Monthly Archives: Nov 2022

အင်းတော်မြို့နယ်တွင် တိုက်ပွဲပြင်းထန်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ  နိုဝင်ဘာ ၁၈ ရက် မနက် ၉ နာရီလောက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူး ပေါင်းတပ်ဖွဲ့တွ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

တိုက်ပွဲဟာ အင်းတော် – နဘားကြားက ရွာသစ်ကုန်းနဲ့  အင်းတော်-ဗန်းမောက်ကြားက သက်ကယ်ကျင်းရွာနာ နေရာ နှစ်နေရာမှာ တိုက်ပွဲပြင်း ထန်ဖြစ်ပွားခဲ့တာပါ။

PDF နဲ့နီးစပ်သူက “တိုက်ပွဲက နှစ်နေရာဖြစ်တယ် နဘားကြီးနားက ရွာသစ်ကုန်းမှာ မနက်ကတည်းကနေ ပစ်နေကြတာ။ အသေးစိတ်တော့ မသိရသေးဘူး။ အင်းတော်ကနေ ဗန်းမောက်ကိုသွားတဲ့ လမ်းပေါ်မှာ။ အင်းတော်ကနေ သုံးလေးမိုင်ပဲ ဝေးတယ်။ အဲဒီ သက်ကယ်ကျင်းမှာလည်း မနက်ကတည်းက ဖြစ်တယ်၊ သက်ကယ်ကျင်းမှာ ကြားရ သလောက်ကတော့  စကစဘက်က ထိခိုက်ဒဏ်ရာရတာကော၊ သေဆုံးတာ ၆၀ ဝန်းကျင်၊ KIA ဘက်ကတော့ တစ်ယောက်ထိတယ်လို့ ကြားထားတယ်”လို့ ပြောပါတယ်။

သက်ကယ်ကျင်းကျေးရွာနားမှာဖြစ်ပွားတဲ့ တိုက်ပွဲဟာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေက နှစ်ဖက်ညပ်ပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ ကျေးရွာနဲ့ အနီးအနားက ကျေးရွာတွေက ဒေသခံတွေကတော့ လုံခြုံတဲ့ ကျေးရွာတွေနားကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

သက်ကယ်ပင်း၊ အောင်းကုန်း၊ မော်တိတ်ကျေးရွာတွေမှာ လွန်ခဲ့တဲ့ လအတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပွားခဲ့သလို စစ်ကောင်စီလေတပ်ကလည်း တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့ပါတယ်။ DVB

ရွှေဘို၊ ပခုက္ကူနှင့် ဒီးမော့ဆိုတွင် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၁၀ ဦးသေဆုံး

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ မကွေးတိုင်း ပခုက္ကူမြို့နယ်နှင့် ကယားပြည်နယ် ဒီးမော့ဆိုတို့တွင် စစ်ကောင်စီတပ်သားများကို ကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၁၀ ဦးခန့်သေဆုံးခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ရွှေဘို၊ ကော့ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဗုံးခွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး

============================================

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကော့ကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီတပ် စခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဖောက်ခွဲ တိုက်ခိုက်ခဲ့​ပြီး ၃ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၂ နာရီ ၅၈ မိနစ်ခန့်တွင် ကော့ရွာအနီးရှိ အကြမ်းဖက် စစ်တပ်မှ စစ်သားများနှင့် ပျူစောထီးများ တပ်စွဲထားသော စခန်းအနီးရှိ ထောင်ထားသော တိုက်မိုင်း ၃ လုံးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဖောက်ခွဲခဲ့ကြောင်း၊ ထိုသို့ ဖောက်ခွဲပြီးနောက် စခန်းအတွင်းမှ စစ်သားနှင့် ပျူစောထီးများ သေနတ်များ ဆက်တိုက် ပစ်ဖောက်ပြီး စခန်းအတွင်းမှ ထွက်လာစဥ် ကာကွယ်ရေး တပ်ဖွဲ့များက ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးခန့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို နေလစင်္ကြာ_Shwebo PDF၊ Ghost Rider Special Task Force(Burma)၊နှင့် Shwebo Wetlet Special Task Force အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပခုက္ကူ တက္ကသိုလ်တွင် တပ်စွဲထာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၅ ဦးသေဆုံး

