မုံရွာတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ကျောင်းသားများနှင့် ပြည်သူများ ချီတက် ဆန္ဒပြ




khit thit
khit thit
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့အား ပဒေသာမိုင်းဖြင့် နှစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Monywa Peregrine People’s Defence Force (အမဲလိုက်သိန်းငှက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မုံရွာ) တပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။
ယမန်နေ့ နိုဝင်ဘာ ၁၇ရက်နေ့ မွန်းလွဲ ၁နာရီက မုံရွာ – ချောင်းဦး လမ်းပိုင်း တစ်နေရာတွင် ခြေလျင်တက်လာသည့် စစ်ကောင်စီတပ် စစ်သားနှင့် ရဲပူးပေါင်း အင်အား ၃၀ ကျော်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့လည်း ရန်ပုံငွေမရှိတဲ့ကြားကနေ ရှိတာထုတ်ရောင်းပြီး ခွေး(စစ်ကောင်စီ တပ်) တွေကိုတိုက်ခိုက်ခဲ့တာပါ။ အထိအခိုက်ကိုတော့ ရဲဘော်တွေ လုံခြုံရေးကြောင့် မသိရသေးဘူးဗျ” ဟု Monywa Peregrine People’s Defence Force တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။
စစ်ကောင်စီတပ်ဖွဲ့များသည် အဆိုပါလမ်းပေါ်တွင် ပုံမှန်ဖြတ်သန်းသွား လာတတ်သောကြောင့် ရန်ပုံငွေမရှိသည့်ကြားမှ မိုင်းဆင်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့များမှ လက်နက်ငယ်များဖြင့် ရမ်းသန်း ပစ်ခတ်မှုများရှိခဲ့သော်လည်း ပြည်သူများနှင့်အတူ ၎င်းတို့၏ မဟာမိတ် ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ကြောင်းသိရသည်။
ထို့ပြင် မွန်းလွဲ ၁နာရီ ၃၀မိနစ်တွင် မုံရွာမြို့နယ် တောပုကျေးရွာ (ပျူစခန်း)မှ ပျူစောထီး များနှင့် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၂၀ကျော် ကင်းပတ်ထွက်လာသည့် ကားကို ပဒေသာမိုင်းဖြင့် ဆက်လက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။
အဆိုပါ တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ အထိအခိုက်များနိုင်ပြီး အသေးစိတ်အခြေအနေကိုမူ သိရှိရခြင်းမရှိကြောင်းဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ကို တောက်လျှောက်တိုက်ခိုက်နေသည့် Monywa Peregrine People’s Defence Force တပ်ဖွဲ့အနေဖြင့် ရန်ပုံငွေအခက် အခဲများရှိနေပြီး ထောက်ပံ့ငွေ နှင့် ပြန်လည်သုံးစွဲရသည့်ငွေ မလုံလောက်ဖြစ်နေကြောင်း သိရသည်။
လက်နက်ခဲယမ်းချို့တဲ့မှုအပြင် ရဲဘော်များ စားနပ်ရိက္ခာအတွက်သုံးစွဲရန် ရန်ပုံငွေများ နည်းပါလာနေသဖြင့် မိဘပြည်သူများထံမှ ကူညီမှုမရှိရင် တပ်ဖွဲ့အနေဖြင့် ရပ်နားရတော့မည် အခြေအနေတွင်ရှိနေကြောင်း တာဝန်ရှိသူထံက သိရသည်။
ယခုမိုင်းဆွဲတိုက်ခိုက်မှုများကို Monywa Peregrine People’s Defence Force နှင့်အတူ GenerationZ People’s Defence Force Monywa ၊ ဒေါင်းညီနောင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ၊ ဇာမဏီ People Defence Force (ZPDF) ၊ မုံရွာခရိုင်တပ်ရင်း -၁ MPDF လင်းယုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၃ရက်နေ့ကလည်း မုံရွာမြို့နယ် နဂါးတွင်းကျေးရွာကို မီးရှို့၍ ပစ္စည်းများ လုယက်ခိုးယူလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို Monywa Peregrine People’s Defence Force (အမဲလိုက်သိန်းငှက်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-မုံရွာ) မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့်ပျူစောထီး လေးဦးသေဆုံးခဲ့သည်။ mizzima
စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွင် စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့ နှစ်ဖက်စလုံးက အနိုင်ရမည်ဟု ယုံကြည်နေကြ၍ စေ့စပ်မဆွေးနွေးလိုကြခြင်းမရှိကြောင်း အာဆီယံ အထူးကိုယ်စား လှယ်၏ အစီရင်ခံစာတွင်ဖော်ပြလိုက်သည်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonnက ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အစီရင်ခံစာကို ယမန်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်ရေးသည် စစ်ကောင်စီ၊ တိုင်းရင်းသားများ၊ အမျိုးသားညီ ညွတ် ရေးအစိုးရ နှင့် အခြားသော နိုင်ငံရေး အင်အားစုများ အနေဖြင့် ၎င်းတို့၏ ကွဲလွဲမှုများကို ရင်ကြားစေ့စေပြီး အားလုံးလက်ခံနိုင်လောက်သည့် အခြေအနေရရှိမည့် ပေါ်တွင်သာ မူတည်နေသည်ဟု အစီရင်ခံစာက ဆိုသည်။
လက်ရှိတွင် စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများက ဆွေးနွေးပွဲမလုပ်မီ သတ်မှတ်ထားသော ကြိုတင် သတ်မှတ်ချက်များကြောင့် စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းသို့ ရောက်မလာနိုင်ကြောင်း၊ လက်ရှိတွင် နှစ်ဖက်စလုံးက လက်ရှိ တိုက်ပွဲကို အနိုင်ရှိမည်ဟု ခိုင်ခိုင်မာမာ ယုံကြည်နေကြ၍ ဆွေးနွေးပွဲသို့ ရောက်ရှိမလာကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်က မြန်မာ့အရေး ဖြေရှင်းရန် အချက် ၈ ချက်ပါ အကြံပြုချက်များကို ထုတ်ပြန်လိုက်ပြီး အဆိုပါ အကြံပြုချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁- ဘုံသဘောတူညီချက် ၅ ချက်သည် မြန်မာနိုင်ငံကို အကူအညီပေးရန် အာဆီယံ ၏ ကြိုးပမ်းအားထုတ်မှုဖြစ်ပြီး အောင်မြင်လိုသည့် ကျယ် ပြန့်သော ရည်မှန်းချက်များကို ချမှတ်ထားသော်လည်း အကောင်အထည်ဖော်နိုင်မှုတွင် အဓိပ္ပာယ်ကင်းမဲ့နေသည်။
အာဆီယံအနေဖြင့် လုပ်ဆောင်ရမည့်အရာမှာ ဘုံသဘောတူညီချက် ကို ပြန်လည်ပြင်ဆင်ရန်မဟုတ်ဘဲ ရှင်းလင်း သောရည်မှန်းချက်များ၊ လက် တွေ့ လုပ်ဆောင်မှုများ၊ သင့်လျော်သောအညွှန်းကိန်းများနှင့် တိကျသော အချိန် ဇယားများပါရှိသော အကောင်အထည်ဖော်မှုအစီအစဉ်တစ်ခုဖြင့် ရေးဆွဲ ရန်ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းရလဒ်များ ထွက်ရှိလာပါက ပါဝင်ဆွေးနွေးသူများ ရနိုင် သော မက်လုံးများကို ထည့်သွင်းရန် အရေးကြီးသည်။ ထိုကဲ့သို့ အကောင် အထည်ဖော်ပါက အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တိုးတက်မှုကို ထင်သာမြင်သာ တိုင်းတာနိုင်မည်ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အကောင် အထည် ဖော် မှု လုပ်ငန်းစဉ်များကို အားလုံး အကြွင်းမဲ့ ထောက်ခံရ မည်ဖြစ်ပြီး ထိုသို့ မဟုတ်လျှင် အာဆီယံဥက္ကဋ္ဌနှင့် အထူးကိုယ်စားလှယ် အနေဖြင့် မြန်မာနိုင်ငံကို ကူညီရန် ဖြစ်နိုင်မည်မဟုတ်ပေ။
၂- အာဆီယံဘုံသဘောတူညီချက် အကောင်အထည်ဖော်မှုတွင် အာဆီယံက စစ်ကောင်စီ ကို တာဝန်ခံ အကောင် အထည်ဖော်ရေး တွန်းအားပေး ဆက်ဆံ သကဲ့သို့ EAOs၊ NUG နှင့် အခြားသော လက်နက်ကိုင်အဖွဲ့များ အပေါ်တွင် လည်း ယင်းကဲ့သို့ ကျင့်သုံးဆက်ဆံသင့်သည်။
အာဆီယံက အင်အားအကြီးဆုံးဖြစ်သော စစ်ကောင်စီကို အစွမ်းကုန် ထိန်း ထိန်း သိမ်းသိမ်း ဆောင်ရွက်ရန် တိုက်တွန်းသကဲ့သို့ တစ်ချိန်တည်းတွင် အဖွဲ့ဝင် နိုင်ငံတချို့ကလည်း အခြားသော လက်နက်ကိုင် အဖွဲ့များ ကိုလည်း တိုက်တွန်း ရန် လိုအပ်ကြောင်းထောက်ပြကြသည်။ မြေပြင်တွင် လူ့အသက် သေဆုံး ထိခိုက်မှုများနှင့် ပစ္စည်းဥစ္စာများ ပျက်စီးခြင်းအတွက် အားလုံးတွင် မျှဝေ တာဝန်ရှိသည်။
၃- မြန်မာနိုင်ငံမှ သက်ဆိုင်ရာအဖွဲ့အစည်းအကြား ရပ်တည်ချက်သဘောထား များ ညှိနှိုင်းပြီးမှသာ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်ကို စတင်နိုင်မည် ဖြစ်သည်။ လတ်တလော အခြေအနေတွင် တစ်ဦးနှင့်တစ်ဦး ကြိုတင်စည်း ကမ်း သတ်မှတ်ချက်များကို ပယ်ချနေခြင်းဖြစ်သည်။ ယင်း အခြေအနေတွင် အာဆီယံသည် ပေါင်းကူးတံတားထိုးရန် အခန်းကဏ္ဍမှ ပါဝင်သင့်သည်။ အကယ် ၍ အာဆီယံအနေဖြင့် ထိုသို့သောခေါ်ဆိုမှု မပြုလုပ်နိုင်ပါက ပဋိပက္ ခများအဆုံးသတ်ရန် ဖျန်ဖြေပေးနိုင်မည် မဟုတ်ပေ။
