Monthly Archives: Nov 2022

ကနေဒါနိုင်ငံတွင်“မသောက်မိသော မိုးခါးရေ ”ရုပ်ရှင်ပြသ၊ ရုံပြည့် ရုံလျှံ ကြည့်ရှုသူများပြား၍ ၂ ချိန်ခွဲကာ ပြသနေရ

ကနေဒါနိုင်ငံ၊ British Columbia ပြည်နယ်၊ ဗန်ကူးဗား မြို့ BCIT Telus Theatre Burnaby Campus တွင် ဒါရိုက်တာကိုပေါက်ရိုက်ကူးထားသည့် “ မသောက်မိသော မိုးခါးရေ” (The Road Not Taken) ရုပ်ရှင်အားပြသခဲ့ရာ ရုံပြည့် ရုံလျှံအားပေးကြသောကြောင့် နှစ်ချိန်ခွဲ၍ ပြသနေရကြောင်း သိရသည်။

“မသောက်မိသောမိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတိုကို 2021 Burmese Action Group Vancouver အဖွဲ့မှ ဦးဆောင်၍ နိုဝင်ဘာ ၁၂ ရက်တွင် မွန်းလွဲ ၃ နာရီ မှ ည‌ ၇ နာရီ ၃၀ မိနစ် အထိ ပွဲချိန် နှစ်ချိန်ခွဲ၍ ရုံပြည့်ပြသခဲ့ခြင်းဖြစ်သည်။

ရုပ်ရှင်ပြသမှုကို Vancouver နှင့် Greater Vancouver အနီးတစ်ဝိုက်တွင်နေထိုင်ကြသော လူဦးရေ ၄၀၀ကျော်ခန့်ရှိသည့် မြန်မာပြည်ဖွားတိုင်းရင်းသားမိသားစုများက တစ်ခဲနက် တက်ရောက် အားပေးကြည့်ရှုခဲ့ကြောင်း 2021 Burmese Action Group Vancouver အဖွဲ့ထံက သိရသည်။

ရုပ်ရှင်ပြပွဲတွင် ရန်ပုံငွေ တီရှပ်များ အမှတ်တရပစည်းများကို ရောင်းချခဲ့ပြီးရရှိထားသော ရန်ပုံငွေအလှူငွေများကို မြန်မာနိုင်ငံအနှံ့ အရေးပေါ်လိုအပ်နေသည့်နေရာများသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ( MOD) မှတစ်ဆင့် ညှိနှိုင်းပြီး အမြန်ဆုံး‌ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

“မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတိုကို ဒါရိုက်တာကိုပေါက်က တောတွင်းတစ်နေရာတွင် ဖုန်းကင်မရာကိုအသုံးပြုကာ CDM စစ်ဗိုလ်တစ်ဦး၏ဖြစ်ရပ်မှန်ကို အခြေခံ၍ ရိုက်ကူးထားခြင်းဖြစ်သည်။

“မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ကို လတ်တလောတွင် ပြည်ပနိုင်ငံအသီးသီး၌ လှည့်လည် ပြသခဲ့ပြီး ပရိသတ်အားပေးအောင်မြင်မှုများရရှိထားကာ ယခုနိုဝင်ဘာလထဲတွင် အမေရိကား၊ နော်ဝေ၊ ဂျပန်၊ အင်္ဂလန်၊ အီတလီ၊ နယူးဇီလန်၊ သြစတြေးလျ၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံရှိ မြို့ကြီးအသီးသီးတွင် ဆက်လက်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ mizzima

မြင်းမူ လင်းယုန်နက် ကာကွယ်ရေး အဖွဲ့၏ “လှူရင်းယူ Drone Project” မဲလက်မှတ်များ ရောင်းချမည်

