ကမ္ဘာ့ဘဏ် စီမံကိန်း အကြမ်းဖက်စစ်ကောင်စီကို အားပေးကူညီနေသလား

မြန်မာနိုင်ငံရှိ ထိခိုက်နိုင်ချေများသော ရပ်ရွာလူထုတချို့ကို ကူညီရန် စီမံကိန်းတစ်ခုကို ရေးဆွဲလျက် ရှိသည်။ ၎င်းစီမံကိန်းကို ကမ္ဘာ့ဘဏ်က ရံပုံငွေထောက်ပံ့မည်ဖြစ်ပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် နိုင်ငံတကာကြက်ခြေနီအဖွဲ့(ICRC) တို့က အကောင်အထည်ဖော်ကြမည် ဖြစ်သည်။ အဆိုပါအဖွဲ့များသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဒေသအာဏာပိုင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း(MRCS) တို့နှင့် ချိတ်ဆက်ဆောင်ရွက်ရန် စီစဉ်ထားသည်။

တစ်နည်းအားဖြင့် ၎င်းနိုင်ငံတကာအဖွဲ့များသည် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ကြမည့် အဓိပ္ပာယ်ပင် ဖြစ်သည်။ ဆိုလိုသည်မှာ အကူအညီများသည် အမှန်တကယ် လိုအပ်နေသူများထံသို့ မရောက်ရှိဘဲ စစ်တပ်၏ ဗျူဟာကျသော အကျိုးစီးပွားများအတွက် အသုံးချခံရမည့် သဘောဖြစ်သည်။

အချို့ငဲ့ဆုံး ပြည်သူများသည် အာဏာသိမ်းမှုကို ဆန့်ကျင်နေသော တော်လှန်ရေးအဖွဲ့များ၏ အခိုင်အမာ ခြေကုပ်စခန်းများ ဖြစ်လာနေသည့် ကျေးလက်ဒေသများ၌ နေထိုင်လျက်ရှိသည်။ လက်တွေ့တွင် ဤစီမံကိန်း၏ စာရွက်စာတမ်းများ၌ စစ်ကောင်စီက ကျူးလွန်ခဲ့သော အာဏာသိမ်းမှု၊ အကြမ်းဖက်မှု သို့မဟုတ် စစ်ရာဇဝတ်မှုများအကြောင်း တစ်လုံးတစ်ပါဒမျှ ဖော်ပြထားခြင်းမရှိပေ။

ဤစီမံကိန်းကို ကမ္ဘာ့ဘဏ်က “မြန်မာရပ်ရွာလူထု ကြံ့ကြံ့ခံနိုင်ရေးစီမံကိန်း(MCRP)” ဟု အမည်ပေးထား သည်။ “MCRP ၏ရည်ရွယ်ချက်မှာ ထိခိုက်နိုင်ချေများသော ပြည်သူများ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက် လာစေအောင် ၎င်းတို့၏ ကြံ့ကြံ့ခံနိုင်စွမ်းကို တည်ဆောက်ထိန်းသိမ်းပေးရန် ဖြစ်သည်။ စီမံကိန်းအရ ICRC က ပါဝင်ဆောင်ရွက်မည့် လုပ်ငန်းများတွင် အသက်မွေးမှု အထောက်အကူပြု အစီအစဉ် (လယ်သမားများအား ငွေသားအကူအညီနှင့် မျိုးစေ့၊ လယ်ယာသုံးကိရိယာ၊ ဓာတ်မြေဩဇာများ အကူအညီပေးခြင်း) နှင့် အသေးစား အခြေခံအဆောက်အအုံ အစီအစဉ် (ရေပေးဝေရေး၊ မိလ္လာစနစ်အသုံးပြုနိုင်ရေး၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု၊ စောင့်ရှောက်မှုဂေဟာများ ဆောက်လုပ်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူထုဗဟိုဌာနများ တည်ဆောက်ရေး) လုပ်ငန်းများ ပါဝင်သည်။

လူသားချင်းစာနာမှု အခြေအနေဆိုင်ရာ ရရှိနိုင်သော အချက်အလက်များအပေါ် အခြေခံ၍ အဆိုပြုလုပ်ငန်းများကို မြန်မာနိုင်ငံရှိ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများတွင် အဓိက ဆောင်ရွက်သွားနိုင်ဖွယ်ရှိသည်” ဟု စီမံချက်တွင် ရေးသားဖော်ပြထားသည်။

