Monthly Archives: Nov 2022

မြင်းမူတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် တိုက် ခိုက်ခံရ၊ ကန့်ဘလူဒေသခံနေအိမ်များကို စစ် တပ်က မီးရှို့

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာအနီးမှာ နိုဝင်ဘာ ၁၃ ရက် မနက် ၉ နာရီခွဲလောက်က စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ မြင်းမူဒေသကာကွယ်အဖွဲ့ဖြစ်တဲ့ Black Eagle Defence Force – MMU က ပြောပါတယ်။

အဲ့ဒီမနက်က စစ်ကောင်စီစစ်ကြောင်းဟာ ဂွေးပင်တောကျေးရွာကနေ ထွက်ခွာလာတာဖြစ်ပြီး ရွာအရှေ့ဘက်ရှိ အုတ်ကန်ဘုရားတောင်ဘက်မှာ ဒရုန်းနဲ့ ဗုံးသီး ၁ လုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Black Eagle Defence Force – MMU တာဝန်ရှိသူက “ကျနော်တို့အဖွဲ့တွေက စကစစစ်ကြောင်း ပြန်ထွက်အလာကို ကြိုစောင့်ပြီး ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာပါ။ ဗုံးပေါက်ကွဲပြီး စကစဘက်က ဒရုန်းသွားရာလမ်းကြောင်းကို နောက်ကနေ တရစပ် လိုက်ပစ်ကြသေးတယ်။ ကျနော်တို့အားလုံး အထိအခိုက်တော့ မရှိခဲ့ပါဘူး” လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့က ထိခိုက်သေဆုံးမှု ရှိနိုင်ပေမဲ့ အခြေအနေ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Black Eagle Defence Force – MMU နဲ့ မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း မြင်းမူမြို့နယ် ဘိုးမင်းကြီးကင်းကျေးရွာအနီး သစ်တောတွင်း ကင်းပုန်း‌ဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ ၂ ကြိမ်တိုင် ဗုံးသီးချ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းမကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က နိုဝင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ၂ ရက်ဆက်တိုက် မီးရှို့ခဲ့တာကြောင့် နေအိမ် ၇၉ လုံး မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းက အင်းမကျေးရွာတောင်ပိုင်းကို စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ခဲ့ပြီး နိုဝင်ဘာ ၁၃ ရက် မနက်မှာတော့ ရွာမြောက်ပိုင်းကို ဆက်လက်မီးရှို့သွားခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတဦးက “အင်အားအလုံးအရင်းနဲ့ ရွာကို ပစ်ခတ်ပြီးဝင်လာတာပါ။ သူတို့ စဝင်တဲ့ရက်က ရွာတောင်ပိုင်းကို မီးတင်ရှို့တယ်။ နောက်ရက်မှာ မြောက်ပိုင်းကိုဝင်ပြီး ရှို့တာ။ ရွာကလူတွေကတော့ ပြေးနေရတယ်။ မြောက်ပိုင်းက ရွာဒေသခံတချို့လည်း ပိတ်မိပြီး ဖမ်းဆီးခံထားရတယ်လို့ သိရတယ်။ ကျနော်တို့ကတော့ သူတို့စဝင်တဲ့ ရက်ကတည်းက ပြေးနေရတာ။ ရွာစဉ်တလျှောက် စစ်ကြောင်းထိုးလာတာပါ” လို့ ပြောပါတယ်။

ရရှိထားတဲ့ အချက်လက်တွေအရ အင်းမကျေးရွာ တောင်ပိုင်းကို တပ်မ ၇၇ လက်အောက်ခံ ခမရ ၃၆၇ နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ အင်အား ၂၀၀ လောက်က မီးရှို့ခဲ့တာဖြစ်ပြီး အင်းမကျေးရွာ မြောက်ပိုင်းကိုတော့ ခမရ ၃၆၇ နဲ့ ၇၀၁ တပ်ရင်းတွေ ပူးပေါင်းပြီး အင်အား ၃၀၀ လောက်နဲ့ ဝင်ရောက်မီးရှို့သွားတာလို့ သိရပါတယ်။

အင်းမကျေးရွာဟာ အိမ်ခြေ ၂၅၀ လောက်ရှိပြီး ဒေသခံပြည်သူ ၃,၅၀၀ လောက် နေထိုင်နေတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ကျွန်းလှမြို့ မြို့တော်ခန်းမနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အတွင်းမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းကစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ကြောင်းထိုး ပစ်ခတ်ဝင်ရောက် နေအိမ်မီးရှို့တာတွေကြောင့် ကန့်ဘလူမြို့နယ်ရှိ ပင့်သာ၊ ဖလှယ်ရ၊ မကျည်းကုန်း၊ ရှမ်းကုန်း၊ ပင်းတည်း၊ အင်းမ၊ ထန်းပင်ကုန်း၊ အုတ်ခင်း၊ နဂါးပေါ်၊ ပိတောက်ပင့်၊ ပင့်သာကြီး စတဲ့ ကျေးရွာပေါင်း ၁၁ ရွာက ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ DVB

