ရဲလိုက်ဖမ်းခံရသည့် ဆိုင်ကယ်သူခိုး ပျူစောထိီးနာမည်ထွက်နေသူ၏ နေအိမ်အတွင်းသို့ ဝင်ပြေး လွတ်မြောက်

ပဲခူးတိုင်း၊ အင်းတကော်မြို့နယ်တွင် ရဲလိုက်ဖမ်းခံရသည့် ဆိုင်ကယ်သူခိုးသည် ပျူစောထီးဟုနာမည်ထွက်နေသူ၏ နေအိမ်အတွင်း ဝင်ပြေးကာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံများက မဇ္စျိမပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့က ပဲခူးမြို့မှ ဆိုင်ကယ်ခိုးယူမောင်းနှင်လာသည့် အမျိုးသားတစ်ဦးကို အင်းတကော်မြို့နယ် အရောက်တွင် စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်ဖွဲ့များက လိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ထိုသို့ လိုက်လံဖမ်းဆီးစဉ် ဆိုင်ကယ်ခိုးယူလာသူက အင်းတကော်မြို့မစျေးအနီးရှိ ပျူစောထီးဟု နာမည်ထွက်နေသည့် ကိုနေအောင်ဆိုသူ၏ နေအိမ်အတွင်း ဝင်ပြေးသွားခဲ့ခြင်း ဖြစ်သည်။
“ပဲခူးကနေ ဆိုင်ကယ် ခိုးလာတဲ့ သူခိုးက အင်းတကော်ကို မောင်းပြေးလာတာ။ သူ ခိုးလာတဲ့ ဆိုင်ကယ်က GPS ပါတယ်။ ပိုင်ရှင်က အပိုင်စခန်းကို လှမ်းပြောပြီး ဖမ်းခိုင်းတာနဲ့တူပါတယ်။ အဲ့မှာ လိုက်ဖမ်းကြတာ။ သူခိုးက မောင်းပြေးရင်း မလွတ်တော့ နေအောင်ရဲ့ အိမ်ထဲ ဝင်ပြေးသွားတာ “ ဟု ဒေသခံတစ်ဦးက မဇ္စျိမကို ပြောသည်။
ထိုသို့ နေအိမ်အတွင်း ပြေးဝင်သည့် ဆိုင်ကယ်ခိုးယူသူကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က အနောက်မှ လိုက်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ပစ်ခတ်မှုကြောင့် ပျူစောထီးဟုဆိုသူ၏ နေအိမ်အတွင်းမှ သေနတ်သံများ ထွက်ပေါ်ခဲ့ပြီး ထိုဖြစ်ရပ်အပေါ် ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက် ရှင်းလင်းခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းထွက်ပေါ်မှုများ ရှိခဲ့သည်။
“အင်းတကော်စျေးအနီးက နေအောင်ဆိုတဲ့ ပျူ အိမ်ထဲကနေ ညဘက်ကြီး သေနတ်သံ လေးငါးဆယ်ချက်ကြားရတယ်။ပထမက PDFပဲလုပ်သလိုလို အချင်းချင်းချသလိုထင်နေကြတာ။ ပြီးမှ ဆိုင်ကယ် သူခိုးကို ပစ်ပြီး ဖမ်းမှန်းသိတယ်” ဟု နောက်ထပ်ဒေသခံတစ်ဥိိးက ပြောသည်။
ထို နေအိမ် ပိုင်ရှင် ကိုနေအောင်ဆိုသူသည် ဒေသအတွင်း ဖွဲ့စည်းထားသည့် ပျူစောထီးအဖွဲ့တွင်ပါဝင်နေသည်ဟု နာမည်ထွက်နေသူဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့များနှင့် မြို့ခံလူထုက စောင့်ကြည့်နေသူဖြစ်ကြောင်း သိရသည်။
ထိုဖြစ်စဉ်ဖြစ်ပွါးပြီး နောက်တစ်ရက် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကိုနေအောင်ဆိုသူ၏ နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များက သွားရောက်ကာ ညှိနှိုင်းတောင်းပန်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။ mizzima