လောင်းလုံးမြို့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဝင်ရောက်စီးနင်း သံဃာတော် ၂ ပါး အပါဝင် ၅ ဦး ဖမ်းဆီးခံရ


တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းကို ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၃ နာရီ အချိန်တွင် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်ရောက် စီးနင်းခဲ့ရာ သံဃာတော် နှစ်ပါး အပါဝင် ငါးဦး ဖမ်းဆီးခြင်း ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့သည့် လောင်းလုံးမြို့နယ် ညင်းမော်ရွာနှင့် ဂေါ့အင်း ရွာကြားရှိသည့် ကြယ်တောင် ဘုန်းတော်ကြီးကျောင်းသည် PDF အဖွဲ့စည်းနှင့် ဆက်စပ်နေသည်ဟု ဆိုကာ စွပ်စွဲချက်နှင့် လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။
လောင်းလုံးမြို့ခံ တစ်ဦးက “ဖမ်းခံရတာက ကျောင်းထိုင်ဆရာတော် အပါဝင် သံဃာတော် တစ်ပါး ပါပါတယ်၊ ကျန်တဲ့ လူတွေကတော့ ကျောင်းက ဘုန်းကြီးကျောင်းသားလေးတွေ ဖြစ်တယ်”ဟု ပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံ ဦးပညောဘာသမ ကျောင်းထိုင်နှင့် ကိုယ်တော် ဦးနန္ဒဝရ အပါဝင် ဘုန်းကြီးကျောင်းသား မောင်ဝင်းထက်၊ မောင်နေတိုး၊ အစ္စလန်တို့ သုံးဦးတို့ကို ပြန်လည် လွှတ်ပေးခြင်း မရှိသေးသည့်အပြင် ဖမ်းဆီးချိန်တွင် ကျောင်းထဲရှိ ပစ္စည်းတချို့ကို ယူသွားကြောင်း သိရသည်။
“ဆရာတော်တို့က PDF အဖွဲ့စည်းတွေကို နောက်ကွယ်ကနေပြီး ကူညီနေတယ်ဆိုပြီး မဟုတ်မမှန် သတင်းပေးခံရပြီး ဖမ်းဆီးခံရတာ ဖြစ်တယ်”လို့ ယင်း ကျောင်းအနီး နေထိုင်သူ ဒေသခံ တစ်ဦးက ရှင်းပြသည်။
အလာတူ ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသတွင် နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်း၌ ဆွမ်းစားကြွသွားသည့် မူးဒူးဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်သည် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီ တပ်ဖွဲ့က သေနတ်နှင့် ပစ်ခတ်၍ ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့သေး သည်။ mizzima