စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်များ တိုက် ခိုက်ခံရပြီး ဒေသခံအချို့ကို ဖမ်းဆီး၊ ပြည်သူ ၁ သောင်းကျော် တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ လှတောကျေးရွာ ဈေးတန်းအနီးမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့ တွေ ပြင်ဆင်ထားတဲ့ ပါဆယ်မိုင်းကွဲပြီး စစ်ကောင်စီတပ်ဖွဲ့က အရာရှိအဆင့်အပါဝင်၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၇ ရက် မနက် ၇ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက်ဟာ သူတို့တပ်စွဲ ထားတဲ့ လှတောကျေးရွာ ရဲစခန်းကနေ ရွာဈေးတန်းဘက် ထွက်ခွာလာချိန် ပြင်ဆင်ထားတဲ့ ပါဆယ်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ Black Wolf PDF တာဝန်ရှိသူက ပြောပါတယ်။

“ရွာဈေးတန်းဘက်ထွက်လာတုန်း အသင့်ချထားတဲ့ ပါဆယ်မိုင်းနား ရောက်လာတော့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ။ မိုင်းစထိတာက ၃ ကောင်ထိတာ။ အဲ့ဒီမှာ ၂ ယောက်သေတယ်၊ နောက် ၁ ယောက်ကလည်း အပြင်းအထန် ဒဏ်ရာရသွားတယ်။ သေတဲ့ ၂ ကောင်ထဲမှာ အရာရှိတကောင်ပါတယ်။ အခုမစ်ရှင်ကလည်း အောက်တိုဘာလအတွင်းက တိုက်ပွဲတွေမှာ ကျဆုံးသွားတဲ့ ကျနော်တို့အဖွဲ့က ရဲဘော်‌ ၄ ဦးအတွက် သွေးကြွေးပြန် ယူတာ ဖြစ်ပါတယ်။”

အဲ့ဒီတိုက်ခိုက်မှုကို ‌Black Wolf – PDF နဲ့ ပင်လယ်မုန်တိုင်း ပြောက်ကျားအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပြီး ‌‌မိုင်းပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က အနီးနားရှိ ရွာတွေဘက်ကို ရမ်းသန်းပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့ကလည်း ဝက်လက်မြို့နယ် ထန်းကြီးကျေးရွာကို မီးရှို့ပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့နယ် မုံရွာ-ချောင်းဦး လမ်းပိုင်းမှာလည်း နိုဝင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေ ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

နေ့လယ် ၁ နာရီဝန်းကျင်က မုံရွာ-ချောင်းဦးလမ်းပိုင်းရှိ မင်းရွာနဲ့ မြေနဲကျေးရွာကြားမှာ ခြေလျင်လျှောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့ အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ကားကို နေရာ ၂ နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

Monywa Peregrine People’s Defence Force – မုံရွာ မှ တာဝန်ရှိသူတဦးက “မုံရွာ-ချောင်းဦးလမ်းပိုင်းမှာပဲ ၂ ကြိမ် တိုက်ခိုက်ခဲ့တာပါ။ ပထမအကြိမ်က စကစရဲ့ ခြေလျင်စစ်ကြောင်းကို အလစ်အငိုက် မိုင်းဆွဲခဲ့တာ။ ဒုတိယအကြိမ်ကတော့ တောပုရွာက ပျူစောထီးအဖွဲ့နဲ့ စကစတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကားတစီးကို မိုင်းထပ်ဆွဲတာ။ အဲ့ဒီ‌အကြိမ်က သူတို့အဖွဲ့တွေ အထိနာတယ်” လို့ ‌ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှု ၂ ကြိမ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ သေဆုံးဒဏ်ရာရမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကို ဒေါင်းညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ PEREGRINE (PDF)၊ GENERATION Z (PDF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ကလည်း မုံရွာ-ချောင်းဦးလမ်းရှိ စွမ်းရည်ထက်ဆီဆိုင်အနီးမှာ မိုင်းလာရှာတဲ့ စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ၃ ဦးသေဆုံး၊ ၇ ဦးလောက် ဒဏ်ရရှိခဲ့တယ်လို့ သိရပါတယ်။
ခင်ဦးမြို့နယ်အတွင်း ကျေးရွာတွေကို မွှေနှောက်ဖျက်ဆီးနေတဲ့ အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီ တပ်ကို နိုဝင်ဘာ ၁၇ ရက်နေ့ မနက် ၆ နာရီခွဲလောက်မှာ ခင်‌ဦးပြောက်ကျားတပ်ဖွဲ့က တိုက်‌ခိုက်‌ခဲ့တယ်‌လို့ နိုဝင်‌ဘာ ၁၇ ရက်‌‌နေ့က ထုတ်‌ပြန်‌ပါတယ်‌။

ခင်ဦးမြို့အနောက်တောင်ခြမ်းရှိ ညောင်ပင်ခြံ၊ ဆည်ကြီး၊ မရမ်းအင်း၊ ကုန်းသာကျေးရွာတွေကို မွှေနှောက်‌ပြန်‌လာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ကိုကုန်းသာ၊ အောင်သာ၊ ရွှေယမင်းကျေးရွာကြားမှာ ‌နေ့လယ် ၁ နာရီ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့တယ်‌လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ကို Khin U Local Guerrilla Force(KUGF) နဲ့အတူ ဒေသကာကွယ်ရေးတပ်ပေါင်းစုတွေ ပူးပေါင်းတိုက်‌ခိုက်‌ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ ၁၂ ရွာက ဒေသခံ ၁ သောင်းကျော် နေရပ်စွန်ခွာထွက်ပြေးနေကြရပြီး ကျောင်းသားတဦးအပါအဝင် ဒေသခံ ၃ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သူတို့က ရေဦးကနေ အင်အား ၇၀ လောက်နဲ့ ကျနော်တို့ ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း ညောင်ပင်ခြံ၊ ဆည်ကြီး၊ ကုန်းသာကျေးရွာ‌တွေစီ တောလမ်းအတိုင်း စစ်ကြောင်းထိုးလာတယ်။ အဲတာပြီးတော့ ကုန်းသာကျေးရွာက ပြည်သူပိုင်နေအိမ် ၅ လုံး ဖျက်ဆီးသွားတယ် ။‌ နောက်ပြီးတော့ အသက် ၁၇ နှစ်အရွယ် ဆယ်တန်းကျောင်းသားတဦးနဲ့ ဒေသခံ ၂ ဦးကို အကြမ်းဖက် စကစ တပ်က  ဖမ်းဆီးခေါ်ဆောင်သွားတယ်။ အခုအထိ လွှတ်မပေးသေးဘူးဗျ။ လူသားဒိုင်း လုပ်နေတယ်။ ကျနော်တို့ ရွာသားတွေအတွက် အသက်အန္တရယ်စိုးရိမ်နေကြရတယ်။”’

စစ်ကောင်စီကတော့ သူတို့သွားရာလမ်းတလျှောက်က ဆိုင်ကယ် ၅ စီးကိုလည်းမီးရှို့သွားသလို ညနေပိုင်းမှာလည်း ရွှေယမင်းကျေးရွာဘုန်း ကြီးကျောင်းအတွင်း ယာယီစခန်းချနေထိုင်ပြီး အနီးအနားရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ဆိုပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s