============================================

မကွေးတိုင်း၊ ပခုက္ကူ တက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ၄၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၅ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၉ နာရီခန့်တွင် ပခုက္ကူတက္ကသိုလ်ကျောင်း၌ တပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများကို Special Guerrilla Force (SGF-Pakokku) မှ M 79 (၄၀ မမ)ဗုံးသီး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း SGF-Pakokku အဖွဲ့က ထုတ်ပြန်ထားသည်။

ဒီးမော့ဆိုတွင် တပ်စွဲထားသော စစ်တပ်ကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၂ ဦးသေဆုံး

============================================

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဆင်မတောင်တွင် တပ်စွဲထားသော စစ်သားများကို KNDF က စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ပြီး ၂ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဆင်မတောင် တပ်စခန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို KNDF/B-07နှင့် B-01၊ B-09 တို့ ပူးပေါင်းကာ စနိုက်ပါဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း KNDF B-07 က ထုတ်ပြန်ထားသည်။khit thit

မတ္တရာမြို့ ရေလည်ကျွန်းကျေးရွာမှ စစ်ဘေးရှောင်စခန်း မီးရှို့ဖျက်ဆီးခံရ၊ စစ်ရှောင်များအတွက်အကူအညီလိုအပ်နေ

မတ္တရာမြို့နယ်၊ ရေလည်ကျွန်းကျေးရွာမှ စစ်ဘေးရှောင်စခန်းမီးရှို့ဖျက်ဆီးခံရပြီး စစ်ရှောင်ပြည်သူများ အကူအညီလိုအပ်နေကြောင်း ဗိုလ်ကောင်းကင် တော်လှန်ရေးအင်အားစုထံက သိရသည်။

“ဆန်ကအစမီးရှို့သွားတယ်။ အနွေးထည်၊ စောင်၊ မိုးကာတွေလိုအပ်နေပါတယ် “ဟု ဗိုလ်ကောင်းကင်က ဆိုသည်။

စစ်ကောင်စီတပ်က ဝက်လက်မြို့နယ်၊ စစ်ကိုင်းမြို့နယ်နှင့် မတ္တရာမြို့နယ်အစပ်ရှိကျေးရွာများကို မီးရှို့ဖျက်ဆီးနေပြီး မတ္တရာမြို့နယ် အနောက်ခြမ်းရှိ စစ်ရှောင်စခန်းကိုပါ မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

“မတ္တရာမြို့နယ် ရေလယ်ကျွန်းကျေးရွာမှ ပြည်သူများ အိမ် မီးရှို့ခံရတာ စကစ ဝင်ရောက်ပစ်ခတ်တာ နှစ်ကြိမ်ရှိပါပြီ။ ရွာမှာမနေရဲ နေစရာ အိမ် မရှိလို့ စစ်ဘေးရှောင်စခန်း လာနေရပါတယ်။ အခု စစ်ဘေးရှောင်စခန်းပါ ဖျက်ဆီး မီးရှို့ခံရတယ် “ဟု ဗိုလ်ကောင်းကင် တော်လှန်ရေးအင်အားစုကရေးသားထားသည်။

အဆိုပါစစ်ရှောင်စခန်းသည် ကလေးငယ်နှင့်အမျိုးသမီးအများစု နေထိုင်ကြပြီး လူဦးရေ ၂၀၀ခန့် ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင်လည်း မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီတပ်က အင်အား ၃၀၀ခန့်ဖြင့် စစ်ကြောင်းထိုးမွှေနောက်နေဆဲဖြစ်ပြီး ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။ mizzima

