Monthly Archives: Nov 2022

ဗိဿနိုး-PDF တာဝန်ခံ ၁ ဦးကို စစ်ကောင်စီက နှစ်ရှည် ထောင်ဒဏ် ၂၀၃ နှစ်ချမှတ်

ဗိဿနိုး-PDF တာဝန်ခံတယောက်ကို မကွေးခရိုင်တရားရုံးနဲ့ တောင်တွင်းကြီးမြို့နယ် တရားရုံးက နိုဝင်ဘာ ၁၅ ရက်နေ့မှာ ထောင်ဒဏ် ၂၀၃ နှစ် ချမှတ်လိုက်တယ်လို့ ဗိဿနိုး-PDF ကနေ သိရပါတယ်။

ဗိဿနိုး-PDF တာဝန်ခံတယောက်ဖြစ်တဲ့ တောင်တွင်းကြီးမြို့ မောင်းတိုင် ၂ ရက်ကွက်က အသက် ၂၉ နှစ်အရွယ် ကိုအောင်ခန့်ဦး (ခေါ်) ပါလေးကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ မကွေးခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မတွေဖြစ်တဲ့ ၅၀(က)/၅၁(ဂ)/၅၂(က)/၅၄ တို့နဲ့ ထောင် ဒဏ် ၁၉၃ နှစ်ချမှတ်ခဲ့တာပါ။

ဒါ့အပြင် တောင်တွင်းကြီးမြို့နယ် တရားရုံးက ပုဒ်မ ၅၀၅(က)၊ ပေါက်ကွဲ (၃) ပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တာလို့ ဗိဿနိုး-PDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီက သူ့ကိုဖမ်းမမိခင်မှာ မိသားတစုလုံးကို ဓားစာခံအဖြစ် ဖမ်းဆီးချုပ်နှောင်ထားကာ ဇန်နဝါရီ ၃ ရက်နေ့မှာ သူ့ကိုဖမ်းမိသွားတော့မှ မိသားစုဝင်တွေကို ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး ဖမ်းဆီခံရပြီးမှ ဖြစ်ပွားတဲ့ ဖြစ်စဥ်တွေကိုပါ ပေါင်းပြီး တရားစွဲခံခဲ့ရတာလို့ ဆိုပါတယ်။

အောက်တိုဘာ ၃၁ ရက်မှာ စစ်ကောင်စီက ထောင်ဒဏ် ၁၇၃ နှစ် အမိန့်ချမှတ်ခဲ့တဲ့ တောင်တွင်းကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးဝင်းမြင့်လှိုင်နဲ့ အမှုတွဲတွေ ပါဝင်တယ်လို့ ဗိုလ်ထန်ထွဋ်က ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ နိုဝင်ဘာ ၁၆ ရက်နေ့အထိ နိုင်ငံတဝန်း မတရားဖမ်း ဆီး ချုပ်နှောင်ခံထားရသူ ၁၃,၀၁၅ ယောက်ရှိပြီး အဲဒီထဲက ၁,၆၄၈ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။ DVB

ဝက်လက်တွင် စစ်တပ် စစ်ကြောင်း မိုင်းဆွဲခံရပြီး အရာရှိ ၁ ဦးအပါအဝင် စစ် သား ၂ ဦးသေ ဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်တပ် စစ်ကြောင်း မိုင်းဆွဲခံရပြီး အရာရှိတစ်ဦး အပါအဝင် စစ်သား ၂ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဝက်လက်မြို့နယ် လှတောကျေးရွာ ရဲစခန်းမှ စစ်သားများသည် လှတောဈေးတန်းဘက်သို့ ထွက်ခွာလာစဥ် ဒိုင်ကွင်း ရှေ့အရောက်တွင် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ပြင်းအားလွန် မိုင်းတစ်လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်တာ ၃ ပွင့်ဗိုလ်တစ်ဦးနဲ့ တပ်သား အဆင့်ရှိသူ ၁ ဦး သေတယ်။ ၃ ဦး အပြင်းအထန် ဒဏ်ရာ ရတယ်။ မိုင်းခွဲခံရတဲ့ အဖွဲ့က စစ်ခွေးတွေက အနီးအနားမှာ ရှိတဲ့ ရွာတွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ပြီး အလောင်းနဲ့ ဒဏ်ရာရတဲ့ သူတွေကို ကားနဲ့ လာခေါ်ဆောင်သွား​တယ်။ ဒီတိုက်ခိုက်မှုက အောက်တိုဘာလအတွင်း ကျဆုံးခဲ့တဲ့ BLACK WOLF PDF မှ ရဲ ဘော် ၄ ဦး ၏ ကိုယ်စား လက်စားခြေ တိုက်ခိုက်ခြင်း ဖြစ်တယ်” BLACK WOLF PDF မှ ရဲဘော် တစ်ဦးက ပြောဆိုသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုကို BLACK WOLF PDF နှင့်ဒေသခံ (ပကဖ) ပင်လယ်မုန်တိုင်း ပြောက်ကျားတပ်ဖွဲ့တို့က ပါဆယ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ khit thit

နိုင်ငံရေးအကျဉ်းသားများပြန်လွှတ်ခြင်းသည် ကျေးဇူးတင်စရာမဟုတ်ကြောင်း NUG လူ့အခွင့်ရေးဝန်ကြီး ပြော

စစ်ကောင်စီက အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့၌ ပြန်လွှတ်ပေးသည့် အကျဉ်းသား ၅,၇၀၀ ကျော်ထဲတွင် နိုင်ငံရေးအကျဉ်းသားများလည်း ပါဝင်သည်ကို တွေ့ရသည်။

သို့သော်လည်း စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများကို မတရားဖမ်းဆီးထားပြီး ပြန်လွှတ်ပေးခြင်း မှာ ကျေးဇူးတင်စရာမဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက မဇ္ဈိမကိုပြောသည်။

“ဒီလိုမျိုး နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းဆီးခံရတဲ့သူတွေပြန်လွှတ်ခြင်းက ကျေးဇူးတင်စရာတော့ မဟုတ် ပါဘူး။ မတရားဖမ်းဆီးထားပြီးတော့ ပြန်လွှတ်ပေးတာကို ကျေးဇူးတင်ရမယ်ဆိုရင်တော့ ကိုယ့်အိမ်ကို မီးရှို့ပြီး ပြာကျသွားတော့မှ ထမင်းတစ်ထုပ်လာပေးတဲ့သူကို ထိုင်ပြီးကန်တော့ရတဲ့ပုံစံမျိုးဖြစ်နေပါလိမ့် မယ်။ အ‌စောကြီးတည်းက မတရား ဖမ်းဆီးခံရတဲ့သူတွေဖြစ်ပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီသည် ၎င်းတို့ ကြွေးကြော်ထားသည့် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် နိုင်ငံတကာတွင် ၎င်းတို့၏ပုံရိပ်ကိုမြှင့်တင်ရန်နှင့် တိုင်းပြည်အခြေအနေကောင်းနေကြောင်းပြသချင် သည့်အတွက် ယခုကဲ့သို့ လွှတ်ပေးခြင်းဖြစ်ကြောင်းဝန်ကြီးက သုံးသပ်ပြောဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကကျင်းပခဲ့သည့် အာဆီယံထိပ်သီးညီလာခံတွင် မြန်မာ့အရေးကိုင်တွယ် ဖြေ ရှင်းရန် အာဆီယံက သဘောတူချ မှတ်ထားသည့် သဘောတူညီချက်ငါးရပ်ကို လိုက်နာရန် အချိန်သတ် မှတ်ရန်နှင့် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အာဆီယံသဘောတူညီချက်ငါးချက်ကို လိုက်နာရန် စစ်ကောင်စီကိုပြောကြားပြီးနောက်တွင် စစ်ကောင်စီဘက်က နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်‌ပေး သည်ကို တွေ့ မြင်ရခြင်းဖြစ်သည်။