အဆိုပါဒေသများသည် စစ်ကောင်စီအနေနှင့် အကန့်အသတ် ဖြင့်သာထိန်းချုပ်ထားနိုင်ပြီး ရှုံးပွဲအချို့နှင့် ရင်ဆိုင်ခဲ့ရသော အပြင်းထန်ဆုံးတိုက်ပွဲများ ဖြစ်ပွားရာ ဒေသများဖြစ်ကြသည်။ ၎င်းဒေသများ၌ အကူအညီပေးဝေရာတွင် အထိရောက်ဆုံးနည်းလမ်းမှာ နယ်မြေကျွမ်းကျင်မှုရှိပြီး စစ်ကောင်စီထိန်းချုပ်မှုများကို ရှောင်နိုင်တိမ်းနိုင်သည့် အရပ်ဖက်အဖွဲ့အစည်း (CSO) များမှတစ်ဆင့် ဖြန့်ဝေသည့်နည်းလမ်း ဖြစ်သည်။ စစ်တပ်၏ လက်အောက်ခံအဖွဲ့များမှတစ်ဆင့် အလုပ်လုပ်ပါက ၎င်းတို့အား အကူအညီကို လက်နက်သဖွယ် အသုံးချခွင့်ပေးလိုက်ခြင်းပင် ဖြစ်ပေလိမ့်မည်။

စီမံကိန်း၌ ဖြစ်တန်ချေရှိသော အန္တရာယ်များအတွက် “အကူအညီပစ္စည်းအား ထုပ်ပိုးထားသည်များ မမှန်မကန် စွန့်ပစ်မှု သို့မဟုတ် ဆောက်လုပ်ရေးပစ္စည်း စွန့်ပစ်မှုများကြောင့် လူသုံးကုန်ပစ္စည်း အမှိုက်စီမံခန့်ခွဲမှု အန္တရာယ်များ”ကဲ့သို့ သမရိုးကျအန္တရာယ်စာရင်းနှင့် ၎င်းအန္တရာယ်များကို မည်သို့ကိုင်တွယ်ဖြေရှင်းမည် ကိုသာ ရေးသားပြုစုထားပြီး အာဏာသိမ်းမှုအကြောင်းနှင့် စီမံကိန်းဒေသများ၌ ဖြစ်ပွားနေသော ပြင်းထန်သည့် တိုက်ပွဲများအကြောင်းကိုမူ ဖော်ပြထားခြင်းမရှိပေ။ စီမံကိန်း စာရွက်စာတမ်းအများစုကို အာဏာမသိမ်းမီက ရေးသားခဲ့သော ယခင်စာရွက်စာတမ်းများမှ ကူးယူ၍ ဖြတ်ညှပ်ကပ် ပြုလုပ်ထားသည့် ပုံစံမျိုးတွေ့ရသည်။

စီမံကိန်းစာတမ်း ၃ ခုကို စုစုပေါင်း စာမျက်နှာ ၁၀၃ မျက်နှာဖြင့်ပြုစုတင်ပြထားပြီး ၎င်းတို့၏ အမည်များမှာ “မြန်မာရပ်ရွာလူထု ကြံ့ကြံ့ခံနိုင်ရေး စီမံကိန်း- သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး စီမံခန့်ခွဲမှုမူဘောင်”၊ “ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးကတိကဝတ် စီမံချက်(ESCP)” နှင့် “အကျိုးသက်ဆိုင်သူ ချိတ်ဆက်ပူးပေါင်းမှုစီမံချက်” တို့ ဖြစ်ကြသည်။ စီမံချက်၏ ပြဿနာအရှိဆုံး အပိုင်းများကိုသာ ဆောင်းပါးရှင်က ဆွေးနွေးသွားမည် ဖြစ်သည်။ စာတမ်းတစ်ခုစီတွင် “ဆွေးနွေးရန် အတွက်မူကြမ်း” ဟု ဖော်ပြပါရှိသဖြင့် စစ်ကောင်စီကို ထောက်ခံနေသည့် အဆိုပါစီမံကိန်းကို တားဆီးရန် အလွန်အမင်း နောက်ကျသွားသည့် အခြေအနေမျိုးသို့ ဆိုက်ရောက်ပြီးဖွယ်မရှိသေးပေ။

ပထမဆုံးသတိပြုမိသည်မှာ “အသက်မွေးဝမ်းကျောင်း အကူအညီပေးအပ်မှုကဏ္ဍဆိုင်ရာ လုပ်ငန်းများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCS) သည် အကောင်အထည်ဖော်မည့် မိတ်ဖက်အဖွဲ့အစည်းအဖြစ် ဆောင်ရွက်မည်” ဟူသော စာကြောင်းဖြစ်သည်။ MRCSသည် စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိကြောင်း အများက သိရှိထားပြီးဖြစ်ရာ တိုင်းပြည်နယ်မြေများ သိမ်းပိုက်နိုင်ရေး တိုက်ပွဲများဆင်နွှဲရင်း အရေးနိမ့်ရင်းဖြစ်နေသည့် ယခုလိုအချိန်မျိုးတွင် စစ်တပ်က ပို၍ပင် ထိန်းချုပ် ညွှန်ကြားလာမည်မှာ အသေအချာဖြစ်သည်။