မြိုင်နှင့်ပခုက္ကူမြို့နယ်တို့တွင် စစ်ကောင်စီတပ် မိုင်းနှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခံရ

မကွေးတိုင်း ​မြိုင်နဲ့ပခုက္ကူမြို့နယ်မှာ နိုဝင်ဘာ ၁၇ ရက်နဲ ၁၈ ရက်တွေက စစ်ကောင်စီတပ်ဖွဲ့ကို မိုင်း၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ၇ ယောက်ထက် မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ က ပြောပါတယ်။

မြိုင်မြို့နယ်အနောက်ဘက် ကြောင်ကန်ရွာနားကို ကား ၂ စီးနဲ့ သေနတ်တွေ ပစ်ခတ်ပြီးဝင်လာတဲ့ စစ်ကောင်စီတပ်တွေကို နိုဝင်ဘာ ၁၈ ရက်နေ့ ညနေ ၅ နာရီလောက်မှာ မိုင်းအကြီး ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ  ရဲဘော်တွေ အထိခိုက်အကျဆုံး မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပေမယ့် ဒေသခံ တယောက်ကတော့ စစ်ကောင်စီတပ်သားတွေဘက်က သေနတ်ကျည် ရှပ်ထိမှန်ပြီး ဒဏ်ရာ အနည်ငယ် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပခုက္ကူဘက်ကနေထွက်လာတဲ့ ခြေလျင်စစ်ကြောင်းကိုလည်း နိုဝင်ဘာ ၁၇  မွန်းလွဲ ၂ နာရီလောက်က ကံတော်ရွာနဲ့ ကန်ရပ်ရွာကြားမှာ ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့သလို နယ်မြေရှင်းလင်းဖို့ ထွက်လာတဲ့အချိန်မှာလည်း မိုင်းပွိုင့်အကြီး ၉ လုံးနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က ၇ ယောက်ထက်မနည်း သေဆုံးနိုင်တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

စစ်ကောင်စီဘက်က အနီးနားကျေးရွာတွေကို ပစ်ခတ်ခဲ့ပြီး ကံတော်ရွာက ဒေသခံ ၁၀ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

မြိုင်မြို့နယ်မှာ နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းကလည်း စစ်ကောင်စီရဲ့ ကား ၂ စီးကို မြိုင် ပ.က.ဖ အပါဝင်ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့  သိရပါတယ်။ DVB

အမေရိကန် ပြည်ထောင်စု၊ဝါရှင်တန်ဒီစီတွင် NUG နိုင်ငံခြားရေးဝန်ကြီးဌာနရုံး တရားဝင်ဖွင့်လှစ်

အမေရိကန်ပြည်ထောင်စု၊ဝါရှင်တန်ဒီစီတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က နိုင်ငံခြား ရေးဝန်ကြီးဌာနရုံး တရားဝင်ဖွင့်လှစ်လိုက်ကြောင်း NUG က တရားဝင်သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၈ ရက်နေ့(မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၉ ရက်နေ့) တွင် အမျိုးသား ညီညွတ် ရေး အစိုးရ NUG နိုင်ငံ ခြား ရေးဝန်ကြီးဌာနက အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တွင် ဖွင့်လှစ်ထားရှိသည့် နိုင်ငံခြားရေးဝန်ကြီးဌာနရုံး မိတ်ဆက်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

ဝါရှင်တန်ဒီစီမြို့တွင် ဖွင့်လှစ်ထားရှိသည့် အဆိုပါ ရုံးကို မြန်မာ Community နှင့် မိတ်ဆက်ပေးရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမိုးဇော်ဦး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ ကုလသ မဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တို့လည်း တက်ရောက် ခဲ့ကြပြီး အမေရိကန်ပြည်ထောင်စုရှိ မြန်မာ Community ကလည်း တက်ရောက်ခဲ့ကြသည်။ khit thit

စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်တွင် စစ်အာဏာ ရှင်ကို အစောဆုံးဆန့်ကျင်ခဲ့သည့် ကြံခင်းမှ ရဲညီအစ်ကို ၂ ဦးပါဝင်လာခြင်း မရှိ

အာဏာသိမ်းစစ်ကောင်စီက (၁၀၂) နှစ်မြောက် အမျိုးသားနေ့ကိုဂုဏ်ပြုသောအားဖြင့် အကျဥ်းသား ၅,၇၇၄ ဦးကို လွှတ်ပေးမည်ဟုကြေညာပြီးနောက် နိုဝင်ဘာလ ၁၇ ရက်နေ့၊ ညနေပိုင်းအချိန်က ဧရာဝတီတိုင်း ပုသိမ်အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား အနည်းငယ်ကို ပြန်လွတ်ပေးခဲ့သည်ဟုသိရသည်။

ထိုသို့လွတ်မြောက်လာသည့်အထဲတွင် စစ်အာဏာရှင်ကို အစောဆုံး ဆန့်ကျင်ခဲ့သည့် ကြံခင်းမြို့နယ်မှ ရဲလုပ်သက် ခုနစ်နှစ်ကျော်ရှိ ရဲတပ်သား သူရိန်လင်းနှင့် ရဲလုပ်သက် လေးနှစ်ကျော်ရှိ ဒုတပ်ကြပ် တာရာလင်းတို့ ညီအစ်ကို နှစ်ဦးပါလာလာခြင်းမရှိကြောင်း ၎င်းတို့၏ ဖခင်ဖြစ်သူ ကပြောသည်။

စစ်အာဏာသိမ်းပြီး နောက်တစ်ရက်ဖြစ်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် လူမှုကွန်ရက် စာမျက်နှာ၌ “တိုင်းပြည်ကိုခွေးဆွဲသွားပြီ”၊ “ငရဲခွေးကြီးလွတ်နေပြီ” “ပြည်သူက ကျွေးထားတဲ့ထမင်းကိုစားပြီး အာဏာရှင်ကို ကာကွယ်ဖို့မဟုတ်ဘူး” ဟုစစ်အာဏာရှင် အလိုမရှိကြောင်း ရေးသားခဲ့မှုကြောင့် စစ်ကောင်စီလက်ပါးစေများက အဆိုပါ ညီအစ်ကိုနှစ်ဦးကို ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် မတရားဖမ်းဆီးခဲ့သည်။

ထို့နောက် ပုသိမ်အကျဥ်းထောင်သို့ပို့ဆောင်ကာ ရဲကျင့်ဝတ်ဖောက်ဖျက်မှုဖြင့် ယင်းနှစ် မတ်လ ၁၅ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံများက ထောင်ဒဏ် တစ်နှစ်စီ ချမှတ်ခဲ့သည်ဟု ဦးသန့်စင်ကဆိုသည်။

စစ်ကောင်စီလက်အောက်ခံများ၏ ထောင်ဒဏ် တစ်နှစ်စီချမှတ်ခြင်းကိုခံခဲ့ရပြီး ၂၀၂၁ ခုနှစ် မတ်လ ၁၈ ရက်နေ့က “ဒီမိုကရေစီ ရရှိရေးနှင့် စစ်အာဏာရှင် အလိုမရှိကြောင်း” ထောင်တွင်းဆန္ဒပြခဲ့မှုကြောင့် သုံးလတိုက်ပိတ်ခံခဲ့ရသည်ဟု ဆက်လက်ပြောသည်။

“ထောင်တွင်း ဆန္ဒပြလို့ ဆိုပြီး ကျွန်တော့်သားနှစ်ယောက်ကို

သုံးလ တိုက်ပိတ်ခဲ့ပြီးပြီ၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ ရောက်လို့၊ လွတ်ဖို့ တစ်ရက်အလိုမှာမှ ၅၀၅(က) နဲ့ အမှုထပ်ဖွင့်ပြီး ထောင်သုံးနှစ်စီ ထပ်ချခံရတာပါ”ဟု ဦးသန့်စင်က ပြောသည်။