အာဆီယံ၏ သဘောတူညီချက်ထဲတွင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်မပါဝင်သော်လည်း စစ်ကောင်စီသည် နိုင်ငံတကာဖိအားများပိုမိုလာချိန်တွင် နိုင်ငံရေးအကျဉ်းသားများကို အမြဲလွှတ်ပေးလေ့ ရှိကြောင်း နိုင်ငံရေးလေ့လာသူများက ဆိုကြသည်။

စစ်ကောင်စီသည် အာဆီယံ၏ အရေးကြီးဆုံးတောင်းဆိုချက်တစ်ခုဖြစ်သည့် အကြမ်းဖက်မှုများ ချက်ချင်း ရပ်တန့်ရန် တောင်းဆိုမှုများကိုမူ လျစ်လျူရှုပြီး ဆက်လက်ကျူးလွန်လျက် ရှိနေသည်။

ဝန်ကြီးဦးအောင်မျိုးမင်းက “တစ်ဖက်မှာလည်း‌ ရွေးကောက်ပွဲအတွက် ဒါတွေကို ပြယုဂ်အနေနဲ့ပြပေမယ့် လူအများသိတဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးတယ်။ တစ်ဖက်မှာလည်း လူမသိသူမသိ ကျေးရွာပေါင်း များစွာ အရပ်သူအရပ်သားပေါင်းများစွာကို မီးရှို့သတ်ဖြတ်နေတဲ့ အ ဖြစ် အပျက်ကို ဖုံးကွယ်ထားတဲ့ဟာ တွေရှိပါတယ်” ဟု ဆိုသည်။

ထို့ကြောင့် ကမ္ဘာ့ပြည်သူများနှင့် မြန်မာပြည်သူများအနေဖြင့် စစ်ကောင်စီက နှပ်ကြောင်းပေးသည့် လမ်းကြောင်းအတိုင်း မဝင်ရန်လိုအပ် ကြောင်း ဝန်ကြီးကတိုက်တွန်းပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့အထိ စုစုပေါင်း ၆၅၄ ရက်အတွင်း နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံရသူ ၁၆,၂၃၂ ဦး ရှိ နေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန်ထား သည်။ mizzima

ထီးလင်း ကျားခဲရွာကို စစ်တပ်က ဒုတိယအ ကြိမ်မီးရှို့၊ ကျောက်ထုတွင် စစ်တပ် လက်နက် ကြီးကြောင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျားခဲရွာက လူနေအိမ်တွေကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ ထပ်မံ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျားခဲကျေးရွာမှာ လူနေအိမ် ၉၀ ဝန်းကျင်ရှိပြီး လူဦးရေ ၄၀၀ ဝန်းကျင် နေထိုင်ကြကာ ဂန့်ဂေါမြို့ ခလရ ၅၀ က စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့သွားတာလို့ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဝင်လာလို့ ဒေသခံတွေကတော့ ဘေးလွတ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကျေးရွာကို ပြန်ပြီး မဝင်ရဲသေးတာကြောင့် အိမ်ခြေဘယ်လောက် လောင်ကျွမ်းတယ်ဆိုတာ မသိရ‌သေးဘူးလို့ ထီးလင်းဒေသခံတဦးက ဒီ‌ဗွီဘီကို ပြောပါတယ်။

နိုဝင်ဘာ ၁ ရက်ကလည်း ကျားခဲရွာက လူနေအိမ် ၁၄ လုံးနဲ့ နွားစာတိုက်တွေကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့ပါသေးတယ်။

အောက်တိုဘာ ၂၆ ရက်ကလည်း ထီးလင်းမြို့နယ်၊ အိုင်းမရွာက ဒေသခံနေအိမ် ၆ လုံးနဲ့ ချောင်းပေါက်လမ်းခွဲက ဆိုင်ခန်း ၂ ခန်းကို စစ်ကောင်စီတပ်သားတွေ မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။

ထီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၉၀ ဝန်းကျင် မီးလောင်ဆုံးရှုံးထားပြီး စစ်ကောင်စီက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ ၁ နှစ်ကျော် ကြာနေပြီ ဖြစ်ပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်မှာတော့ ကျောက်ထုမြို့နယ်ခွဲထဲမှာရှိတဲ့ ကျေးရွာတွေထဲကို စစ်ကောင်စီ လက်အောက်ခံ ကျောက်ထုတပ်ကနေ နိုဝင်ဘာ ၁၅ ရက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ကံကြီးကျေးရွာက အမျိုးသမီးတဦး လက်နက်ကြီးကျည်ထိမှန်ပြီး စိုးရိမ်ဒဏ်ရာ ရရှိခဲ့ကာ ကျေးရွာတွေထဲက နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ရင့်ရဲကျေးရွာ၊ ကံကြီးကျေးရွာက နေအိမ်တွေလည်း ပျက်စီးခဲ့ပြီး လျှပ်စစ်မီးကြိုးတွေလည်း လက်နက်ကြီး ထိမှန်ခဲ့တဲ့အတွက် ယောမြို့အပါအဝင် ကျေးရွာ ၄ ရွာလည်း လျှပ်စစ်မီးပြတ်တောက်နေတယ်လို့ ယောအလင်းတန်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၁ လအတွင်း ပြည်သူ ၂,၄၀၀ ကျော် ပစ်ခတ် သတ်ဖြတ်ခံရပြီး နေအိမ်အဆောက်အအုံ ၃၈,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကာ အဲဒီထဲမှာ မကွေးတိုင်းထဲက နေအိမ်တွေက ဒုတိယအများဆုံးဖြစ်တယ်လို့ လွတ်လပ်တဲ့ သုတေသန အဖွဲအစည်းတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။ DVB

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီက ပြည်သူများကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှု နှင့်အတူ အရှိန်ကြီးထွားလာသော ခုခံတော်လှန်စစ်