၄- တွေ့ဆုံဆွေးနွေးရေးတွင် ပါဝင်မည့် အဖွဲ့များကို ရှင်းရှင်းလင်းလင်း ဖော် ထုတ် သတ်မှတ်ထားရန် လိုအပ်သည်။ အဖွဲ့ဝင်နိုင်ငံတချို့က စစ် တပ် နှင့် PDF များကြား ညှိနှိုင်းရေး တစ်ခုတည်းကိုသာ အာရုံစိုက်လိုပြီး တွေ့ဆုံ ဆွေး နွေးရေးလုပ်ငန်းစဉ်တွင် EAO များ၏ အခန်းကဏ္ဍကို ထည့်သွင်း မစဉ်းစား ကြပေ။ တချို့က NUG သည်အားလုံးကို ကိုယ်စားပြုသည်ဟု ပြောဆိုကြ သည်။ ယခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက NUG ကို လူသိရှင်ကြား ထောက်ခံခြင်းမရှိသေးကြောင်း သတိပြုရန် အရေးကြီးသည်။ သက်ဆိုင်သူအားလုံးဟုဆိုရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ် သက် နေသည့် အဖွဲ့များနှင့် လူပုဂ္ဂိုလ်များအားလုံးကို ရည်ညွှန်းသင့်သည်ဟု ကမ္ဘောဒီးယားက ရှုမြင်သည်။
၅- ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရေး မြန်မာနိုင်ငံနှင့် ထိတွေ့ ဆက် ဆံမှုသည် အာဆီယံဘုံသဘောတူညီချက်အရ ဖြစ်ပြီး ဘုံသဘော တူ ညီချက် မူဘောင်ပြင်ပ အခြေမခံသင့်ပေ ။ ဥပမာအားဖြင့်၊ တရားဝင်အစိုးရဆိုတာ ဘယ်လိုမျိုးဖြစ်သင့်လဲ။ ၎င်း၏တရားဝင်မှုကို မည်သူက ဆုံးဖြတ်မည်နည်း။ ရွေးကောက်ပွဲက အဖြေတစ်ခုဖြစ်လာမှာလား စသည်တို့ဖြစ်သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ဆွေးနွေး မှု မှန်သမျှကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ပြောဆိုထားသည်။ စစ်ကောင်စီ ဘက်ကမူ ၎င်းတို့ တွေ့ဆုံထားသည့် နိုင်ငံရေးပါတီတချို့နှင့် လက်နက် ကိုင် တိုင်းရင်းသားတချို့ က ရွေးကောက်ပွဲသည် လက်ရှိ အကျပ်အတည်းကို ငြိမ်း ချမ်းစွာ ဖြေရှင်းရန် နည်းလမ်းဟု တစ်ခုတည်းသော နည်းလမ်း ဟုဆိုထား သည်။
အချက် ၆ ၊ ၇ ၊ ၈ တို့မှာ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ရေး၊ လူသားချင်း စာနာ ထောက်ထားမှုအကူအညီများ ပေးအပ်ရေးနှင့်သက်ဆိုင်သော အကြံပြု ချက်များဖြစ်သည်။khit thit
မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၄၅ ယောက်ထပ်မံပြီးတော့ စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ စစ်ကောင်စီလက် အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၇ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၇,၇၇၈ ခုကို စစ်ဆေးခဲ့ချိန်မှာ ပိုးတွေ့လူနာသစ် ၄၅ ယောက် တွေ့ရှိရတာဖြစ်ပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၀ ဒသမ ၅၈ ရာခိုင်နှုန်း ရှိနေခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူ တယောက်မှ မရှိခဲ့တာမို့ စုစုပေါင်း သေဆုံးသူ အရေအတွက်ကတော့ ၁၉,၄၈၆ ယောက် ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၆၃၂,၉၁၀ ယောက် ရှိလာခဲ့ပြီဖြစ်ကာ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၆၀၇,၂၄၁ ယောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီစစ်ဆေးထုတ်ပြန်ချက်တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်ပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ အသစ်ဖြစ်ပွားမှုဟာ တကမ္ဘာလုံးအတိုင်းအတာအရ မြင့်တက်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကား သတင်းထုတ်ထားပါတယ်။
ဒါ့ကြောင့် ပြည်သူလူထုအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအပြင် မဖြစ်မနေ လိုက်နာကြရမယ့် ရောဂါကာကွယ်ရေးနည်းလမ်း တွေကို ဆက်လက်လိုက်နာဆောင်ရွက်ကြဖို့ အထူးအရေးကြီး တယ်လို့ NUG အစိုးရက တိုက်တွန်းထားပါတယ်။ DVB
စစ်ကောင်စီက ကချင်ပြည်နယ် ၊ မြစ်ကြီးနားအကျဉ်းထောင်နှင့် ဖားကန့်အချုပ်ထောင် နှစ်ခုမှ အကျဉ်းသားပေါင်း ၉၂ ဦးကို ယမန်နေ့ နိုဝင်ဘာ ၁၇ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွှတ်ပေးခဲ့သော်လည်း လွတ်မြောက်သူများ စာရင်းတွင် နိုင်ငံရေး အကျဉ်းသား ၁၈ ဦးသာပါဝင်ကြောင်း သိရသည်။
