စစ်ကောင်စီ၏ တက္ကသိုလ်များတွင် ကျောင်းအပ်မှုများပြားလာသော်လည်း ဝါရင့်ဆရာ ဆ ရာမ လိုအပ်ချက်များရှိနေမည်

စစ်ကောင်စီက တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များကို ဖွင့်လှစ်ရန် အတွက် ပထမနှစ် ၊ ဒုတိယနှစ်မှ မဟာတန်း ၊ မဟာဘွဲ့ နေ့သင်တန်းများအတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများကို စတင်နေကြပြီဖြစ်သည်။

အာဏာသိမ်းပြီးနှစ်နှစ်နီးပါးအကြာ စစ်ကောင်စီက ဖွင့်လှစ်မည့် ပညာသင်နှစ်အတွက် လာရောက်အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများ ပိုမိုများပြားလာကြောင်း အဆင့်မြင့်ပညာ‌ရေး အသိုင်းအဝိုင်းမှ သိရသည်။

“လာအပ်တဲ့ ကျောင်းသားဦးရေ တအားများလို့၊ အခု စနေ‌ရော တနင်္ဂနွေပါကျောင်းအပ် လက်ခံနေရတယ်” ဟု တက္ကသိုလ်တစ်ခုတွင် ဆက်လက်လုပ်ကိုင်နေသည့် ပညာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။

အာဏာသိမ်းပြီးနောက်တွင် စစ်အာဏာသိမ်းမှုကို လက်မခံကြောင်းပြသသည့်အနေဖြင့် CDMလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် ကျောင်းကျောင်းသူများလည်း ယခုနှစ်တွင် လာရောက်အပ်နှံမှုတိုးလာသည်ဟု အထက်ပါ သတင်းရင်းမြစ်ကပြောပြသည်။

NON -CDMပြုလုပ်သည့် ကျောင်းသား ကျောင်းသူများသည် အသနားခံစာများရေးသားပြီး တက်ရောက်နေကြရခြင်းဖြစ်သည်။ ပထမနှစ်ဂုဏ်ထူးတန်းနှင့် ဒုတိယနှစ်ဂုဏ်ထူးတန်းများကို ဂုဏ်ထူးတန်းများတက်ရောက်ခွင့်မပေးဘဲ ရိုးရိုးတန်းတွင်သာ တက်ရောက်နေကြရခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ယခုနှစ်တွင် စစ်ကောင်စီလက်ထက်ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများသည်လည်း တက္ကသိုလ်တက်ရောက်ကြရတော့ မည်ဖြစ်သည်။

အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသားကျောင်းသူ ၂၈၁,၇၅၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ဖြေဆိုသူများအနက် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၃၂,၀၇၇ ဦးအောင်မြင်ခဲ့ခြင်း ဖြစ်သည် ။

ထိုကျောင်းသား ကျောင်းသူများ၏ ကျောင်းတက်နှုန်းဖြင့်ပင် စစ်ကောင်စီသည် တက္ကသိုလ်များပုံမှန်အတိုင်း ပြန်ဖွင့်နိုင်ပြီဖြစ်ကြောင်း ကြေညာနိုင်သော အနေအထားတွင် ရှိနေသည်။

နိုင်ငံတစ်ဝန်းတက္ကသိုလ်များတွင် ကျောင်းအပ်နှံသည့် နှုန်းများပြားလာခြင်းဖြစ်သော်လည်း စစ်ရေးတင်းမာနေသည့် မုံရွာ၊ ပုခုက္ကူ၊ စစ်ကိုင်းနှင့် ကယားပြည်နယ်အတွင်းရှိ တက္ကသိုလ်များတွင်မူ ကျောင်းအပ်နှံသူ အနည်းငယ်သာ ရှိနေသေးကြောင်း တက္ကသိုလ်ပညာရေး ဝန်ဆောင်မှု ဆောင်ရွက်နေပေးသူတစ်ဦးက မဇ္ဈိမသို့ပြောသည်။

“ရန်ကုန်က တက္ကသိုလ်တွေမှာတော့ အတော်များတယ်၊ နေရာစုံက စုတက်လာတဲ့သဘောမျိုး ။ အရင်နှစ်ကထက်စာရင် များတယ်။” ဟု ၎င်းကဆိုသည်။

ယခင်က Non-CDMဆရာဆရာများနှင့် ကျောင်းသား ကျောင်းသူများသာ တက်ရောက်ခဲ့သည့်အတွက် ကျောင်းသားဆရာ အချိုးညီသည်ဟု ဆိုနိုင်သော်လည်း ကျောင်းအပ်နှံမှုမြင့်မားလာခဲ့သည့်အတွက် စစ်ကောင်စီထံတွင် ဆရာအင်အားလိုအပ်ချက်ရှိလာသည်။

အာဏာသိမ်းပြီးနောက် အဆင့်မြင့်ပညာဦးစီးဌာနမှ ဆရာ ဆရာမအများပြားသည် ပြည်သူလူထုနှင့်အတူ CDMလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။ ပြီးခဲ့သည့်နှစ်မေလတွင် စစ်ကောင်စီက ရာထူးမှဆိုင်းငံ့လိုက်ကြောင်းကြေညာထားသည့် CDMပြုလုပ်သူ အရေအတွက်သည်ပင် သောင်းနှင့်ချီရှိသည်။