စစ်ကိုင်းတိုင်းဆိုတဲ့ အညာဒေသဟာ ဖောက်ပြန်တဲ့ အုပ်စိုးသူတွေရဲ့ ခေတ် အဆက် ဆက်ဖိနှိပ်မှုကို ဆန့်ကျင်တုံ့ပြန်ရာမှာ ပြောင်မြောက်တဲ့ အရပ် ဒေသဖြစ်ပါတယ်။

တချို့ကစစ်ကိုင်းဟာ အခုမှပဲ တော်လှန်ရေး အရာဝင် လာသလိုလို ထင်မှတ် နေ ကြပါတယ်။ မဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ ၂ ရက်နေ့ မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ အခြေ အနေတွေ လေ့လာကြည့် ရအောင်ပါ။

ဖက်စစ်ဂျပန် ခုခံတော်လှန်ရေးမှာ စစ်ကိုင်းတိုင်းဟာနာမည်ကြီးပါ။ ရှစ်လေး လုံး အရေးတော်ပုံမှာဆိုရင်လည်း စစ်ကိုင်းပြည်သူအများအပြား အသက်သွေးနဲ့ စတေးခဲ့ကြတာပါ။

အခု ၂၀၂၁ စစ်အာဏာသိမ်းပွဲ အပြီးမှာလည်း စစ်ကိုင်းဟာ ရှေးအစဉ်အလာ တော်လှန်ရေး ဝိညာဉ်ကို ဆက်လက်ဆွဲကိုင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းမှုဖြစ်ပေါ်ပြီး (၂)ရက်အကြာ ဖေဖော်ဝါရီလ (၄) ရက်မှာ ရန်ကုန် စမ်း ချောင်း မြို့ ဂွဈေးအနီးနဲ့ တာမွေမြို့ တာမွေဈေးရှေ့တို့မှာ စတင် ဆန္ဒပြခဲ့ ပါတယ်။

အဲဒီနေ့မှာပဲ ဒေါက်တာ တေဇာဆန်း ၊ကိုစောဥက္ကာဦး(ရတနာပုံ ဗကသ)၊ ကိုမင်းညီညီကွန်း( ရတနာပုံတက္ကသိုလ်)၊ ကိုရဲဝင်းထွန်းနှင့် ကိုပြည့်စုံအောင်တို့ပါဝင်တဲ့ အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှု မန္တလေးမှာ စတင်ခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်၊ နေပြည်တော် စတဲ့ မြို့ကြီး အသီးသီးကို ကူးစက်ပြန့်နှံ့ သွားပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ ရှိတဲ့ မြို့တွေ နယ်တွေ မှာ လည်း လူထုဆန္ဒပြပွဲတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ မှာတော့ စစ်ကောင်စီက ဗမာပြည် မြို့ နယ် (၉၀)ကျော်မှာ ပုဒ်မ (၁၄၄) ထုတ်ပြန်ခဲ့ပါတယ်။ လူ (၅)ဦးထက် ပိုမစုရ၊ ဆန္ဒမပြရဆိုတဲ့ ဖိနှိပ်မှု စတင်ခဲ့တာပေါ့။ အခုဆောင်းပါးမှာ စစ်အာဏာသိမ်းမှု အပြီး စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီရဲ့ လူထုအပေါ် ဖိနှိပ်မှု အဆင့်ဆင့် ပိုမိုပြင်းထန်ပြောင်းလဲလာပုံကို လက်လှမ်းမီသလောက် စုစည်းတင်ပြသွား မှာ ဖြစ်ပါတယ်။

မုံရွာမြို့

=======

စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့မှာ ၂၀၂၁ ခုနစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က စတင်ပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ မုံရွာမှာရှိတဲ့ ဗကသ၊ တကသနဲ့ ကျောင်းသားတွေ ဦးဆောင်ပြီး သပိတ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဖေဖေ်ာဝါရီလ ၇ ရက်နေ့ နေ့မှာ မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီကို ဖွဲ့စည်းပြီး နောက်ပိုင်းဆန္ဒပြပွဲတွေကို ဦးဆောင်မှုပေးခဲ့ပါတယ်။ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှာ ဗကသ၊ တကသ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် မျိုးဆက်သစ်အင်အားစုအဖွဲ့၊ အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ စတဲ့ အဖွဲ့တွေ ဦးဆောင်ပါဝင်ခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ် ဖေဖာ်ဝါရီလ ၂၇ ရက်နေ့ မှာ ပြည်သူတွေ ဆန္ဒပြဖို့ စုစည်းနေစဉ်မှာပဲ စစ်တပ်နဲ့ ရဲက မျက်ရည်ယိုဗုံးနှင့် သေနတ်ကို အသုံးပြုပြီး လူစုခွဲခဲ့ရာမှာ အမျိုးသား (၁)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ လက်နက်နဲ့ ဖိနှိပ်မှု စတင်တာပါပဲ။ ၁.၃.၂၁ မှာ ဇောတိကကျောင်းအနီးမှာ ရှိတဲ့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ရဲ့ အခမဲ့ဆေးခန်းကို စစ်တပ်နဲ့ ရဲက ဝင်စီးပြီး ဆရာဝန်တွေအပါအဝင် (၁၄)ယောက်ကို ဖမ်းဆီးသွားခဲ့ပါတယ်။

မတ်လ ၃ ရက်နေ့ မှာ စစ်တပ်နဲ့ ရဲက အပြင်းအထန် ထပ်မံ ဖြိုခွင်းခဲ့လို့ ကဗျာဆရာ ကေဇဝင်း အပါအဝင် (၆)ဦး ကျဆုံးခဲ့ရပြန်ပါတယ်။ “ခေတ်ကိုပြောင်းအောင် ခေါင်းကိုပစ်” ဆိုတဲ့ မအလရဲ့ အခါပေးစကားနဲ့အညီ ကဗျာဆရာ ကေဇဝင်းဟာ ခေါင်းကို အပစ်ခံခဲ့ရတာပါ။ မတ်လ ၁၂ ရက်နေ့ မှာလည်း ချမ်းမြဝတီရပ်ကွက် ပွင့်သစ်လက်ဘက်ရည်ဆိုင်ကို ဝင်ရောက်စီးနင်းပြီး ဆိုင်ရှင်အပါအဝင် ဆိုင်ထိုင်နေသူ (၂၀)ယောက်ကို ဖမ်းဆီးသွားခဲ့ပါတယ်။