တောတွင်းအထူးတိုက်ခိုက်ရေးအဖွဲ့ ဒေါင်းမင်းစစ်ကြောင်းအတွက် လက်နက်များ လိုအပ်နေ

စစ်အာဏာရှင်ကို ဆန့်ကျင်သည့် မြို့ပြပြောက်ကျားအဖွဲ့ ငါး ဖွဲ့ ပူးပေါင်းတည်ထောင်ထားသော တောတွင်းအထူးတိုက်ခိုက်ရေး စစ်ကြောင်း ဒေါင်းမင်းစစ်ကြောင်းအဖွဲ့တွင် လက်နက်များလိုအပ်နေကြောင်း ဒေါင်းမင်းစစ်ကြောင်းအဖွဲ့၏ တာဝန်ခံ တစ်ဦးကပြောသည်။

ဒေါင်းမင်းစစ်ကြောင်းအဖွဲ့ကို မစ်ရှင် ကြီးကြီးမားမား တစ်ခုလုပ်ဆောင်ပြီးမှသာ ပြည်သူလူထုကို ချပြဖို့ ရည်ရွယ်ထားသော်လည်း လက်ရှိတွင် လက်နက်အင်အားနှင့် လူအင်အား မျှတမှုမရှိသောကြောင့် စောစီးစွာ ချပြလိုက်ရကြောင်း အဖွဲ့တာဝန်ခံကဆိုသည်။

“တဖြည်းဖြည်းခက်ခဲလာတာက ပြီးခဲ့တဲ့ မိုးတွင်းမှာလည်း တော်တော်ခက်ခက်ခဲခဲ ရပ်တည်ခဲ့ရတယ်။ နောက်တစ်ခုကတော့ ဒီဆောင်းတွင်းရောက်လာတဲ့ အခါမှာ ကျွန်တော်တို့ သင်တန်းဆင်းတယ်။ ဆင်းတော့ လက်ထဲမှာ ရဲဘော်တွေ ကိုင်စရာလက်နက် မရှိဘူး။ အဲ့လို အခြေအနေရောက်တဲ့အခါ မဖြစ်မနေတော့ ဖေ့ဘုတ်ပေ့ချ် ထောင်ရတော့မယ်။ ဒီထဲမှာမှ ကျွန်တော်တို့ နီးစပ်ရာ အသိုင်းအဝိုင်းနဲ့ဆက်စပ်ပြီးတော့ မေးခဲ့လို့ရှိရင် ဘယ်သူနဲ့ ခင်တယ်၊ ဘယ်သူတဲ့ သိတယ်ဆိုတာမျိုး အချင်းချင်း ချိတ်ဆက်ပြီး ကျွန်တော်တို့ အကြောင်းကို တစ်ယောက်ချင်းစီ ရှင်းပြတာမြင်တော့ အလှူငွေ နဂိုထက် ပိုရမယ်။ အဲ့ဒီကျတော့ ကျွန်တော်တို့ အတွက် လက်နက် ဝယ်မယ်၊ အဲ့ရည်ရွယ်ချက်နဲ့ ပေ့ချ် ကို စောပြီးထောင်လိုက်တာပါ”လို့ ဒေါင်းမင်းစစ်ကြောင်းရဲ့ တာဝန် ခံက ဆိုသည်။

ဒေါင်းမင်းစစ်ကြောင်း အဖွဲ့သည် မြို့ပြပြောက်ကျားအဖွဲ့များနှင့်တည်ထောင်ထားပြီး ၎င်းတို့၏ လှုပ်ရှားမှုများ၊ မြို့ပြ မစ်ရှင်များကို သိရှိပြီး နီးစပ်သည့် အလှူရှင်အနည်းငယ်ကသာ ပံ့ပိုးနေခြင်း ဖြစ်သည်။

မြို့ပြပြောက်ကျားအဖွဲ့များ ဖွဲ့စည်းထားသည့်အတွက် အခြေခံစစ်ပညာ သင်တန်းဆင်းထားသူ များစွာရှိပြီး ဒေါင်းမင်းစစ်ကြောင်းကို တောတွင်း အထူးတိုက်ခိုက်ရေးအဖွဲ့အနေဖြင့် လှုပ်ရှားမှုများ လုပ်ဆောင်နေခြင်း လည်းဖြစ်သည်။

“အဓိကကတော့ လက်နက်ပေါ့လေ၊ လာသမျှ ရဲဘော်တွေကိုလက်ခံပြီးတော့ ဒီလူတွေရဲ့ ရိက္ခာ ကုန်ကျစရိတ်တွေကို လက်နက်ဖိုးမရဘဲ အဲ့ထဲ အပွန်းပဲ့ ခံသွားမလားပေါ့နော်။ ကျွန်တော်တို့ခေါင်းဆောင်တွေ ဆွေးနွေးကြတယ်။ အဲ့ဒီမှာ ကျွန်တော်ကတော့ လူကျစ်ကျစ်လျစ်လျစ်နဲ့ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့တွေလိုလုပ်ပြီးတော့ ဒီစစ်ဂွင်ထဲမှာ ကျွံသွားတဲ့ အာဏာရှင်ကို တိုက်နေတဲ့ ဘယ်တပ်ပဲဖြစ်ဖြစ်ပေါ့နော်၊ အဲ့တပ် ကိုပြန် ဆွဲထုတ်လို့ရအောင်၊ နောက်ပီးတော့ နေရာတစ်နေရာကို ရုတ်တရက် ဝင်စီးပြီးတော့ ပြန်ထွက်လို့ရအောင် ဒါမျိုးတွေ ကျွန်တော်တို့ လုပ် ဆောင် မှာပါ” ဟု ၎င်းတာဝန်ခံက ပြောသည်။