မြင်းမူ လင်းယုန်နက် ကာကွယ်ရေး အဖွဲ့၏ “လှူရင်းယူ Drone Project” မဲလက်မှတ်များ ရောင်းချပေးနေကြောင်း လင်းယုန်နက် အဖွဲ့၏ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ မဲလက်မှတ်များသည် Black Eagle Defence Force – MMU (လင်းယုန်နက်အဖွဲ့)၏ လိုအပ်လျက်ရှိ တိုက်ခိုက်ရေး ဒရုန်းများ ဝယ် ယူနိုင်ရန်အတွက် ဖြစ်ပြီး မဲလက်မှတ် တစ်စောင်လျှင် ကျပ် ၁၅၀၀၀ သတ်မှတ်ထားပြီး မဲလက်မှတ် ဝယ်ယူမည့် သူများအနေဖြင့် Black Eagle Defence Force – MMU အဖွဲ့၏ facebook page သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

” Drone ဟာကျွန်တော်တို့ တပ်ဖွဲ့ဝင်များရဲ့ ထိခိုက်မှု အနည်းဆုံးနဲ့ ခွေး သေဆုံးမှု အများဆုံးဖြစ်တဲ့ ထိရောက်မှု အရှိဆုံး ပစ္စည်းတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ လင်းယုန်နက်အဖွဲ့ကြီး ကိုတော်လှန်ရေးစတင်ပြီးလှူပ်ရှားလာချိန်မှစ၍ ယခုအချိန်ထိကူညီအားဖြည့်ပေးကြပါသော ပြည်တွင်းပြည်ပ လှူရှင်များကို မေတ္တာတုန့်ပြန်သောအားဖြင့် ဤအစီစဥ်လေးကို စီစဉ်ရခြင်းဖြစ်ပါတယ်” ဟု လင်းယုန်နက် အဖွဲ့၏ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ Drone Killer များ ရန်မှ ကင်းဝေးရန် ဈေးနည်းသည့် ပစ္စည်းများကို အသုံးပြု၍မရသောကြောင့် တန်ဖိုးများသည့် Drone များ ဝယ်ယူရေး အတွက် ပြည်သူများ၏ ထောက်ပံ့မှုများ လိုအပ်လျက်ရှိကြောင်း သိရသည်။khit thit

ပုဏ္ဏားကျွန်း၊ ဆင်အင်းကြီးရွာ၌ အသက်၈၈ နှစ်အရွယ်အဘိုးအို အစာရေစာပြတ်လပ်သေ ဆုံး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာမှာ အသက် ၈၈ နှစ်အရွယ် အဘိုးအိုတယောက် အစာရေစာပြတ်လပ်ပြီး နိုဝင်ဘာ ၁၃ ရက်က သေဆုံးသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ဆင်အင်းကြီးကျေးရွာထဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ရွာသူရွာသား ထွက်ပြေးစဉ် အဘိုးအို ဦးမောင်သိန်းထွန်းဟာ အသက်အရွယ်ကြောင့် မပြေးနိုင်ဘဲကျန်ခဲ့ရာကနေ အခုလို အစားအစာပြတ်လပ်သေဆုံးခဲ့တာလို့ မိသားစုဝင်တဦးက ပြောပါတယ်။

“မိဘကို ဘယ်သူက အခုလို ပစ်ထားခဲ့ပြီး သေဆုံးစေချင်ပါမလဲ။ ရင်ထဲမှာအလွန်ခံစားရပါတယ်။ လက်နက်ကြီးက ရွာထဲထိကျလာနေတယ်။ လေယာဥ်နဲ့လည်း လာပစ်နေတော့ ရွာကလူတွေ အားလုံးထွက်ပြေးနေကြပြီ။ ကျမတို့လည်း မပြေးလို့မရတော့ဘူး။ အဖေကို တပါတည်း ခေါ်သွားဖို့ကလည်း ချောင်းကူးမြစ်ကူးလာရတာဆိုတော့ ဘယ်လို့မှ အဆင်မပြေနိုင်လို့ ထားခဲ့ကြရတာ။ တခြားမိသားစုတွေမှာလည်း သက်ကြီးရွယ်အိုတွေ ထားခဲ့ကြတာရှိတယ်။ ပြန်လာပြီး ပြုစုကြမယ်ဆိုပြီး ထားခဲ့ကြရတာ။” 

