ပုဏ္ဏားကျွန်း၊ ဆင်အင်းကြီးရွာ၌ အသက်၈၈ နှစ်အရွယ်အဘိုးအို အစာရေစာပြတ်လပ်သေ ဆုံး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာမှာ အသက် ၈၈ နှစ်အရွယ် အဘိုးအိုတယောက် အစာရေစာပြတ်လပ်ပြီး နိုဝင်ဘာ ၁၃ ရက်က သေဆုံးသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ဆင်အင်းကြီးကျေးရွာထဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ရွာသူရွာသား ထွက်ပြေးစဉ် အဘိုးအို ဦးမောင်သိန်းထွန်းဟာ အသက်အရွယ်ကြောင့် မပြေးနိုင်ဘဲကျန်ခဲ့ရာကနေ အခုလို အစားအစာပြတ်လပ်သေဆုံးခဲ့တာလို့ မိသားစုဝင်တဦးက ပြောပါတယ်။

“မိဘကို ဘယ်သူက အခုလို ပစ်ထားခဲ့ပြီး သေဆုံးစေချင်ပါမလဲ။ ရင်ထဲမှာအလွန်ခံစားရပါတယ်။ လက်နက်ကြီးက ရွာထဲထိကျလာနေတယ်။ လေယာဥ်နဲ့လည်း လာပစ်နေတော့ ရွာကလူတွေ အားလုံးထွက်ပြေးနေကြပြီ။ ကျမတို့လည်း မပြေးလို့မရတော့ဘူး။ အဖေကို တပါတည်း ခေါ်သွားဖို့ကလည်း ချောင်းကူးမြစ်ကူးလာရတာဆိုတော့ ဘယ်လို့မှ အဆင်မပြေနိုင်လို့ ထားခဲ့ကြရတာ။ တခြားမိသားစုတွေမှာလည်း သက်ကြီးရွယ်အိုတွေ ထားခဲ့ကြတာရှိတယ်။ ပြန်လာပြီး ပြုစုကြမယ်ဆိုပြီး ထားခဲ့ကြရတာ။” 

ဦးမောင်သိန်းထွန်းဟာ နိုဝင်ဘာ ၁၀ ရက်ကတည်းက ရွာမှာကျန်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၁၃ ရက် မနက် ၁၀ နာရီလောက် လက်နက်ကြီးပစ်ခတ်မှု ငြိမ်သက်နေတဲ့အတွက် မိသားစုဝင်တွေနဲ့ ရွာသားတွေ ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ မြို့မဘုန်းတော်ကြီးကျောင်းကို ခေါ်ယူလာကြစဥ် သေဆုံးသွားကြောင်း၊ နေ့လယ် ၁ နာရီခွဲလောက် ပုဏ္ဏားကျွန်းသုသာန်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

နိုဝင်ဘာ ၁၀ ရက်က  ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာနဲ့ ဆင်အင်းကြီးကျေးရွာ အကြားမှာ  စစ်ကောင်စီတပ်ရဲ့ ရိက္ခာနဲ့ လက်နက် သယ်လာတဲ့ ကား ၃ စီးအနက် ၁ စီးကို ရက္ခိုင်တပ်တော် (အေအေ) က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကျအဆုံးများတာကြောင့် အခုလို လက်နက်ကြီးတွေနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်လာတာဖြစ်ပြီး ကျေးရွာ ၁၀ ရွာလောက်က ပြည်သူတွေ ထွက်ပြေးနေကြရတာလို့ ဆိုပါတယ်။ 

ဒါ့အပြင် ဆင်အင်းကြီးကျေးရွာမှ အသက် ၉၂ နှစ်အရွယ် အဘွားအိုအပါအဝင် ပြည်သူ ၁၀ ဦးအား စစ်ကောင်စီတပ်ဖွဲ့က ရက်စက်စွာသတ် ဖြတ်ခဲ့ကြပြီး နေအိမ်အလုံး ၃၀ လောက်ကို မီးရှို့ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ မြို့မဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံလာကြတဲ့ စစ်ဘေးရှောင် ၅၀၀ ကျော်အတွက် စားနပ်ရိက္ခာ၊ ခြင်ထောင်၊ စောင်၊ အဝတ်အထည်နဲ့ အိုးခွက်ပန်းကန်တွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကပြောပါတယ်။

“ရွာကပြေးလာကြတဲ့အခါ ဘာမှယူမလာနိုင်ခဲ့ကြဘူး။ ဆောင်းရာသီလည်း ဝင်လာပြီဆိုတော့ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်တွေ၊ မွေးကင်းစ ကလေးငယ်တွေအတွက် စိုးရိမ်စရာပါ။ ဆေးဝါးတွေလည်း မရှိပါဘူး။ အကူအညီတွေ လိုအပ်နေကြပါတယ်” လို့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

တိုက်ပွဲကြောင့် စစ်တွေ-ပုဏ္ဏားကျွန်းလမ်းကိုလည်း ဒီနေ့အထိ ပိတ်ထားတာကြောင့် ကုန်ကားနဲ့ ခရီးသည်တင်ကား ၃၀၀ လောက် ပိတ်မိနေပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s