ရှောင်တာနယ်၊ ဗစ်ကီဘိုးမန်းတို့အပါအဝင် နိုင် ငံခြားသား အချို့ ထောင်ကလွှတ်၊ ပြည် နှင်ဒဏ်ပေး

ဩစတြေးလျနိုင်ငံသား စီးပွားရေးအကြံပေး ရှောင်တာနယ်နှင့် ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်း အပါအဝင် နိုင်ငံခြားသား လေးဦးနှင့် အကျဉ်းသား အများအပြားကိုယနေ့(နိုဝင်ဘာ ၁၇) တွင် စစ်ကောင်စီက အကျဥ်းထောင်မှ ပြန်လွှတ်ကာ ပြည်နှင်ဒဏ်ပေးလိုက်သည်။

အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၆၀၀၀ နီးပါး လွှတ်ပေးသည်််ဆိုသော စစ်ကောင်စီ၏ ယနေ့ နံနက် သတင်းထုတ်ပြန်ချက်တွင် ထိုသို့ ပါဝင်ခြင်းဖြစ်သည်။

ရှောင်တာနယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးတာဝန်ယူခဲ့သူဖြစ်ပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီး ငါးရက်အကြာတွင် စစ်တပ်၏ ဖမ်းဆီးမှုကို ခံရသည်။

၎င်း၏ ကွန်ပြူတာအတွင်းမှ စာရွက်စာတမ်းများတွေ့သည်ဆိုကာ ထောင် ၁၄ နှစ်အထိ ချနိုင်သော အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) ဖြင့် အဓိကတရားခံအဖြစ် စွပ်စွဲ၍ ဖမ်းဆီးခံရပြီး ရက်ပိုင်း အကြာတွင် စစ်ကောင်စီက တရားစွဲဆိုသည်။

ထိုအမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး၊ ဒုဝန်ကြီး တာဝန်ယူခဲ့ကြသည့် ဦးစိုးဝင်း၊ ဦးဆက်အောင်၊ ဦးကျော်ဝင်းတို့ကိုပါ စစ်ကောင်စီက တစ်ပေါင်းတည်း စွပ်စွဲကာ အမှုကို နေပြည်တော်တွင် စစ်ဆေး၍ စက်တင်ဘာ ၂၉ရက် တွင် ထောင် ၃နှစ်စီချခဲ့သည်။

ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းကိုမူ ခင်ပွန်းဖြစ်သူ ပန်းချီ ကိုထိန်လင်းနှင့်အတူ လဝကအက် ဥပဒေပါ ပုဒ်မ ၁၃ (၁)၊ ၁၃ (၅)ဖြင့် စက် တင်ဘာ ၂ရက်တွင် ထောင်တစ်နှစ်စီချထားသည်။ ယနေ့ပြန်လွတ်လာသူများထဲတွင် ကိုထိန်လင်း ပါဝင်လာသည်ဟုဆိုသည်။

အလားတူပင် ဆန္ဒပြပွဲတွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၀ နှစ်ချခံထားရသည့် ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ မစ္စတာ တာရိုကူဘိုတာလည်း ပြန်လွတ်လာသည်။

တာရိုကူဘိုတာမှာ ဇူလိုင် ၃၀ရက်က ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်အတွင်းပြုလုပ်သည့် ပြောက်ကျားဆန္ဒပြပွဲတစ်ခုတွင် ဆန္ဒပြလူငယ်၂ဦးနှင့်အတူ ဖမ်းခံရခြင်းဖြစ်သည်။

၎င်းကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃(၁)၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ပုဒ်မ ၃၃(က)၊ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က တို့ဖြင့် တရားစွဲခံခဲ့ရသူဖြစ်သည်။

အခြားတစ်ဦးမှာမူ မြန်မာလူမျိုး အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦးဖြစ်သည်။ ၎င်းမှာ နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ လရောင်တော စိုက်ပျိုးရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းသင်တန်းတွင် ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ စစ်ကောင်စီက ဦးကျော်ဌေးဦးကို ထောင် ၇နှစ်ချထားသည်။

ယနေ့(နိုဝင်ဘာ ၁၇)တွင် ပြန်လည်လွတ်မြောက်လာသူများ၏ ကျန်းမာရေး အခြေအနေနှင့် ပြည်နှင်ဒဏ်ပေးခံရသူများကို နိုင်ငံအသီးသီးသို့ ပြန်ပို့မည့် အခြေအနေအသေးစိတ်များကို အတည်ပြုနေဆဲဖြစ်သည်။

စစ်ကောင်စီသည် ယခင် အာဏာရှင်များနည်းတူ အခါကြီး၊ ရက်ကြီးများ၊ နိုင်ငံတကာဖိအားများ ရှိနေချိန်တွင် နိုင်ငံရေးအရ ဖမ်းဆီးထားသော အကျဉ်းသားများကို အချိန်ကိုက် လွှတ်ပေးလေ့ရှိ သည်။

သို့သော် လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင််သည် ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသား ဦးကျော်မင်းယု(ခ) ကိုဂျင်မီ၊ ဦးဖြိုးဇေယျာသော်နှင့် အခြားအရပ်သားနှစ်ဦးကို ကွပ်မျက်ခဲ့ သဖြင့် ယခင်လူများထက် ပိုမို ရက်စက် ကြမ်းကြုတ်သူအဖြစ် ထင်ရှားသည်။

ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး နှစ်နှစ် နီးပါးရှိလာချိန်တွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံမှုများ ပေါ်ပေါက်နေသည်။ စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်၊ ဗုံးကြဲသည့် နည်းများကိုပင် သုံး၍ ရက်ရက်စက်စက် တုံ့ပြန်နေသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ နိုဝင်ဘာ ၁၆ရက် စာရင်းများအရ စစ်ကောင်စီဖမ်းထားသူ ၁၃၀၀၀ ကျော်ရှိပြီး သတ်ဖြတ်ခံရသူ ၂၅၀၀ နီးပါးရှိ သည်ဟု သိရသည်။myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s