မဇ္စျိမသတင်းဌာန အယ်ဒီတာ ကိုသန်းထိုက်​အောင် ပြန်လည်လွတ်​မြောက်

သတင်းသမားအလုပ်လုပ်ရင်း ​ဖမ်းဆီးထောင်ချခံထားခဲ့ရသော မဇ္စျိမသတင်းဌာန အယ်ဒီတာ ကိုသန်းထိုက်​အောင်သည် ရမည်းသင်းအကျဥ်း​ထောင်မှ ယ​နေ့ (နိုဝင်ဘာလ ၁၇ရက်​နေ့)တွင် ပြန်လည် လွတ်​မြောက်လာပြီဖြစ်သည်။

ကိုသန်းထိုက်​အောင်ကို အာဏာသိမ်းစစ်ကောင်စီလုံခြုံရေးများက ဖမ်းဆီးသွားပြီးနောက် တစ်နှစ်ပြည့်လုလုချုပ်နှောင်ထားပြီးမှ ယခုနှစ် မတ်လအတွင်းကမှ တရားရင်ဆိုင်းသည်။ နိုင်ငံတော်အစိုးရကိုအကြည်ညိုပျက်အောင် ဆူပူအောင်သွေးထိုးလှုံ့ဆော်မှုလုပ်သည်ဆိုကာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ကဖြင့် ​ဇမ္ဗူသီရိမြို့နယ်တရားရုံးက ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က နေပြည်တော် ဒက္ခိဏသီရိ တရားရုံးရှေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်၏ ရုံးချိန်းတွင် ကိုသန်းထိုက်အောင်သတင်းရယူနေစဉ် အရပ်ဝတ် ဝတ်ဆင်ထားသည့် ထောက်လှမ်းရေးများက ဖမ်းဆီးမှုပြုခဲ့သည်။ ချုပ်ရက်လျော့ရက်များခံစားခွင့်ရရှိသော်လည်း အကျဉ်းထောင်အတွင်း ရက်ပေါင်း ၆၀၀ နီးပါးနေခဲ့ရသည်။

အကြမ်းဖက်စစ်တပ်၏ စစ်ကြောရေးတွင် ကိုသန်းထိုက်အောင် ခြောက်ရက်တာနေခဲ့ရစဉ်တွင် ညှင်းပန်းနှိပ်စက်မှုများခံခဲ့ရသည်။ စစ်ကြောရေးမှသည် ရဲစခန်းကိုလွှဲပြောင်းပေးပြီး နောက်တစ်ရက်တွင် တရားစွဲတင်ခဲ့ကြသည်။

တရားရုံးတွင်မူ စစ်ကြောရေးကိုရောက်သည့်ရက်များကိုဖျောက်ပစ်ပြီး ရဲဖမ်းသည့်နေ့ကို မတ်လ ၂၄ ရက်နေ့ဟု တရားလိုလုပ်သူ ဇမ္ဗူသီရိအမှတ် (၁) ရဲစခန်းမှ ဒုရဲမှူးသိန်းဌေး၏ တင်ပြချက်တွင် ဖော်ပြခဲ့သည်။

ကိုသန်းထိုက်အောင် သတင်းသွားယူခဲ့သော အမှုတွင် အသက် ၈၀ အရွယ် ဦးဝင်းထိန်သည်လည်း အောက်တိုဘာ ၂၉ ရက်နေ့က ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရသည်။

ရမည်းသင်းအကျဉ်းထောင်မှ ကိုသန်းထိုက်အောင်နှင့်အတူ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဦးကျော်တင့်ဆွေ၊ ဦးမောင်မောင်ဆွေနှင့် ဦးကျော်ဌေးဦးတို့လည်း ယနေ့ လွတ်မြောက်လာခဲ့သည်။ ဦးကျော်ဌေးဦးမှာ အမေရိကန်နိုင်ငံသားဖြစ်ပြီး ထောင်ကျခံနေရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်ရေးအရရင်းနှီးသူဖြစ်ကာ ပြည်နှင်ဒဏ်ပေးခံရမည်ဟု သတင်းများထွက်ပေါ်နေသည်။

မဇ္ဈိမသတင်းသမားနှစ်ဦးကတော့ အကျဉ်းထောင်များအတွင်း ဆက်လက်ဖြတ်သန်းနေရစဲဖြစ်သလို သတင်းထောက်တစ်ဦး၏မိသားစုလည်း ဖမ်းဆီးခံထားရသည်။

အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသူ ၅၇၇၄ ဦးအား အမျိုးသား​အောင်ပွဲ​နေ့ကိုဂုဏ်ပြုကာ “လူသားချင်းစာနာထောက်ထားမှုကိုအလေးထားသောအားဖြင့်” ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်​ကြောင်းလည်း စစ်​ကောင်စီက ထုတ်ပြန်သည်။ နိုင်ငံရေးအကျဉ်းသားဟုမသုံးဘဲ ” နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကို ဆက်လက်ကျခံပါမည်” ဟူသော သတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုလိုက်သည်ဟုလည်း ပါရှိသည်။

သို့သော် စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲလမ်းကြောင်းကို အရောင်တင်ရန် နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လွှတ်ပေးခြင်းသာဖြစ်ပြီး “ကျေးဇူးတင်စရာတစ်စက်မှမရှိဘူး” ဟုအမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက တုံ့ပြန်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s