ဒီလောက်မတရားတဲ့ ဖိနှိပ်မှုတွေကို ခုခံဆန့်ကျင်ဖို့ မုံရွာ PDF ကို ၂၀၂၁ ခုနှစ် ဇွန်လ ၆ ရက်နေ့ မှာ ဖွဲ့စည်းထူထောင်ခဲ့ပါတယ်။ မုံရွာမြို့နယ် ပ.အ.ဖ၊ မုံရွာသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၊ ပါဝင်သင့် ပါဝင်ထိုက်တဲ့ နိုင်ငံရေးအင်အားစုများနှင့် စကစ ဆန့်ကျင်ရေးအင်အားစုတွေ ညှိနှိုင်းဖွဲ့စည်းခဲ့ကြတာပါ။ NUG နဲ့ လက်တွဲဆောင်ရွက်မယ်လို့လည်း ကြေညာခဲ့ပါတယ်။ ဇူလိုင်လ ၂၆ ရက်နေ့ မှာ မုံရွာ PDF နဲ့ ဒေသခံကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ စကစနဲ့ စတင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေး အင်အားစုတွေဘက်က မုံရွာခရိုင် ဗကသရဲဘော်ဟောင်း ထင်ရှားပြည့်သျှံဦး အပါအဝင် (၅)ဦး ကျဆုံးခဲ့ပြီး (၂)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကလေးမြို့

=============

ကလေးမြို့မှာဆိုရင် ၇.၂.၂၁ မှာ ဆန္ဒပြ လူထုကြီးဟာ ဗိုလ်ချုပ်လမ်းပေါ် တက်လာခဲ့ပါတယ်။ အဲဒီဆန္ဒပြပွဲကို ကလေးတက္ကသိုလ် ကျောင်းသားကျောင်းသူတွေနဲ့ ကလေးကျေးတောင်ညို စာပေအဖွဲ့က ဦးဆောင်ခဲ့ပါတယ်။

၂.၃.၂၁ မှာ ဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွဲခဲ့ရာမှာ ကိုဇင်မျိုးမောင် (၁၈နှစ်) စပြီး သွေးမြေကျခဲ့ရပါတယ်။ သူ့နောက်ပိုင်း ကျဆုံးသူတွေလည်း အများအပြားပါပဲ လက်နက်ဆိုလို့ အပ်တို(၁)ချောင်းတောင် ကိုင်မထားသူတွေကို သေနတ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်လာတာကို မခံနိုင်တော့တဲ့အဆုံး ကလေးပြည်သူတွေဟာ နာမည်ကျော် တာဟန်းခံတပ်ကို လူရှိုင်း(မီဇိုး)ချင်း တိုင်းရင်းသားအများစု နေထိုင်သည့် တာဟန်းရပ်ကွက်တွင် မတ်လထဲမှာ တည်ဆောက်လိုက်ပြီး တူမီး၊ လေသေနတ်၊ ဂျင်ဂလိ အစရှိတဲ့ ရရာလက်နက်ဆွဲကိုင်ပြီး ခုခံဆန့်ကျင်ခဲ့ကြပါတယ်။

၂၈.၂.၂၁ မှာတော့ စကစက တာဟန်းခံတပ်ကို စစ်သေနတ်၊ လက်ပစ်ဗုံး၊ အသံဗုံးတွေနဲ့ ဝိုင်းဝန်းတိုက်ခိုက် ဖြိုခွဲခဲ့ပါတယ်။ အရပ်ဘက်အဖွဲ့အစည်း တခုဖြစ်တဲ့ Women for Justice အဖွဲ့ခေါင်းဆောင်အမျိုးသမီး ဒေါ်အားခူ အပါအဝင် (၅)ဦး ကျဆုံးခဲ့ပါတယ်။ ဆန္ဒပြပွဲတွေကတော့ ရပ်မသွားပါဘူး။ ၇.၄.၂၁ မှာ စကစက တာဟန်းခံတပ်ကို လက်နက်မျိုးစုံသုံးပြီး အပြီးသတ်ချေမှုန်းပါတယ်။ တော်လှန်ရေးရဲဘော် (၈)ဦး ကျဆုံးပြီး ခံတပ်လည်း အပြီးတိုင် ကျဆုံးခဲ့ပါတယ်။

တာဟန်းခံတပ် ပြိုလဲခဲ့ပေမယ့် တာဟန်းလက်နက်ကိုင် တော်လှန်ရေးစိတ်ဓာတ်ကတော့ ပိုလို ခိုင်မာလေးနက်ခဲ့ပါတယ်။ တာဟန်းခံတပ်ဟာ ကလေးဒေသလက်နက်ကိုင် တော်လှန်ရေးရဲ့ သန္ဓေမျိုးစေ့ဖြစ်ပါတယ်။

၂၀၂၁ မတ်လကုန်ပိုင်းလောက်မှာ Southern Kalay PDF, Kalay Civil Army, Kalay Civil Defense Association စတဲ့ လက်နက်ကိုင်အဖွဲ့တွေ ပေါ်ပေါက်နေပါပြီ။ တာဟန်းခံတပ်မပြိုခင်ကတည်းက ရှိနှင့်တာပါ။

၃၁.၃.၂၁ မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပေါ်ပါတယ်။ မေ ၅ ရက်မှာ PDF များ ဖွဲ့စည်းကြောင်း တရားဝင် ထုတ်ပြန်ပါတယ်။ မေ ၂၄ ရက်မှာတော့ ကလေးမှာ ရှိတဲ့ SK PDF, KCA နဲ့ ပူးပေါင်းပြီး PDF Kalay အဖြစ် ဖွဲ့စည်းကာ NUG အစိုးရနဲ့ လက်တွဲဆောင်ရွက်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ လက်နက်ကိုင် တော်လှန်ရေးကို တရားဝင် စတင်မယ်ဆိုတဲ့ သဘောကိုကြေညာလိုက်တာပါ။ ၁.၄.၂၁ မှာ နတ်ချောင်း၊ ငဖား၊ ချောင်းဂွကျေးရွာတွေကို ဖြတ်သွားတဲ့ စကစစစ်ကြောင်းတွေရဲ့ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ရွာသား (၄)ယောက် သေဆုံးခဲ့ပါတယ်။

မေလ ၂၈၊ ၂၉၊ ၃၀ ရက်တွေမှာ ကလေးမြို့ တောင်ပိုင်း ဇောလ်ပီးရွာနှင့် သုံးအိမ်စုရွာတွေအနီးမှာ ကလေး PDF နဲ့ စကစတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စကစတွေ မိုင်းခွဲတိုက်ခိုက်ခံရ တာကြောင့် အဲဒီရွာတွေကို စစ်တပ်က မီးရှို့ခဲ့ပါတယ်။

၁၂.၆.၂၁ မှာ ကလေးတောင်ဘက်က ဈေးရောင်းပြန်လာတဲ့ လူငယ်(၁)ဦးကို နတ်ချောင်းလမ်းဆုံအနီး စစ်ဆေးရေးဂိတ်စောင့် စစ်သားတွေက ဖမ်းဆီးပြီး ငွေတွေ လုယူခဲ့ပါတယ်။ ၁၉.၆.၂၁ မှာ အင်းယာကုန်း ရပ်ကွက်က နေအိမ် (၁)အိမ်ကို စကစက ဝင်ရောက်စီးနင်း ပစ်သတ်ခဲ့လို့ (၁၅)နှစ် အရွယ် လူငယ် (၁)ဦး အပါအဝင် (၅)ဦးကျဆုံးခဲ့ပါတယ်။