ဦးမောင်သိန်းထွန်းဟာ နိုဝင်ဘာ ၁၀ ရက်ကတည်းက ရွာမှာကျန်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၁၃ ရက် မနက် ၁၀ နာရီလောက် လက်နက်ကြီးပစ်ခတ်မှု ငြိမ်သက်နေတဲ့အတွက် မိသားစုဝင်တွေနဲ့ ရွာသားတွေ ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ မြို့မဘုန်းတော်ကြီးကျောင်းကို ခေါ်ယူလာကြစဥ် သေဆုံးသွားကြောင်း၊ နေ့လယ် ၁ နာရီခွဲလောက် ပုဏ္ဏားကျွန်းသုသာန်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

နိုဝင်ဘာ ၁၀ ရက်က  ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာနဲ့ ဆင်အင်းကြီးကျေးရွာ အကြားမှာ  စစ်ကောင်စီတပ်ရဲ့ ရိက္ခာနဲ့ လက်နက် သယ်လာတဲ့ ကား ၃ စီးအနက် ၁ စီးကို ရက္ခိုင်တပ်တော် (အေအေ) က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကျအဆုံးများတာကြောင့် အခုလို လက်နက်ကြီးတွေနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်လာတာဖြစ်ပြီး ကျေးရွာ ၁၀ ရွာလောက်က ပြည်သူတွေ ထွက်ပြေးနေကြရတာလို့ ဆိုပါတယ်။ 

ဒါ့အပြင် ဆင်အင်းကြီးကျေးရွာမှ အသက် ၉၂ နှစ်အရွယ် အဘွားအိုအပါအဝင် ပြည်သူ ၁၀ ဦးအား စစ်ကောင်စီတပ်ဖွဲ့က ရက်စက်စွာသတ် ဖြတ်ခဲ့ကြပြီး နေအိမ်အလုံး ၃၀ လောက်ကို မီးရှို့ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ မြို့မဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံလာကြတဲ့ စစ်ဘေးရှောင် ၅၀၀ ကျော်အတွက် စားနပ်ရိက္ခာ၊ ခြင်ထောင်၊ စောင်၊ အဝတ်အထည်နဲ့ အိုးခွက်ပန်းကန်တွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကပြောပါတယ်။

“ရွာကပြေးလာကြတဲ့အခါ ဘာမှယူမလာနိုင်ခဲ့ကြဘူး။ ဆောင်းရာသီလည်း ဝင်လာပြီဆိုတော့ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်တွေ၊ မွေးကင်းစ ကလေးငယ်တွေအတွက် စိုးရိမ်စရာပါ။ ဆေးဝါးတွေလည်း မရှိပါဘူး။ အကူအညီတွေ လိုအပ်နေကြပါတယ်” လို့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

တိုက်ပွဲကြောင့် စစ်တွေ-ပုဏ္ဏားကျွန်းလမ်းကိုလည်း ဒီနေ့အထိ ပိတ်ထားတာကြောင့် ကုန်ကားနဲ့ ခရီးသည်တင်ကား ၃၀၀ လောက် ပိတ်မိနေပါတယ်။ DVB

မန္တလေးမြို့အ၀င်ဂိတ် ဗုံးပစ်တိုက်ခိုက်ခံရပြီး ၃ ယောက်ထက်မနည်းသေဟုဆို

ယမန်နေ့ နိုဝင်ဘာ ၁၃ ရက် ညက မန္တလေးမြို့မြောက်ဘက်အ၀င်ဂိတ် ဗုံးပစ်တိုက်ခိုက်ခံံရမှုတွင်၊ စစ်ကောင်စီစစ်သားနှင့်ရဲ သုံးယောက်ထက်မနည်း သေကြေဒဏ်ရာရမှုရှိခဲ့ကြောင်း သတင်းရရှိသည်။

“ဖြစ်စဉ်ကတော့ဟုတ်တယ်၊ ရဲ တစ်၊ စစ်သား နှစ် ထိတယ်၊ သေမသေတော့အတည်ပြုမရဘူး” ဟု၊ နယ်မြေခံရဲတပ်ဖွဲ့ အသိုက်အ၀န်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

