အဝလွန် ဝန်ထမ်းများကို ၃၆ နာရီ အစာဖြတ်ရန် စစ်ကောင်စီညွှန်ကြား

ပုံမှန် ကိုယ်အလေးချိန်ထက်ပို၍ အဝလွန်နေသည့် ဌာနဆိုင်ရာဝန်ထမ်းများကို ၃၆ နာရီအစာဖြတ်ပြီး ကိုယ်အလေးချိန် လျှော့ချရန် အာဏာသိမ်းစစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရသည်။

ဝန်ထမ်းအားလုံး ကျန်းမာပြီး ခန္ဒာကိုယ်ထုထည်ညွှန်းကိန်း Body Mass Index (BMI) နှင့် ကိုက်ညီမှု ရှိစေရေးအတွက် ‘၃၆ နာရီ အစာဖြတ်ခြင်း’ နည်းလမ်းဖြင့် လိုက်နာဆောင်ရွက်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများကို စက်တင်ဘာလအတွင်း စစ်ကောင်စီက ညွှန်ကြားခဲ့သည်။

Myanmar Now က ဖတ်ရှုခွင့်ရသည့် ညွှန်ကြားစာတစ်စောင်တွင် “ကျန်းမာရေးအရ ၃၆ နာရီ မလုပ်နိုင်လျှင်ပင် နေ့စဉ် နေ့လယ် ၁၂ နာရီနောက်ပိုင်းမှ နောက်နေ့ နံနက် ၆ နာရီအထိ အစာအစားဘဲ ဥပုသ်စောင့်ခြင်းဖြင့် ဆောင်ရွက်နိုင်ပါသည်” ဟု စစ်ကောင်စီက ညွှန်ကြားထားသည်ကို တွေ့ရသည်။ 

ထို့ပြင် BMI နှင့် မကိုက်ညီသူများ၊ အထူးသဖြင့် အဝလွန်နေသူများကို ဌာနအလိုက် အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်စေရန်၊ တိုးတက်မှု မရှိသူများကို အထူးကြပ်မတ်ဆောင်ရွက်သွားရန်နှင့် စာရွက်ပေါ်၌ တိုးတက်ခြင်း မဖြစ်စေရန်လည်း နယ်စပ်ရေးရာဝန်ကြီးဌာနသို့ ပေးပို့သည့် ညွှန်ကြားစာတွင် ဖော်ပြထားသည်။

၃၆ နာရီ (တစ်ရက်ခွဲ) ကြာ လုံးဝ အစာမစားဘဲ ကိုယ်အလေးချိန် လျှော့ချရန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ထမ်းများကို ကနဦး ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“အဲ့ဒါ သူတို့တပ်နဲ့ ရဲတွေကို အရင်လုပ်ခိုင်းတာ။ ဌာနတွေထဲကကျ ဒုညွှန်ချုပ်နဲ့ အထက်တွေကို စာထုတ်တာ။ အကုန်စားထားဝါးထားကြတော့ သိတဲ့အတိုင်းပဲလေ” ဟု လျှပ်စစ်ဝန်ကြီးဌာနမှ အရာထမ်းတစ်ဦးက ပြောကြားသည်။

ထိုသို့ ‘၃၆ နာရီအစာဖြတ်ခြင်း’ နည်းလမ်းကို အခြားသော ဝန်ကြီးဌာနများကိုပါ ဆက်လက်ညွှန်ကြားနေခြင်းဖြစ်သည်ဟု တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများထံမှ သိရသည်။

“ဝန်ထမ်းထဲမှာ ရာထူးကြီးလေ ဝလေပဲ။ ညွှန်မှူးလောက်ဆို ထိုင်ရာကနေ ခိုင်းရတော့တာလေ။ အဆီပိတ်တာ၊ အဝလွန်တာတွေ ဌာနအများစုမှာ ဖြစ်ကြတယ်။ ၃၆ နာရီ အစာဖြတ်ခိုင်းလည်း ပိန်မှာ မဟုတ်ဘူး” ဟု အသက် ၃၇ နှစ်အရွယ်ရှိ အမျိုးသားဝန်ထမ်းတစ်ဦးက ပြောသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s