MRCSက စီမံကိန်းကဏ္ဍများကို မည်သို့ဆန်းစစ်မည်၊ မည်သို့ဖြန့်ဝေမည်၊ မည်သို့ထိန်းကျောင်း စစ်ဆေးမည်ကို စာတမ်း၌ ဆက်လက်ဖော်ပြထားသည်။ ပေးအပ်သည့်အကူအညီကို မည်သို့ကြိုးကိုင်ချယ်လှယ်မည်ကို သိရှိနိုင်ဖို့ ဉာဏ်ကြီးရှင်တစ်ဦး ဖြစ်ရန် မလိုအပ်ပါ။ စီမံကိန်း စာရွက်စာတမ်းများ၌ အလေးပေးဖော်ပြထားသည်မှာ စီမံကိန်း၏ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုများကို ထိန်းကျောင်းရေးဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသည် အလွန်အရေးကြီးသော ကိစ္စဖြစ်သည်မှာ မှန်ကန်သော်လည်း စာတမ်းသည် လယ်ပြင်မှာဆင်သွားသလို ထင်ရှားနေသည့် အချက်ကိုမူ လျစ်လျူရှုထားခဲ့သည်။ အဆိုပါ ထင်ရှားလွန်းသည့်အချက်မှာ စစ်တပ်ကို ဆန့်ကျင်ပုန်ကန်သည့် ဖြစ်ပွားနေဆဲ ပြည်တွင်းစစ်ပင် ဖြစ်သည်။

သို့ရာတွင် အောက်ပါအချက်အချို့ကိုမူ စီမံကိန်းအဆိုပြုချက်၌ အမှန်တကယ် ဖော်ပြထားသည်-

“လုပ်ငန်းဆောင်ရွက်မည့် ဒေသများအား အောက်ပါစံနှုန်းများအပေါ် အခြေခံ၍ရွေးချယ်မည်-

• ပဋိပက္ခဖြစ်ပွားနေမှု၊ နောက်ဆက်တွဲ အကာအကွယ်ပေးနိုင်ရေး စိုးရိမ်ရမှုအခြေအနေနှင့် မြေမြှုပ်မိုင်းကဲ့သို့ စစ်ပွဲအကြွင်းအကျန်များ ရှိနေနိုင်မှုအနေအထား။

• ဒုက္ခသည်အရေအတွက် များပြားမှု။

• ဒုက္ခသည် သို့မဟုတ် နေရပ်ပြန်သူ အများအပြားရှိနေသော သို့မဟုတ် ရှိလာနိုင်သောဒေသများ။

• ယခင်က ပဋိပက္ခကြောင့် ထိခိုက်မှုရှိခဲ့ပြီး နယ်စပ်ဒေသနှင့် နီးကပ်သောဒေသများ (မတည်ငြိမ်မှု ကြီးမားသောဒေသ)။

• ICRC ၏ ထပ်ဆောင်းတန်ဖိုးရှိနေမှု (အခြား လူသားချင်းစာနာမှုအဖွဲ့များနှင့် လုပ်ငန်းထပ်နေမှု မရှိခြင်း အပါအဝင်)” ဟူ၍ဖြစ်သည်။

အဆိုပါဒေသများ၌ အပြင်းထန်ဆုံး တော်လှန်ရေးများ ဖြစ်ပွားလျက်ရှိရာ ၎င်းဒေသများသို့ အကူအညီ ပေးအပ်မှုကို စစ်ကောင်စီက ခွင့်ပြုနိုင်ချေ နည်းပါးသည်မှာ လက်တွေ့အခြေအနေ ဖြစ်သည်။ သို့သော် ပြဿနာ၏အရင်းခံဖြစ်နေပုံရသော စစ်ကောင်စီကို နှစ်သိမ့်ချွေးသိပ်သည့် နည်းလမ်းမှအပ ဤပဟေဠိအား မည်သို့ အဖြေရှာမည်ကို အဆိုပြုချက်က ရှင်းပြတင်ပြထားခြင်းမရှိပေ။

