ဘယ်တော့မှ နောင်တမရဘူးဆိုတဲ့ မျက်စိနှစ်ဖက်ဆုံးရှုံးလိုက်ရသူ မိုင်းတပ်သား

အသက် ၁၇ နှစ်အရွယ်ဆိုတာ တကယ်တော့ ကျောင်းနေပျော်ပြီး စာသင်နေရမယ့်အရွယ်ပါ။ ဒါပေမဲ့လည်း ၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်မှာတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ သန်းပေါင်းများစွာသောလူတွေရဲ့ဘဝတွေက မျှော်လင့်ချက်၊ရှင်သန်ခွင့် အိပ်မက်တွေ ဆုံးရှုံးခဲ့ရပါတယ်။

ဒီထဲမှာချင်းပြည်နယ် မတူပီမြို့ဒေသခံကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ CDF-မတူပီ တပ်ရင်း (၂)က ရှေ့ထွက်မိုင်းသမားတစ်ယောက်ဖြစ်တဲ့ ကိုဟိန်းဖြိုးဝေ တစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။

ကိုးတန်းကျောင်းသား တစ်ယောက်ဖြစ်တဲ့ ကိုဟိန်းဖြိုးဝေက ငယ်စဉ်ထဲက ဖခင်ဆုံးပါးသွားပြီး မိခင်လက်ထဲတွင် ကြီးပြင်းရကာမောင်နှမသုံးယောက်နှင့်အတူနေထိုင်နေတာပါ။

ဘောလုံးအားကစားကို ဝါသနာပါတဲ့ ကိုဟိန်းဖြိုးဝေက စစ်ကောင်စီရဲ့မတရားအနိုင်ကျင့်မှုတွေကို မခံချင်တဲ့အဆုံးမှာ သူငယ်ချင်းတွေနဲ့အတူ ဒေသခံကာကွယ်ရေးတပ် CDF-မတူပီထဲ ဝင်ရောက်ပြီး ကိုယ့်မြေကိုယ့်ရေကို ကာကွယ်တဲ့သူတစ်ယောက် ဖြစ်လို့လာပါတယ်။

၂၀၂၂ နှစ်ဦးပိုင်းမှာ မတူပီမြို့မှာရှိတဲ့ ဗျူဟာကုန်း နဲ့ ငလိုင်ကျေးရွာကြားမှာရှိတဲ့ ခရိုင်ရုံး မြေနေရာမှာ သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ကြားဖြတ်မိုင်းထောင် တိုက်ခိုက်ဖို့အတွက် ရှေ့ထွက်မိုင်းကို တပ်ဆင်ပစ်ခတ်သူအဖြစ်နဲ့ ပါဝင်ခဲ့ပါတယ်။

ကိုယ်ထောင်တဲ့မိုင်းကို စိတ်မချလို့ ပြန်လည်စစ်ဆေးတဲ့အချိန်မှာပဲ ကံအကြောင်းမလှလို့ မိုင်းကြိုးကို ထိမိပြီး မိုင်းပေါက်ကွဲရာကနေ မျက်စိနှစ်ဖက်ကွယ်ခဲ့ရတာပါ။

“ကျွန်တော်နေ့ရက်တွေကိုတော့ မမှတ်မိတော့ဘူး။မတူပီစစ်ဗျူဟာကနေ စစ်ကြောင်းထိုးလာမယ့်စစ်တပ်ကို ကျွန်တော်တို့မိုင်းထောင်ကြတယ်။ အဲဒီမတိုင်ခင်မှာလည်း မိုင်းတွေက တိရစ္ဆာန်တွေ နင်းမိတာတွေကြောင့် အလိုလိုမိုင်းကွဲကြတယ်။ အဲဒါကို ကျွန်တော်တို့အဖွဲ့လေးယောက်က စိတ်မချလို့သွားပြန်စစ်ဆေးကြတာ၊ ကျွန်တော်ကရှေ့ကနေ တွားသွားပြီးမိုင်းကို စစ်တဲ့အချိန်မှာ သေနတ်ဒင်နဲ့မိုင်းကြိုးကိုထိမိပြီး မိုင်းကွဲတာပဲ။သူငယ်ချင်းတွေလည်းထိတယ်ဆိုပေမယ့် ဆိုးဆိုးဝါးဝါးကြီးတော့မထိမိဘူး။ကျွန်တော်ကတော့ မျက်စိနှစ်ဖက်ပျက်သွားတာပေါ့’’ လို့ အဲဒီနေ့ကဖြစ်စဉ်ကို ပြန်လည်ပြောပြပါတယ်။