အကျဉ်းထောင် နှစ်ခုမှ လွတ်မြောက်လာသည့် အဆိုပါ နိုင်ငံရေးအကျဉ်းသား ၁၈ ဦးတွင် စစ်ကောင်စီက ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် နှစ် နှစ်ချမှတ်ထားသည့် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လကို ပြန်လည်လွှတ်ပေးခဲ့ ခြင်းမရှိကြောင်း သိရသည်။
“၅၀၅ နဲ့လွတ်တဲ့ သူတွေအကုန်လုံးက ခံဝန်ကတိထိုးပြီး ထွက်ခဲ့ရတာ။ စစ်ကောင်စီက လွှတ်ပေးတဲ့ အထဲမှာ နာမည်ကြီးနိုင်ငံရေးသမားတွေမပါဘူး။ ဂျင်းထည့် (လှည့်စား) ခံရ တာ။ လွတ်လာတဲ့ အထဲမှာ KNC ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လကို မတွေ့ဘူး” ဟု အကျဉ်းထောင်နှင့် နီးစပ်သည့် ကချင်သတင်းရင်းမြစ်က ပြောသည်။
ယမန်နေ့ နိုဝင်ဘာ ၁၇ ရက်နေ့က စစ်ကောင်စီ၏ လွတ်ငြိမ်းဖြင့် မြစ်ကြီးနား အကျဉ်း ထောင်မှ အကျဉ်းသားပေါင်း ၇၇ ဦး လွတ်မြောက်လာခဲ့ပြီး အများစုမှာ နိုင်ငံရေးနှင့် ပတ်သက်ခြင်း မရှိသူများဖြစ်ကြသည်။ စစ်ကောင်စီသည် ပြစ်ဒဏ်မှလွတ်မြောက်ရန် ရက်ပိုင်းသာလိုသည့် နိုင်ငံရေးအကျဉ်းသား ခုနစ် ဦးကိုသာ ပြန်လွှတ်ပေးခဲ့ ခြင်းဖြစ်သည်။
စစ်ကောင်စီသည် KNC ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လကို ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် နေပြည်တော်၌ ဖမ်းဆီးခဲ့ပြီး ၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် နှစ် နှစ်ချမှတ်ခဲ့သည်။ စစ်ကောင်စီသည် ဒေါက်တာ အမ်ကောန်လကို မေလ ၉ ရက်နေ့တွင် နေပြည်တော် အကျဉ်းထောင်မှနေ၍ မြစ်ကြီးနား အကျဉ်းထောင်သို့ ရွှေ့ပြောင်းခဲ့သည်။
မြစ်ကြီးနားအကျဉ်းထောင်တွင် စစ်ကောင်စီက နိုင်ငံရေးပုဒ်မဖြင့် တရားစွဲဆို၍ ထောင်ချ ခံထားရသည့် နိုင်ငံရေး အကျဉ်းသား အယောက် ၄၀ ခန့် ကျန်ရှိနေသေး ကြောင်းသိရသည်။ ကျန်ရှိနေသူများသည် နိုင်ငံရေးနှင့်ဆက်နွယ်သည့် ပုဒ်မတစ်ခု မှ နှစ်ခုအထိ တရားစွဲဆိုခံထားရသူများဖြစ်သည်ဟု အကျဉ်းထောင်နှင့်နီးစပ်သည့် ကချင်သတင်း ရင်းမြစ်များက mizzima ကိုအတည်ပြု ပြောကြားသည်။
စစ်ကောင်စီ၏ ယမန်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဖားကန့် (မဇွပ်ယန်) အချုပ်ထောင်မှ အကျဉ်းသားပေါင်း ၁၅ ဦး ပြန်လည်လွတ်မြောက်လာခဲ့ပြီး လွတ်မြောက် လာသူများတွင် ဖားကန့်မြို့နယ်က ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် အကျဉ်းကျနေသူ နိုင်ငံရေး အကျဉ်းသား ၁၁ ဦးအထိ လွတ်မြောက်ခဲ့ကြောင်း အချက်အလက်များအရ သိရသည်။
လက်ရှိတွင် ဖားကန့် (မဇွပ်ယန်)အချုပ်ထောင်၌ နိုင်ငံရေးပုဒ်မဖြင့် တရားစွဲခံထားရသည့် ပြစ်ဒဏ်ကျခံနေသူ သုံး ဦး ကျန်ရှိနေကြောင်း သိရသည်။
ကချင်ပြည်နယ် ပူတာအိုအချုပ်ထောင်နှင့် ဗန်းမော်အချုပ်ထောင်များမှ လွတ်မြောက် လာသူ စာရင်းများကိုမူ Mizzima သတင်းဌာန အနေ ဖြင့် တိကျခိုင်မာစွာ အတည်ပြု ဖော်ပြရန် ဆက်လက်စုံစမ်းလျက်ရှိသည်။mizzima
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာကို ယနေ့နံနက်ပိုင်း စစ်တပ် က ဝင်ရောက်မီးရှို့နေပြီး စစ်ကိုင်းမြို့ နယ်ရှိ ကျေးရွာ ၂၀ မှ ပြည်သူ လူထု သောင်းချီ ထွက်ပြေးနေရကြောင်း ဒေသခံများက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်း စဉ့်ကိုင်တောင်ရွာ၊ မြောက်ရွာကို ယမန်နေ့ တွင် မီးတင်ရှို့ခဲ့သော စစ်ကြောင်းက စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာကို ဝင်ရောက်လာပြီး ထပ်မံ မီးရှို့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“အားလုံး ရှောင်နေရလို့ အသေ အပျောက် မသိရသေးဘူး။ ရွာပေါင်း ၂၀ လောက် စစ်ဘေးရှောင်နေရပါတယ်။ နှမ်းတို့ အသီးနှံသိမ်းချိန်ဖြစ်လို့ ဒုက္ခ ရောက် နေကြပါတယ်။ အရင်နေ့က မီးရှို့သွားတဲ့ ထန်းကြီးရွာ၊ ကြောင်းဖြူရွာ တို့နဲ့ တစ်တန်းတည်း ရွာတွေ ပြန်လာပြီး စစ်တပ်က ရှို့တာပါ။ စဉ့်ကိုင် တောင်ရွာ မြောက်ရွာရှိတာ မြောက်ရွာကတစ်ရွာလုံးနီးပါးလောင်သွားပြီး တောင်ရွာက သိပ်မများဘူး။ အခုနံနက် ရှို့တဲ့ တလိုင်းရွာကိုတော့ သူတို့ မကြိုက်တဲ့ အိမ်တွေကိုရွေး ပြီး ရှို့သွားတယ်။ ပြီးတော့ မီးရှို့ပြီး တလိုင်းရွာရဲ့ အရှေ့ဘက်မှာရှိတဲ့ အမှတ် ၃ ခရိုင်ချင်းဆက်လမ်းအတိုင်းထွက်သွားတယ်။ စစ်ကိုင်းနဲ့ ဝက်လက်နယ်အစပ် ဝက်လက်နယ်အရှေ့တောင်ချမ်းမှာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်ကျေးရွာကို စစ်အုပ်စုက ယနေ့ နံနက်ပိုင်း စီးနင်း လုယက် မီးကာ ရှို့ထင်တိုင်းကျဲ ပစ်ခတ်နေသဖြင့် စဉ့်ကိုင်ရွာသာမက မင်းဝံ တောင်ရိုးကျေးရွာများမှ ပြည်သူ သောင်းချီ ထွက်ပြေးနေရသည်ဟု သိရှိရသည်။