၎င်းတို့က စစ်တပ်ကို “အစိုးရ” ဟုယူဆကာ တော်လှန်ရေးကို “ပြဿနာ”ဟု ရှုမြင်နေကြဖွယ်ရှိသည်။ အာဏာသိမ်းမှုနှင့် စစ်တပ်၏ ရက်စက်မှုများအကြောင်း အောက်ပါတင်ပြပုံကို ကြည့်၍ ထိုအမြင်မျိုး ရှိနေနိုင်ကြောင်း သိရှိနိုင်သည်။

“နိုင်ငံရေးတင်းမာမှုများ တိုးမြင့်လာပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်က အစိုးရအာဏာကို လွှဲပြောင်းရယူလိုက်ပြီး နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ ထိုအချိန်မှစ၍ နိုင်ငံတစ်ဝှမ်း ဆူပူဆန္ဒပြမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာခဲ့သည်။ နိုင်ငံရေးဆန္ဒပြပွဲများနှင့် လုံခြုံရေးဆောင်ရွက်မှုများအတွင်း အကြမ်းဖက်မှုကြောင့် လူများသေဆုံး ဒဏ်ရာရခြင်း၊ ထိန်းသိမ်းခံရခြင်းများဖြစ်ပေါ်ခဲ့သည်။

ဒါဇင်နှင့်ချီသော ပြည်သူ့ ကာကွယ်ရေးတပ်များကိုဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီကို ဆန့်ကျင်နေသော အဆိုပါအဖွဲ့များ၏ လက်လုပ်မိုင်း အသုံးပြုတိုက်ခိုက်ခြင်း၊ ပစ်မှတ်ထားသတ်ဖြတ်ခြင်းနှင့် အခြားအကြမ်းဖက် လုပ်ရပ်များကြောင့်လည်း လူများသေကြေဒဏ်ရာရမှုရှိခဲ့သည်” ဟုရေးသားထားရာ စစ်တပ်၏အကြမ်းဖက်မှုကို ဆန့်ကျင်နေသူများမှာ အမှန်တကယ်အပြစ်ရှိသူများဟု ဆိုလိုချင်ပုံရနေသည်။

“ရခိုင်ပြည်နယ်၏ အခြေအနေမှာ အခြားဒေသများနှင့်နှိုင်းယှဉ်ပါက တည်ငြိမ်နေဆဲဖြစ်သည်” ဟု ဖော်ပြထားရာ စီမံကိန်းစာရွက်စာတမ်းများကို ယခုနှစ်ဩဂုတ်လမတိုင်မီက ရေးသားပြုစုခဲခြင်းမှာ ထင်ရှားသည်။ ထို့ပြင် “လူအုပ်စုအကြားတင်းမာမှုများက လူအများ၏ခရီးသွားလာမှုကို ဟန့်တားလျက် ရှိပြီး အခြေခံဝန်ဆောင်မှုနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအား ၎င်းတို့၏ လက်လှမ်းမီမှုကို အကန့်အသတ်ဖြစ်စေသည်” ဟုရေးသားထားသဖြင့် ရခိုင်ပြည်နယ်၌ ခရီးသွားလာမှု ကန့်သတ်ချက်များ ရှိနေခြင်းအတွက် စစ်တပ်တွင် တာဝန်မရှိကြောင်း အတိအလင်းဖော်ပြချက်ဖြစ်သည်။

ဤစီမံကိန်း စာရွက်စာတမ်းများသည် ဖုံးဖိဖာထေးမှု တစ်ခုဖြစ်သလို စစ်တပ်အတွက် ချွေးသိပ်မှုတစ်ခုလည်း ဖြစ်နေသည်။ အာဏာသိမ်းမှု၊ စစ်တပ်၏ ရက်စက်မှု၊ နှိပ်စက်မှု၊ မုဒိန်းကျင့်မှု၊ ကျေးရွာအများအပြား မီးရှို့မှုများအတွက် “မကြာသေးမီက နိုင်ငံရေး မငြိမ်သက်မှုများ” ဟူသောစကားလုံးကို ၎င်းတို့က သုံးစွဲထားသည်။

ငွေသားထောက်ပံ့မည့် ဒုက္ခသည် ၃၁,၂၅၀ ဦးကိုရွေးချယ်မည့်သူများတွင် စစ်ကောင်စီဟု အဓိပ္ပာယ်ရသော ဒေသအာဏာပိုင်လည်း ပါဝင်ပေလိမ့်မည်။ သို့သော် စစ်တပ်၏ ထိန်းချုပ်မှုမရှိသော စစ်ကိုင်းနှင့် မကွေးကဲ့သို့ဒေသများတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ဒေသအာဏာပိုင်များနှင့်မူ တိုင်ပင်ဆွေးနွေးမည် မဟုတ်ဟု သံသယဖြစ်စရာရှိနေသည်။

