မင်းအောင်လှိုင်၏ ခွင့်ပြုချက် အမိန့်အရ အ ကြမ်းဖက်စစ်တပ်က ကျူးလွန်နေသည့် မုဒိမ်းလက်နက်

မုဒိမ်းမှုကို စစ်လက်နက်သဖွယ် အသုံးချသည် ဟူသော စကားကို ကြားလိုက်လျှင် ထိုအကြောင်းအရာများနှင့် စိမ်း သူများက ဒါတော့ မဖြစ်နိုင်ပါဘူးဟု တွေးတောမိကြလိမ့်မည်။

“လူဆိုးဆိုတာ နေရာတိုင်းမှာ ရှိနေတာပဲ၊ စစ်သားတွေထဲမှာလည်း လူဆိုးတွေ ပါနေတာမို့ သူတို့က မုဒိမ်းကျင့်တာပဲ စစ်တပ်က ကျင့်တာမဟုတ်ဘူး” ဟု ယူဆမိကြပေလိမ့်မည်။

ကမ္ဘာတွင် ၁၉၉၀ ခုနှစ် အစောပိုင်းကာလများတွင် မုဒိမ်းမှုကို လက်နက်အဖြစ် အသုံးချကာ ရန်သူကို ချေမှုန်းသည့် ‘မုဒိမ်းလက်နက်’ (Rape as a weapon) ဟူသော စကားများ စတင်ထွက်ပေါ်လာသည်။ လက်နက် ကိုင်အများစုအကြားတွင် ယင်းလက်နက်ကို သုံးကြသည်။ သုံးပြီးသောအခါ သက်သေအထောက် အထား များ ကို ဖျောက်ပစ်ကြသည်။ လူများစုက ဒါမျိုးမဖြစ်ခဲ့ပါဘူးဟု တွင်တွင် ထိုင်ငြင်းကြသည်။

အထောက်အထားများ တွေ့ရှိရသည့်အခါ အချိန်ကအတော်ကြာပြီ။ ကျူးလွန်သူများက အေးအေးလူလူ သွားလာနေထိုင်ကြသည်။ သို့နှင့် အရေးယူခြင်းမှကင်းလွတ်နေသော impunity က ပိုဖြစ်လာကာ မုဒိမ်းလက်နက်သည် သာမန်ပါပဲ ဟု မြင်လာတော့ ၏။ ထိုအရာက အန္တရာယ်ကြီးသည်။

စစ်ပွဲများတွင် မုဒိမ်းကျင့်ခြင်းကို အသုံးပြုခြင်းသည် သမိုင်းတလျှောက်လုံး တွေ့ရသော အရာ ဖြစ်ပါသည်။ ပြောရလျှင် စစ်နဲ့အတူ တွဲပါနေခဲ့သော အရာဖြစ်ပါသည်။

ဘာကြောင့် အကြမ်းဖက်စစ်တပ်မှ စစ်သားများက မုဒိမ်းကျင့်ကြသနည်း ဆိုသည်ကို သုံးသပ်သူများက အောက်ပါအတိုင်းဆိုသည်။ ကာလရှည်ကြာအောင် လိင်နှင့်ဝေးကွာနေပြီး ကြမ်းတမ်း ရက်စက်သည့်အလုပ်များ လုပ်ခဲ့ရကာ လိင်စိတ်များ ကြွနေခြင်း၊ စစ်စည်းကမ်းမကောင်းကာ ကျင့်ဝတ်များကို ခေါင်းဆောင်များကိုယ်တိုင် က မလိုက်နာခြင်း နှင့် မုဒိမ်းကျင့်ခြင်းကို တမင်တကာ လက်နက်လို အသုံးချခြင်း တို့ကြောင့် ဖြစ်ပါပေသည်။

ဒုတိယကမ္ဘာစစ်အတွင်းက ထိုကဲ့သို့ မုဒိမ်းလက်နက်ကို မဟာမိတ်များ ဘက်ကရော၊ ဝင်ရိုးတန်း ဖက်ဆစ်များကရော အသုံးပြုကြပေသည်။ ရုရှားက စစ်နိုင်သောအခါ ဂျာမန်အမျိုးသမီးများကို ပြုကျင့်ခြင်း၊ နာဇီများက ဥရောပတခွင် ထင်တိုင်းကြဲခြင်း၊ ဂျပန်စစ်တပ်က သိမ်းပိုက်ခံနယ်မြေများမှ အမျိုးသမီး များကို လိင်ကျွန်ပြုခြင်း တို့က ထင်ရှားသော ဖြစ်ရပ်များ ဖြစ်သည်။ မထင်မရှား ကိစ္စရပ်များ အများကြီး ရှိနိုင်သည်။