အလားတူ ယမန်နေ့ နံနက်ပိုင်း ၆ နာရီခန့်မှစ၍ ရေဦးမြို့မှ စစ်ကြောင်းများက ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း ညောင်ပင်ခြံ-ဆည်ကြီး-ကုန်းသာ ကျေးရွာ တို့သို့ စစ်ကြောင်းထိုးလာသဖြင့် ပြည်သူများ ထွက်ပြေး တိမ်း ရှောင် နေရ ကြောင်း ဒေသခံများက ပြောသည်။
စစ်ကြောင်းထိုးလာစဉ် ကုန်းသာကျေးရွာမှ အသက် ၁၇ နှစ်အရွယ် ကျောင်း သား မောင်ဥက္ကာ၊ မောင်အောင်ကျော်မျိုး ၊ မရမ်းအင်းရွာမှ အ သက် ၄၀ အရွယ် အမျိုးသားတစ်ဦး စုစုပေါင်း ၃ ဦးကို စစ်တပ်က လမ်းပြနှင့် လူသားဒိုင်း အဖြစ်ပြုလုပ် ခေါ်ဆောင်ခဲ့ကြောင်း၊ ကျောင်းသား ၂ ဦးကို ပြန်လွှတ် ပေးသော် လည်း ကျန်တစ်ဦးကိုမူ မလွှတ်ပေးသေးကြောင်း၊ လမ်းတွင်တွေ့ခဲ့သော ဆိုင်ကယ် ၅ စီးခန့်ကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရှိရသည်။
ယနေ့ နံနက် ပိုင်းတွင် ကံကြီးကုန်း အရှေ့ဘက် လယ်များအကြားမှ တပင် ကောင်းဘက်ဦးတည် ထွက်ခွာလာပြီးလက်နက်ကြီးများဖြင့် စစ် တပ်က ရမ်းသမ်းပစ်ခတ်သဖြင့် PDF ရဲဘော် ၂ ဦးထိမှန်ပြီး ၂ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
လက်ရှိ ခင်ဦးနယ်တွင် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် အိုးအိမ်နှင့် နေရပ် စွန့်ခွာပြီး အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် အသက်ဘေးလွတ်ရာသို့ စစ်ဘေး ရှောင်နေရသည့် စစ်ဘေးရှောင် ပြည်သူ ၂၀၀၀၀ နီးပါးရှိနေပြီး သက်ကြီး ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်များ၊ မီးဖွားပြီးစ က လေးမိခင်များပါ ဒုက္ခ ရောက် နေကြကြောင်း သိရှိရသည်။ khit thit
မြန်မာ-အိန္ဒိယနယ်စပ် တမူး-မိုးရေး နယ်စပ်ဂိတ်ကို မဏိပူရပြည်နယ်အစိုးရက ၃ လ ကြာပိတ်ထားလိုက်တာကြောင့် ဒေသတွင်းပြည်သူတွေ စီးပွားရေးနဲ့ အထွေထွေအကျပ်အတည်းတွေနဲ့ ပိုရင်ဆိုင်လာရဖို့ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တမူး-မိုးရေး နယ်စပ်ဂိတ်ကနေ အိန္ဒိယနိုင်ငံထဲကို တရားမဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားအရေအတွက် တိုးမြင့်လာတာကြောင့် နိုဝင်ဘာ ၁၅ ရက် ကစပြီး ၃လကြာ ဂိတ်ပိတ်မယ်လို့ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်အစိုးရက ကြေညာထားတာပါ။
အိန္ဒိယဘက်က နယ်စပ်ကုန်သွယ်ရေးဂိတ်ကိုပိတ်လိုက်တာကြောင့် နှစ်ဖက်အခြေခံပြည်သူတွေ အထွေထွေအကျပ်အ တည်းတွေနဲ့ပိုပြီးရင် ဆိုင်လာရနိုင်တယ်လို့ တမူးဒေသခံတစ်ယောက်က ပြောပါတယ်။
“ရိက္ခာပိုင်းဆိုင်ရာလည်း အခက်အခဲဖြစ်နိုင်တယ်။ ပြီးတော့ ငွေတန်ဖိုးက ဒီထက် ကျဆင်းသွားနိုင်တယ်။ အိန္ဒိယရူပီးနဲ့ မြန်မာငွေနဲ့က နဂိုကတည်းက ၃၀ လောက်ကွာနေပြီးတဲ့အပြင် အခုလိုလမ်းပိတ်လိုက်တော့ ကုန်သွယ်မှုအသေးစားလေးတွေ စားကုန်သောက်ကုန် အကုန်လုံးရပ်ဆိုင်းသွားမှာဆိုတော့ ခက်ခဲသွားနိုင်တယ်။ သူတို့ဘက်လည်းခက်ခဲသွားနိုင်တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အခြေခံစားသောက်ကုန်လေးတွေကြတော့ ကျမတို့ဘက်က သီးကုန်လေးတွေကို သူတို့ဘက်ကမှီခိုရတာကိုး။ သူတို့လည်းခက်မယ်။ ကျမတို့လည်းခက်မယ်။”
စစ်အာဏာမသိမ်းခင်က သဘောတူညီထားတဲ့ နယ်စပ်တလျှောက်လွတ်လပ်စွာသွားလာခွင့် သဘောတူညီချက် FMR ကိုလည်း နောက်ထပ် ၃ လ ဒါမှမဟုတ် မြန်မာ-အိန္ဒိယနယ်စပ်ဂိတ်တွေ တရားဝင်ပြန်ဖွင့်တဲ့အချိန်အထိ ဆိုင်းငံထားဖို့လည်း မဏိပူရပြည်နယ်အစိုးရရဲ့ ကြေညာချက်မှာဖော်ပြပါတယ်။