အလားတူပင် မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် လယ်ယာသုံးကိရိယာများလက်ခံရရှိမည့် ဒုက္ခသည်လယ်သမားများ ရွေးချယ်ရာတွင်လည်း ဒေသခံ အာဏာပိုင်များ ပါဝင်မည်ဖြစ်သည်။

စီမံကိန်း၏ ရပ်ရွာအခြေခံအဆောက်အအုံကူညီမှုကဏ္ဍသည် “စစ်ကောင်စီကန့်သတ်ချက်များ” အပေါ် မူတည်နေသည်။ စီမံကိန်းလုပ်ငန်းများဖြစ်သော “သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးအန္တရာယ်နှင့် ထိခိုက်မှုများ” စာပိုဒ်၌ စစ်ပွဲအကြောင်းကို ဖော်ပြမထားပေ။

“လောင်စာဆီနှင့် ဓာတုပစ္စည်းများကို ရေမစိမ့်သော မြေရှိသည့်နေရာများတွင် သိမ်းဆည်းထားရန်” ကဲ့သို့ အန္တရာယ်နှင့် ထိခိုက်နိုင်ချေလျှော့ချရေးအကြောင်း ဇယားများကို ထည့်သွင်းဖော်ပြထားသည်။ သို့သော် စစ်ပွဲအကြောင်း၊ အကူအညီပေးမှုကို စစ်ကောင်စီက လက်နက်အဖြစ် အသုံးချမှု အကြောင်းကိုမူ တစ်ကြောင်းတစ်ပါဒမျှ မတွေ့ရှိရပေ။

စီမံကိန်းဆောင်ရွက်ရန် ခွင့်မပြုသော “ချန်လှပ်ဒေသစာရင်း” ၌ အများစုက ဆိုးဝါးသည့်သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုများကိုသာ အကြောင်းရင်းအဖြစ် ရည်ညွှန်းထားသော်လည်း ထူးဆန်းစွာပင် မည်သည့် ချန်လှပ်ခံဒေသကိုမျှ “ရက်စက်သော စစ်ကောင်စီကို အထောက်အကူ ပြုနေသည့်အချက်” ကိုမူ အကြောင်းရင်းအဖြစ် ဖော်ပြမထားပေ။ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးစစ်တမ်းမေးခွန်းများကို နောက်ဆက်တွဲ ပြုစုထားရာ၌လည်း ပဋိပက္ခများ၏အန္တရာယ်အကြောင်း မတွေ့ရှိရပေ။

နောက်ဆက်တွဲများအနက် စစ်ပွဲကိုရည်ညွှန်းထားမှုကို “နောက်ဆက်တွဲ-၈ ။ မြေမြုပ်မိုင်း လုပ်ထုံးလုပ်နည်း”နှင့် “နောက်ဆက်တွဲ-၉ ။ လုံခြုံရေးနှင့် ဘေးကင်းမှု -ကွင်းဆင်းရာ၌ ဝင်ထွက်မှု နည်းလမ်းများ” ၌သာ ဖတ်ရှုရသည်။ နောက်ဆက်တွဲ-၉ တွင် ပါရှိသည့် “တည်ငြိမ်မှုမရှိသော အန္တရာယ်ကြီးမားသည့် အခြေအနေများ၌ လုပ်ငန်းဆောင်ရွက်ခြင်း” ခေါင်းစဉ်ပါ အကြောင်းအရာသည် ပဋိပက္ခကို အနီးစပ်ဆုံးဖော်ပြနိုင်သည့် တင်ပြချက်ဖြစ်သည်။ စီမံကိန်းစာတမ်းများ အလိုအရ ပဋိပက္ခသည် အမှန်စင်စစ်အားဖြင့် လုံးဝနီးပါးမရှိသယောင်ယောင် ရှုမြင်ရသည်။

“အကျိုးသက်ဆိုင်သူ ချိတ်ဆက်ပူးပေါင်းမှုစီမံချက်” တွင်လည်း “ဒေသအာဏာပိုင်များနှင့် ပုံမှန် အစည်းအဝေးကျင်းပခြင်း” ဟူ၍ အလားတူရည်ညွှန်းဖော်ပြထားသည်။ ICRC နှင့် MRCS တို့သည် အကျိုးသက်ဆိုင်သူ အမျိုးမျိုးနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ဖြစ်သည်။ ဥပမာ “ကျေးရွာ/မြို့နယ်အဆင့် အစိုးရဖြစ်သော ကျေးရွာအုပ်ချုပ်ရေးမှုး နှင့်/သို့မဟုတ် မြို့နယ်အုပ်ချုပ်ရေးမှူး ကဲ့သို့အဆင့်အမျိုးမျိုးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဦးစီးဌာနမှ ဒေသကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရအဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ်များ”စသည်တို့နှင့် ဆွေးနွေးခဲ့ကြောင်းဖော်ပြထားသည်။

