Monthly Archives: Nov 2022

NUGနှင့် ဆက်ဆံရန် ကြိုးပမ်းနေခြင်းသည် အာဆီယံပဋိညာဉ်ကို ဆန့်ကျင်နေကြောင်း စစ်ကောင်စီစွပ်စွဲ

မဲဆောက်(မဇ္ဈိမ)။ ။အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN)နိုင်ငံအချို့သည် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့နှင့်ဆက်သွယ်ခြင်းသည် အာဆီယံပဋိညာဉ်ကိုဆန့်ကျင်နေကြောင်း စစ်ကောင်စီ၏ပြန်ကြားရေး တာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲပြောဆိုလိုက်သည်။

ယနေ့ နိုဝင်ဘာ ၁၈ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် စစ်ကောင်စီ၏(၂၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ခြင်းဖြစ် သည်။

“အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ရဲ့ NUG ၊ CRPH ၊ PDF တို့ဖြင့် ဆက်သွယ်ရန်တောင်းဆိုမှု၊ ဆက်သွယ်မှုများ သည် အာဆီယံပဋိညာဉ်စာတန်း စာပိုဒ် (၂) နဲ့ ဆန့်ကျင်နေသည့်အတွက် မြန်မာနိုင်ငံက ပြတ်သားစွာ ကန့်ကွက်သည်။ ယခုကဲ့သို့ ဆက်သွယ်ခြင်းသည် အကြမ်းဖက်လုပ်ရပ်များကို အားပေးရာ‌ရောက်သည့် အတွက် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကို လိုလားသည့် မည်သူမဆို အကြမ်းဖက်အဖွဲ့စည်းနဲ့ ဆက်သွယ်ခြင်းများမပြုရန် တိုက်တွန်းခြင်းများ ဆောင်ရွက်နေသည်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။

စစ်ကောင်စီ၏ စွပ်စွဲမှုနှင့် ပတ်သက်၍ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ငါ့စကားနွားရ ပြောဆိုနေခြင်းသာဖြစ်ကြောင်း မဇ္ဈိမသတင်းဌာနသို့ ဖြေကြားသည်။

“ သူတို့(စစ်ကောင်စီ)ဟာ မြန်မာပြည်ကိုအုပ်ချုပ်နေတဲ့ အစိုးရဖြစ်တယ်။ ကျန်တဲ့ အင်အားစုတွေကို အကြမ်းဖက်တွေလို့ စွပ်စွဲကြေညာနေတာ။ သူတို့(NUG၊ CRPH၊ PDF) ကိုဆက်သွယ်ရင် ပဋိညာဉ်ချိုး ဖောက်တာပဲလို့ပြောတာဟာ ငါ့စကားနွားရပြောတဲ့စကားပါ။ ဘာမှအကျိုး သက်ရောက်မှု မရှိနိုင်ပါဘူး” ဟု ဦးသန်းစိုးနိုင်က သုံးသပ်ပြောဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကကျင်းပခဲ့သည့် အာဆီယံထိပ်သီးညီလာခံတွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန် က မြန်မာ့အရေးကိုင်တွယ်ဖြေရှင်းရန်အတွက် အာဆီယံက သဘောတူချမှတ်ထားသည့် သဘောတူညီ ချက်ငါးရပ်ကို လိုက်နာရန်နှင့် အချိန်သတ်မှတ်ရန် ပြောဆိုခဲ့မှုများရှိခဲ့သည်။

အာဆီယံနှင့် စစ်ခေါင်းဆောင်တို့အကြား သဘောတူညီချက် ငါးရပ်သည် ၂၀၂၁ခုနှစ် ဧပြီလအတွင်းက ကျင်းပခဲ့သည့် အစည်းအဝေးတွင် သဘောတူချမှတ်ခဲ့သော အချက်များမဟုတ်ဘဲ အစည်းအဝေးပြီး နောက်ဆက်တွဲအနေဖြင့် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်းစစ်ကောင်စီက ဆိုသည်။

အဆိုပါအစည်းအဝေးတွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် အချက်သုံးချက် ကိုသာ ဆွေးနွေးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ ထို့ပြင် အာဆီယံအနေဖြင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး လုပ်ဆောင်ချက်များနှင့် အခြား တင်ပြခြင်းများအပေါ်တွင် လျစ်လျူရှုခြင်းများရှိနေကြောင်း စစ်ကောင်စီ၏ ပြန် ကြား‌ရေး တာဝန်ရှိသူက ဆိုသည်။

အာဆီယံသည် တစ်စုံတစ်ယောက်ကို ဦးတည်ပြီးတွေ့ခွင့် တောင်းဆိုမှုများလည်း ရှိနေကြောင်းလည်း စစ်ကောင်စီက ဆိုသည်။

“တစ်စုံတစ်ယောက်သော လူပုဂ္ဂိုလ်၊ တစ်ဖွဲ့သောပါတီကိုသာ အာဆီယံအထူးကိုယ်စားလှယ်ကို တွေ့ခွင့် ပေးရေး တစိုက်မတ်မတ်တောင်းဆိုနေတဲ့ နိုင်ငံတွေရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောသည်။