ချင်းပြည်နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေက မြေပြင်မှာ သာလွန်အင်အား၊ အဝေးပစ်လက်နက်ကြီးတွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကို ပစ်ခတ်နေသလို ဝေဟင်ကနေလည်း ဂျက်တိုက်လေယာဉ်တွေကို အသုံးပြုပြီး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

“နောင်တလား။မရပါဘူး။ပျော်တယ်။ကျေနပ်ပီတိဖြစ်တယ်။ကျွန်တော်သူငယ်ချင်းတွေ၊ရဲဘော်ရဲဘက်တွေအသက်ပေးနေကြတာပဲ။တချို့ဆိုလည်းခြေပြတ် လက်ပြတ်တွေ အများကြီးပဲလေ။ ကျွန်တော်က အခုလိုနေနိုင်တယ်။ ဘုရားကိုအရမ်းကျေးဇူးတင်တယ်။ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း အားမရဘူး။ ပြန်ပြီးတော့တောင်တိုက်ပွဲဝင်ချင်သေးတယ်”လို့လည်း သူကဆိုပါတယ်။

“ကိုယ့်ဘိုးဘွားတွေရဲ့ပိုင်နက် ကိုယ့်မြေကိုယ့်ရေမှာထင်တိုင်းကြဲပြီး ထင်သလိုလုပ်ခွင့်ရနေတဲ့သူတွေကို တိုက်ထုတ်နေတဲ့အတွက် ကျွန်တော်တို့ဘယ်တော့မှ နောင်တရမှာလည်းမဟုတ်ဘူး”လို့လည်း သူကပြောပါတယ်။

ချင်းပြည်နယ်အတွင်းမှာရှိတဲ့ ဒေသခံကာကွယ်ရေးတပ်တွေက လက်နက်အင်အားမမျှတဲ့ စစ်ကောင်စီတပ်တွေနဲ့ရင်ဆိုင်တဲ့အခါမှာ လက်လုပ်မိုင်းတွေကိုသာ အားကိုးပြီး တိုက်ပွဲဝင်နေကြရတာပါ။ ဒေသခံကာကွယ်ရေးတပ် အများစုကလည်း စစ်တပ်နဲ့ဖြစ်တဲ့တိုက်ပွဲမှာ ကျဆုံးတဲ့သူဦးရေတွေထက် ကိုယ့်ထောင်တဲ့မိုင်း ကိုယ်နင်းမိတာတွေ၊ မိုင်းဆင်ရင်းပေါက်ကွဲတာတွေ အစရှိတဲ့ အန္တရယ်တွေကို ရင်ဆိုင်ခဲ့ရပြီး အသက်ဆုံးရှုံးတဲ့သူတွေ၊ ခြေလက် ကိုယ်အင်္ဂါ ဆုံးရှုံးရတဲ့သူတွေကသာ များခဲ့တာပါ။

ဒါပေမဲ့လည်း စစ်ကောင်စီကို တိုက်ခိုက်တဲ့နေရာမှာတော့ ဒေသခံကာကွယ်ရေးတပ်တွေ အားကိုးနေရတာတွေကလည်း လက်လုပ်မိုင်းတွေပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကိုဟိန်းဖြိုးဝေက အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲမှာရှိတဲ့ စစ်ရှောင်စခန်းတစ်ခုမှာနေထိုင်နေတာ လည်းဖြစ်ပါတယ်။ ငယ်ရွယ်နုပျိုနေတဲ့ အချိန်ကောင်းမှာ မျက်စိနှစ်ဖက် အလင်းပျောက်ခဲ့ရပေမယ့်လည်း သူ့ဘဝရှေ့ရေး၊ အနာဂတ်နဲ့ပတ်သက်ပြီး ခုလိုပြောပြလာပါသေးတယ်။

‘’ကျွန်တော်လည်းစဉ်းစားနေတယ်။ စိတ်ဓါတ်ကျလားဆိုတော့ တစ်ခါတလေပေါ့လေ။ ဒါပေမဲ့လည်း ကျွန်တော်တို့သူငယ်ချင်းတွေ ကိုယ့်မြေကိုယ့်ရေကိုကာကွယ်နေတဲ့အချိန်မှာ ကျွန်တော်ကထိုင်နေရသလို ဖြစ်နေတယ်။ ပြီးတော့ကျွန်တော်ရဲ့ အနာဂတ်အတွက် အသက်မွေးဝမ်း ကျောင်းတစ်ခု တက်ချင်တယ်။ ဒီတိုင်းမနေချင်ဘူး။ အနုပညာနဲ့ပတ်သက်ရင်လည်း ဂစ်တာတစ်လုံးလိုချင်တယ်။ ဂစ်တာတီးချင်တယ်’’လို့ ဖွင့်ဟလာပါတယ်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s