သို့ဖြစ်၍ ဤစီမံကိန်းကို မူကြမ်းရေးဆွဲရာတွင် ၎င်းတို့သည် စစ်ကောင်စီကိုယ်စားလှယ်များနှင့် အသေးစိတ် ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး ဖြစ်သည်။ မျှတမှုရှိစေရန် “အရပ်ဖက် အကျိုးသက်ဆိုင်သူများဖြစ်သော အရပ်ဖက်အဖွဲ့အစည်းနှင့် ကွန်ရက်များ၊ လူငယ်အဖွဲ့အစည်း၊ အမျိုးသမီးရေးရာ အဖွဲ့အစည်း၊ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ရှမ်း၊ ချင်း၊ ကချင်၊ ရခိုင်ပြည်နယ်၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများရှိ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အခြား အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့များ” နှင့်လည်း တိုင်ပင်ဆွေးနွေးခဲ့ကြောင်း ၎င်းတို့၏ စာတမ်း တွင်တွေ့ရှိရသည်။

အထက်အပိုဒ်ပါ ပူးပေါင်းမှုများ၏ အတိုင်းအတာနှင့် အကြောင်းအရာကို သိရှိရပါက စိတ်ဝင်စားဖွယ် ကောင်းလှမည် ဖြစ်သည်။ ဝင်ထွက်ခွင့်ကို သေချာစေရေးအတွက် “စီမံကိန်းရေးဆွဲထားသည့် လူသားချင်း စာနာမှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အလို့ငှာ လိုအပ်နေသော ရပ်ရွာလူထုများထံသို့ အချိန်နှင့်တစ်ပြေးညီ ဝင်ထွက်ခွင့်ရရှိရေး ပံ့ပိုးနိုင်မှုမှာ အရေးကြီးကြောင်း အာဏာပိုင်များနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဆွေးနွေးမှုများ စဉ်ဆက်မပြတ်ပြုလုပ်ရေးနှင့် ပညာပေးလမ်းကြောင်းများ ထိန်းသိမ်းထားရှိရေး”တို့ကို ICRC က အလေးအနက်ပြောကြားသည်။

ဤကိစ္စ၌ ရက်ရောခြင်းသည် နုံအသည့်လုပ်ရပ်ပင် ဖြစ်သည်။ စစ်ကောင်စီသည် ရပ်ရွာလူထုထံ ဝင်ထွက်ခွင့်ကို ထိန်းချုပ်ပိတ်ဆို့ထားလျက်ရှိသည်။ ဝင်ခွင့်ပေးလိုက်ပြီဆိုလျှင် ၎င်းမှာ စစ်တပ်အတွက် အကျိုးရှိ၍ပင် ဖြစ်ပေလိမ့်မည်။ စီမံကိန်းအစိတ်အပိုင်းအချို့အတွက် တာဝန်ရှိသောအဖွဲ့များမှာ “ICRC ဝန်ထမ်းများ၊ MCRS ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာနမှ ဒေသခံကိုယ်စားလှယ်များ” ဖြစ်ကြသည်။

ICRC ဝန်ထမ်းများမှအပ ကျန်ပုဂ္ဂိုလ်များသည် စစ်တပ်၏ ညွှန်ကြားချက်အောက်တွင်ရှိနေသဖြင့် နောက်ဆက်တွဲ ဂယက်ရိုက်မှုများ ရှိလာမည်မှာ သိသာထင်ရှားသည်။ “နစ်နာမှုဖြေရှင်းရေးစနစ်၏ အဓိက ရည်ရွယ်ချက်မှာ တိုင်ကြားမှုများ၌ ပါဝင်ပတ်သက်သူအားလုံးကို ကျေနပ်စေအောင် အချိန်နှင့်တပြေးညီ ထိရောက်အကျိုးရှိစွာ ဖြေရှင်းပေးရန်ဖြစ်သည်” ဟု ဖော်ပြလျက် ICRC သည် နစ်နာမှုများကို ကိုင်တွယ် ဖြေရှင်းရန် စိတ်အားထက်သန်နေကြောင်း ရေးသားထားသည်။