အာဆီယံသည် စစ်တပ်က အာဏာသိမ်းပြီးနောက်ပြုလုပ်ခဲ့သည့် အာဆီယံအစည်းအဝေးမှလွဲ၍ မြန်မာ ဘက်မှမည်သည့်ကိုယ်စားလှယ်ကိုမျှ ကျန်အာဆီယံအစည်းဝေးများကို တက်ရောက်စေခြင်း မရှိတော့ဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးကိုသာ လွှတ်ပေးရန် သဘောတူချမှတ်ခဲ့ကြသည်။

လက်ရှိအချိန်ထိ အာဆီယံအနေဖြင့် ပြုလုပ်သည့်အစည်းအဝေးများတွင် မြန်မာကိုယ်စားပြုထိုင်ခုံနေရာ အတွက်အလွတ်ထားရှိသည်။ mizzima

မကွေး လ.ဝ.က ရုံးနှင့် မန္တလေးတို့တွင် ဗုံးပေါက်ကွဲပြီး လူ ၁ ဦးသေဆုံး

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မြတောင်ဘုန်းကြီး ကျောင်းအနီးတွင် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲမှုကြောင့် လူ ၁ ဦး ဗုံးစထိမှန် ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၈ မိနစ်အချိန် မဟာအောင်မြေ မြို့ နယ်၊ ၃၅ လမ်း ၈၅ လမ်းနှင့် ၈၆ လမ်းအကြားရှိ မြတောင်ဘုန်း ကြီး ကျောင်း အနီးတွင် ဆိုင်ကယ်ပေါ်မှ ဗုံးပစ်ပေါက်သွားခြင်းဖြစ်ပြီး ကားတစ်စီး ထိမှန်ကာ လူ ၁ ဦး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဗုံးကွဲတာက လူသေတယ်။ ဆိုင်ကယ်နဲ့ ပစ်သွားတယ်လို့ပြောပါတယ်။ သေ သေ ချာချာတော့ မသိလိုက်ဘူး။ ဗုံးက ရပ်ထားတဲ့ကားနားမှာပေါက်ပြီး အနားမှာရှိတဲ့လူကို ဗုံးထိတာ ” ဟု မန္တလေးဒေသခံလူငယ်တစ်ဦးက ပြော ဆိုသည်။

အလားတူ မကွေးမြို့နယ်၊ အဝေရာလမ်းပေါ်ရှိ မြို့နယ် လဝကရုံးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အဝေရာလမ်းပေါ်ရှိ မြို့နယ် လ.ဝ.က ရုံးကို ဗိဿနိုးနယ်​မြေ ပြည်သူ့ကာကွယ်ရေး တပ်မ တော်က အဝေး ထိန်း ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် မြို့နယ် လဝကရုံးရှိ အတွင်းရှိ အဆောက်အအုံ ပစ္စည်း များ ထိခိုက်ပျက်စီးခဲ့ပြီး ဝန်ထမ်းများ ထိခိုက် ဒဏ်ရရှိမှု မရှိကြောင်း၊ Non CDM ဝန်ထမ်းများ အကြမ်းဖက် စစ်ကောင်စီ အလိုကျ ဆက်လက် လုပ် ဆောင်ပါက အသက်အိုးအိမ် စည်းစိမ်ကို တာဝန်ယူမည် မဟုတ်ကြောင်း ဗိဿ နိုးနယ်​မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ပြောဆို ထုတ်ပြန်ထားသည်။ khit thit

တနင်္သာရီမြို့နယ် ထုံတော်တိုက်ပွဲတွင် PDF ဒု-တပ်စိတ်မှူး ၂ ဦး ကျဆုံး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ထုံတော်တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ် တပ်စိတ်မှူးနှစ်ဦး ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ်-၂ တပ်ရင်းက နိုဝင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၆ ရက် မနက် ၉ နာရီလောက်မှာ မြိတ်ခရိုင်တပ်ရင်း-၂၊ တပ်ခွဲ-၁၊ ဘက်မလိုက် ပြောက်ကျား၊ SWDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်ရင်း ၅၆၁ စခန်းကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မဟာမိတ်တပ်ပေါင်းစု တာဝန်ရှိသူတဦးက “တိုက်ပွဲထဲမှာ လက်နက်ကြီး မတော်တဆဖြစ်ပြီး ဖြစ်သွားတာ။ စ(–)တပ်ထဲကို လက်နက်ကြီးနဲ့ပြန်ထုရင်း ပြောင်းထဲကွဲပြီး ထိသွားတာပါ” လို့  ပြောပါတယ်။