၂၀.၆.၂၁ မှာ ချမ်းမြေ့အောင်စည်ရပ်ကွက် ဧရာဝတီ လက်ဖက်ရည်ဆိုင်ကို စကစက ဝင်စီးပြီး လူကြီးတွေ မတွေ့တဲ့အတွက် (၁၂)နှစ်အရွယ် ကလေးငယ် (၁)ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ပါတယ်။ ၈.၁၀.၂၁ မှာ ထောက်ကြန့်အုပ်စု သာယာကုန်းရွာမှာ ရှိတဲ့ ဆန်စက်၊ ကြက်ခြံနဲ့ နေအိမ်တွေကို စစ်တပ်က မီးရှို့ခဲ့ပါတယ်။

တမူး

======

စစ်ကိုင်းတိုင်း အစွန် နယ်စပ်မြို့ တမြို့ဖြစ်တဲ့ တမူးမြို့မှာလည်း သပိတ်တိုက်ပွဲက ပြင်းထန်ခဲ့ပါတယ်။ တမူးသပိတ်ကို စကစ ချေမှုန်းမှု ဒဏ်က ကာကွယ်ပေးဖို့အတွက် Tamu Security Group ကို ၁၅.၂.၂၁ မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ စကစရဲ့ သပိတ်အကြမ်းဖက် ဖြိုခွဲမှုတွေ မတိုင်ခင်ကတည်းက ကြိုတင်ပြင်ဆင်ခဲ့တာပါ။ စကစဖိနှိပ်မှုတွေ သည်းသန်လာချိန် ဖြစ်တဲ့ ဧပြီလဆန်းပိုင်းလောက်မှာ TSG က ပြောက်ကျားဆန္ဒပြပွဲတွေသာ လုပ်ကြဖို့ လူထုကို တိုက်တွန်းတဲ့ ကြေညာချက် ထုတ်ခဲ့တာရှိပါတယ်။ ဒါလည်း စောတာပါပဲ။

၂၉.၄.၂၁ မှာ TSG နှင့် စကစ ကွမ်းတောင်တံတားအနီးမှာ စတင်တိုက်ပွဲ ဖြစ်ပါတယ်။ ဇွန် ၁၅ ရက်မှာတော့ TSG ကို တမူး PDF အဖြစ် ဖွဲ့စည်းနိုင်ခဲ့ပြီး NUG နဲ့ လက်တွဲဆောင်ရွက်မယ်လို့ လူထုကို အသိပေးခဲ့ပါတယ်။

တန့်ဆည်

=========

အညာဒေသရဲ့ နာမည်ကျော် တန့်ဆည်သပိတ်ဟာလည်း ဖေဖော်ဝါရီ ၇၊ ၈၊ ၉ ရက်တွေမှာ လမ်းတွေပေါ် ရောက်ရှိလာခဲ့ပါတယ်။ တော်လှန်တဲ့ သတင်းဌာနတွေရဲ့ သတင်းဓာတ်ပုံ ဗီဒီယို ဖော်ပြချက်တွေအရ တန့်ဆည်လူထုသပိတ်ဟာ ကြောက်ခမန်းလိလိပါ။ တန့်ဆည်ပင်မသပိတ်စစ်ကြောင်းကို ၇.၄.၂၁ မှာ စကစက အကြမ်းဖက် ဖြိုခွဲခဲ့လို့ ဆန္ဒပြ

ပြည်သူ (၁၁)ဦး ကျဆုံးခဲ့ပါတယ်။

PDF တန့်ဆည်ကိုတော့ ၇.၅.၂၁ မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ သူလည်းပဲ NUG နဲ့ လက်တွဲဆောင်ရွက်နေတဲ့ အဖွဲ့တခုဖြစ်ပါတယ်။

ရွှေဘို၊ ဒီပဲယင်း

==============

အလောင်းမင်းတရားကြီးရဲ့ ဇာတိမြို့ ရွှေဘိုဟာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရာမှာလည်း နောက်မကျပါဘူး။ ဒါကြောင့် စကစက ၁၆.၄.၂၁ မှာ ရွှေဘို သီလုံးကျေးရွာကို စစ်ကား (၂၂)စီးနဲ့ ဝင်ရောက်စီးနင်းပြီး လူ၁၀၀ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။

၁၈.၇.၂၁ မှာ တက်တူနဲ့ ပလိုင်းရွာကြားမှာ ဒေသခံ PDF တွေနဲ့ စကစ တိုက်ပွဲဖြစ်ပြီး စကစက ပလိုင်းရွာကို အကြောင်းမဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

ဒီပဲယင်းမှာဆိုရင် ၈.၆.၂၁ မှာ ယဉ်ကျေးရွာ ဘုန်းကြီးကျောင်းကို PDF စစ်သင်တန်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နှင့် စကစက ဝင်ရောက်စီးနင်းပြီး ငွေ ၁၅ သိန်းနဲ့ ဆိုင်ကယ် ၃စီး သိမ်းယူသွားခဲ့ပါတယ်။

၈.၁၁.၂၁ မှာ စကစတွေ နှစ်ဖွဲ့ခွဲပြီး ဒီပဲယင်းမြို့နယ်ထဲမှာ ရှိတဲ့ ဝန်းရံ၊ ကုန်းရိုး၊ တပ်တည်ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

၁၆.၉.၂၂ မှာ လက်ယက်ကုန်းကျေးရွာ မဟာဓမ္မရံသီ ဘုန်းကြီးကျောင်းမှာရှိတဲ့ မူလတန်းကျောင်းမှာ စာသင်နေတဲ့ ကလေးတွေကို တိုက်လယာဉ်တွေနဲ့ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ စကစက သတင်းထုတ်ပြန်တော့ PDF တွေ ရွာထဲရှိနေလို့ လို့ ထုတ်ပြန်ခဲ့ပါတယ်။ ကလေး (၁၁)ယောက် ဆရာမ (၃)ယောက်နဲ့ ရွာခံ (၆)ယောက် စုစုပေါင်း (၂၀)ဦးခန့် သေဆုံးခဲ့ရပါတယ်။

ကလေးတွေအပါအဝင် ရွာသားအတော်များများကို ဖမ်းဆီးသွားခဲ့ပြီး အခုဆောင်းပါးရေးနေချိန်အထိ အားလုံး ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးပါဘူး။ ဒီအကြမ်းဖက်မှု ဖြစ်စဉ်ကြီးဟာ ဗမာပြည်သူတွေကိုသာမက တကမ္ဘာလုံးကိုပါ တုန်လှုပ်ခြောက်ခြားသွားစေခဲ့ပါတယ်။ ဒါဟာ ကမ္ဘာကျော်သွားတဲ့ စစ်ရာဇဝတ်ပြစ်မှုတခုပါ။ (ဒီဖြစ်စဉ်ကို ကမ္ဘာကြီးက အချိန်မီထိထိရောက်ရောက် အရေးမယူဘဲ လျစ်လျူရှု့ခဲ့တဲ့အတွက် ဖားကန့်မြို့ အနန့်ပါ ဖြစ်စဉ်မျိုး ထပ်မံပေါ်ပေါက်ခဲ့ရတာ ဖြစ်ပါတယ်။)

