မံထုံရွာ စာသင်ကျောင်း ဗုံးကြဲချမှုကြောင့် ဒဏ်ရာရသည့် ကလေးငယ်အား အင်းတော် PDF မှ ဆေးကုသပေး

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်နှင့် အင်းတော်မြို့နယ် အစပ်ရှိ မံထုံကျေးရွာစာသင်ကျောင်းအား စစ်ကောင်စီတပ်မှ ဗုံး နှစ်လုံးကြဲချမှုကြောင့် ဒဏ်ရာရသည့် ကလေးငယ်ကို ဆေးဝါးကုသပေးခဲ့ကြောင်း အင်းတော်- PDFမှ ဆေးတပ်သား တစ်ဦးထံမှ သိရသည်။

ဖြစ်စဉ်မှာ စစ်ကောင်စီတပ်မှ နိုင်ဝင်ဘာလ ၁၆ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ မံထုံရွာစာသင်ကျောင်း ပျက်စီးပြီး အသက်(၁၅)နှစ်အရွယ် မိန်းကလေးတစ်ဦးအား လက်မောင်းတွင် မှန်ဆထိမှန်ခဲ့ခြင်းဖြစ်သည်။

“ဗုံးကြဲတော့ တုန်ခါမှုကြောင့် အိမ်မှန်တွေပါကွဲတော့ မှန်စတွေ ကလေးမလေးကိုထိတာ။ အခြေအနေကတော့ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး။ ဆေးဝါးတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ရှာနေရတော့ ခက်ခဲပါတယ်။ ဆေးဝါးကတော့ တော်တော်လိုအပ်တယ်။ ဓာတ်မှန်ရိုက်တဲ့စက်လည်း မရှိတော့ အရိုးထိတဲ့လူနာတွေအတွက်ဆို ကုသဖို့တော်တော်လေးအခက်ခဲဖြစ်တယ်” ဟု အင်းတော်- PDF မှ ဆေးတပ်သားတစ်ဦးက မဇ္ဈိမကို ပြောသည်။

အင်းတော်- PDFမှ ဆေးဆရာဝန်များအနေဖြင့် တိုက်ပွဲကြောင့် ထိခိုက်သည့်ပြည်သူများ၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သည့်ပြည်သူများအား ဆေးဝါးကုသမှုပေးခဲ့ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် သွားရေးလာရေးတွင်လည်း လူနာများအား သယ်ယူပို့ဆောင်ရာတွင် ကားအဆင်မပြေမှုကြောင့် အချိန်နောက်ကျ၍ အသက်ဆုံးရှုံးမှုများရှိသကဲ့သို့ ဆေးဝါးမလုံလောက်မှုကြောင့် ခြေတောက်ဖြတ်လိုက်ရသည့် လူနာတစ်ဦးလည်း ရှိခဲ့သည်ဟု အင်းတော်- PDF မှ ဆေးတပ်သားတစ်ဦးထံမှ သိရသည်။

စစ်ကောင်စီတပ်၏ ဗုံးချတိုက်ခိုက်မှုကြောင့် မံထုံရွာစာသင်ကျောင်းနှင့် မံထုံရဲစခန်းပျက်စီးခဲ့ပြီး အဆိုပါ ရဲစခန်းသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရဲများမရှိတော့ကြောင်းနှင့် ယင်းစခန်းရှိ အဆောက်အအုံများလည်း အများအပြားထိမှန်ပျက်စီးသွားကြောင်း သိရသည်။

လက်ရှိအချိန်တွင် မံထုံရွာဒေသခံပြည်သူအချို့သည် ကြောက်လန့်ကာ နီးစပ်ရာကျေးရွာများ၌ သွားရောက်ခိုလှုံနေကြပြီး အချို့မှာလည်း ကျေးရွာတွင်သာ ဆက်လက်နေထိုင်ကြဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုင်ဝင်ဘာလ ၁၄ရက်နေ့တွင်လည်း ဗန်းမောက်မြို့နယ် ကံကုန်းရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံး ခုနစ်လုံး ကြဲချတိုက်ခိုက်ပြီး လူသူထိခိုက်မှုမရှိကြောင်း သိရသည်။mizzimz

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s