တော်လှန်ရေးအတွက် ပေးဆပ်ခဲ့မှုနဲ့ ပေးအပ်တဲ့ နိုင်ငံ့တာဝန်တွေကို ကျေပွန်စွာ စွမ်းစွမ်းတမံ ထမ်းဆောင်ရင်း မြင့်မြတ်စွာ အသက်ပေးလှူသွားတဲ့ ဒု-တပ်စိတ်မှူး ပျံလွှား (P2-3402010) နဲ့ ဒု-တပ်စိတ်မှူး လူတော် (P2-3402136) တို့ကို တပ်ရင်းက အလွန်အမင်း လေးစားဂုဏ်ယူပါကြောင်းနဲ့ မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုလအတွင်း တနင်္သာရီမြို့နယ်မှာ တိုက်ပွဲ‌‌တွေ ခပ်စိပ်စိပ်ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားရာ အနီးရှိ အနည်းဆုံးကျေးရွာ ၁၀ ရွာက ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေေတိမ်းရှောင်နေကြရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်ကလည်း တနင်္သာရီမြို့နယ် မော်တုန်းနဲ့ ဗောဓိကမ်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တနေ့တည်း တိုက်ပွဲနှစ်နေရာဖြစ်ပွားခဲ့လို့ စစ်ကောင်စီဘက်က ၉ ဦးသေ၊ ၆ ဦးဒဏ်ရာရရှိခဲ့သလို ပြည်သူတဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။ DVB

မံထုံရွာ စာသင်ကျောင်း ဗုံးကြဲချမှုကြောင့် ဒဏ်ရာရသည့် ကလေးငယ်အား အင်းတော် PDF မှ ဆေးကုသပေး

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်နှင့် အင်းတော်မြို့နယ် အစပ်ရှိ မံထုံကျေးရွာစာသင်ကျောင်းအား စစ်ကောင်စီတပ်မှ ဗုံး နှစ်လုံးကြဲချမှုကြောင့် ဒဏ်ရာရသည့် ကလေးငယ်ကို ဆေးဝါးကုသပေးခဲ့ကြောင်း အင်းတော်- PDFမှ ဆေးတပ်သား တစ်ဦးထံမှ သိရသည်။

ဖြစ်စဉ်မှာ စစ်ကောင်စီတပ်မှ နိုင်ဝင်ဘာလ ၁၆ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ မံထုံရွာစာသင်ကျောင်း ပျက်စီးပြီး အသက်(၁၅)နှစ်အရွယ် မိန်းကလေးတစ်ဦးအား လက်မောင်းတွင် မှန်ဆထိမှန်ခဲ့ခြင်းဖြစ်သည်။

“ဗုံးကြဲတော့ တုန်ခါမှုကြောင့် အိမ်မှန်တွေပါကွဲတော့ မှန်စတွေ ကလေးမလေးကိုထိတာ။ အခြေအနေကတော့ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး။ ဆေးဝါးတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ရှာနေရတော့ ခက်ခဲပါတယ်။ ဆေးဝါးကတော့ တော်တော်လိုအပ်တယ်။ ဓာတ်မှန်ရိုက်တဲ့စက်လည်း မရှိတော့ အရိုးထိတဲ့လူနာတွေအတွက်ဆို ကုသဖို့တော်တော်လေးအခက်ခဲဖြစ်တယ်” ဟု အင်းတော်- PDF မှ ဆေးတပ်သားတစ်ဦးက မဇ္ဈိမကို ပြောသည်။

အင်းတော်- PDFမှ ဆေးဆရာဝန်များအနေဖြင့် တိုက်ပွဲကြောင့် ထိခိုက်သည့်ပြည်သူများ၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သည့်ပြည်သူများအား ဆေးဝါးကုသမှုပေးခဲ့ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် သွားရေးလာရေးတွင်လည်း လူနာများအား သယ်ယူပို့ဆောင်ရာတွင် ကားအဆင်မပြေမှုကြောင့် အချိန်နောက်ကျ၍ အသက်ဆုံးရှုံးမှုများရှိသကဲ့သို့ ဆေးဝါးမလုံလောက်မှုကြောင့် ခြေတောက်ဖြတ်လိုက်ရသည့် လူနာတစ်ဦးလည်း ရှိခဲ့သည်ဟု အင်းတော်- PDF မှ ဆေးတပ်သားတစ်ဦးထံမှ သိရသည်။

စစ်ကောင်စီတပ်၏ ဗုံးချတိုက်ခိုက်မှုကြောင့် မံထုံရွာစာသင်ကျောင်းနှင့် မံထုံရဲစခန်းပျက်စီးခဲ့ပြီး အဆိုပါ ရဲစခန်းသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရဲများမရှိတော့ကြောင်းနှင့် ယင်းစခန်းရှိ အဆောက်အအုံများလည်း အများအပြားထိမှန်ပျက်စီးသွားကြောင်း သိရသည်။

လက်ရှိအချိန်တွင် မံထုံရွာဒေသခံပြည်သူအချို့သည် ကြောက်လန့်ကာ နီးစပ်ရာကျေးရွာများ၌ သွားရောက်ခိုလှုံနေကြပြီး အချို့မှာလည်း ကျေးရွာတွင်သာ ဆက်လက်နေထိုင်ကြဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုင်ဝင်ဘာလ ၁၄ရက်နေ့တွင်လည်း ဗန်းမောက်မြို့နယ် ကံကုန်းရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံး ခုနစ်လုံး ကြဲချတိုက်ခိုက်ပြီး လူသူထိခိုက်မှုမရှိကြောင်း သိရသည်။mizzimz