မန္တလေးမြို့မြောက်ဘက်အထွက်၊ မန္တလေး-မတ္တရာကားလမ်းပေါ် စစ်ကောင်စီ၏မြို့အ၀င်ဂိတ် (ရွှေကျင်တိုး ဂိတ်အနီး)ရှိ အစောင့်စစ်သားနှင့်ရဲများအား ယမန်နေ့ နို၀င်ဘာ ၁၃ ရက် ည ၇ နာရီ၀န်းကျင်ခန့်တွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

အဆိုပါတိုက်ခိုက်မှုကို ပုသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ – ပုသိမ်ကြီး)နှင့်၊ G-6 Stars မြို့ပြပြောက်ကျား တပ်ဖွဲ့ညီနောင်များ၊ BRA+MRTF မဟာမိတ်တပ်ပေါင်းစု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ညီနောင်များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပကဖ – ပုသိမ် ကြီးက သတင်းထုတ်ပြန်သည်။

သတင်းထုတ်ပြန်ချက်တွင် “79 နှစ်လုံးဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်၊ လှုပ်ရှားမှုအပြီးတွင် ဂိတ်မှာတောင်းရမ်း နေသော စခ(စကစတပ်သား)၊ ရခ(ရဲ) ၃၀ ၀န်းကျင်အနက် သုံးကောင်ငရဲလား၍၊ အများအပြားထိခိုက်ဒဏ်ရာရ သွားကြသည်” ဟု ဖော်ပြထားပြီး၊ ၎င်းတို့ဘက်က အထိအ ခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ဆိုထားသည်။ mizzima

မြိုင်မြို့နယ် ကန်ကလေးရွာကို မီးရှို့ပြီးပြန် လာသည့် အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ငါးဦးထက်မနည်းသေ

မြိုင်မြို့နယ် ကန်ကလေးရွာကို မီးရှို့ပြီးပြန်လာသည့် အကြမ်းဖက်စစ်တပ်ကို ရွာအနောက်ဘက် ၃ဖာလုံ အကွာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ ငါးဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၃ ရက်နေ့ ညနေ ၅နာရီ ၃၀ မိနစ်အချိန်ခန့်က ဖောကားတစ်စီး ကားအသေးတစ်စီး ဆိုင်ကယ် နှစ်စီးအပါအဝင် ခြေလျင်ပြန်ဝင်လာသည့် အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့မိုင်းဆွဲတိုက်ခိုက်ပြီးနောက် လက်နက်ငယ်များဖြင့် အပြန်အလှန်တိုက်ခိုက်မှုလည်းဖြစ်ပွားခဲ့ပြီး အကြမ်း ဖက်စစ်တပ်ဘက်မှ ၅ဦးထက် မနည်းသေဆုံးရခဲ့ကြောင်း သိရသည်။သေဆုံးသွားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် များ၏ အလောင်းကို ဖောကားဖြင့်တင်ဆောင်ကာ သရက်ကန်ရွာကို ပြန်လှည့်သွားကြောင်း သိရသည်။

ကျန်ဒဏ်ရာရသူများကို စစ်ကောင်စီတပ်ဖြင့်ပါလာသည့် ပျူစောထီးများက လုံခြုံရေးပေးပြီး ပခုက္ကူဘက်ကို ခေါ်ဆောင်သွားကြောင်း၊ယင်း တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ဘက်မှ ဆိုင်ကယ်တစ်စီးကို သိမ်းဆည်းရမိကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁ စင်္ကြာကာကွယ်ရေးတပ်ဖွဲ့နှင့် MUGDF တပ်ဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မြိုင် ပကဖ တပ်ရင်း၁မှ မြိုင်မြို့မြောက်ဘက်တွင် ဘန်ကာဆောက်အခိုင်အမာတပ်စွဲထားသော စစ်ကောင်စီ ၊ရဲ ၊ပျုစောထီးများကို ယနေ့ မနက် ၃နာရီတွင် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲမှာ ၁၈မိနစ်ထိကြာအောင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦးနဲ့ ပျူစောထီး ခေါင်းဆောင် သေဆုံး ခဲ့သည်ဟု စုံစမ်းသိရှိခဲ့ရပြီး ကျန်ထိခိုက်မှုများကိုတော့ စုံစမ်းနေဆဲဖြစ်ကြောင်း မြိုင်ပကဖ ထံမှသိရသည်။ khit thit