ထို့သို့ ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့် တရားစွဲဆိုခံရပြီး ပုသိမ်အကျဥ်းထောင်အတွင်း ဆက်လက်အကျဥ်းချခံထားခဲ့ရာက စစ်ကောင်စီ၏ လွတ် ငြိမ်းခွင့်များတွင် တစ်ကြိမ်မျှ ပါဝင်လာခြင်းမရှိကြောင်း သိရသည်။

စစ်ကောင်စီသည် အမျိုးသားနေ့အောင်ပွဲအထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းထောင်များရှိ အကျဉ်းသား ၅,၇၇၄ ဦးကို လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေညာခဲ့သော်လည်း ပြန်လည်လွတ်မြောက်လာသည့်အထဲတွင် အကျဥ်းထောင်အသီးသီးမှ လွတ်ရက်နီး နိုင်ငံရေးအကျဉ်းသား အနည်းအငယ်သာပါဝင်ခဲ့သည်။

ထို့နည်းတူ ပုသိမ်အကျဥ်းထောင်၌ မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသား ၄၀၀ ကျော်ရှိသည့် အနက် ပုဒ်မ ၅၀၅(က) ဖြင့် အကျဥ်းချခံထားရသည့် နိုင်ငံရေးအကျဥ်းသား ၄၆ ဦးကိုသာ ပြန်လွှတ်ပေးခဲ့သည်။

“​ပြန်လွတ်ဖို့ ခြောက်လ အလိုတွေကိုပဲ လွတ်တာလို့ကြားတယ်။ကျွန်တော့်သားတွေတော့ ပြန်လွတ်မလာသေးဘူး၊ သူတို့အမေက လွတ်မယ်ထင်လို့စောင့်နေတာ၊ အခုထိ ပြန်လွတ်မယ်ဆိုပြီးစောင့်နေသေးတယ်”ဟု ရဲညီအစ်ကိုနှစ်ဦးက ဖခင်ဖြစ်သူကပြောသည်။

လက်ရှိတွင် ပုသိမ်အကျဥ်းထောင်၌ နိုင်ငံရေးအကျဥ်းသား ၃၅၀ ခန့် ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်သည်။ mizzima

မြင်းမူမြို့နယ်၊ လေသာဘုန်းကြီးကျောင်းတွင် သောက်စားနေသည့် စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခံရ ၊ စစ်ကောင်စီတပ်သား ၄ ဦး ပွဲချင်းပြီးသေဟုဆို

စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ် အတွင်းရှိ လေသာဘုန်းတော်ကြီးကျောင်း၏ လက်ယာဘက် အတွင်းထောင့်တွင် ဝိုင်းဖွဲ့ သောက်စားနေသည့် စစ်ကောင်စီတပ်သား ခြောက် ဦးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ လေးဦး ပွဲချင်းပြီး သေဆုံး၍ နှစ်ဦး အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း Zero ပြောက်ကျား တပ်ဖွဲ့ (မြင်းခြံ) က သိရသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ယမန်နေ့ နိုဝင်ဘာ ၁၈ ရက်နေ့ ၊ ည ၇ နာရီခန့်က အီနာဂါ ဗုံးသီး တစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်သား(စစ်ကောင်စီတပ်သား)တွေက လေသာကျောင်းထဲမှာ အမြဲတန်းလိုလို ဝိုင်းဖွဲ့ပြီး စားသောက်နေတယ်ဆိုတဲ့အကြောင်းကို ကျွန်တော်တို့ သတင်း အတိအကျရတယ် ။ ဒါကြောင့် အစီစဉ်ချပြီး အလစ်အငိုက် တိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်သား ခြောက်ယောက်က ဝိုင်းဖွဲ့ပြီး သောက်နေတာ။ အဲ့ဒီဝိုင်းထဲကို အီနာဂါ ဗုံးသီး နဲ့ ပစ်ပြီး ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ် ။ စစ်သား ခြောက်ဦး ရှိတာ လေးဦးကတော့ နေရာတင် သေတယ်။ ကျန်တဲ့ နှစ်ဦးကလည်း အသက်ရှင်ဖို့ ခက်ခဲ လိမ့်မယ်” ဟု Zero ပြောက်ကျားတပ်ဖွဲ့ ( မြင်းခြံ) ၏ သတင်းနှင့်ပြန်ကြားရေးတာ ဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ၊ မြင်းခြံ ခရိုင်တပ်ရင်း (၇) နှင့် True Fighter တပ်ခွဲ (၃) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ mizzima

အင်းတော်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ် ရင်းမှူး ဒုဗိုလ်မှူးကြီး ထိန်လင်းစံ အပါအဝင် စစ်သား ၂၀ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် ယမန်နေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ် ကောင်စီတပ်မှ တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီး ထိန်လင်းစံ အပါအဝင် စစ်သား ၂၀ ဦးသေဆုံးကြောင်း Indaw Revolution-IRနှင့် KIA သတင်း ရင်း မြစ်ထံမှ သိရှိရသည်။

နိုဝင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်း၊ နေ့လယ်ပိုင်းနှင့် ညနေပိုင်းအချိန်များတွင် စစ် ကောင်စီအင်အား ၁၅၀ခန့် နှင့် KIA၊PDF ပူးပေါင်းအဖွဲ့တို့ အင်းတော်မြို့ မြောက် ဘက်တွင် တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ရင်း မှူး ဒုဗိုလ် မှူးကြီး ထိန်လင်းစံ၊ နှစ်ပွင့်ဗိုလ်နှင့် တခြားအရာရှိများ အပါ အဝင် စစ်သား များသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြား ရှိ ကြောင်း သိရှိရသည်။

“တပ်ရင်းမှူးအပါအဝင် စစ်သား ၂၀ ဦး ကျသွားတဲ့သတင်းကို အတည်ပြု လို့ရ ပါ တယ်”ဟု KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲတွင် သေဆုံးသွားခဲ့သော ဒုတိယ ဗိုလ် မှူး ကြီးထိန်လင်းစံ၏ အလောင်းကို ရဟတ်ယာဉ်ဖြင့် မြစ်ကြီးနားဘက်သို့ သယ် ဆောင်သွားကြောင်း၊ ဒုတိယ ဗိုလ်မှူး ကြီးထိန်လင်းစံသည် ကချင် ပြည် နယ်၊ ဟိုပင်မြို့နယ်၊ တကွင်းကျေးရွာမှ ဖြစ်ပြီး အ ကြမ်းဖက် မင်းအောင် လှိုင် လုံခြုံရေးအဖြစ်လည်း ယာယီ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း Indaw Revolution-IR က ပြောသည်။khit thit

နောင်ချိုမြို့နယ်အနီး သဘာဝသစ်တောများ၌ စစ်တပ်နှင့် ရဲကို လာဘ်ထိုးပြီး သစ်ခိုးထုတ်နေ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အစပ်မှာ ရှိတဲ့ သဘာဝသစ်တောတွေကနေ စစ်ကောင်စီတပ်နဲ့ နယ်မြေရဲကင်းစခန်းတွေကို လာလ်ထိုးငွေပေးပြီး စစ်အုပ်စုနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေက သစ်မှောင်ခိုခိုးထုတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “စစ်တပ်နဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေက အကြီးအကျယ်ကို သစ်ခိုး ထုတ်နေတာ။ တံခါးမရှိ ဓားမရှိပဲ။ မန္တလေးတိုင်း နဲ့ ရှမ်းပြည်နယ်အစပ်မှာရှိတဲ့ သစ်တောတွေမှာ။ သဘာဝ သစ်တောတွေ ပြုန်းတီးနေပြီ။ မှောခိုသစ်တွေကို မယ်ဟုံမြစ်ဆိပ် ကမ်းကနေ နောင်ချိုနဲ့ ပြင်ဦးလွင်ဘက်ကို ပို့တယ်။ သစ်အမျိုးအစားအစုံပဲ”လို့ ပြောပါတယ်။

မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်ကို နယ်နိမိတ်ပိုင်းခြားထားတဲ့ မြစ်ငယ်မြစ်ဘေးမှာတည်ရှိတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် မယ်ဟုံရွာ၊ မယ်ဟုံဆိပ်ကမ်းကနေတဆင့် နီးစပ်ရာမြို့နယ်တွေကို မှောင်ခိုသစ်တွေ တင်ပို့ရောင်းချတယ်လို့ ဒေသခံတွေ ပြောပါတယ်။

အခုလို တင်ပို့နိုင်ဖို့ လမ်းတလျှောက်မှာရှိတဲ့ စစ်တပ်၊ ရဲ၊ သစ်တော၊ ဌာနဆိုင်ရာအသီးသီးနဲ့ အုပ်ချုပ်ရေးပိုင်းတွေကိုလည်း လာဘ်ငွေအ မြောက် အမြား ပေးရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

သစ်လုပ်ငန်းနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက “မယ်ဟုံကနေ နောင်ချိုမြို့ပေါ်ကို ၁၅ပေ အရှည်ရှိတဲ့ မှောင်ခိုသစ်ကားတစ်စီးရောက်ဖို့ဆိုရင် မယ်ဟုံရွာအုပ်ချုပ်ရေးမှူးကို ကျပ်သုံးသောင်း၊ ဘန်ဘုံရွာအုပ်ချုပ်ရေးမှူးကို သုံးသောင်း၊ မယ်ဟုံရွာ ဘုန်းကြီးကျောင်းကို နှစ်ထောင်၊ ဂယ်လောင်းတံ တားကို သစ်မျိုး ခြားဆို သုံးသောင်း၊ သစ်မာဆိုရင် လေးသောင်း၊ ကျွန်းသစ်ဆိုရင် ငါးသောင်းပေးရတယ်။ ဒါက လမ်းတစ်လျှောက်မှာရှိတဲ့ သစ် တော၊ စစ်တပ်၊ ရဲ နဲ့ အခြားဌာနဆိုင်ရာတွေကို ပေးတာမပါသေးဘူး။” လို့ ပြောပါတယ်။

လက်ရှိရှမ်းပြည်အတွင်းက မြို့ကြီးတွေမှာ သစ်ခွဲသားကျွန်းသစ်တစ်တန်ကို ကျပ် ၁၅ သိန်းနဲ့ ၁၆ သိန်းကြား၊ အင်ကြင်းသစ် တစ်တန်ကို ၁၅ သိန်းနဲ့ ၁၆ သိန်းကြား မျိုးကြားသစ်တစ်တန်ကို ၇ သိန်းနဲ့ ၈ သိန်း ကြားပေါက်ဈေးရှိနေပါတယ်။ 

သစ်ဈေးတွေ ကောင်းနေတာကြောင့် တရားမဝင်သစ်ခိုးထုတ်မှုတွေ မြင့်တက်နေပြီး သစ်တော ပြုန်းတီးတဲ့ အန္တရာယ်နဲ့ ကြုံတွေ့နေရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၉၀ ပြည့်နှစ်ကနေ ၂၀၁၀ ပြည့်နှစ်အတွင်း သစ်တော ၁၉ ရာခိုင်နှုန်း၊ ဟတ်ကာ ၇၄၄၅၀၀၀ (၂၈၇၅၀ စတုရန်းမိုင်) ဆုံးရှုံးခဲ့တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ DVB

« Older Entries