အထူးတိုက်ခိုက်ရေးသင်တန်းအတွက် အမေရိကန်မရိန်းသင်တန်း တက်ခဲ့ဘူးခဲ့သည့် တပ်သားဟောင်းတစ်ဦးက လေ့ကျင့်သင်ကြားပေးနေပြီး သင်တန်းကာလ ကြာမြင့်မှုများ အပြင်းအထန် လေ့ကျင့်မှုများ၊ ရိက္ခာ၊ဆေးဝါး အခက်အခဲများကြောင့် လမ်းတစ်ဝက်နှင့် ကျသည့် သင်တန်း သားများလည်းရှိကြောင်း ဆိုသည်။

မြို့ပြမှာ မစ်ရှင်တွေ လုပ်ပြီးပါက ရှောင်တိမ်းရမှုများ၊ အဖမ်းဆီးခံရမှုများ ပိုမိုဆိုးရွားလာသည့်အတွက် တောင်ပိုင်းတိုင်းစစ်ဒေသတွင် အခြေ တည်ပြီး လှုပ်ရှားမှုများကို ဆောင်ရွက်မည်ဖြစ်ကြောင်း ဆိုသည်။

ဒေါင်းမင်းစစ်ကြောင်းအဖွဲ့သည် မြို့ပြပြောက်ကျားအဖွဲ့များဖြစ်သော ရန်ကုန်အခြေစိုက်အဖွဲ့ လေးဖွဲ့နှင့် ပဲခူးအခြေစိုက်အဖွဲ့ တစ်ဖွဲ့တို့ ပူး ပေါင်း ပြီး၊ လွန်ခဲ့သည့် ဇွန်လ ကတည်းက တည်ထောင်ထားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။mizzima

ဝက်လက်၊ ထန်းကြီးကျေးရွာကို စစ်တပ်က မီးတင်ရှို့မှု အိမ်ခြေ ၃၀၀ နီးပါး မီးလောင်ပြာကျ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာကို စစ်တပ်က နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မီးတင်ရှို့ခဲ့ရာ အိမ်ခြေ ၃၀၀ နီးပါး မီးလောင်ပြာကျသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မနေ့ မနက်ပိုင်းကနေ ညနေပိုင်းအထိ ရွာကို စစ်တပ်က မီးရှို့တာ။ အိမ်ခြေ ၂၀၀ ကျော် ၃၀၀ လောက်တော့ ပြာကျသွားတယ်။ တစ်ရွာလုံးနီးပါးပါပဲ။ ရွာမှာ အိမ်ခြေ ၄၀၀ ကျော်လောက်ရှိတာ။ အတော်များများပါသွားတယ်။ ဘာမှ ပြန်မရဘူး။ မီးလောင်ပြင်ကြီးဖြစ်နေတယ်။ ပြည်သူတွေကတော့ ရွာထဲ ပြန်မဝင်ရဲသေးဘူး။ အမျိုးသားတွေနဲ့ ကင်းသမားတွေပဲ ဝင်ကြည့်ရသေးတာပါ” ဟု ထန်းကြီးကျေးရွာသားတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ကို အနည်းဆုံး စစ်ကြောင်းကြီး ၃ ကြောင်းဖြင့် နယ်မြေရှင်း လင်းရေး အမည်တပ်ကာ ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။khit thit

ရေစကြိုနှင့် ပခုက္ကူတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ကန်တော်ရွာကို ပျူစောထီးများ မီးရှို့

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေစကြိုပြည်သူ့ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို နိုဝင်ဘာ ၁၃ ရက် ညနေ သုံးနာရီဝန်းကျင်က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ရေစကြိုအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဇီးတောကျေးရွာက ပျူစောထီးခေါင်းဆောင် ဝင်းမြင့်အောင်ဆိုသူ ဆေးကုသနေတဲ့ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

“မြို့ပေါ်ဆိုတော့ အရမ်းမကြာပါဘူး။ ကျနော်တို့ ၁၅ မိနစ်လောက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့မျက်စိရှေ့မှာ ကျသွားတာတော့ စစ်သားနှစ်ယောက်ပါ။ နောက်ထပ်တယောက်ကတော့ ဒဏ်ရာရပါတယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ရေစကြိုအဖွဲ့ တာ ဝန်ရှိသူတဦးက ပြောပါတယ်။

ရေစကြိုပြည်သူ့ဆေးရုံမှာ ဆေးရုံတက်ကုသနေတဲ့ ပြည်သူတွေမရှိဘဲ စစ်တပ်အသိုင်းအဝိုင်းက သူတွေသာ လာတက်ကြတယ်လို့ ပြောပါတယ်။