မုံရွာမြို့တွင် ရပ်ကွက်အုပ်ချုပ်‌ရေးရုံးနှင့် စစ်ကောင်စီတပ်ဖွဲ့လှည့်ကင်း မီးရှို့တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို နိုဝင်ဘာ ၁၂ ရက်မနက်ပိုင်းက မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ Black Dragon Special Task Force-Monywa က သတင်း ထုတ်ပြန်ပါတယ်။

စစ်အုပ်စု ခိုးအောင်းနေလေ့ရှိတဲ့ မုံရွာမြို့ နန္ဒဝန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Black Dragon Special Task Force-Monywa၊ Farmers Revolution Force (FRF UG တပ်ရင်း-၉)၊ Golden Eagle Force – Monywa နှင့် Monywa Ranger Army တို့ ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

Black Dragon Special Task Force-Monywa အဖွဲ့ဝင်တဦးက “ကျေးရွာတွေက အိမ်တွေ မီးရှို့တဲ့အပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ ဝင်ရောက် မီးရှို့တာပါ။ ရုံးအတွင်းထဲမှာ အရပ်ဝတ် စစ်သားတွေ မကြာမကြာ လာရောက်နေထိုင်တယ်” လို့ ပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်မှုကို တာဝန်ရှိသူတွေက ငြှိမ်းသတ်ခဲ့ရာ မနက် ၁၁ နာရီခွဲမှာ မီးငြိမ်းပြီး သွပ်မိုး၊ ပြင်ခင်းနဲ့ ရုံးခန်း တခန်း မီးလောင်ပျက်စီးပြီး မီးလောင်မှုလို့သာ စစ်အုပ်စုက သတင်းထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

မုံရွာမြို့ ညောင်ရိပ်သာရပ်ကွက် မီးကင်းတဲအနီး ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၅ ဦးသေဆုံးပြီး အ များပြားဒဏ်ရာရရှိသွားတယ်လို့ ဒေသကာကွယ်အဖွဲ့ပူးပေါင်းအဖွဲ့က နိုဝင်ဘာ ၁၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့ ည ၈ နာရီလောက်က ညောင်ရိပ်သာရပ်ကွက် မီးကင်းတဲအနီး စစ်ကောင်စီတပ်ဖွဲ့မှ ခြေလျင်တဖွဲ့၊ အိမ်စီးကား ၁ စီးနဲ့ တဖွဲ့ ကင်းပတ်လာရာမှာ မိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က ဆိုပါတယ်။

“သူတို့ လှည့်ကင်းပတ်လာတုန်း မိုင်း ၃ လုံးနဲ့ ဖောက်ခွဲခဲ့တာပါ။ ၅ ကောင်က အဲ့ဒီနားမှာပဲ သေတယ်။ ညအချိန်မှမဟုတ်ဘူး နေ့ခင်းဘက်တွေပါ ဒီကောင်တွေ မြို့တွင်းက ရပ်ကွက်လမ်းသွယ်တွေထဲထိ အရပ်ဝတ်တွေနဲ့ ‌ကင်းပုန်းဝပ်တာတွေလည်း ရှိတယ်။  တချို့နေရာတွေဆို ပြည်သူ ထိခိုက်မှာစိုးလို့ လက်ရှောင်ခဲ့ရတာတွေ အများကြီးပဲ” လို့ Black Dragon Special Tesk Force – Monywa မှ တာဝန်ရှိသူတဦးက  ပြောပါတယ်။