၁၅.၆.၂၁ မှာ စကစက ဒီပဲယင်းမြို့ထဲမှာရှိတဲ့ PSI စလောင်းတွေ ဖြုတ်သိမ်းတာ၊ ဆန်စက်က ဆန်အိတ်တွေ လုယူတာ၊ ကုန်စုံဆိုင်တွေ လုယက်တာ လုပ်ခဲ့တဲ့အပြင် ပြည်သူ (၇)ယောက်ကို ဖမ်းဆီးသွားခဲ့ပါတယ်။

ယင်းမာပင်၊ ပုလဲ

==============

မုံရွာတဖက်ကမ်းက ယင်းမာပင်၊ ပုလဲစတဲ့ မြို့တွေဟာလည်း နွေဦးတော်လှန်ရေးမှာ ခုခံမှု ပြင်းထန်တဲ့ မြို့တွေပါ အဲဒီဒေသ ကျေးရွာသပိတ်တွေဟာ ယနေ့ထိ မရပ်စဲသေးပါဘူး။

၂.၄.၂၁ မှာ ယင်းမာပင် သပြေအေးရွာက ဆရာတော် ဦးသောပါကကို စစ်တပ်က ဖမ်းဖို့ လာဝိုင်းပါတယ်။ အနီးအပါးရွာတွေက တူမီးနဲ့ ဝိုင်းပြီး ခုခံကြတဲ့အတွက် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံ (၄)ဦး ကျဆုံးခဲ့ပါတယ်။ ၂၄.၄.၂၁ မှာတော့ စစ်တပ်က သပြေအေးရွာ ဘုန်းကြီးကျောင်းကို ဝင်စီးပါတယ်။ ကျောင်းဆောင် (၁)ဆောင်ကို ဖျက်ဆီးပြီး လက်တော့ပ် အလုံး (၂၀)ကို သိမ်းဆည်းသွားပါတယ်။ ဆရာတော်ကိုတော့ ဖမ်းမမိသွားပါဘူး။

၁၈.၆.၂၁ မှာ ယင်းမာပင်ခရိုင် PDF ကို NUG ရဲ့ လမ်းညွှန်ချက်နဲ့အညီ ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့စတင် ဖွဲ့စည်းစဉ်ကတည်းက ထူးခြားတဲ့ ကြေညာချက်အချို့ ရှိခဲ့ပါတယ်။ အဲဒါတွေကတော့ ဒလန်တွေနဲ့ အကြောင်းကိစ္စ ကြီးငယ်မရှိဘဲ ဆက်ဆံခြင်းမပြုဖို့နဲ့ ရပ်ကွက်ကျေးရွာတွေအတွင်း သက်သေခံခိုင်လုံတဲ့ သတင်းပေးဒလန်တွေ တွေ့ရှိပါက အသိပေးအကြောင်းကြားဖို့ ဆိုတဲ့ အချက်တွေပါပဲ။ ၁၁.၁၂.၂၁ မှာ ယင်းမာပင် ဆည်ထန်တောရွာကို မြန်မာယန်စီ လုပ်ကွက်အတွင်း တောင်ကုန်းတနေရာကနေ စကစက လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့ပါတယ် ရွာသား (၁)ဦး ဒဏ်ရာရပြီး နေအိမ် (၂)လုံး ပျက်စီးခဲ့ပါတယ်။

၂၆.၂.၂၂ မှာ ယင်းမာပင် ချင်းပုန်းရွာမှာ ကလေး (၈၀)ကျော်နဲ့ ဆရာ/ဆရာမ အပါအဝင် (၂၀၀)ကျော်ကို စကစက ဖမ်းဆီးပြီး (၂)ရက်အကြာမှာ ပြန်လွှတ်ပေးခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ၁၈.၈.၂၂ မှာ ယင်းမာပင်မြို့နယ်ထဲက ကပိုင်၊ သီးကုန်း၊ ကဖြူ၊ ပေါင်းဝ၊ သလောက်နဲ့ ဝင်းကုန်းရွာတွေက အိမ်ခြေ (၂၅၆)လုံးကိုလည်း စကစက မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

၁၅.၆.၂၁ မှာ ပုလဲ PDF စတင်ဖွဲ့စည်းပါတယ် ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးဟာ ထင်ရှားသူ တဦးဖြစ်ပြီး ၁.၁.၂၂ မှာ မြန်မာ့တော်ဝင်နဂါးတပ်တော်လို့ ပုလဲ PDF ကို အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီအဖွဲ့ဟာ အင်အား ၅ထောင်နဲ့ တသောင်းကြားရှိတယ်လို့ အင်တာဗျူးတခုမှာ အတိအလင်း ပြောဆိုခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ အခြားဒေသများ

=============================

၂၈.၈.၂၀၂၁ မှာ စစ်ကိုင်းမြို့၊ မြို့မစစ်ကြောင်းအား စကစက ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် သပိတ်မှပါဝင်တဲ့ လူ(၉) ဦးအဖမ်းခံရပြီး (၁) ဦးသေဆုံးခဲ့ပါတယ်။

၁၉.၇.၂၁ မှာ ကနီမြို့နယ် ယင်းရွာမှာ စကစက ပုန်းနေတဲ့ ဒေသခံ (၁၆)ဦးကို ဖမ်းဆီး ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့ပါတယ်။

၂၇.၇.၂၁ မှာ ဇီးပင်ကုန်းရွာ ဒေသခံနဲ့ PDF (၁၂)ဦးကို နှိပ်စက်သတ်ဖြတ်ထားတာကို တွေ့ရှိရပါတယ်။

၃၀.၇.၂၁ ရက်မှာလည်း တောင်ပေါက် (အရှေ့ရွာ) တောတွင်း တနေရာမှ (၁၄)နှစ်အရွယ် ကလေး (၁)ဦး အပါအဝင် ညှင်းပန်းနှိပ်စက်ပြီး အသတ်ဖြတ်ခံထားရတဲ့ လူ (၁၂)ဦးရဲ့ အလောင်းကိုလည်း တွေ့ရှိခဲ့ရပါတယ်။