စစ်ကိုင်းမြို့နယ်တွင် အိမ်ခြေ ၁၀၀၀ နီးပါးရှိသော တောင်ရင်းကျေးရွာကို စစ်တပ်က မီးတင်ရှို့သဖြင့် ပြည်သူ သောင်းချီ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုးအနီးရှိ အိမ်ခြေ ၁၀၀၀ နီးပါးရှိသော တောင်ရင်း ကျေးရွာကို စစ်တပ် က မီးတင်ရှို့သဖြင့် ပြည်သူသောင်းချီ ထွက်ပြေးနေရကြောင်း ဒေသခံပြည်သူ များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် အင်အား ၃၀၀ ကျော်ရှိသော စစ်ကြောင်းက စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာကို ဝင်ရောက်မီးရှို့ခြင်းဖြစ်ကြောင်း၊ ကျေးရွာအနီးတွင် တိုက်ပွဲမကြာခဏ ဖြစ် ပွားပြီးနောက် စစ်ကြောင်းက ကျေးရွာကို ဝင်ရောက်မီးရှို့ခြင်းဖြစ်ကြောင်း၊ ပြည်သူများစွာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“တိုက်ပွဲကမကြာခဏဖြစ်တယ်။ တောင်ရိုးရွာက မင်းကွန်းတောင်ရိုးရဲ့အနောက်ဘက်ခြမ်းမှာပါ။ အိမ်ခြ ၁၀၀၀ နီးပါး ရှိပါတယ်။ အခု ပြည်သူ အားလုံးပြေးနေရပါတယ်။ အခုမှ ရွာကို စစ်တပ်က ဝင်လာပြီး မီးရှို့တာ။ ပြည်သူတွေက နိုဝင်ဘာလ ၁၃ရက်နေ့ကတည်းက ပြေးရတာ။ အခုက ရွာကို ပထမဆုံးအကြိမ် စစ်တပ်က မီးဝင်ရှို့တာပါ။ ပြည်သူတွေ အားလုံး စစ်ဘေးရှောင် ထွက်ပြေးရင်း ဒုက္ခရောက်နေကြပါတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။

ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်တောင်ရွာ၊ မြောက်ရွာကို စစ်တပ်က မီးတင်ရှို့ခဲ့ကြောင်း၊ ယနေ့တွင် စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာကို စစ်တပ်က မီးရှို့နေကြောင်း၊ ထို့နောက် မင်းဝံ တောင်ရိုးကျေးရွာများများကို ထပ်မံ၍ စစ်ကြောင်းထိုး မီးရှို့နေခြင်းဖြစ်ပြီး ကျေးရွာ ၂၀ မှ ပြည်သူ သောင်းချီ ထွက်ပြေးနေရသည်ဟု သိရှိရသည်။ khit thit

ဖားကန့်တွင် စစ်တပ်က မှောင်ခိုကျောက်မျက်တူးခွင့်နှင့် လောင်စာဆီသယ်ခွင့်ပြု

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ထားပြီး ပြည်သူတွေကို လောင်စာဆီသယ် ယူခွင့်မပေးဘဲ မှောင်ခိုကျောက်ခိုးတူးနေတဲ့ ကုမ္ပဏီတွေကိုတော့ စစ်တပ်က တရားမဝင် လောင်စာဆီတင်ပို့ခွင့်ပြုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ် ကျောက်စိမ်းတွင်းဒေသကို စစ်ကောင်စီလက်အောက်ခံ နယ်မြေခံတပ်မက လောင်စာဆီတင်ပို့ခွင့်တွေ စက်ဘာလကုန်ပိုင်းကစပြီး ပိတ်ပင်ခဲ့တာ တလနီးပါးရှိပြီ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူတွေသုံးမယ့် လောင်စာဆီကားတွေကိုတော့ ဖားကန့်အထိ မတက်ခိုင်းဘဲ နန့်ယားကနေ ပိတ်ထားပေမဲ့ ကျောက်ခိုးတူးတဲ့ ကုမ္ပဏီကားတွေသယ်တဲ့ ဆီနဲ့ ယမ်းတွေကိုတော့ ခွင့်ပြုပေးထားတာကြောင့် ပြည်သူတွေအနေနဲ့ သွားလာရေးတွေမှာ ဆီပြတ်လပ်နေပြီး အ ခက်အခဲတွေ့နေတယ်လို့ ဆီကားမောင်းနှင်သူတယောက်က ပြောပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဖားကန့်ဒေသမှာ ကျောက်မျက်တူးဖော်တာတွေ ရပ်တန့်ထားဖို့ အကြိမ်ကြိမ်စာထုတ် တားမြစ်ထားပေမဲ့ လက်ရှိ မြေပြင်မှာတော့ နေ့ရောညပါ တရားမဝင် ခိုးတူးဖော်နေကြတာတွေရှိတယ်လို့ အမည်မဖော်လိုတဲ့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ဖားကန့်မြို့မှာ စက်သုံးဆီ အရောင်းဆိုင်ပေါင်း ၂၀ နီးပါးရှိပေမဲ့ ဆီပြတ်လပ်မှုကြောင့် အားလုံးနီးပါး ပိတ်ထားကြပြီး ဆိုင်တချို့ကတော့ 92 ဓာတ်ဆီတမျိုးတည်းကိုပဲ တဂါလန် ၂၂,၀၀၀ နဲ့ ရောင်းချနေရပါတယ်။