မိုင်းပေါက်ကွဲအပြီး စစ်ကောင်စီတပ်ဖွဲ့က ၄၀ မမ ဗုံးသီးများအပါဝင် လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့ဝင်တွေ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ စစ်သားလောင်းတွေနဲ့ ဒဏ်ရာရသူတွေကိုတော့ စစ်ကောင်စီအဖွဲ့မှ ကား ၂ စီးနဲ့ လာရောက်တင် ဆောင်သွားတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Black Dragon Special Tesk Force – Monywa ၊ Golden Eagle Force – Monywa နဲ့ Farmer Revolation Force (UG တပ်ရင်း ၉ ) တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့ နိုဝင်ဘာလ ၇ ရက်နေ့ကလည်း မုံရွာမြို့ ပြည်တော်သာဝိုင်းပတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကားတစီးကို ဒေသကာ ကွယ်ရေးအဖွဲ့တွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အရာရှိအဆင့် ၂ ဦးအပါဝင် စစ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ DVB

“စစ်ပုံကျကျပြင်ဆင် ဖက်ဆစ်တပ်ကို အမြစ်ဖြတ်” စာတန်း ကိုင်ဆောင်ကာ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်း ညသပိတ် ပြုလုပ် ချီတက် ဆန္ဒပြ

khit thit

ကန့်ဘလူရှိ အင်းမရွာကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး၊ ဒေသခံများ၏ နေအိမ် ၇၉လုံး မီးလောင်ဆုံးရှုံး

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ အင်းမကျေးရွာကို နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ဒေသခံများ၏ နေအိမ် ၇၉ လုံး မီး လောင် ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် အင်းမကျေးရွာကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်နေ့ နှင့် ၁၃ ရက်နေ့များတွင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“သူတို့(စစ်ကောင်စီတပ်)က ပြီးခဲ့တဲ့စနေနေ့ ကစပြီး အင်းမ တောင်ရွာကို မီးရှို့တယ်။ မနေ့က တနင်္ဂနွေနေ့မှာတော့ မြောက်ရွာကို မီးဆက်ရှို့တယ်။ သူတို့က ရှို့ထွက် ထွက်တာ အင်အားက ၄၀၀ လောက် ရှိတယ်။ တောင်ရွာက အိမ် ၄၀ ကျော် နဲ့ မြောက်ရွာက အိမ်အလုံး ၃၀ ကျော် မီးလောင်ဆုံးရှုံးသွားတယ်။ စုစုပေါင်း အိမ်ခြေက ၂၅၀ လောက် ရှိတာ” ဟု အင်းမဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်များသည် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ၎င်းတို့စခန်းချ နေထိုင်သွားသည့်အိမ်များမှ ငွေကြေး နှင့် အခြားတန်ဖိုးရှိပစ္စည်းများကို ခိုးယူခဲ့သည်။ ထို့ပြင် ဒေသခံများ မွေးမြူထားသည့် နွားများကိုလည်း သယ်ဆောင်သွားကြောင်း သိရသည်။

“ရွာက နွားအကောင် ၁၀၀ ကျော်ဆွဲသွားတယ်။ ပေကုန်းစာသင်ကျောင်းထဲမှာတော့ အကောင် အစိတ်(၂၅ကောင်)လောက် ကျန်ခဲ့တယ်။ ကျန်တာတွေကိုတော့ ကားနဲ့ တင်သွားတယ်။ သူတို့ နေခဲ့တဲ့ အိမ်တွေအားလုံးကို မွှေနှောက်သွားတယ်။ အဲ့အိမ် တွေရဲ့ အတွင်းပိုင်းတွေကို မီးရှို့သွားတယ်။ ပိုက်ဆံ ၁၄ သိန်းလောက် ပါသွားတယ်” ဟု ဒေသခံ တစ်ဦးက ဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် စပါးတင်းပေါင်း ထောင်နှင့်ချီ သိုလှောင်ထားသည့် စပါးကျီတစ်ခုကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာအတွင်းတွင် မိုင်းထောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကာကွယ်ရေးတပ်ဖွဲ့က မိုင်းရှင်းလင်းရေး လုပ်တယ်။ နောက် သူတို့ မီးရှို့ခဲ့တဲ့ စပါးကျီကို မီးငြှိမ်း ပြီး ကျန်တဲ့ စပါးတွေ ထုတ်နေတယ်။ ပိုင်ရှင်နဲ့ ညှိနှိုင်းပြီး မီးဘေးသင့် ပြည်သူတွေကို ပြန်ဝေပေးပါ” ဟု ဒေသခံကျေးရွာသား တစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွာသွား ပြီဖြစ်သော်လည်း ကန့်ဘလူမြို့ဘက်သို့ နောက်ထပ် စစ်ကောင်စီစစ်ကြောင်း လာနေသည် ဆိုသည့် သတင်းကြောင့် အင်းမ ကျေးရွာသူ ကျေးရွာသားများမှာ ထပ်မံတိမ်း ရှောင်နေရကြောင်း သိရသည်။mizzima