၂၃.၁၀.၂၁ နေ့ ခင်ဦးမြို့ ရွာသစ်ပုန်းရွာမှာ ပျူစောထီးဖွဲ့ပြီး သင်တန်းတွေပေးဖို့ စကစက စီမံတာကို လက်မခံတဲ့အတွက် အဲဒီရွာက နေအိမ် (၆)လုံးကို စစ်တပ်က မီးရှို့ခဲ့ပါတယ်။ ပျူစောထီးဖွဲ့ဖို့ ဆိုပြီး တအိမ်ကို ငွေကျပ် ၂သောင်းလည်း ကောက်ခံခဲ့ပါတယ်။

၂၈.၁၀.၂၁ နေ့မှာ ကျွန်းလှမြို့နယ်ထဲက PDF စခန်း (၃)ခုကို စကစလေတပ်က ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။

၇.၁၂.၂၁ နေ့ ဆားလင်းကြီးမြို့နယ် အုန်းတောရွာ ယမားတံတား ဗုံးကွဲမှု ဖြစ်တာကို အကြောင်းပြပြီး ရွာထဲဝင် ပြည်သူ (၁၁)ဦးကို စကစက ဖမ်းဆီးပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။ စိတ်ဝေဒနာရှင် အမျိုးသမီး (၁)ဦးကိုလည်း ပစ်သတ်သွားပါတယ်။

၁၁.၅.၂၂နေ့ ရေဦးမြို့ မုန်းတိုင်ပင်ရွာကို စကစတပ်ဝင်စီးကာ ကျား (၂၈)ဦး၊ မ (၂၅)ဦးခန့်ကို ဖမ်းဆီးပြီး ညပိုင်းမှာပဲ ကျား (၂၈)ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ပါတယ် နေအိမ် (၅)လုံးကို မီးရှို့ခဲ့ပါတယ်။

၁၈.၇.၂၂ နေ့မှာ ကန့်ဘလူက မွတ်ဆလင်ဘာသာဝင် အများစုနေထိုင်တဲ့ ကျီစုရွာကို စကစလေတပ်က ရဟတ်ယာဉ်နဲ့ အကြောင်းမဲ့ ဗုံးကြဲခဲ့ပါတယ်။ မြေပြင်တပ်တွေကလည်း ဝင်ရောက်စီးနင်းခဲ့ပြီး ဗလီနဲ့ ဘာသာရေးကျောင်းတွေ အပါ ရွာတွေကို မီးရှို့ခဲ့ပါတယ်။ ရွာသား (၁၃) ယောက် ကိုလည်း သတ်ဖြတ်သွားခဲ့ပါသေးတယ်။

နိဂုံး

=====

အခုတင်ပြခဲ့တဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေဟာ နိဒါန်းပိုင်းမှာ ဖော်ပြခဲ့သလိုပဲ သတင်းမီဒီယာတွေရဲ့ ဖော်ပြမှုကို အခြေခံထားတာ ဖြစ်ပါတယ်။ စကစရဲ့ လု၊ သတ်၊ ရှို့၊ ကျင့် ပေါ်လစီ အကောင်အထည်ဖော်ခြင်းခံရတဲ့ စစ်ကိုင်းတိုင်းထဲက ဖြစ်စဉ် ဖြစ်ရပ်တွေ အများကြီး ကျန်ရှိနေသေးတာ သေ ချာပါတယ်။

တကယ်တော့ စစ်အာဏာရှင်တွေဟာ လုယက်၊ လူသတ်၊ မီးရှို့၊ မုဒိမ်းကျင့်ဆိုတဲ့ ပေါ်လစီကို နွေဦးတော်လှန်ရေးမှာမှ စတင်ကျင့်သုံးတာတော့ မဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ် အစပျိုးစဉ်ကတည်းက ကျင့်သုံးခဲ့ကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် လူမျိုးစုတိုင်းရင်းသားဒေသတွေမှာ အလူးအလဲ ခံခဲ့ရတာပါ။ လတ်တလော အနီးစပ်ဆုံး ပြန်ပြောရရင် ဗမာပြည် အနောက်ခြမ်းက ရိုဟင်ဂျာတွေ တဖက်နိုင်ငံကို သိန်းချီထွက် ပြေးခဲ့ရတာ လု၊ သတ်၊ ရှို့၊ ကျင့် ပေါ်လစီရဲ့ အကျိုးဆက်ပါပဲ။

စစ်ကိုင်းတိုင်းအတွင်းက စကစရဲ့ ဖိနှိပ်မှု အဆင့်ဆင့်ကို ပြန်ပြီး ခြုံငုံသုံးသပ်ရရင် အခုလို တွေ့ရမှာ ဖြစ်ပါတယ်။ (တကယ်တော့ စစ်ကိုင်းမှာမှ မဟုတ်ပါဘူး တပြည်လုံးမှာလည်း ဒီအတိုင်းပါပဲ။)

ပထမ ဥပဒေစကားပြောတယ်။ သပိတ်တားတယ် ပုဒ်မ ၁၄၄ ထုတ်တယ်။ နောက် နံပါတ်တုတ်၊ ရော်ဘာကျည်၊ မျက်ရည်ယိုဗုံး၊ အသံဗုံး သုံးတယ် နောက် သေနတ်အစစ်သုံးတယ်။ အဲဒီနောက်မှာတော့ ဘာဥပဒေမှ မရှိတော့ပါဘူး။ ခေတ်ကိုပြောင်းအောင် ခေါင်းကို ပစ်တော့တာပါပဲ။ မခံနိုင်လို့ ရရာလက်နက်စွဲ ပြန်ခုခံတော့ လက်နက်ကြီးနဲ့ ပစ်တယ်။ ရွာမီးရှို့တယ်။ ရဟတ်ယာဉ် တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲပစ်တယ်။ “လု၊ သတ်၊ ရှို့၊ ကျင့်၊ ကြဲ” ဆိုတဲ့ ပေါ်လစီ ဖြစ်သွားတယ်။ ဖိနှိပ်မှုဟာ တဆင့်ပြီး တဆင့် တက်လာတယ်။ ဒါဖက်ဆစ်စစ်တပ်ရဲ့ သဘော သဘာဝပါပဲ။

ဒါပေမယ့် ဗမာပြည် လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးရဲ့ တော်လှန်ရေး ခုခံစစ် ဟာလည်း တစနဲ့တစ ကြီးမားကျယ်ပြန်လာနေပါပြီ။ အဲဒီကြီး မားကျယ်ပြန့်မှုနဲ့ တပြိုင်တည်းမှာပဲ စကစအမှူးပြုတဲ့ စစ်အာဏာရှင်စနစ်ဟာလည်း သေးနုပ်ကျဉ်းကျုံ့ လာနေပြီဖြစ်တဲ့အကြောင်း အလေးအနက် တင်ပြလိုက်ရပါတယ်။khit thit

မတ္တရာမြို့ တော်လှန်ရေးသမားများအား လက် ထောက်ချ ဖမ်းဆီးစေခိုင်းနေသည့် စစ်ကောင် စီသတင်းပေး ဆိုသူ အသတ်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ရုန်းပင်အနောက်ရွာက စစ်ကောင်စီသတင်းပေးဆိုသူ ဦး၀င်းမြင့်(ခ)ဇီး၀င်းမြင့် ယနေ့နံနက်ပိုင်း တွင် လမ်းသွားနေစဉ် အသတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