ဘာကြောင့် စနစ်တကျ မုဒိမ်းလက်နက် သုံးသလဲ

============================

စစ်သားများ အကျင့်စာရိတ္တ ဖောက်ပြားခြင်း၊ စည်းကမ်းမကောင်းခြင်း တို့ကြောင့်မဟုတ်ဘဲ အမိန့်အရ တမင် မုဒိမ်းကျင့်ကြသည့် ဖြစ်စဉ်များကို သုတေသနများက အထောက်အထားများဖြင့် တွေ့ရှိထားသည်။ မုဒိမ်းမှုကို လက်နက်သဖွယ် သုံးပြီဆိုရင်တော့ ကျား၊ မ၊ ကလေး၊ သက်ကြီး မခွဲတော့ပေ။

ပြန်မပြောနဲ့ ကျင့်ဆိုကျင့်လိုက် အနေအထား ဖြစ်သည်။ ရည်ရွယ်ချက် တစ်ခုက အရပ်သား ရပ်ရွာများ ဖိန့်ဖိန့်တုန်အောင် ကြောက်သွားစေရေး လုပ်ဆောင်ရခြင်း ဖြစ်ပါသည်။ ဒုတိယ ရည်ရွယ်ချက်မှာကား ရန်သူ တပ်ဖွဲ့ဝင်များ စိတ်ဓာတ်ကျသွားအောင် လုပ်ရသော စစ်ဆင်ရေး သဘောမျိုး ဖြစ်သည်။

မိမိ၏ မိသားစုဝင်များ ၊ ကလေးများ မုဒိမ်းကျင့်ခံလိုက်ရခြင်းအပေါ် နာကျင်သွားအောင်၊ စိတ်ခွန်အား ကျဆင်းသွားအောင်၊ ရှူံးသွားသလို ခံစားရအောင် လုပ်ပေးခြင်း ဖြစ်ပေသည်။ အထက်အမိန့်အရ၊ အုပ်စုဖိအားကြောင့် လုပ်ရခြင်း ဖြစ်ပေရာ စစ်မဖြစ်ခင်က လိင်ပိုင်းဆိုင်ရာ မည်သူ့ကိုမှ ဒုက္ခမပေးဖူးသူ စစ်သည်များ ပင် ကြောက်စရာ မုဒိမ်းမိစ္ဆာများ ဖြစ်သွားကြသည်ကို သက်သေအထောက်အထားများဖြင့် စာတမ်းများ ရှိပါသည်။

မုဒိမ်းကျင့်မှ လိင်အကြမ်းဖက်တာလား

=======================

စနစ်တကျကျင့်သည့် ရာဇဝတ်မှုမှာ မုဒိမ်းကျင့်မှုတစ်ခုတည်း မဟုတ်ပေ။ စစ်ပွဲကာလတွင် အမျိုးသမီးများ အပါအဝင် ပြည်သူများ သည် တခြားကာလများထက် လိင်အကြမ်းဖက်မှုများကို ခံရနိုင်ချေမြင့်သည်။ အချို့သော လိင်အကြမ်းဖက်မှုများသည် နိုင်ငံရေး ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်။

အတိုက်အခံ အမျိုးသမီး ခေါင်းဆောင်များကို လိင်ပိုင်းဆိုင်ရာ စော်ကားပုတ်ခတ် ဖော်ပြခြင်း၊ အမျိုးသမီးဖြစ်ခြင်းအပေါ် နိမ့်ကျသယောင် သရုပ်ဖော် ဝါဒဖြန့်ခြင်း၊ စစ်ဆေးရေး ဂိတ်များတွင် စစ်သားများက လိင်ပိုင်းဆိုင်ရာ ပုတ်ခတ် ရိသဲ့သဲ့လုပ်ခြင်း၊ စစ်ကြောရေးတွင် ပါးစပ်နှင့် လက်ကမြင်းခြင်း စသည့် သာဓကများ လည်းရှိပါသည်။

တချို့က လူက ယုတ်မာသဖြင့် ပြုကျင့်ခြင်းများရှိသလို တချို့က နိုင်ငံရေးရည်ရွယ်ချက်ဖြင့် တမင်လုပ်ခြင်း ဖြစ်သည်။ အတိုက်အခံများ ကြောက်သွားအောင်၊ ဆန့်ကျင်ထကြွခြင်းများ မရှိတော့အောင် တမင်ယုတ်မာပြီး လုပ်ခြင်းသည် နိုင်ငံရေးအရ လိင်အကြမ်းဖက်မှုကို လက်နက်သဖွယ် အသုံးပြုခြင်းဖြစ်သည်။

