နိုင်ကျဉ်းများ လွှတ်ပေးမှု နွေဦးတော်လှန် ရေး၏ အောင်မြင်မှုတစ်ခုဟု NUG ယာယီသမ္မတ ဂုဏ်ယူပြောကြား၊ စစ်အုပ်စုက “မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်ဗျူဟာ” ကျင့်သုံးဟု သတိပေး

နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာခြင်းသည် နွေဦးတော်လှန်ရေး၏ အောင်မြင်မှုတစ်ခုဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တော်လှန်ရေးအတွက်ဂုဏ်ယူလိုက်သော်လည်း စစ်အုပ်စု၏ “မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်ဗျူဟာ” နှင့်ပတ်သက်၍ သတိပေးပြောကြားလိုက်သည်။

မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားကိုလွှတ်ပေးမှုသည် နှစ်နှစ်နီးပါးကြာမြင့်ပြီဖြစ်သည့် နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူအားလုံးရဲ့ မရပ်မနား မမှိတ်မသုန် တိုက်ပွဲဝင်နေခဲ့တဲ့ အင်အားရဲ့ အသီးအပွင့်ရလဒ်တွေဖြစ်ပါတယ်” ဟု အွန်လိုင်းမှ တစ်ဆင့်ပြုလုပ်သော အရေးပေါ်မိန့်ခွန်းတွင် သမ္မတ ဒူဝါလရှီးလက ပြောသည်။

စစ်ကောင်စီက ယမန်နေ့က ကျရောက်သော အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် လူသားချင်းစာနာထောက်ထားမှုပြုသည်ဆိုကာ အကျဉ်းသား ၅၇၇၄ ဦးအား ” ပြစ်ဒဏ်လွတ်ငြိမ်းကို စည်းကမ်းသတ်မှတ်ချက်နှင့်” လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား ဦးရေ ၇၀၀ ကျော်ပါကြောင်း စစ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာအချို့ကိုပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှစ၍ လူပေါင်း ၁၂,၉၇၆ ဦးကို ဖမ်းဆီးထားခဲ့ပြီး ၁,၆၂၀ ဦးမှာ ပြစ်ဒဏ်ချမှတ်ခံနေရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)၏ ယမန်နေ့ကထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၈ ဦးတွင် အကျဉ်းထောင်များအတွင်း ထိန်းသိမ်းခံနေရသူ ၈၆ ဦးရှိသည်။

ကချင်မျိုးနွယ်စုဝင်ဖြစ်သူ ယာယီသမ္မတက ” နိုင်ငံရေးအကျဉ်းသားတွေကို တစ်ဖက်ကပြန်လွှတ်ပေးပေမယ့် တစ်ဖက်မှာလည်း နိုင်ငံတလွှားမှာ အပြစ်မဲ့ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ၊ သာလွန်အင်အားတွေ စစ်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို လူမဆန်ဘဲ နေ့စဉ် ရက်ရက်စက်စက်ပြုကျင့်နေပါတယ်။ ဒါကိုနိုင်ငံသူနိုင်ငံသားများ သာမက နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း သိမြင်နားလည်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်မျှော်လင့်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုက မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ဗျူဟာကို သုံးပြီး သက်ညှာသနားမှုရှိသလိုလိုနဲ့ ရက်စက်ယုတ်မာမှုအပြည့်ရှိတယ်ဆိုတာကို သတိချပ်ကြဖို့ အလေးအနက် အသိ ပေးလိုပါတယ်”

” အတိတ်သမိုင်းမှာလည်း အာဏာရှင်တွေဟာ လူထုကို ချော့မြှူလိုက် ရိုက်ပုတ် စော်ကားလိုက် လုပ်ခဲ့တယ်။ အခုလည်း ချော့မြူသလိုလိုနဲ့ လူထုအသက်ကို သူ့အာဏာအတွက် စတေးနေဆဲ ဖြစ်ပါတယ်။ တုတ်နဲ့ရိုက်လိုက် မုန့်ပေးပြီး ချော့မြှူလိုက် လုပ်နေတာကို ကျနော်တို့ မိဘပြည်သူတွေက ဆင်ခြင် စဉ်းစားကြဖို့ ဖြစ်ပါတယ်။” ဟု ငါးမိနစ်ကြာ မိန့်ခွန်းတွင်ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသည့် ပန်းတိုင်သို့ မရောက်မချင်း ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ယာယီသမ္မတက ထပ်လောင်း ကတိပေးသည်။

“ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီ၏ ဆိုရှယ်မီဒီယာပေါ်က Like တစ်ချက်၊ Share တစ်ခုက အစ ပြည်သူ့ဆန္ဒဟာ နိုင်ငံတကာကို ရိုက်ခတ်တဲ့အထိ အင်အားကြီးမားပါတယ်။ ဒါကြောင့် ကျရာနေရာက ရသလောက် အဓမ္မကို ဆန့်ကျင်ကြောင်း ပြကြပါ။ သုညက စခဲ့တဲ့ ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေး အနိုင်ဘက်ကို အတော်ခရီးရောက်လာခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ရှေ့ဆက်ခရီးမှာ သတိဝီရိယ ကြီးကြီးနဲ့ အားလုံးတညီ တညွတ်တည်း အတူတကွ ဆက်လက် တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ပါရှိသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s