ဆေးရုံမှာ အာဏာသိမ်းစစ်တပ်က စစ်သားတွေ တပ်စွဲထားတဲ့ တနှစ်ကျော်ကြာပြီဖြစ်ပြီး ဒဏ်ရာရစစ်သားတွေကို ပို့ဆောင်ကုသတဲ့ ဆေးရုံလည်း ဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်က ရေစကြိုမြို့နယ် ရေလယ်ကျွန်းေဒသကို နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက ရဟတ်ယာဥ် Mi35 အသုံးပြုပြီး ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့ အရှေ့ဘုန်းကံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်​ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေညာမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အရှေ့ဘုန်းကံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ရွှေညာမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက “ကျနော်တို့က အဝေးကနေ လက်နက်ကြီးနဲ့ပစ်တာပါ။ လက်နက်ငယ်ကတော့ သူတို့ အပင်ပေါ်တက်တာမြင်တော့ လက်နက်ငယ်နဲ့ပစ်တာပါ။ သူတို့ဘက်ကလည်း ပြန်လည်ပစ်ခတ်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က အပင်ပေါ်တက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ပစ်ခတ်တဲ့ စစ်သားနှစ်ဦး ကျည်ထိမှန်ပြီး ဆေးရုံမှာ ဆေးကုသနေတယ်လို့ ပြောပါတယ်။

အဆိုပါပစ်ခတ်မှုကို ရွှေညာမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ King Cobra (PDF)၊ Urban Underground Revolution Force-(UURF)၊ Yesagyo Revolution Group-(YRG)၊ Southern YSO (PDF)၊ ညီနောင်သုံးဖော်၊ ဒေါင်းညီနောင်၊ ကျေးလက်ပြောက်ကျားအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ပခုက္ကူမြို့နယ်၊ ကန်တော်ရွာက နေအိမ် ၁၀ လုံးကျော်ကို နိုဝင်ဘာ ၁၂ ရက် နေ့လယ် ၂ နာရီဝန်းကျင်က ပျူစောထီးတွေ မီးရှို့သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ကန်တော်ကျေးရွာက မသင်္ကာတဲ့နေအိမ်တွေကို ပျူစောထီးတွေက မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

“ကန်တော် မီးရှို့ခံရတာက ၂ ခွဲလောက်က။ ညနေ ၄ နာရီလောက်ကျ မီးငြိမ်းသွားပြီ။ အိမ်နည်းနည်းပဲလောင်တော့ ရွာသားတွေ အချိန်မီ ပြန်ငြှိမ်းနိုင်တယ်။ သူတို့က ရှို့ပြီး ပြန်သွားတာ။”

ကန်တော်ကျေးရွာကို မီးလာရှို့တဲ့ ပျူစောထီးအဖွဲ့ဝင်တယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးသွားခဲ့ပြီး ပြန်လွတ်လာပြီးတဲ့နောက် အခုလို ကျေးရွာကနေအိမ်တွေကို လာရောက်မီးရှို့ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။ DVB

ကနီမြို့နယ် ရေလည်ကျွန်းကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ၊ ကနီမြို့တောင်ဘက် နှစ်မိုင်ခန့်အကွာရှိ ရေလည်ကျွန်းကျေးရွာတွင် စခန်းချ တပ်စွဲနေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ နိုဝင်ဘာလ ၁၄ ရက် နံနက် ၆ နာရီ အချိန်ခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီတပ်သား သေဆုံးထိ ခိုက်မှုအသေးစိတ်ကို မသိရှိရသေးကြောင်း KLG PDF သတင်းနှင့်ပြန်ကြားရေးက ပြောသည်။

“ကျနော်တို့ ဒေသခံ မဟာမိတ် လေးဖွဲ့စုပြီး တိုက်ပွဲဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲမှာ လက်နက်ကြီးတွေကို အဓိကထားပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲကြာချိန် တစ်နာရီခွဲ အထိ ရှိခဲ့ပြီး စစ်သားနဲ့ ပျူသေဆုံးမှုကို တော့ အတိအကျ မသိရသေးပါဘူး ။ ကျနော်တို့ဘက်က ရဲဘော်တစ်ဦးတော့ လက်လုပ် ၄၀ ပြောင်းကွဲပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်” ဟု KLG PDF သတင်းနှင့်ပြန်ကြားရေးက ဆို သည်။

အဆိုပါတိုက်ပွဲကို ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ် KLG PDF မှ ဦးဆောင်၍ ဆရာစံ PDF ၊ ရွှေတြိဂံ PDF နှင့် CRA တပ်ဖွဲ့တို့ ပူး ပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရေလယ်ကျွန်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲနေသည်မှာ တစ်နှစ်ခန့်ရှိပြီး ၎င်းတို့ကိုဆန့်ကျင်သည့် ဒေသခံပြည်သူ ၁၀၀ ခန့် စစ်ရှောင်နေရကြောင်း သိရသည်။ အဆိုပါ စစ်ရှောင်များသည် အချိန်ကြာလာသည်နှင့်အမျှ စားဝတ်နေရေး အခက်အခဲများ ရှိနေကြောင်းလည်း သိရသည်။ mizzima