တိုင်ကြားမှုစနစ်အတွက် အသုံးပြုနိုင်သည့်နည်းလမ်းတစ်ခုမှာ အရေးပေါ်ဖုန်းလိုင်းများထားရှိခြင်း ဖြစ်သော်လည်း ကံမကောင်း အကြောင်းမလှစွာဖြင့်ပင် စီမံကိန်းစာရွက်စာတမ်းများ၌ ဖုံးနံပါတ်များ ဖော်ပြထားသည်ကို မတွေ့ရှိရပေ။ နစ်နာမှုစာရင်းသွင်း ပုံစံ၌ “နစ်နာမှု ဖော်ပြချက်”နှင့် “တိုင်ကြားသူက တောင်းဆိုသည့် ဖြေရှင်းမှုနည်းလမ်း” အကွက်များကို ထည့်သွင်းပြုစုထားသည်။

ဥပမာအားဖြင့် “နစ်နာမှု ဖော်ပြချက်” အကွက်တွင် “ဤစီမံကိန်းသည် စစ်ကောင်စီ၏ တရားဝင်မှုကို ထောက်ခံအားပေးပြီး အကူအညီများကို စစ်တပ်အား လက်နက်သဖွယ် အသုံးချခွင့်ပေးလိုက်ခြင်း ဖြစ်သည်” ဟု ရေးသားနိုင်ပြီး “တိုင်ကြားသူက တောင်းဆိုသည့် ဖြေရှင်းမှုနည်းလမ်း” အကွက်တွင်မူ “စစ်ကောင်စီကိုဖယ်ထုတ်ပြီး NUG ၊ EROs [တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ] နှင့် CSO များနှင့် ပူးပေါင်းလုပ်ကိုင်နိုင်ရေး စီမံကိန်းကို အစအဆုံးပြန်လည်ပြင်ဆင်ရေးဆွဲရန်” ဟု ဖြည့်သွင်းနိုင်မည် ဖြစ်သည်။

အချုပ်အားဖြင့် ဤစီမံကိန်းသည် MRCS ၊ ဒေသအာဏာပိုင်များ၊ စစ်ကောင်စီဝန်ကြီးဌာနများနှင့် ပူးပေါင်း အလုပ်လုပ်ကာ စစ်တပ်၏ နယ်မြေသိမ်းပိုက်ရေးနှင့် ခိုင်မာအောင်ထိန်းချုပ်ရေးကို အထောက်အကူပြုမည့် စီမံကိန်းဖြစ်သည်။ ပေးအပ်သည့်အကူအညီများကို စစ်တပ်အကျိုးအတွက် အသုံးချကာ တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူများအတွက် နစ်နာဆုံးရှုံးစေမည်လည်းဖြစ်သည်။

စစ်အာဏာရှင်စနစ်တစ်ခုတွင် စစ်တပ်မှ သီးခြားခွဲထုတ်ထားသော ဒေသအာဏာပိုင်နှင့် အရပ်သား အုပ်ချုပ်ရေးစနစ်ဆိုသည်မှာ အဓိပ္ပာယ်ကင်းမဲ့သော စကားလုံးများသာဖြစ်သည်။ စစ်တပ်မှ အရာရှိများ သည် မြို့နယ်အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရာထူးကို ရယူထားကြသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဒေသအဖွဲ့အဆင်ဆင့်၏ တစ်ခုတည်းသောရည်ရွယ်ချက်မှာ လူထုကိုစောင့်ကြည့်၍ စစ်တပ်ကို အလုပ်အကျွေးပြုအောင် အကြပ်ကိုင်ရန်သာဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းအဖွဲ့အစည်းသည် စစ်ကောင်စီ၏ ဆက်လက်ရှင်သန်ရေးတစ်ခုတည်းကိုသာ ဂရုစိုက်ပြီး အရပ်သားများအပေါ် အကြမ်းဖက်မှုတွင် တိုက်ရိုက်ပါဝင်ပတ်သက်လျက် ရှိနေသည်။

အထက်ပါအဖွဲ့များကို ကမ္ဘာ့ဘဏ်ရံပုံငွေဖြင့် ICRC နှင့် WFP တို့က ထောက်ခံကူညီကြမည့် စီမံကိန်းပင်ဖြစ်သည်။ စီမံကိန်းကို ဆက်လက်ဆောင်ရွက်မည်ဆိုပါက ၎င်းတို့သည် စစ်ကောင်စီ၏ ရက်စက်မှုများတွင် ဓားခုတ်ရာလက်ဝင်လျှိုမိသည့် ကြံရာပါများ ဖြစ်လာကြပေမည်။ ထို့အပြင် ဒေသခံအဖွဲ့နှင့်လူထုအသိုင်းအဝိုင်းက အထူးသဖြင့် ဒုက္ခသည်များက စစ်ကောင်စီအပေါ် ယုံကြည်မှု မရှိကြဘဲ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့်အဖွဲ့များထံမှ အကူအညီကို လက်မခံဘဲ ငြင်းပယ်ခဲ့ကြပြီးလည်းဖြစ်သည်။