ကျောက်ဖြူတွင် စစ်တပ်က လူလာ ဖမ်းရာ တွင် မတွေ့၍ ငွေကျပ် ၅ သိန်းကျော်တန်ဖိုး ရှိသည့် ငါးခြောက်များကို လုယူသွား

ရခိုင်ပြည်၊ ကျောက်ဖြူမြို့ ကုလားပိုက်ဆိပ်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက် ရှာဖွေရာတွင် မတွေ့ရှိသဖြင့် ၎င်း၏ ပိုင်ဆိုင်သော ငါးခြောက် ဒိုင်တွင်ထားသည့် ကာလတန်ဖိုး ၅သိန်းကျော်ရှိ ငါးခြောက်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ယူဆောင်သွားကြောင်း ရပ် ကွက်တွင် နေထိုင်သူများက ပြောသည်။

နိုဝင်ဘာ ၁၂ရက်နေ့ ညဉ့် ၁၀ နာရီကျော်ခန့်က ကုလားပိုက်ဆိပ် ရပ်ကွက်၊ ဘုန်းကြီးကျောင်းလမ်းတွင် နေထိုင်သည့် အဖ ဦးလှသာထွန်း၏ သားဖြစ်သူ အသက် ၂၉ နှစ်အရွယ်ရှိ ကိုလှမြင့်ထွန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါအဝင် စရဖများ ၃၀ခန့်က အိမ်စီးကားတစ်စီး၊ ကားအကြီး ၂ စီးတို့ဖြင့် လာရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်သို့ ဝင်ရောက်ပြီးရှာဖွေရာတွင် ဇနီးဖြစ်သူနှင့် ဖခင်တို့ ရှိရာ ကိုလှမြင့်ထွန်း ကို ရှာမတွေပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ငါးခြောက်ဒိုင်သို့ သွားရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောသည်။

“ယူနီဖောင်းရော ၊ ယူနီဖောင်းမပါတာရော၊ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ စရဖ အပါအဝင် ၃၀ ခန့်လောက်ရှိမယ်။ ကိုလှမြင့်ထွန်းရှိ၊ မရှိကိုမေးတယ်။ နေအိမ်ကို ဝင်ရှာတယ်။ မွှေတယ်။ သူ့မိန်းမက ယောကျ်ားမရှိဘူး။ နယ်မှာလို့ပြောတယ်။ သူပိုင်ဆိုင်တဲ့ ငါးခြောက်ဒိုင်ကို သွားကြတယ်။ သူအဲ့ဒီငါးခြောက်ဒိုင်မှာ ရှိမယ်ဆိုပြီးတော့ သွားကြတာပေါ့”ဟု ဒေသခံတစ်ဦးက ပြောသည်။

ကိုလှမြင့်ထွန်း မိသားစုနေထိုင်သည့် နေအိမ်နှင့် စီးပွားရေး လုပ်ငန်းလုပ်ကိုင်သည့် ငါးခြောက်ဒိုင်းတို့သည် မလှမ်းမကမ်းတွင်ရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းအား ရှာမတွေ့ရာကနေ ငါးခြောက်ဒိုင်တွင် ရှိမည်ဟု ယူဆချက်ဖြင့် သွားရောက်ရှာဖွေခဲ့ကြောင်း ရပ်ကွက်နေထိုင်သူများက ပြောသည်။

သို့သော်လည်း ကိုလှမြင့်ထွန်း အား ရှာမတွေ့ဘဲ ငါးခြောက်ဒိုင်တွင် ရှိသည့် ငါးရံဂုံးခြောက်၊ ငါးညို့ခြောက်စသည့် ကာလတန်ဖိုး ၅သိန်းကျော်ဖိုးရှိ ငါးခြောက်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူဆောင်သွားပြီး ပစ္စည်းတစ်ချို့ကိုလည်း ဖျက်ဆီးသွားခဲ့ကြောင်း ရပ်ကွက်နေထိုင်သူများက ပြောသည်။

“သူ့ကို အိမ်မှာ မရှိဘူးဆိုတော့ မယုံဘူးပေါ့။ ငါးခြောက်ဒိုင်ကို စစ်ကောင်စီတပ်သားတွေက သွားကြတာပါ။ ငါးခြောက်တွေ သိုလှောင်ထားတာအများကြီးပါပဲ။ သူတို့ မိသားစုက ငါးလုပ်ငန်းလုပ်တယ်။ ငါးဒိုင်ဖွင့်ထားတာပေါ့။ သူ့ကို မတွေ့တော့၊ ငါးခြောက်ဒိုင်မှာရှိတဲ့ ငါးခြောက်တွေကို ယူသွားတယ်။ ကာလတန်ဖို့ ၅ သိန်းကျော်လောက်တော့ရှိမယ်။ စစ်ကောင်စီတပ်သားတွေယူသွားတာ။ ပိုင်ရှင်မသိဘဲ ယူတယ်ဆိုရင် ခိုးယူသွားတယ်ပေါ့၊ ပစ္စည်းတစ်ချို့ကိုလည်း ဖျက်ဆီးခဲ့တယ်”ဟုပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရခိုပြည်၊ စစ်ကောင်စီ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူကြီးကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

ကျောက်ဖြူတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်သားများအပါအဝင် ဌာနဆိုင်ရာက တာဝန်ရှိသူများကိုလည်း ဆက်တိုက်ဖမ်းဆီးမှုရှိလာနေပြီး ဖမ်းဆီးခံရသည့် ၎င်းတို့ပိုင်ဆိုင်သည့် ကားများကို ပြန်မပေးဘဲ အဆိုပါ ကားများဖြင့် မြို့ထဲ လှည်ပတ်ကာ ဖမ်းဆီးမှုများပြုလုပ်နေခြင်းဖြစ်ကြောင်း ကျောက်ဖြူဒေသခံများက‌ပြောသည်။

“ကျောက်ဖြူမှာ အခုက တော်တော်ဆိုးလာနေတယ်။ ဖမ်းတာမကလို့ အရပ် သားကားတွေကိုလည်း ဖမ်းပြီးတော့ ကားပြန်မပေးဘူး.။ အဲ့ဒီကားတွေနဲ့ မြို့ပတ်ပြီး လိုက်ဖမ်းတာ၊ နေလယ်ပိုင်းရော၊ ညပိုင်းရော ဖမ်းတယ်။ စရဖတွေရော၊ SBရော၊ အကုန်ပါတယ်။ အရပ်ဝတ်တွေနဲ့ စစ်ကောင်ီစတပ်ဖွဲ့ဝင်တွေ မြို့ပေါ်ရော၊ နယ်ဖက်တွေ လိုက်ဖမ်းတာ။ စည်းဆိုတာ သူတို့မှာမရှိဘူး။ တွေ့တဲ့သူကို ကောက်ဖမ်းနေတာ”ဟုပြော သည်။

ရခိုင်ပြည်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ တစ်ကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီက အပြစ်မဲ့ အရပ်သားများအား သတ် ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများအား တစ်နေ့ထက် တစ်နေ့ ပို၍ ဆိုးလာနေပြီး အခု ရက်ပိုင်းများက ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာသား ၉ ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွာအတွင်းသို့ ဝင်ရောက်ပြီး သတ်ဖြတ်ခဲ့သည်။ khit thit

« Older Entries