ညောင်ခါးရှည်နှင့်သိမ်ဇရပ် စစ်ဆေးရေးဂိတ်များတွင် တာဝန်ကျသော စစ်တပ်၊ရဲ၊ ပျူစောထီးများနှင့် ဝန်ထမ်းတိုင်း လက်ဖျား ငွေသီးနေ

ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်ဘက်မှ ရန်ကုန်မြို့သို့ သွားရောက်ရသည့် လမ်းခရီးတွင် ရှိနေသော ညောင်ခါးရှည် စစ်ဆေးရေးဂိတ်နှင့် သိမ်ဇရပ်လမ်းခွဲ စစ်ဆေးရေးဂိတ်များတွင် တာဝန်ကျသည့် စစ်တပ်၊ ရဲနှင့် ပျူစောထီးများ သည် စစ်ဆေးရေးအကြောင်းပြ၍ လက်ဖျား ငွေသီးနေသည်ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များနှင့် ဒေသခံ ကားသမားများက ပြောဆိုကြသည်။

ရန်ကုန်မြို့အတွင်းသို့ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ဘက်မှ လက်နက်ခဲယမ်းများ တင်သွင်းမှု မလုပ်နိုင်ရေး နှင့် ဝင်ရောက်မလာရေး အတွက် စစ်ကောင်စီတပ်က X-Ray စက်များ ထားရှိပြီး ကားများကို ဖြတ်သန်းစစ်ဆေးလျက်ရှိရာမှ တစ်စီးချင်းစီ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းစစ် ဆေးစေခြင်း၊ အချိန်ဆွဲ၍ လုပ်ကိုင်ပြီး ယာဉ်တန်းရှည်များ ဖြစ်ပေါ်စေကာ အလျှင်လိုသည့်ကားများကို လာဘ်ငွေ ယူ လွှတ်ပေးခြင်းများကြောင့် မှောင်ခိုစျေးကွက်ဖြစ်ပေါ်ကာ တာဝန်ကျ ဝန်ထမ်းများအားလုံး ငွေသောက်သောက်လဲဝင်နေခြင်းဖြစ်သည်ဟု သိရှိရသည်။

“မော်လမြိုင် ကနေ ရန်ကုန် အပြန် သိမ်ဇရပ် X-Ray ဂိတ်မှာ နေ့တိုင်းနီးပါး ကားပိတ်ပါတယ်။ အရင်ကလည်း စစ်ဆေးရေးဂိတ်ကြောင့် ကားပိတ်တဲ့သတင်းသိထားပါတယ်။ ဒါပေမယ့် အခုက ရဲနဲ့မော်တော်ပီကယ် ပေါင်းရိုက်ပြီး လက်ဖျား ငွေသီးနေကြတာ မြင်မကောင်းဘူး ။ မော်လမြိုင် ကနေ ရန်ကုန် အတက် ကားက ၂ လမ်းမောင်းပါ။

ဒါပေမယ့် ကားတွေက စစ်ဆေးရေးဂိတ်ကြောင့် တချို့အရေးကြီးတဲ့ကားတွေက တဖက်လမ်းကို ကျော်တက်ရပြီး သွားဖို့ကြိုးစားကြပါတယ်။ မော်တော်ပီကယ်တွေလည်းရှိနေတာဆိုတော့ သူတို့က လမ်းရှင်းပေးဖို့အတွက် ထင်တာ။ မဟုတ်ဘူး ။ မော်တော်ပီကယ်က လမ်းရှင်းပေးတာမဟုတ်ဘဲ ကျော်တက်လာတဲ့ကားတွေရဲ့ ဝှီးတက်တွေသိမ်းပြီး တစ်စီး ၅၀၀၀၀ တောင်းကြတာပါ။ အဲဒီနားမှာတင် အပြတ်ရှင်း။ ရော့ ငါးသောင်း၊ ရော့ဝှီးတက်ပဲ။ ဝှီးတက်ကို မေယ်တော်ပီကယ်မသိမ်းပါဘူး သေနတ်ကိုင် ရဲက သိမ်းတာပါ။ သိမ်းပြီး မော်တော်ပီကယ်ဆီကိုအပ်တာပါ။ အဲဒီတော့ စစ်ဆေးရေးဂိတ်မဖြတ်ချင်ရင် ငါးသောင်းပေးပြီး ဖြတ်ရတဲ့သဘောဖြစ်နေတာ။ အဲဒီတော့ငွေတတ်နိုင်တဲ့သူက ဖြတ်ကြတယ်။ တာဝန်ကျတွေ ဝန်ထမ်းအကုန် ငွေတွေ မြင်မကောင်းဘူး” ဟု ခရီးသွားပြည်သူတစ်ဦးက ပြောသည်။

သိမ်ဇရပ် X-Ray ဂိတ်တွင် ကားတစ်စီး ဖြတ်သန်းရန် အနည်းဆုံး ၄ နာရီမှ ၅ နာရီအထိကြာမြင့်စွာ စောင့်ဆိုင်းရကြောင်း သိရှိရသည်။