စီမံကိန်းသည် ထိခိုက်နိုင်ချေအရှိဆုံး မြန်မာပြည်သူများအတွက် ရည်ရွယ်သည်ဟု ICRC က ပြောဆိုထားသဖြင့် ၎င်းတို့သည် အဆိုပါပြည်သူများ၏ စကားသံကို နားစွင့်သင့်ကြပေသည်။ စစ်ကောင်စီကို ထောက်ခံကူညီမည့်အစား ICRCနှင့် ကမ္ဘာ့ဘဏ်တို့သည် ကုလသမဂ္ဂအကြောင်း မကြာသေးမီက ဖော်ပြခဲ့သောဆောင်းပါး၌ ရေးသားထားသည့်အတိုင်း စစ်ကောင်စီနှင့် လက်တွဲဖြုတ်၍ ပြည်သူကို ကူညီထောက်ပံ့တဲ့နည်းနဲ့ ကြံ့ကြံ့ခံ ဆန့်ကျင်တော်လှန်သော နည်းလမ်း (humanitarian resistance)ကို ထောက်ခံကာ NUG ၊ EROs များနှင့် တရားဝင်ချိတ်ဆက်ပူးပေါင်းပြီး လုပ်ငန်းအရှိန်မြှင့်တင်ရန် CSOs နှင့် လူထုအခြေပြုအဖွဲ့များ(CBOs)ကို အားပေးကူညီရမည် ဖြစ်သည်။

“စစ်ကောင်စီအား စစ်ရေး၊ နိုင်ငံရေး၊ ဘဏ္ဍာရေး အကျိုးအမြတ်တစ်စုံတစ်ရာ မဖြစ်စေဘဲ ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံတော်သစ်၏ အခြေခံအုတ်မြစ်များဖြစ်လာမည့် ဒေသအလိုက်အုပ်ချုပ်သော အကူအညီပေးမှု အဆောက်အအုံကို အသုံးပြု၍ နယ်စပ်အခြေစိုက် ကရင်အဖွဲ့အစည်းများမှတစ်ဆင့် စားနပ်ရိက္ခာအကူအညီများကို ပေးအပ်လျက်ရှိသည်” ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက်၏ မီဒီယာထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်မှတစ်ဆင့် ပေးအပ်နေသော ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုအကူအညီများသည် အချို့ငဲ့ဆုံးလူထုထံ မရောက်ရှိဘဲ စစ်ကောင်စီကိုသာ အကျိုးဖြစ်စေမည်ဟူသော စိုးရိမ်မှုများ မြင့်တက်လာချိန်၌ လက်ရှိ ထိရောက်စွာ ဆောင်ရွက်နေသော နယ်စပ်အခြေပြု စားနပ်ရိက္ခာ အ ကူအညီအစီအစဉ်မှာမူ ရံပုံငွေ အကြီးအကျယ် ပြတ်လပ်နေပြီး နိုင်ငံတကာ အလှူရှင်အများအပြားက လျစ်လျူရှုထားနေကြဆဲ အခြေ အနေတွင် လက်သင့်ခံနိုင်စရာမရှိပေ။

“မြန်မာနိုင်ငံ၌ လက်တွေ့ထိရောက်သော ထိန်းချုပ်မှု”ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီက ပြုစုထားသော ဆွေးနွေးမှုစာတမ်း၌ “စစ်ကောင်စီသည် တိုင်းပြည်ကို ထိရောက်စွာ ထိန်းချုပ်ထားသည်ဟု ယူဆ၍လည်းကောင်း၊ စစ်ကောင်စီသည် မြန်မာနိုင်ငံ၏ လက် တွေ့အာဏာပိုင်များ ဖြစ်သည်ဟု မှတ်ယူ၍လည်းကောင်း၊ ပြည်ပနိုင်ငံအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အခြားအဖွဲ့များအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည် မဟုတ်ပေ” ဟု ရေးသားဖော်ပြထားသည်။

(DVB အင်္ဂလိပ်အပိုင်းတွင် ဖော်ပြထားသည့် Paul Greening ၏ Does a proposed World Bank Project support the junta? ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ Paul Greening သည် မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ အတွေ့အကြုံအများအပြားရှိသော အငြိမ်းစား ကုလသမဂ္ဂ အကြီးတန်းဝန်ထမ်းတစ်ဦးဖြစ်သည်) khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s