မုဒိမ်းမှုများ ဖြစ်သည့်အခါ လူပြောသူပြော များတန်သလောက် များသော်လည်း လိင်အကြမ်းဖက်မှုကိုမူ ဖြစ်နေကျပါဟူသော သဘောဖြင့် ကျော်လွှားသွားတတ်ကြသည်။ ယင်းကိစ္စသည် မုဒိမ်းယဉ်ကျေးမှုကို အသက်ဆက်စေသည့် အချက်တစ်ချက် ဖြစ်ကောင်း ဖြစ်ပေမည်။

မုဒိမ်းလက်နက် ဖြစ်ရပ်များ

================

ဒုတိယကမ္ဘာစစ်ပြီးနောက် (၂၀) ရာစု ဒုတိယပိုင်းတွင် ဖြစ်ပွါးခဲ့သော စစ်ပွဲများအနက် (၂၀) ခန့်တွင် အစုလိုက် အပြုံလိုက် ရည်ရွယ်ချက်ရှိရှိ မုဒိမ်းကျင့်ခံရသည့် ဖြစ်စဉ်များ ဖြစ်ခဲ့သည်ဟု မှတ်တမ်းများကဆိုသည်။ ၉၀ ကာလ များတွင် ဖြစ်ခဲ့သော ယူဂိုဆလားဗီးယား စစ်ပွဲတွင် မုဒိမ်းမှုကို လက်နက်အဖြစ် သုံးခဲ့သည့် အထောက်အထားများတွေ့ခဲ့ရပြီး နောက်ပိုင်းတွင် လူများစွာကို စစ်ခုံရုံး တင်နိုင်ခဲ့သည်။

ရဝမ်ဒါတွင်လည်း တူစီအမျိုးသမီးများကို ဟူတူအစိုးရက HIV ကူးစက်ခံအမျိုးသားများ ခေါ်လာကာ တမင်တကာ မုဒိမ်းကျင့်ခိုင်းခြင်းများဖြင့် လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်ခဲ့ကြသည်။ ၂၀ ရာစုကုန်ခါနီးမှ ထိုကဲ့သို့ မုဒိမ်းလက်နက် (rape as a weapon) ဆိုသည့် စကားကို နိုင်ငံတကာ မျက်နှာစာမှာ စတင် အသုံးပြုလာပြီး အရေးယူမှုများ ရှိလာသည်။

ကွန်ဂိုနိုင်ငံက ဖြစ်စဉ်ဆိုလျှင်လည်း ကမ္ဘာမှာ အုတ်အော်သောင်းနင်း ဖြစ်ခဲ့ရသည့် စစ်ပွဲမုဒိမ်းမှုများ ဖြစ်သည်။ အမျိုးသမီးသာမက အမျိုးသားများကိုပါ လိင်ကျွန်ပြုသည့် ရက်စက်သော စစ်ရာဇဝတ်မှုများ ဖြစ်သည်။ သို့သော် စစ်နိုင်သော အင်အားစု များကို ဘယ်မှာ အရေးယူနိုင်အံ့နည်း။

မြန်မာပြည်မှ အကြမ်းဖက်စစ်တပ်၏ မုဒိမ်းလက်နက်

==============================

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းလိုက်ပြီးကတည်းက အကြမ်းဖက် စစ်အုပ်စုက မုဒိမ်းကျင့်ခြင်းကို လက်နက်သဖွယ် အသုံးချသည့် ဖြစ်စဉ် (၇၂) ကြိမ်ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီး ဒူဝါလရှီးလက ပြောကြားလိုက်သည်။

ဇွန်လ (၁၉) ရက်နေ့တွင် ကျရောက်သော ပဋိပက္ခကာလ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာအထိမ်းအမှတ်နေ့တွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဥပမာအနေနဲ့ စစ်တပ်က စစ်သားတွေဟာ တီးတိန်မြို့မှာ မွေးကင်းစ ကလေးရဲ့ အမေကို သူ့အမျိုး သားရှေ့မှာ အုပ်စုလိုက် မုဒိမ်းကျင့်တာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သော သမ္မတလရှီးလ က မင်းကင်းမြို့တွင် မိန်းကလေးငယ်များ အပါအဝင် အမျိုးသမီး (၃၀) ကျော် မုဒိမ်းကျင့်ခံရမှုကို ဖြည့်စွက် ထောက်ပြခဲ့သည်။

