မုံရွာတွင် စစ်ကောင်စီတပ်ဖွဲ့အား ပဒေသာမိုင်းဖြင့် ၂ ကြိမ်ဖောက်ခွဲ တိုက်ခိုက်

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့အား ပဒေသာမိုင်းဖြင့် နှစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Monywa Peregrine People’s Defence Force (အမဲလိုက်သိန်းငှက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မုံရွာ) တပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။

ယမန်နေ့ နိုဝင်ဘာ ၁၇ရက်နေ့ မွန်းလွဲ ၁နာရီက မုံရွာ – ချောင်းဦး လမ်းပိုင်း တစ်နေရာတွင် ခြေလျင်တက်လာသည့် စစ်ကောင်စီတပ် စစ်သားနှင့် ရဲပူးပေါင်း အင်အား ၃၀‌ ကျော်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့လည်း ရန်ပုံငွေမရှိတဲ့ကြားကနေ ရှိတာထုတ်ရောင်းပြီး ခွေး(စစ်ကောင်စီ တပ်) တွေကိုတိုက်ခိုက်ခဲ့တာပါ။ အထိအခိုက်ကိုတော့ ရဲဘော်တွေ လုံခြုံရေးကြောင့် မသိရသေးဘူးဗျ” ဟု Monywa Peregrine People’s Defence Force တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် အဆိုပါလမ်းပေါ်တွင် ပုံမှန်ဖြတ်သန်းသွား လာတတ်သောကြောင့် ရန်ပုံငွေမရှိသည့်ကြားမှ မိုင်းဆင်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့များမှ လက်နက်ငယ်များဖြင့် ရမ်းသန်း ပစ်ခတ်မှုများရှိခဲ့သော်လည်း ပြည်သူများနှင့်အတူ ၎င်းတို့၏ မဟာမိတ် ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ကြောင်းသိရသည်။

ထို့ပြင် မွန်းလွဲ ၁နာရီ ၃၀မိနစ်တွင် မုံရွာမြို့နယ် တောပုကျေးရွာ (ပျူစခန်း)မှ ပျူစောထီး များနှင့် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၂၀ကျော် ကင်းပတ်ထွက်လာသည့် ကားကို ပဒေသာမိုင်းဖြင့် ဆက်လက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။

အဆိုပါ တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ အထိအခိုက်များနိုင်ပြီး အသေးစိတ်အခြေအနေကိုမူ သိရှိရခြင်းမရှိကြောင်းဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ကို တောက်လျှောက်တိုက်ခိုက်နေသည့် Monywa Peregrine People’s Defence Force တပ်ဖွဲ့အနေဖြင့် ရန်ပုံငွေအခက် အခဲများရှိနေပြီး ထောက်ပံ့ငွေ နှင့် ပြန်လည်သုံးစွဲရသည့်ငွေ မလုံလောက်ဖြစ်နေကြောင်း သိရသည်။

လက်နက်ခဲယမ်းချို့တဲ့မှုအပြင် ရဲဘော်များ စားနပ်ရိက္ခာအတွက်သုံးစွဲရန် ရန်ပုံငွေများ နည်းပါလာနေသဖြင့် မိဘပြည်သူများထံမှ ကူညီမှုမရှိရင် တပ်ဖွဲ့အနေဖြင့် ရပ်နားရတော့မည် အခြေအနေတွင်ရှိနေကြောင်း တာဝန်ရှိသူထံက သိရသည်။

ယခုမိုင်းဆွဲတိုက်ခိုက်မှုများကို Monywa Peregrine People’s Defence Force နှင့်အတူ GenerationZ People’s Defence Force Monywa ၊ ဒေါင်းညီနောင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ၊ ဇာမဏီ People Defence Force (ZPDF) ၊ မုံရွာခရိုင်တပ်ရင်း -၁ MPDF လင်းယုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃ရက်နေ့ကလည်း မုံရွာမြို့နယ် နဂါးတွင်းကျေးရွာကို မီးရှို့၍ ပစ္စည်းများ လုယက်ခိုးယူလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို Monywa Peregrine People’s Defence Force (အမဲလိုက်သိန်းငှက်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-မုံရွာ) မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့်ပျူစောထီး လေးဦးသေဆုံးခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s