အလားတူ ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်တွင်လည်း နေ့စဉ် ကားများ ပိတ်နေပြီး ညောင်ခါးရှည် ဂိတ်ကို ဖြတ်သန်းရန်လည်း အနည်း ဆုံး ၅ နာရီ စောင့်ဆိုင်းရသည်ဟု သိရှိရသည်။

“တန်းမစီဘဲ ကျော်တက်ရင် ဝှီးတက်သိမ်းတယ်။ ဒဏ်ငွေ ၅၀၀၀၀ ကနေ ၁ သိန်းအထိ တောင်းတယ်။ ညောင်ခါး ရှည် ဂိတ်မှာ စောင့်ရပြီဆိုရင်တော့ လူကို အီစိမ့်နေအောင် ကားထဲနေရတာ။ နေ့လယ်အချိန်ဆို ကားအဲကွန်းတောင် မနိုင်ဘူး စောင့်ရတာ။ သူတို့ကလည်း ကားတစ်စီးကို အချိန်ဆွဲပြီး စစ်တယ်။ တမင် ကားတွေ အတန်းရှည်ကြီးဖြစ် နေအောင်။ အမြန်ဖြတ်ချင်ရင်တော့ လိုင်းကြေးပေါ့။ ကျော်တက် ငွေပေးဖြတ်။ အဲဒါမျိုးလုပ်ရတယ်။ အတော်ကို အဆင်မပြေပါဘူး” ဟု ကုန်တင်ကား ယာဉ်မောင်းတစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက စစ်ဆေးရေးဂိတ်များတွင် လာဘ်ပေးလာဘ်ယူမှုများ အကြီးအကျယ်ဖြစ်ဖြစ်ပေါ် ကုန်စည်စီးဆင်းမှုနှင့် ခရီးသည်များ ဒုက္ခရောက်နေသည့် ကိစ္စများကို တိုင်စာများရရှိ၍ သိရှိသော်လည်း တစ်စုံတစ်ရာ အရေးယူခြင်းမရှိဘဲ ခွင့်ပြုထားသည်ဟု ရန်ကုန်ခေတ် သစ်၏သတင်းရင်းမြစ်က ပြောသည်။

“အထက်က သိတယ်။ အဲဒီကိစ္စတွေ ။ ဒီအတိုင်းလွှတ်ထားတာပဲ။ တကယ်ဆို X-Ray စက်တွေ ထပ်တိုး။ တစ်ပြိုင်နက်တည်း ကား ၄ စီး၊ ၅ စီးလောက်စစ်။ အဲဒါမျိုးလုပ်ဖို့ တင်ပြလာတာတွေလည်းရှိတယ်။ ဘာမှတ်ချက် မှမပေးဘူး။ အဲဒီတော့ ပြည်သူတွေပဲ ဒုက္ခခံရတာပေါ့” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။ khit thit

လောင်းလုံးတွင် သံဃာ ၂ ပါးနှင့် ဘုန်းကြီး ကျောင်းသား ၂ ဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲမှာ နိုဝင်ဘာ ၁၄ ရက် မနက် ၆ နာရီခွဲလောက်က ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာ ၂ ပါးနဲ့ ဘုန်း ကြီးကျောင်းသား ၂ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောင်းထိုင်ဆရာတော် အရှင်ပညောဘာသအပါအဝင် အဖမ်းခံရသူတွေဟာ ဂေါ့အင်းကျေးရွာ၊ ကြယ်တောင်တောင်ပေါ်ဘုန်းကြီးကျောင်းကဖြစ်ပြီး မနက် ၃ နာရီလောက်မှာ ကျောင်းတိုက်ကို ရောက်လာကာ ဖမ်းဆီးသွားတာပါ။

အခုလို ဖမ်းဆီးမခံရခင် ၂ ရက်လောက်ကတော့ ကြယ်တောင်ဘုန်းကြီးကျောင်းမှာ PDF တပ်ဖွဲ့ဝင်တွေနေထိုင်ပြီး ကျောင်းထိုင်ဆရာတော်က ထောက်ပံ့ပေးနေတယ်လို့ စစ်ကောင်စီ ထောက်ခံသူ တချို့ ဖေ့စ်ဘွတ်ခ်ပေါ် ပို့စ်တင်ခဲ့ပါတယ်။

အခုလို လာဖမ်းချိန် ထားဝယ်ကနေ ဂေါ့အင်းကျေးရွာနဲ့ကပ်လျက် ညင်းမော်ကျေးရွာအထိ ကားလမ်းမတလျှောက် တပ်ဖွဲ့ဝင် ၅၀ ကျော်လောက်က ကင်းပုန်းဝပ်ပြီး လုံခြုံရေး ယူထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဘုန်းကြီးကျောင်းမှာ PDF တွေ ရှိတယ်လို့ တကယ်ထင်လို့လား မသိဘူး ကျောင်းထဲ ဝင်ဖမ်းတာ။ အင်အား များတယ်၊ လာတဲ့ လမ်းတလျှောက်မှာလည်း ကင်းပုန်းတွေချထားတယ်။” 

အဖမ်းခံရတဲ့သူ​အားလုံးကိုတော့ ထားဝယ်မြို့ပေါ်ကို ခေါ်ဆောင်သွားပြီး ဘုန်းကြီးကား တစီးကိုလည်း ယူဆောင်သွားတယ်လို့လည်း သိရပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်ကတော့ ကြယ်တောင်ဘုန်းကြီးကျောင်းအနီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦး သေဆုံးကာ စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။ DVB

မြစ်ကြီးနားတွင် စစ်ကောင်စီက ကားနှင့်ဆိုင်ကယ်များ ဖမ်းဆီးသိမ်းယူနေမှုအပေါ် တုံ့ပြန်ရှင်းလင်းသွားမည်ဟုဆို

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်၊ စစ်ကောင်စီလက်အောက်ခံရဲ နှင့် ယာဉ်ထိန်းရဲများက ပြည်သူ များ၏ ကားနှင့် ဆိုင်ကယ်များ ဖမ်းဆီးသိမ်းယူမှုအပေါ် တုံ့ပြန်ရှင်းလင်းသွားမည်ဖြစ်ကြောင်း Myitkyina Anti SAC Force အဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် မြစ်ကြီးနားမြို့တွင် ကားနှင့် ဆိုင်ကယ်များကို လိုင်စင်မဲ့ အကြောင်းပြချက်ဖြင့် စစ်ဆေး ဖမ်းဆီးသိမ်းယူမှုများ ပြုလုပ်နေခြင်းကြောင့် Myitkyina Anti SAC Force အဖွဲ့က တုံ့ပြန်ရှင်းလင်းသွားမည်ဟု ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ မြို့အချို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ကား၊ ဆိုင်ကယ် နှင့် စက်ဘီးများကို ဖမ်းဆီးစစ်ဆေးသိမ်းယူနေခြင်းဖြစ်သည်။ စစ်ကောင်စီသည် မြစ်ကြီးနားမြို့နှင့် ဗန်းမော်မြို့များတွင် ယခုရက်သတ္တပတ်အတွင်း ကားနှင့်ဆိုင်ကယ် အစီးရေ ၁,၀၀၀ နီးပါးကို ဖမ်းဆီးထားကြောင်း သိရသည်။ mizzima

မင်္ဂလာဒုံတွင် ရပ်ကွက် ၅ ခုမှ အိမ်ခြေ တစ်သောင်း နီးပါးကို စစ်တပ်ပိုင်မြေ ပေါ် ကျူး ကျော်သည်ဟုဆိုကာ ၇ ရက်အတွင်း ဖယ်ရှားရန် စစ်တပ်က အမိန့်ပေး၊ လူဦးရေ ၅ သောင်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ရန်ရှိ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ရပ်ကွက် ၅ ခု မှ အိမ်ခြေ တစ်သောင်းနီးပါး ကျော် ကို စစ်တပ်ပိုင်မြေ ဧက ၅၆၀ ရှိ မြေပေါ်တွင် ကျူးကျော်ထားသည်ဟုဆိုကာ ၇ ရက်အတွင်း ဖယ်ရှားရန် စစ်တပ်က အမိန့်ထုတ်လိုက်ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စစ်တပ်က ရပ်ကွက်များကို လော်စပီကာဖြင့် လိုက်အော်ပြီး နေအိမ်များ ဖျက်သိမ်း ထွက်ခွာကြရန်နှင့် နှင်ထုတ်သည့် အမိန့်ကြေညာချက်များကိုပါ ဖြန့်ဝေသွားကြောင်း ဒေသခံများက ပြောဆိုကြသည်။

မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ၊ ပျဉ်းမပင် စက်မှုဇုန် ဧရိယာ ၅၆၀ ဒသမ ၀၆ ဧက ခန့်ရှိ မြေပေါ်တွင် ခွင့်ပြုမဲ့ အဆောက်အအုံများအားလုံးကို နိုဝင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံး ဖယ်ရှား ဖျက်သိမ်းရန်နှင့် ဖယ်ရှားခြင်းမရှိပါက ဥပဒေအရ အရေးယူမည်ဟု စစ်တပ်က နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်သည်။

စစ်တပ်က ဖယ်ရှားခိုင်းသည့် မြေပေါ်တွင် စံသမာဓိရပ်ကွက်၊ မြဲမြံအောင်ရပ်ကွက်၊ ဂုံညှင်းနီရပ်ကွက်၊ ဓမ္မပါလ ရပ်ကွက်၊ မြ၀တီစိုက်ခင်းရပ် ကွက် စုစုပေါင်း ရပ်ကွက် ၅ ခုပါဝင်ကြောင်း၊ ရပ်ကွက်တစ်ခုလျှင် အိမ်ခြေထောင်ချီရှိပြီး ရပ်ကွက် ၅ ခုတွင် အိမ်ခြေ တစ်သောင်းနီးပါးရှိကြောင်း၊ လူဦးရေ ၅ သောင်းနီးပါး နေထိုင်ကြကြောင်း သိရှိရသည်။

“အိမ်​ခြေက အများကြီးပဲ ပါသွားတာ။ ဘိုခြံကနေ နွယ်ခွေအထိပါတယ်။ အခု သိရတာက စစ်တပ်က မြေတိုင်းတာက ထောက်ကြန့် စစ်သင်္ချိုင်းအထိ အကုန်ဖျက်ဖို့ ပေတိုင်းသွားတယ်။ ဒီမှာ နေကြတာ နှစ် ၂၀ လောက်ရှိနေပြီ။ အလုပ် အကိုင် ​တွေက အဆင်မ​ပြေတဲ့အချိန် စားဝတ်​နေ​ရေးအတွက် မနည်း ကြိုးစား​နေရချိန် အခုဖျက်ခိုင်း​တော့ ဒုက္ခ များတာ​ပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ မင်္ဂလာဒုံတပ်နယ်မှ ဗိုလ်မှူးမျိုးသန့်မောင် ဦး ဆောင်‌ ပြီး စစ်ကား ၁၀ စီးဖြင့် နိုဝင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထား ၍ ရပ်ကွက် ၅ ခုမှ နေအိမ်များအားလုံး ဖျက်သိမ်းကြရန်နှင့် မဖျက်သိမ်းလျှင် အင်အားသုံးဖယ်ရှားမည်ဖြစ်သည့်အပြင် ဥပဒေအရပါ အ ရေးယူမည်ဟု လော်စပီကာများဖြင့် အော်ဟစ်ကြောင်း၊ ထို့ပြင် စစ်တပ်က နှင်ထုတ်သည့် အမိန့်စာများကို ရပ်ကွက်တိုင်း၊ အိမ်တိုင်းဖြန့်ဝေသွားကြောင်း သိရှိရသည်။

မင်္ဂလာဒုံမြို့နယ် ရပ်ကွက် ၅ ခုမှ ဒေသခံများ၏ အဆိုအရ ပြည်သူများ လက်ရှိ နေထိုင်သော မြေနေရာများတွင် အရပ်စာချုပ်များဖြင့် နေထိုင်လာကြခြင်းဖြစ်ပြီး အိမ် ကြီးအိမ်ကောင်းများ ဆောက်လုပ်နေထိုင်ကြကြောင်း၊ ဂရန်လျှောက် ထားသူများလည်း ရှိနေပြီး တပ်ပိုင်မြေမဟုတ်ဟု သိရှိထားကြောင်း၊ မြေလွတ်မြေရိုင်း၊ စည်ပင်မြေနှင့် စိုက်ပျိုးရေးမြေများ ဖြစ် ကြောင်း၊ သို့ရာတွင် ယခုမှ စစ်တပ်က တပ်ပိုင်မြေဟု ဆိုကာ ဖယ်ရှားခိုင်းခြင်းမှာ စစ်တပ်၏ မတရား မြေသိမ်းဆည်းမှု လုပ်ရပ်ဖြစ်သည်ဟု ပြောဆိုသည်။

“ဒီနေရာတွေက စိုက်ပျိုးမြေ၊ ဥယျာဉ်ခြံမြေ၊ လယ်မြေတွေပါ။ စစ်တပ်က သိမ်း ထားတာမျိုး မရှိဘူး။ အခုမှ တပ်ပိုင်မြေဆိုပြီး ထလုပ်တာ။ အရင်လယ်ပိုင်ရှင်တွေခြံပိုင်ရှင်တွေနဲ့ အရပ်စာချုပ်တွေ ချုပ်ပြီး နေထိုင်ကြတာ။ နှစ် ၂၀ လောက်ရှိနေပါပြီ။ ဒါ သက်သက် စစ်တပ်အာဏာရှိတဲ့အချိန် အနိုင်ကျင့်တာ။ ပြည်သူတွေကို လက်နက်ပြ ခြိမ်းခြောက်ပြီး မြေသိမ်းတာပါပဲ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် စစ်တပ်က ၇ ရက်အတွင်း ဖယ်ရှားခိုင်းမှုကြောင့် လူဦးရေ ၅ သောင်း နီးပါး လမ်းပေါ်အိပ် လမ်းပေါ်စား ဖြစ်သလို နေထိုင်ရမည့် အ ခြေအနေရှိပြီး နိုဝင်ဘာလ ၁၈ ရက်နေ့ ပဋိပက္ခများဖြစ်နိုင်သည်ဟု ဒေသခံများက ဆိုကြသည်။

“မတရားလုပ်တာကြီးဗျာ။ လူတွေဗျ။ မိသားစုတွေနဲ့။ ကလေးတွေနဲ့။ ကျောင်းတွေတက်နေကြတာ။ သေနတ်ပြပြီး အနိုင်ကျင့်တာ၊ ခြိမ်း ခြောက်တာ၊ လူမဆန်တာ” ဟု အခြားဒေသခံတစ်ဦးကလည်း ပြောသည်။

မင်္ဂလာဒုံဒေသခံတချို့ကမူ ပြည်သူကို မတရားလုပ်သော စစ်တပ်အနေဖြင့် ပြည် သူ၏ မုန်းတီးမှုနှင့် ပြည်သူ၏ ဒဏ်ခတ်မှုကို လာမည့်အချိန်တိုအတွင်း ခံရလိမ့်မည်ဟု ဆိုကြသည်။khit thit

« Older Entries Recent Entries »