“စစ်တပ်ဟာ တိုင်းရင်းသား ဒေသတွေမှာ စစ်သားတွေကို မုဒိမ်းကျင့်ခွင့် ပေးထားတဲ့အတိုင်းပဲ။ မိန်းမတွေကို ဖမ်းဆီးခေါ်ဆောင်တယ်။ ရွာတွေကို မီးရှို့တယ်။ အပြစ်ပေးခံရခြင်း လုံးဝမရှိဘူး” ဟု NUG ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကလည်း ပြောကြားထားသည်။

မြန်မာစစ်တပ်သည် နယ်မြေရှင်းလင်းရေးအတွက် မုဒိမ်းလက်နက်သုံးနေကြောင်း ပြောဆိုခံရမှုသည် ယခုမှ မဟုတ်ပေ။ ရခိုင်ပြည်နယ် ရိုဟင်ဂျာအရေးတွင် နယ်မြေရှင်းလင်းစဉ်ကလည်း အမျိုးသမီးပေါင်းများစွာ မုဒိမ်းကျင့်ခံရသည်ဟု ထွက်ဆိုမှုများ ရှိသည်။

၁၉၉၆ ခုနှစ်နှင့် ၂၀၀၀ ခုနှစ်ကြား ထိုင်း-မြန်မာ နယ်စပ် ရှမ်းလက်နက်ကိုင်ဒေသများတွင် အမျိုးသမီးများကို ကျူးလွန်သော လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုနှင့် မုဒိမ်းမှုပေါင်း ၁၇၃ ခုရှိကြောင်း အစီရင် ခံစာ ထွက်ပေါ်လာခဲ့ပြီး တစ်ကမ္ဘာလုံး တုန်လှုပ်ခဲ့ကြသည်။အမှန်တကယ်ဖြစ်ခဲ့သော အရေအတွက်သည် ယခုထက် ပိုများနိုင်ကြောင်း အစီရင်ခံစာရေးသားသူများက သတိပေးထားသေးသည်။

စစ်တပ်နှင့် မုဒိမ်းမှုသည် တိုင်းရင်းသားဒေသ၊ တော်လှန်စစ်ဖြစ်ရာဒေသများတွင်သာမက စစ်ကြောရေးစခန်းများတွင်ပါ ရှိသည်ဟု မကြာခဏ သတင်းများ တက်လာလေ့ရှိသည်။ လူများကို ကြောက်လန့်တကြားဖြစ်သွားအောင် ခေါင်းမဖော်ရဲအောင် မုဒိမ်းမှုဖြင့် တိုက်ခိုက်နေသည်မှာ စနစ်တကျ အမိန့်တစ်ခုမှလာခြင်း ဖြစ်သည်ဟု သုတေသန အစီရင်ခံစာများက ပြသနေသည်။ စစ်တပ်သာမက ပြည်သူ့စစ်များ၊ အခြားလက်နက်ကိုင်များ၏ ကျူးလွန်မှုများ လည်း ရှိနိုင်ပေသည်။

မုဒိမ်းလက်နက်ကို ဘယ်လို ချေမှုန်းတိုက်ဖျက်မလဲ

=====================================

စစ်ပွဲကာလ မုဒိမ်းမှုဆိုတာ ဖြစ်မြဲဖြစ်စဉ်ပဲ ဆိုသည့် အမြင်ကို ဖျောက်ပစ်ရမည်။ လိင်ပိုင်းဆိုင်ရာ ထိပါးခြင်းကို မိမိတို့တပ်ဘက်က လက်မခံပါဆိုသည့် အစဉ်အလာအမိန့်ကို တပ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲသင့်သည်။ လက်နက် ကိုင် တော်လှန်ရေးသမားများသည် ယင်းအမိန့်ကို ခိုင်ခိုင်မြဲမြဲ လိုက်နာပါမည် ဖြစ်သည့်အကြောင်း တင်းတင်းကျပ်ကျပ် ထိန်းကျောင်းမှုများကို ခံရသင့်သည်။

တို့တော်လှန်ရေးသမားတွေဟာ ဒီလိုလူစားတွေ မဟုတ်ပါဘူးဟု ပြောလို့မရပေ။ အချို့သော မုဒိမ်းစစ်ရာဇဝတ် ကောင်များသည် စစ်ထဲ မလိုက်ခင်က ပြစ်ချက်မရှိသော သာမန် အမျိုးသားလေးများ ဖြစ်သည်ကို ဘော့စနီးယား စစ်ပွဲမှ ဥပမာများက ပြသနေသည်။

လက်နက်ကိုင် အင်အားစုများသည် မုဒိမ်းကျင့်သော လက်သရမ်းသော တပ်ဖွဲ့ဝင်များကို တင်းကျပ်စွာ အပြစ်ပေးခြင်းဖြင့် စစ်ပွဲကာလမို့လုပ်ရပါသည်ဆိုသော နိမ့်ကျသည့် ဆင်ခြေထွက်မလာအောင် ပိတ်ထားရမည်။ ရန်သူက အုပ်စုဖွဲ့ပြီး မုဒိမ်းလက်နက်ဖြင့် တိုက်ခိုက်လာသည့် အခြေအနေသို့ မရောက်အောင် နေရာရွှေ့ပြောင်း ကယ်ထုတ်မည့် အစီအစဉ်များ၊ လမ်းကြောင်းများ ၊ လေ့ကျင့်ထားရန် အထူးလိုအပ်ပါပေသည်။

လတ်တလော အရင်ဆုံး မခံရအောင် တစ်ဦးချင်းစီအလိုက်၊ ရပ်ရွာအလိုက် အသိပညာပေး လေ့ကျင့်ထားရန် လိုအပ်သည်။ ဖြစ်ပျက်ခဲ့သည်များကို မှတ်တမ်းမှတ်ရာများ တင်ခြင်း၊ အချက်အလက်များစုဆောင်းခြင်း တို့ကို လုပ်ဆောင် ထားရမည်။

ယင်းသို့ အချက်အလက်များ ရှာဖွေ ထုတ်ပြန်နေခြင်းသည် အမျိုးသမီးများ အတင်းအဓမ္မ ကျင့်ကြံခံရခြင်းများကို လျော့နည်းသွားစေပေသည်။ မှတ်တမ်းမှတ်ရာများကို စုဆောင်းသူများသည် အမျိုးသားများထက် အမျိုးသမီး ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးဆရာဝန်များ၊ အမျိုးသမီး အချက်အလက်မေးမြန်းသူများ ဖြစ်ပါက ခံစားခဲ့ရသူများက ပိုပြီး လိုလိုလားလား ပြောပြချင်ကြသည်။

ပြင်းပြင်းထန်ထန် ခံစားရသူများသည် စကားဖြင့် ထုတ်မပြောနိုင်ခြင်း၊ တမင်တကာ အတင်းမေ့ထားခြင်းများ ဖြစ်ပျက်လေ့ရှိသည်။ ချက်ချင်း ပြန်လည်ကုစားပေးရမှုများ လိုအပ်သကဲ့သို့ ကာလရှည် ပြန်လည်ထူထောင်ရေးများ လုပ်ပေးဖို့ လိုပါသည်။

စစ်ပွဲကြီး ပြီးသွားသည့်အခါ မုဒိမ်းဒဏ်သင့် ပြည်သူများကို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားမှုများ ပြုလုပ်ပေးရန် လိုအပ်လာပါသည်။ အရေးအကြီးဆုံးမှာကား တရားမျှတမှုကို ပြန်လည်ရှာဖွေဖို့ဖြစ်သည်။

ပြုသူအသစ် ဖြစ်သူအဟောင်း ၊ သူ့တရား သူ့ကိုစီရင်ပါလိမ့်မယ်လေ ဆိုသည့် ယူဆချက်များသည် အပြစ်ကျူးလွန်သူကို လွတ်မြောက်နေစေသည့် impunity ပေးထားခြင်းဖြစ်ကာ မုဒိမ်းယဉ်ကျေးမှုကို ဆက်လက် အဓွန့်ရှည်စေသည်။ ယင်းကြောင့် တရားမျှတမှုကို ရှာဖွေရမည်။

တရားမျှတမှုကို ရှာရာတွင် အပြစ်ရှိသူကို အပြစ်ပေးခြင်း retributive justice တရားမျှတမှုကိုလည်း လုပ်ဆောင်ရမည် ဖြစ်သလို ၊ သား ကောင်အဖြစ် ကျူးလွန်ခံရပြီး ပြန်လည်ရှင်သန်ရန် ကြိုးစားနေရသူကို ကုစား ဖေးမ တည်ထောင်ပေးသည့် တရားမျှတမှု restorative justice လည်း လိုအပ်သည်။ ထိုနှစ်ရပ်လုံးအတွက် မှတ်တမ်းများက အရေးကြီးသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s