လတ်တလော မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးဟာ စိုးရိမ်ပူပန်စရာ အခြေအနေဖြစ်ပွားနေတာကြောင့်လို့ မဏိပူရပြည်နယ်အစိုးရကဆိုပါတယ်။
နယ်စပ်ပိတ်လိုက်လို့ နှစ်နိုင်ငံကုန်စည်စီးဆင်းမှု ရပ်တံ့သွားနိုင်ပြီး အိန္ဒိယ ကုန်သယ်တွေနဲ့ နယ်စပ်နေ ပြည်သူတွေရဲ့ ကန့်ကွက်ဆန့်ကျင် ဖိအားပေးမှုတွေကြောင့် မကြာခင် နယ်စပ်ပြန်ဖွင့်ဖို့ မျှော်လင့်တယ်လို့ တမူး-မိုးရေးနယ်စပ်နေ အမျိုးသမီးတဦးက ပြောပါတယ်။
“ကျမကတော့ ၃ လ မကြာခင်ပြေလည်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နိုင်ငံသားတွေကလည်း နဂိုကတည်းက စားသောက် ကုန်ကရှားပါးနေတဲ့အချိန်။ ဒီလိုဖြတ်တောက်လိုကမယ်ဆိုရင် ကျမတို့ဆီကကုန်တွေ သူတို့ဆီကိုမရောက်နိုင်တော့ဘူး။ ဟင်းသီးဟင်းရွက်လေးတွေကအစပေါ့။ ဒါဆိုတော့ အခြေခံအောက်ခြေလူတန်းစားက ကျပ်တည်းသွားနိုင်တယ်ဆိုတော့ မကြာခင်သူတို့ဒေသမှာပဲ လမ်းပိတ်တာနဲ့ပတ်သက်ပြီးတော့ ဆန့်ကျင်တာတွေ ကန့်ကွက်တာတွေ တခုခုဖြစ်လာနိုင်တယ်လို့ထင်တယ်။ စစ်ကောင်စီရဲ့ ဖိအားလို့ထင်တယ်။ နဂိုကတည်းက အိန္ဒိယအစိုးရက အရပ်သားအစိုးရဘက်ကို ရပ်တည်မှုမရှိခဲ့ဘူးလေ။ သူတို့ရဲ့စီးပွားရေးက အာဏာရှင်အစိုးရရှိနေမှ ရှင်သန်နိုင်မှာဆိုတော့ ဒီ NUG အစိုးရတက်လာမှာကို သူတို့က သိပ်ပြီးတော့ လိုက်လိုက်လျောလျောမရှိဘူး။ အာဏာရှင်ရဲ့ဖိအားနဲ့ပိတ်တယ်လို့ထင်တာပဲ။”
စစ်ကောင်စီက စစ်ကိုင်းတိုင်းအထက်ပိုင်း အိန္ဒိယနယ်စပ်၊ ချင်းပြည်နယ်စပ်နဲ့ ကချင်ပြည်နယ် နယ်စပ်လမ်းကြောင်းတွေကို ပိတ်ဆို့ပြီး စစ် ကိုင်းတိုင်းထဲက PDF တွေနဲ့ပြည်သူတွေ အကျပ်အတည်းတွေ့ အောင် နည်းမျိုးစုံအသုံးပြုနေသလို ထိုင်း-မြန်မာနယ်စပ် မြဝတီ- မဲဆောက် နယ်စပ်ဂိတ်ကိုလည်း ဖွင့်မပေးဘဲ ဆက်လက်ပိတ်ဆို့ထားပါတယ်။
အိန္ဒိယ၊ မဏိပူရပြည်နယ်အစိုးရက နယ်စပ်ဂိတ်ပိတ်ကြောင်း ကြေညာချက်ထုတ်ချိန် နိုဝင်ဘာ ၁၅ ရက်နေ့မှာပဲ စစ်ကောင်စီက တမူးမြို့နယ် အန္ဒိယ-မြန်မာနယ်စပ်တလျှောက်က PDF စခန်း ၆ ခုကို သာလွန်အင်အားနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် စခန်း ၆ ခုစလုံးယာယီစွန့်လွှတ်ခဲ့ရ တယ်လို့ PDF တွေဘက်က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက PDF စခန်းတွေကို အင်အား ၅၀၀ လောက်အထိအသုံးပြုထိုးစစ်ဆင်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် နယ်စပ် ကလေးမြို့နယ်ထဲက စစ်ကားနဲ့သံချပ်ကာကားတွေကိုလည်း တမူးမြို့ဘက်ကိုစစ်ကောင်စီက စေလွှတ်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ထဲက သိန်းနဲ့ချီတဲ့ စစ်ဘေးသင့်ပြည်သူတွေဟာ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင် ခိုလှုံနေကြရပါတယ်။ DVB
khit thit
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရိုဟင်ဂျာတွေအပါအဝင် လူနည်းစု တိုင်းရင်းသားတွေအပေါ်မှာ အနိုင်ကျင့်ကျူးလွန်မှုတွေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်အပါအဝင် တခြားဆုံးဖြတ်ချက်မူကြမ်း ၆ ခုကို ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုလိုက်ပါတယ်။
နိုဝင်ဘာ ၁၇ ရက်က ကျင်းပတဲ့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ တတိယကော်မတီအစည်းအဝေးမှာ “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားလူနည်းစု များ၏ လူ့အခွင့်အရေးအခြေအနေ” ဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းကို မဲမခွဲဘဲ အဖွဲ့ဝင်နိုင်ငံတွေအားလုံးရဲ့ တူညီဆန္ဒနဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို ဘုံသဘောတူညီချက်နဲ့ အတည်ပြုခဲ့တာဖြစ်ပြီး ရိုဟင်ဂျာတွေ ဘေးဒုက္ခရောက်အောင်ဆောင်ရွက်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေအားလုံးကို ဒီဆုံးဖြတ်ချက်အရ ရှုတ်ချပြစ်တင်ဆန့်ကျင်သွားမှာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေအားလုံး ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုမှာဖြစ်သလို ဘေးသင့်ခဲ့တဲ့ အနိုင်ကျင့်ခံခဲ့ရသူတွေအ တွက် တရားမျှတမှုရရှိရေးဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ပြစ်မှုကျူးလွန်ပြီး တာဝန်မခံရဘဲ လွတ်မြောက်နေတာအဆုံးရေးအတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဆုံးဖြတ်ချက်ကို အတည်ပြုလိုက်တာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ကြိုဆိုကြောင်းနဲ့ အဆိုပါ အဆိုမူကြမ်းအား အစဉ်တစိုက် ဦးဆောင်ဦးရွက်ပြုခဲ့တဲ့ ဥရောပသမဂ္ဂနဲ့ အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အိုအိုင်စီ) အဖွဲ့ဝင်နိုင်ငံအားလုံးကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။
NUG အနေနဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ၂၀၂၁ ခုနှစ်၊ ဇွန်လက ထုတ်ပြန်ခဲ့တဲ့ မူဝါဒရေးရာ ရပ်တည်ချက်ပါ ကတိကဝတ်တွေကို မြန်မာ နိုင်ငံအနေနဲ့ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ့်အပြင် အခုအတည်ပြုခဲ့တဲ့အဆိုမူကြမ်းမှာပါဝင်တဲ့ အကြံပြုချက်တွေကိုလည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းနဲ့ ဆက်လက် ပူးပေါင်း အကောင်အထည် ဖော် ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
ဒါပေမဲ့ အဆိုမူကြမ်းမှာ စစ်အုပ်စုကျူးလွန်ခဲ့တဲ့ရက်စက်ကြမ်းကြုတ်မှုတွေအပေါ် တာဝန်ခံမှုရှိစေဖို့ တောင်းဆိုရာမှာ အားနည်းနေသလို စစ် တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ပစ်မှတ်ထား ဖြေရှင်းပေးနိုင်မယ့် လက်နက်တင်ပို့ရောင်းချခြင်းအား ဖျက်သိမ်း စေနိုင်မယ့်အစီအစဉ်ကိုလည်း တောင်းဆိုဖို့ ပျက်ကွက်ခဲ့တဲ့အတွက် စစ်တပ်ရဲ့လုပ်ဆောင်ချက်တွေကို ပြည့်ပြည့်ဝဝ ဖြေရှင်းပေးနိုင်မယ့် တခြားသော အဆိုမူကြမ်းတစ်ခုကို ကုလသမဂ္ဂ အထွေထွေ ညီလာခံအနေနဲ့ အားဖြည့်ပံ့ပိုးပေးဖို့လည်း NUG ကအကြံပြုတိုက်တွန်းထားပါတယ်။ DVB
ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ရှယ်ယာနှင့် နိုင်ငံခြားငွေကြေးရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ အမည်ခံ၍ မြန်မာနိုင်ငံအနှံ့ Application အတုများဖြင့် ငွေကြေးလိမ်လည်မှုများ ဆက် လက် ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရှိရသည်။
ရှယ်နှင့်နိုင်ငံခြားငွေကြေးရင််းနှီးမြှုပ်နှံမှုကုမ္ပဏီအမည်ခံ၍ အမြတ်ငွေများ လစဉ်ပေးမည် ၊ ယုံကြည်စိတ်ချရသည်ဟု Facebook ကြော်ငြာကြကြောင်း၊ အာမခံချက်များဖြင့် ရှယ်ယာထည့်ဝင်လာသူများကို Application အတုများဖြင့် အစပိုင်းတွင် အတိုးနှုန်းပုံမှန်ပေးသော်လည်း နောက်ပိုင်းတွင် အဆက်အသွယ်မရ ခြေရာဖျောက်မှုများ များလာကြောင်း ငွေကြေးဆုံးရှုုံးရသူများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
Facebook လူမှုကွန်ရက်တွင် ရှယ်ယာနှင့်ငွေကြေး ကုမ္ပဏီအမည်ခံထားသော Smart FX Page က ၆ လခန့်ရှယ်ယာများ ခေါ်ယူ၍ အတိုး ၂ လစာပေးပြီးနောက် ဖုန်းများ ပိတ်ကာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း၊ အဆက်အသွယ်လုံးဝ ဖြတ်သွားခြင်းဖြစ်ပြီး OGFX ဆိုသော ရင်းနှီးမြှုပ်နှံမှု Page မှာလည်း ရှယ်ယာငွေကြေးများ ထည့်ဝင်ခိုင်းကာ အဆက်အသွယ်ဖြတ်တောက်သွားကြောင်း ငွေကြေးလိမ်လည်ခံရသူများထံမှ သိရသည်။
“Forex အမည်ခံ Smart FX နဲ့ OGFX မှာ ရင်းနှီးမြှုပ်နှံခဲ့တာပါ။ Smart FX က သီဟပါ ။ ၂ လစာလောက်ပဲ ပေးပြီး ထွက်ပြေးသွားတယ်။ Smart FX က ဖုန်းတွေ စက်ပိတ် Page ပါ ဖျက်သွားပြီဗျ။ ရှိစုမဲ့စုလေး ထည့်ထားမိတာ အခြားအလုပ်အကိုင်တွေ အဆင်မပြေတော့ ခံရသူတွေတော့ များတယ်။ စတင်ချိန် ငွေထည့်တော့ အရမ်းကောင်းပြ ။ ခုကျ ဖုန်းတွေ စက်ပိတ်ပြီး ငွေတွေက အမြတ်မပေးတဲ့အပြင် အရင်းလည်း ရှုံး။ ရန်ကုန်က လူတွေက ရင်းနှီးမြှုပ်နှံ့ဖို့ လူတွေမရတော့ နယ်က လူတွေ ပစ်မှတ်ထားပြီးလုပ်ကြတယ်” ဟု ကိုယ်တိုင် ငွေကြေး ဆုံးရှုံးခဲ့ရသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ပြောကြားသည်။