လစ်လပ်နေသည့် ဆရာ ဆရာမများနေရာတွင် အစားထိုးနိုင်ရန်အတွက် စစ်ကောင်စီအာဏာသိမ်းထားသည့်ကာလအတွင်း နည်းပြ/သရုပ်ပြ ခေါ်ယူမှုကို ၂၀၂၁ခုနှစ်အတွင်းက တစ်ကြိမ်နှင့် ၂၀၂၂ခုနှစ်အတွင်းတွင် နှစ်ကြိမ် စုစုပေါင်း သုံးကြိမ်ပြုလုပ်ခဲ့ပြီး အများစုကို ပြန်လည်ခန့်ထားခဲ့သည်ကိုတွေ့ရသည်။

“ခါတိုင်းက လျှောက်တဲ့သူက ထောင်ချီပြီးလျှောက်မှ တစ်ရာကျော်လောက်ပဲ ရွေးတာ။ အခုက လျှောက်တဲ့ သူအားလုံးရတဲ့ သဘောဖြစ်နေတယ်။ မဟာဘွဲ့ရထားတဲ့ သူတွေဆို မရတဲ့သူမရှိဘူး။” ဟု စစ်ကောင်စီလက်အောက်ခံ တက္ကသိုလ်တစ်ခုတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသူ အဆင့်မြင့်အရာရှိတစ်ဦးက ကဆိုသည်။

စစ်ကောင်စီက မည်သို့ ဆရာ/ဆရာမအင်အားများ ထပ်မံဖြည့်တင်းသည်ဖြစ်စေ CDMပြုလုပ်သွားသည့် လုပ်သက်ရင့် ဆရာဆရာမများနှင့်ပါမောက္ခများ၊ ပညာရှင်များ၏ နေရာများတွင် အရည်အချင်းအရ ထပ်ဖြည့်ရန် မည်သို့မျှဖြစ်နိုင်မည်မဟုတ်ကြောင်း ဒဂုံတက္ကသိုလ်မှ CDM ပြုလုပ်ထားသည့် ကထိက ဆရာတစ်ဦးက မှတ်ချက်ပြု ပြောပြသည်။

“ချက်ချင်းကြီး ဘယ်လိုလုပ်အရည်အသွေးမီတဲ့ ဆရာဖြစ်မှာတုန်း။ သူတို့ပေးတဲ့ ပညာနဲ့က ကဖျစ်ကညစ် ရအောင်လုပ် ပေးလိုက်တာပဲ။ အ ရည်အသွေး ရှိတာမှမဟုတ်တာ။ ဖုတ်ပူမီးတိုက် ဆရာမလုပ်ပေးခံလိုက်ရတဲ့ သူတွေက ဘာလုပ်လို့ရမှာတုန်း” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီက CDMပြုလုပ်ထားသည့် ဆရာဆရာများကို လုပ်ငန်းငန်းခွင်ပြန်ဝင်ရန်အတွက် ယခုနှစ်ဆန်းပိုင်းက နောက်ဆုံးခေါ်ယူခဲ့ပြီး နောက် ထပ်မံ ခေါ်ယူခဲ့ပြီးနောက်တွင် ထပ်မံခေါ်ယူမှုမရှိတော့ပေ ။ ထိုသို့ ခေါ်ယူစဉ်ကလည်း ဆရာဆရာမအချို့သာ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ဝင်ရောက်ခဲ့သည်။

ပြန်လည် ဝင်ရောက်သူများကို စစ်ကောင်စီလက်အောက်ခံပညာရေးဌာနက ပြစ်မှုကင်းရှင်းကြောင်းနှင့် ဝန်ထမ်းစည်းမျဉ်းကို လိုက်နာမည်ဖြစ်ကြောင်း ခံဝန်ရေးထိုးစေပြီးမှ လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ခွင့်ပေးခဲ့သည်။ မူလရာထူးအတိုင်း ပြန်လည်ထားရှိသည်ကို တွေ့ရသော်လည်း နေရာဒေသများကိုမူ ပြောင်းရွှေ့ကြောင်း NON-CDMဆရာမတစ်ဦးက ဆိုသည်။

“လက်ရှိတာဝန် ထမ်းဆောင်တဲ့နေရာမှာတော့ မထားဘူး။ ရွှေ့တယ်ထားဝယ်ဆို မြိတ် ပို့တာ အဲဒီလို ရွှေ့တယ်” အထက်ပါ Non-CDMဆရာမကပြောပြသည်။

မည်သို့ပင် စစ်ကောင်စီဘက်က ပညာရေးအစီအစဉ်များကို လုပ်ဆောင်နေသည်ဖြစ်စေ တရားဝင်မှုမရှိကြောင်း နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်ကောင်စီများ၏ အသိအမှန်ပြုမှုသည်သာလျှင် တရားဝင်အသိအမှတ်ပြုမှုဖြစ်ပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက ၂၀၂၂ခုနှစ် ဇွန်လ ၁၇ရက်နေ့တွင် တရားဝင်ထုတ်ပြန်ထားခဲ့ပြီးဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s