ကျောက်စိမ်းလုပ်ကွက်တွေမှာတော့ တရက်ကို လောင်စာဆီဂါလန်ပေါင်း သိန်းချီ အသုံးပြုနေပြီး တရားမဝင် ကျောက်စိမ်းတူးဖော်မှုတွေကို ဆက်လက်လုပ်ကိုင်နေကြပါတယ်။

ဒါ့အပြင် ဖားကန့်မြို့နယ်မှာ စစ်ကောင်စီက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ထားတာကြောင့် အခြေခံစားသောက်ကုန်တွေကအစ ကုန်ဈေးနှုန်းတွေလည်း အဆမတန်တက်နေပါတယ်။ 

ဖားကန့်ဒေသခံတစ်ဦး “တစ်လလောက်ရှိပြီ ဖြတ်တောက်မှုက။ ကုန်ဈေးနှုန်းမြင့်သထက်မြင့်အောင် လုပ်နေသလိုပဲ။ သူတို့ကလမ်းမှာ ကားတွေ၊ ကုန်ကားတွေ ဆီကားတွေကို ပိတ်ဆို့ပြီးတော့မှ တားဆီးပြီးတော့မှလုပ်နေတဲ့အတွက် အကန့်အသတ်နဲ့ ဘယ်နှစီး ဘယ်နှစီး တစ်ရက်ကို နည်းနည်း နည်းနည်း လွှတ်ပေးနေတဲ့အခါကြတော့ ကျနော်တို့ဆီ ကုန်တွေကမဝင်တော့ စားနပ်ရိက္ခာပြတ်တောက်မှုတွေကဖြစ်နေတာပေါ့။ စစ်အာဏာရှင်က ညစ်ပတ်တဲ့ စစ်တပ်ဆိုတဲ့အတိုင်းပဲ သူတို့ကညစ်ပတ်လွန်းလို့ ဒီလိုလုပ်နေတာပေါ့။ ဒါတွေက သွေးအေးအေးနဲ့ နှိပ်စက်တဲ့သဘောပါပဲ။ အခက်အခဲတွေတော်တော်ကြီးတွေ့နေတယ်။ ဘယ်လိုပြောရမလဲဆိုတော့ ဒီကလည်း ကုမ္ပဏီတွေက အကန့်အသတ်နဲ့ဆိုတော့ မလုပ်ရဲကြဘူးလေ။ အောက်ခြေလူတန်းစားတွေက ကုမ္ပဏီတွေကို အားပြုပြီးတော့မှ အလုပ်လုပ်နေကြတာလေ။ ကုမ္ပဏီတွေမလုပ်တဲ့အခါကြတော့ သူတို့အတွက်က ဝမ်းရေး တော်တော်အခက်အခဲဖြစ်ကြတာပေါ့။”

စစ်ကောင်စီက အမျိုးမျိုးကန့်သတ်နေတာကြောင့် ဖားကန့်မြို့နယ်မှာ အခြေစိုက်တဲ့ တရားဝင် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွေကတော့ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ စက်သုံးဆီသယ်ယူပို့ ဆောင်တာတွေကို ရပ်နားထားကြပါတယ်။ 

ဒီအခြေအနေမှာ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွေရဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို အားကိုးနေရ တဲ့ဒေသခံတွေဟာ အခက်အခဲတွေနဲ့ကြုံ တွေ့နေရပါတယ်။ ဒါပြင် ဖားကန့်မြို့နယ်မှာ အများပြည်သူ အသုံးပြုတဲ့ အင်တာနက်တွေကို စစ်ကောင်စီက ဖြတ်တောက်ထားတာလည်း နှစ်နဲ့ချီ ရှိနေပြီဖြစ်ပါတယ်။ DVB 

နိုင်ကျဉ်းများ လွှတ်ပေးမှု နွေဦးတော်လှန် ရေး၏ အောင်မြင်မှုတစ်ခုဟု NUG ယာယီသမ္မတ ဂုဏ်ယူပြောကြား၊ စစ်အုပ်စုက “မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်ဗျူဟာ” ကျင့်သုံးဟု သတိပေး

နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာခြင်းသည် နွေဦးတော်လှန်ရေး၏ အောင်မြင်မှုတစ်ခုဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တော်လှန်ရေးအတွက်ဂုဏ်ယူလိုက်သော်လည်း စစ်အုပ်စု၏ “မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်ဗျူဟာ” နှင့်ပတ်သက်၍ သတိပေးပြောကြားလိုက်သည်။

မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားကိုလွှတ်ပေးမှုသည် နှစ်နှစ်နီးပါးကြာမြင့်ပြီဖြစ်သည့် နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူအားလုံးရဲ့ မရပ်မနား မမှိတ်မသုန် တိုက်ပွဲဝင်နေခဲ့တဲ့ အင်အားရဲ့ အသီးအပွင့်ရလဒ်တွေဖြစ်ပါတယ်” ဟု အွန်လိုင်းမှ တစ်ဆင့်ပြုလုပ်သော အရေးပေါ်မိန့်ခွန်းတွင် သမ္မတ ဒူဝါလရှီးလက ပြောသည်။

စစ်ကောင်စီက ယမန်နေ့က ကျရောက်သော အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် လူသားချင်းစာနာထောက်ထားမှုပြုသည်ဆိုကာ အကျဉ်းသား ၅၇၇၄ ဦးအား ” ပြစ်ဒဏ်လွတ်ငြိမ်းကို စည်းကမ်းသတ်မှတ်ချက်နှင့်” လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား ဦးရေ ၇၀၀ ကျော်ပါကြောင်း စစ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာအချို့ကိုပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှစ၍ လူပေါင်း ၁၂,၉၇၆ ဦးကို ဖမ်းဆီးထားခဲ့ပြီး ၁,၆၂၀ ဦးမှာ ပြစ်ဒဏ်ချမှတ်ခံနေရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)၏ ယမန်နေ့ကထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၈ ဦးတွင် အကျဉ်းထောင်များအတွင်း ထိန်းသိမ်းခံနေရသူ ၈၆ ဦးရှိသည်။

ကချင်မျိုးနွယ်စုဝင်ဖြစ်သူ ယာယီသမ္မတက ” နိုင်ငံရေးအကျဉ်းသားတွေကို တစ်ဖက်ကပြန်လွှတ်ပေးပေမယ့် တစ်ဖက်မှာလည်း နိုင်ငံတလွှားမှာ အပြစ်မဲ့ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ၊ သာလွန်အင်အားတွေ စစ်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို လူမဆန်ဘဲ နေ့စဉ် ရက်ရက်စက်စက်ပြုကျင့်နေပါတယ်။ ဒါကိုနိုင်ငံသူနိုင်ငံသားများ သာမက နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း သိမြင်နားလည်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်မျှော်လင့်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုက မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ဗျူဟာကို သုံးပြီး သက်ညှာသနားမှုရှိသလိုလိုနဲ့ ရက်စက်ယုတ်မာမှုအပြည့်ရှိတယ်ဆိုတာကို သတိချပ်ကြဖို့ အလေးအနက် အသိ ပေးလိုပါတယ်”

” အတိတ်သမိုင်းမှာလည်း အာဏာရှင်တွေဟာ လူထုကို ချော့မြှူလိုက် ရိုက်ပုတ် စော်ကားလိုက် လုပ်ခဲ့တယ်။ အခုလည်း ချော့မြူသလိုလိုနဲ့ လူထုအသက်ကို သူ့အာဏာအတွက် စတေးနေဆဲ ဖြစ်ပါတယ်။ တုတ်နဲ့ရိုက်လိုက် မုန့်ပေးပြီး ချော့မြှူလိုက် လုပ်နေတာကို ကျနော်တို့ မိဘပြည်သူတွေက ဆင်ခြင် စဉ်းစားကြဖို့ ဖြစ်ပါတယ်။” ဟု ငါးမိနစ်ကြာ မိန့်ခွန်းတွင်ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသည့် ပန်းတိုင်သို့ မရောက်မချင်း ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ယာယီသမ္မတက ထပ်လောင်း ကတိပေးသည်။

“ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီ၏ ဆိုရှယ်မီဒီယာပေါ်က Like တစ်ချက်၊ Share တစ်ခုက အစ ပြည်သူ့ဆန္ဒဟာ နိုင်ငံတကာကို ရိုက်ခတ်တဲ့အထိ အင်အားကြီးမားပါတယ်။ ဒါကြောင့် ကျရာနေရာက ရသလောက် အဓမ္မကို ဆန့်ကျင်ကြောင်း ပြကြပါ။ သုညက စခဲ့တဲ့ ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေး အနိုင်ဘက်ကို အတော်ခရီးရောက်လာခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ရှေ့ဆက်ခရီးမှာ သတိဝီရိယ ကြီးကြီးနဲ့ အားလုံးတညီ တညွတ်တည်း အတူတကွ ဆက်လက် တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ပါရှိသည်။ mizzima

ချောင်းဦး၊ ဒီးမော့ဆို၊ လားရှိုးတို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီတပ် ဘက် မှ ၂၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကရင်နီပြည်နယ်၊ ဒီးမော့ဆို မြို့နယ်၊ ရှမ်း ပြည် နယ်၊ လားရှိုးမြို့နယ်တို့တွင် စစ်တပ်နှင့် ပြည်သူ့ ကာကွယ် ရေးတပ် များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဘက်မှ ၂၄ ဦးသေဆုံးကြောင်း သက်ဆိုင်ရာ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ချောင်းဦးတွင် မိုင်းဆွဲမှုကြောင့် ပျူစောထီး ၅ ဦး သေဆုံး

===============================

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန် တောပုရွာမှ မြောက်ဘက်သို့ ဆိုင်ကယ်များဖြင့် ထွက်လာသော စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၂၅ ဦးကို CHUPDF တပ်ခွဲ ၅ (IGF – Monywa) မှရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ရာ တောပုရွာမှ ပျူစောထီး ၅ ဦးသေဆုံးကြောင်း CHUPDF က သတင်းထုတ်ပြန်သည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ပျူစောထီးများ ဒဏ်ရာရရှိစဉ် ရမ်းသမ်းပစ် ခတ်မှု များကို ပျူစောထီးများ လုပ်ဆောင်ခဲ့ကြကြောင်း၊ CHUPDF တပ်ခွဲ ၅က ထပ်မံ၍ ပဒေသာ မိုင်းတွဲ ၂ လုံး ဖောက်ခွဲလိုက်ရာ ပျူစောထီးများ၏ ပစ်ခတ်မှုများ ငြိမ်သက်သွားကြောင်း၊ မုံရွာဘက်မှ လူနာတင်ယာဉ်များက အလောင်းကောက်ခြင်း လူနာကောက်ခြင်း၊ ဆောင်ရွက်ခဲ့ကြကြောင်း CHUPDF တပ်ခွဲ ၅က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Immortal Guerrilla Force-Monywa (IGF-Monywa)၊ CHUPDF တပ်ခွဲ ၅ (IGF-Monywa) နှင့် Chaung U Revolution အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်၍ ပျူစောထီးများကို တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဒီးမော့ဆိုတွင် စစ်တပ်ရိက္ခာတင်ကား မိုင်းဆွဲခံရပြီး စစ်သား ၃ ဦးသေဆုံး

=======================================

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်ရိက္ခာတင်ကား မိုင်းဆွဲခံရပြီး စစ်သား ၃ ဦးသေဆုံးကြောင်း ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU)က ပြောသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ ကယား (ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU) လှုပ်ရှား စစ်မျက်နှာ ဖြစ်သော ကုန်းသာကျေးရွာ အတွင်း ဖြတ်သန်းသွားလာခဲ့သော စစ်ကောင်စီ လက်နက် ၊ ရိက္ခာ ပို့ကားကို KRU တပ်ဖွဲ့ က မိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး ကားတစ်စီးပျက်စီး သွားခဲ့ကာ စစ်ကောင်စီ တပ်သား ၃ယောက်ထိ သေဆုံးခဲ့ကြောင်း သိရှိရသည်။

စစ်ကားကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီ မှ အင်အား အလုံးအရင်းဖြင့်အလျင်အမြန် ရောက်ရှိလာခဲ့သောကြောင့် KRU တပ်ဖွဲ့ အနေဖြင့် ပြန်လည်ဆုတ်ခွာ ပေးခဲ့ပြီး အထိအခိုက်တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရှိရသည်။

လားရှိုးတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၁၆ ဦးသေဆုံး

================================

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်အတွင်း နိုဝင်ဘာလ ၁၄ ရက်နေ့မှ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ ကိုးကန့် MNDAA တပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁၆ ဦးသေဆုံးကြောင်း MNDAA ဘက်က ပြောဆိုသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၆ နာရီအချိန် လားရှိုးမြို့နမ့်ပုံကျေးရွာတွင်အခြေချထားသည့် ကိုးကန့်(MNDAA)တပ် ဖွဲ့စခန်းကို စစ်ကောင်စီတပ်ဘက်ကအင်အား(၇၀)နည်းပါးဖြင့် ကိုးကန့်(MNDAA)ရှိရာကို ရှေ့တိုးလာ ချီတက်လာကြောင်း၊ ထို့ကြောင့် ယင်းနေ့ ၇ နာရီ ၄၆ မိနစ်အချိန်တွင် ကိုးကန့်တပ်ဖွဲ့က စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၃ ဦးနေရာတွင် ပွဲချင်းပြီးသေဆုံးပြီး ၁၅ ယောက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ မိနစ်အနည်းငယ်ကြာပြီးနောက် စစ်ကောင်စီမှ ကိုးကန့်(MNDAA)တပ်ကို စတင် ပစ်ခတ်လာ ကြောင်းသိရှိရသည်။