ထို့ပြင် အာဏာသိမ်းကာလအတွင်း ပေါ်ပေါက်လာသော ဂျပန် ရင်းနှီးမြှုပ်နှံမှု အမည်ခံ JT Financial Digital Investment ကုမ္ပဏီက မြန်မာနိုင်ငံတွင် အနည်းဆုံး ဒေါ်လာ ၁၀၀ မှ စတင်ရင်းနှီးမြှုပ်ရန် ရှယ်ယာများ ခေါ်ယူခဲ့ကြောင်း၊ အစပိုင်းတွင် ငွေပြန်ထုတ်နိုင်သော်လည်း လက်ရှိအချိန်တွင် ငွေသွင်းသာ လက်ခံပြီး ငွေထုတ်မရသည်မှာ စက်တင်ဘာလ ကတည်းကဖြစ်ကြောင်း၊ မိမိပိုင်ငွေများထုတ်လိုပါက ထပ်မံရင်းနှီးမြှုပ်နှံရန်သာ ပြောဆိုနေကြောင်း JT Financial Digital Investment တွင် ရင်းနှီးမြှုပ်နှံထားသူများက ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။
“အခုက ဆောဖ့်ဝဲလ်တွေနဲ့ Investment လုပ်လို့ရတယ်ဆိုပြီးတော့ တကယ်လုပ်လိုက်တော့မှ လိမ်သွားတာပါ။ ပိုက်ဆံ မပေးတာက ၉ လပိုင်းလောက်ကတည်းက စနေပြီး ၁၀ လပိုင်းထဲမှာ ပိုဆိုးလာတယ်။ အခုဆိုရင် အထုတ်က အရှင်းကို မရတော့ဘူး။ ငွေအများကြီး ထည့်ထားတဲ့သူကိုသာ နည်းနည်း ထုတ်ပေးတာ။ မဟုတ်ရင် လုံးဝထုတ်မပေးဘူး” ဟု ကိုယ်တိုင် လိမ်လည်ခံရသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
အဆိုပါ ကုမ္ပဏီသည် ငွေထုတ်ချင်သူများကို Application Level 2 သို့ မြှင့်ရမည်ဖြစ်ပြီး ရက် ၉၀ ကြာမှသာ ထည့် သွင်းထားသော ငွေများပြန်ထုတ်ပေးမည်ဟု ပြောဆိုနေကြောင်း၊ ငွေကြေးထည့်ဝင်ထားသူ အများစုသည် ထည့်ဝင်ငွေများကို ထုတ်ယူ၍ မရတော့ကြောင်း၊ JT Financial Digital Investment သည် Facebook လူမှုကွန်ရက်တွင် စျေးကွက်ရှာ လိမ်လည်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကျွန်တော်ကိုယ်တိုင်လည်း ပိုက်ဆံထုတ်မရလို့ Comment တွေ လိုက်မန့်တယ်။ မရင်းကြဖို့ မလုပ်ကြဖို့။ အဲဒီလိုရေးတာတွေက နောက်ရက်ကျရင် မရှိတော့ဘူး ။ သူတို့က လိုက်ဖျက်။ ပြီးရင် ဝိုင်းပြီးတော့ အကောင်တုတွေနဲ့ RP တွေ ဝိုင်းထု ဝိုင်းဆဲကြနဲ့ ဘယ်လိုမှ ပြောလို့မရဘူး။ ဘယ်လိုမှ ပြောလို့ မရဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ၁၀ သိန်းကျော် ထုတ်လို့ မရတော့ပါဘူး။ အများအမြင်မှာတော့ ရက် ၉၀ လုပ်ငန်းမှာ ရင်းထားတာပေါ့ ။ တကယ်တော့ အဲဒါက ဘယ်တော့မှ ပြန်မရတော့ပါဘူး” ဟု ငွေကြေးလိမ်လည်ခံရသူများများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
ထို့ပြင် JT Financial Digital Investment အမည်ခံကုမ္ပဏီသည် ဂျပန်နိုင်ငံတွင် အခြေစိုက်ခြင်းမဟုတ်ဘဲ မြဝတီမြို့မှ နေ၍ လိမ်လည် လုပ် ကိုင်နေခြင်းဖြစ်ကြောင်း၊ ၎င်းကိုယ်တိုင်ပင် ငွေကြေးထည့်ဝင်ဖူးပြီး လက်ရှိအချိန်ထိ ပြန်မရကြောင်း JT ကုမ္ပဏီတွင် ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ရှယ်ယာရှင် တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။
Application အတုများဖြင့် လိမ်လည်ကြသည့် အမည်ခံ ကုမ္ပဏီများသည် အစပိုင်းတွင် Facebook မှတစ်ဆင့်ဆက်သွယ်၍ ယုံကြည်အောင် ပြောဆိုစည်းရုံးကြခြင်းဖြစ်ကြောင်း၊ ရုံးနာမည် အမျိုးမျိုး ပြောင်းပြီး ရုံးခွဲများ လာဖွင့်ကြကြောင်း ၊ ရှယ်ယာထည့်ကြသည့် အစပိုင်းကာလများတွင် ပုံမှန် အတိုးငွေများ ပေးချေခဲ့ပြီး လူအများက ယုံကြည်လက်ခံ၍ လိုက်ထည့်သူများလာချိန်တွင်မှ ငွေလိမ် ပြေးခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီက ထိုကဲ့သို့ ငွေကြေးလိမ်လည်နေသော ရှယ်ယာနှင့်နိုင်ငံခြားရွှေ၊ ငွေ ရင်းနှီးမြှုပ်နှံမှု အမည်မခံကုမ္ပဏီများ၊ လူမှုကွန်ရက်စာမျက် နှာများကို လုံး၀ အရေးယူခြင်းမရှိသည့်အပြင် ကုမ္ပဏီအဖြစ် မှတ်ပုံတင်မှုများကိုပါ အလွယ်တကူ ထုတ်ပေးလျက်ရှိ ကြောင်း ၊ ပြည်သူများကို ထိုကုမ္ပဏီမှတ်ပုံတင်များ ပြသ၍ လိမ်လည်ထွက်ပြေးကြခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit