါရှိသူဖြစ်သည့်အပြင် အင်းစိန်ထောင်အတွင်းရောက်ရှိပြီးချိန်တွင် လေဖြန်းခြင်း၊ ဦးခေါင်း ပိုင်းဆိုင်ရာရောဂါများရရှိခြင်းများကြောင့် ကျန်းမရေးအခြေအနေစိုးရိမ်နေရသည့် မဝတ်ရည်အောင်ကို ဆေးကုသမှုကောင်းကောင်းရရှိရန်အတွက် မိသားစုဝင်များနှင့် သူမနှင့်နီးစပ်သူများက မျှော်လင့်နေကြ သည်။

“အပြင်ကဆရာဝန်တွေကိုပြောတာက ၂၂ နာရီလုံးလုံး သတိလစ်သွားတဲ့အခြေအနေက တော်တော်ကို ဆိုးရွားတဲ့ အခြေအနေဖြစ်နေပြီ။ သူ့ကျန်းမာရေးအတွက် တော်တော်ကိုစိုးရိမ်နေရပြီ။ အပြင်ဆေးရုံကိုလွှဲ ပေးပြီး ကုသမှုဖို့ခံယူဖို့ အရေးတကြီးလိုအပ်တယ်လို့ပြောတယ်” ဟု ၎င်း၏သူငယ်ချင်းတစ်ဦးက ဆိုသည်။ mizzima

« Older Entries Recent Entries »