“ဒီဘက်မှာ စစ်ကောင်စီတပ်တွေလာတဲဲ့အခါတိုင်း ဒီလူကြီးက သတင်းပေးလုပ်တယ်၊ တော်လှန်ရေးဘက်က လူတွေကို စကစဆီလက် ထောက် ချတာလည်းသူပဲ၊ မနေ့ကတည်းက ပျောက်နေတာ၊ ဒီမနက်တော့ ချောင်းဘောင်ပေါ်မှာ အလောင်းတွေ့တာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အသတ်ခံရသူဦး၀င်းမြင့်သည် အသက်(၆၀)ကျော်အရွယ်ရှိနေပြီဖြစ်ပြီး၊ ယနေ့ နို၀င်ဘာ ၁၇ ရက် နံနက် ၈ နာရီကျော်အချိန်ခန့်တွင် ဆည်တော်ကြီးချောင်းဘောင်ပေါ်တွင် အလောင်းတွေ့ရှိရာမှ အသတ်ခံထားရမှန်း သိရခြင်းဖြစ်ကြောင်းလည်း ဒေသခံများကဆိုသည်။

၎င်းအား မည်သည့်အဖွဲ့အစည်းက သတ်ဖြတ်သွားသည်ကိုတော့ မသိရသေးပေ။

တစ်ကျော့ပြန် စစ်ရေးပြန်တင်းမာလာသည့် မန္တလေးတိုင်း မတ္တရာမြို့နယ်တွင်၊ စစ်ကောင်စီတပ်က ရုန်းပင် အနောက်ရွာ စစ်စခန်းအထိုင်ချထားပြီး၊ တော်လှန်ရေးအင်အားစုများအား ဖြိုခွင်းနေကြောင်းသိရသည်။ mizzima

မင်းလှမြို့နယ် စစ်တပ်နှင့် ရဲစခန်းအနီး Failed Law လှုပ်ရှားမှုပြုလုပ်

ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ ရဲစခန်း အပါအဝင် နေရာ ၅ ခုရဲ့ ဆိုင်းဘုတ်တွေရှေ့မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဒေသခံပြည်သူတွေက Failed Law လှုပ်ရှားမှုကို နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

မင်းလှမြို့နယ် စိန်ကန့်လန့်ရွာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ အမှတ် ၁ ခြေလျင်တပ်ရင်းရှေ့၊ ရန်ကုန်-ပြည် ကားလမ်းဘေးနဲ့ မင်းလှမြို့ အထွေထွေအုပ်ချုပ်ရေးရုံး၊ စစ်မှုထမ်းဟောင်းရုံးနဲ့ မြို့မရဲစခန်းရှေ့တွေမှာ ပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလိုလုပ်ရတာဟာ အာဏာသိမ်းပြီးနောက် ယိုယွင်းပျက်စီးလာတဲ့ တရားဥပဒေစနစ်ကို ဆန့်ကျင်တဲ့အပြင် စစ်ကောင်စီက ဦးဆောင်ပြုလုပ်မယ့် ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ မတရားတဲ့ အမိန့်အာဏာဟူသမျှကို ရတဲ့နည်းလမ်းတွေနဲ့ ဆန့်ကျင်ဖို့ တော်လှန်ရေးအသိ တော်လှန် ရေးသတိ အမြဲရှိနေစေဖို့ ရည်ရွယ်ပြီး FAILED LAW လှုပ်ရှားမှုကို ရန်ကုန်လူထုသပိတ်က နိုဝင်ဘာ ၁၂ ရက်နေ့က စတင်ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံထဲက မြို့နယ်အသီးသီးမှာ အခုလှုပ်ရှားမှုကို ပြုလုပ်လာကြတာလည်း ဖြစ်ပါတယ်။DVB

လျှပ်စစ်ကား တင်သွင်းမည့်ကုမ္ပဏီများ ကျပ်သိန်း ၅၀၀ အာမခံ တင်ပြရမည်ဟု စစ်ကောင် စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်

လျှပ်စစ်သုံးယာဉ် (Battery Electric Vehicle –BEV) တင်သွင်းရောင်းချမည့် ကုမ္ပဏီများအနေဖြင့် ဗဟိုဘဏ် အသိအမှတ်ပြုဘဏ်တွင် မြန်မာငွေ ကျပ်သိန်း ၅၀၀ ပေးသွင်းနိုင်ကြောင်း ဘဏ်အာမခံချက် တင်ပြရမည်ဟု စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ လျှပ်စစ်သုံးယာဉ် တင်သွင်းမည့် ကုမ္ပဏီသည် အရောင်းပြခန်း ဖွင့်လှစ်ခွင့် လက်မှတ်မရရှိသေးပါက ကိုက်ညီရမည့်အချက် ငါးချက်ကိုလည်း ထည့်သွင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသားဖြစ်စေ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားဖက်စပ် ဆောင်ရွက်ခြင်း ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ရမည်။ တင်သွင်းမည့် လျှပ်စစ်သုံးယာဉ်၏ အမှတ်တံဆိပ်(Brand ) တစ်ခုစီ အတွက်ရောင်းချသည့် ကုမ္ပဏီနှင့်ချုပ်ဆိုထားသည့် အရောင်းအဝယ်သဘောတူ စာချုပ် တင်ပြနိုင်သူဖြစ်ရမည်ဖြစ်ပြီး အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက် စပ် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ရရှိပြီး ဖြစ်ရမည်။

ထို့ပြင် လျှပ်စစ်သုံးယာဉ် တင်သွင်းရောင်းချခွင့်ရသည့်ကုမ္ပဏီသည် တင်သွင်းလာသည့် ယာဉ်များအား ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦး စီးဌာနတွင် မှတ်ပုံတင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ဝယ်ယူခွင့်ပါမစ် လျှောက်ထားရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်သည် ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ အကျိုးသက်ရောက်စေမည်ဟုဆိုထားသည်။

လျှပ်စစ်သုံးယာဉ် အမျိုးအစားအတွက် အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ တွင် သတ်မှတ်ထားသည့် အကောက်ခွန်နှုန်းထားအား စစ်ကောင်စီပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် သုညရာခိုင်နှုန်း (0%) အထိ လျှော့ချထားကြောင်းသိရသည်။

လျှပ်စစ်သုံးယာဉ်အသုံးပြုမှုနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်ပမှ Completely Built Up-CBU စနစ်၊ Completely Knocked Down-CKD စနစ် နှင့် Semi-Knocked Down-SKD စနစ်တို့ဖြင့် တင်သွင်းသည့် လျှပ်စစ်သုံးယာဉ်များအား အခွန်ကောက်ခံခြင်းမရှိဟု စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ mizzima

« Older Entries