ယခုလဆန်းပိုင်းတွင်လည်းစစ်ကောင်စီနှင့် ကိုးကန့်(MNDAA)တပ်သည် လားရှိုးမြို့ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲတွင် ကိုးကန့် (MNDAA) ဘက်မှ ၁ ဦးဒဏ်ရာရရှိပြီး စစ်ကောင် စီဘက်မှ ၂ ဦးသေဆုံး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့တွင် လားရှိုးမြို့ နမ့်ပုံကျေးရွာတွင် မြန်မာအမျိုးသား ဒီမိုက ရက်တစ် မဟာမိတ် တပ်မတော်ကိုးကန့်(MNDAA)နှင့် တိုက် ပွဲ ဖြစ်ပွား ခဲ့ပြီးနောက် နိုဝင်ဘာလ ၁၆ ရက်နေ့ တွင်လည်း ဆက်လက် ဖြစ်ပွား ခဲ့ ကြောင်း၊ စစ်တပ် ဘက်မှ အင်အား(၁၅၀)ဖြင့် နမ့်ပုံဒေသ တစ်လျှောက် စုဝေးနေသဖြင့် နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၃ နာရီ ၁၅ မိနစ် အချိန် စစ်ကောင်စီ၏စုဝေးနေရာ ကိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ကိုးကန့်တပ်ဖွဲ့က စစ်တပ်ဘက်မှ ကင်းသမားကိုပစ်သတ်ပြီးမှ အင်အားအရှိန်ဖြင့် စစ်ကောင်စီတပ်စခန်းကိုပစ်ခတ်ကြောင်း၊ စစ်တပ်ဘက်မှ စစ်သား ၁ ဦး သေဆုံးပြီး တပ်စခန်းအဆောင်တစ်ဆောင်ကိုလည်း ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။khit thit

အင်းစိန်ထောင်မှ ပြန်လွတ်လာသည့် ဂျပန်ဒါ ရိုက်တာ တိုရူကူဘိုတာ ပြန်ရောက်တော့မည်ဟု ဂျပန်အစိုးရပြော

ဂျပန်လူမျိုး မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ တိုရူကူဘိုတာဟာ မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ ထောင်ချခံရပြီးနောက် ဂျပန်နိုင်ငံကို ပြန်ရောက်ရှိလာတော့မယ်လို့ ဂျပန်ထိပ်တန်း အစိုးရပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာ ၁၇ ရက်မှာ အတည်ပြုပြောကြားလိုက်ပါတယ်။ 

“မြန်မာတာဝန်ရှိသူတွေရဲ့အဆိုအရ မစ္စတာ ကူဘိုတာဟာ ၁၇ ရက်နေ့ ညနေပိုင်းမှာ လေကြောင်းခရီးနဲ့ မြန်မာနိုင်ငံကနေ ထွက်ခွာမှာဖြစ်ပြီး မနက်ဖြန် ၁၈ ရက်နေ့မှာ ဂျပန်နိုင်ငံကို အစောဆုံး ပြန်ရောက်လာမှာပါ”လို့ အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ဟိရိုကာဇု မာဆူနို က တိုကျိုမှာ ပြု လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

အသေးစိတ် အချက်အလက်တွေကို သံရုံးကတဆင့် စုံစမ်းနေကြောင်းလည်း ပြောပါတယ်။  အသက် ၂၆ နှစ်အရွယ် ကူဘိုတာ ကို ဇူလိုင်လက ရန်ကုန်မြို့ရဲ့ ဆန္ဒပြပွဲတစ်ခုမှာ ဖမ်းဆီးခံခဲ့ရပြီး ပြီးခဲ့တဲ့လက စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရတာပါ။ 

မစ္စတာ ကူဘိုတာကို ပြန်လွှတ်ပေးဖို့  မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မာရူယာမက မြန်မာနိုင်ငံကို ထပ်ခါတလဲလဲ တိုက်တွန်းခဲ့ရကြောင်းနဲ့ သူ ဒီနေ့ ပြန်လွတ်လာတာဟာ ဂျပန်အစိုးရရဲ့ ပြင်းပြင်းထန်ထန် တောင်းဆိုမှုရဲ့ ရလဒ်ကြောင့်ဖြစ်ကြောင်း မြန်မာအာဏာပိုင် တွေက ရှင်းပြခဲ့တယ် လို့လည်း ဆိုပါတယ်။ 

ဂျပန်အစိုးရအနေနဲ့ ဂျပန်နိုင်ငံသားတွေရဲ့ ဘေးကင်းရေးအတွက် အစီအမံအားလုံးကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ အ ကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီကိုအခြေခံပြီး ပြဿနာတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ အာဆီယံရဲ့ အချက် ၅ ချက် သဘောတူညီချက်ကို အမြန်ဆုံး လိုက်နာဖို့လည်း  ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ဟိရိုကာဇု မာဆူနို က ပြောကြားခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလက စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အရပ်သားခေါင်း ဆောင်တွေကို ဖမ်းဆီးပြီး နိုင်ငံရေး မတည်ငြိမ်မှုတွေ ကြုံနေရပါတယ်။  DVB

« Older Entries