KIA၊ AA၊ KNU ၊RCSS အဖွဲ့ဝင်များအား ပြစ် ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကောင်စီထုတ်ပြန်

အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် KIA၊ AA၊ KNU၊ RCSSအဖွဲ့ဝင်များအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကောင်စီက ယနေ့ နိုဝင်ဘာလ ၁၈ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူ ၄၁ ဦးရှိပြီး ထိုအထဲတွင် AA မှ အဖွဲ့ဝင် ၁၇ဦး၊ KIA မှ အဖွဲ့ဝင် ၁၇ဦး၊ RCSS/SSAမှ အဖွဲ့ဝင် ငါးဦး၊ KNU/ KNLA မှ အဖွဲ့ဝင် နှစ်ဦးပါဝင်ကြောင်း ​တွေ့ရသည်။

နိုဝင်ဘာလ ၁၇ရက်နေ့တွင် ကျရောက်သော အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုရာတွင် နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းချက်ဖြင့် လွှတ်ပေးခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ထပ်မံပြီး AAအဖွဲ့ဝင်တစ်ဦးနှင့် KIAအဖွဲ့ဝင် သုံးဦးအပေါ်တွင် တရားရုံးများ၌ စွဲဆိုထားသော ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်းခွင့်ပြုလိုက်ကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် အောက်တိုဘာလ ၂၃ ရက်နေ့ ညက (၆၂)နှစ်ပြည့် KIO နေ့အထိမ်းအမှတ် ပွဲလုပ်နေချိန် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူ ၅၀ ခန့် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃၀ ကျော်ရှိကြောင်း ကေအိုင်အေဘက်က ဘီဘီစီမြန်မာပိုင်းကို ပြောခဲ့သည်။

ယမန်နေ့ နိုဝင်ဘာလ ၁၇ရက်နေ့တွင် ကျရောက်ခဲ့သည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့်ဆိုကာ စစ်ကောင်စီက ပုဒ်မ ၅၀၅ -က ဖြင့် တရားစွဲဆိုထားသည့် အနုပညာရှင် ၁၁ ဦးကို အမှုပိတ်သိမ်းခြင်း၊ မစ္စတာရှောင်တာနယ်လ်အပါအဝင် နိုင်ငံခြားသားလေးဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးခြင်းတို့ပြုလုပ်ခဲ့ကာ အကျဉ်းသား ၅၇၇၄ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

“မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးတဲ့ အာဏာသိမ်းစစ်အုပ်စု၏ ဆောင်ရွက်ချက်ကို ကြည့်လိုက်ရင် အပေါ် ယံ အားဖြင့်တော့ သက်ညှာသနားမှုရှိသလိုလို ထင်မြင်ယူဆစရာရှိပေမယ့် တကယ့်အတွင်းကျကျပြန်ကြည့်ရင် ယခုလိုလုပ်ဆောင်မှုဟာ သူတို့ရဲ့ ထွက်ပေါက်အတွက် လုပ်ဆောင်နေတာပဲဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရမှာဖြစ်ပါတယ်”ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာသူများအတွက် ကိုယ်ချင်းစာနာမှုများဖြင့် ဝမ်းမြောက်မိသော်လည်း လက်ရှိအချိန်ထိ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထောင်ချီသော နွေဦးတော်လှန်ရေးသူရဲကောင်းများစွာ သည် စစ်အုပ်စု၏ အကျဉ်းစခန်းအသီးသီးတွင် မတရားဖမ်းဆီးချ ခံထားရဆဲ၊ မမြင်ကွယ်ရာတွင် နှိပ်စက်ညှင်းပန်းခံနေရဆဲ၊ အသက်ပေးနေရဆဲ၊ နေ့စဉ်နှင့်အမျှ မတရားဖမ်းဆီးခံနေရဆဲဖြစ်သည်ကို အသိပေးလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အရေးပေါ်အခြေပြမိန့်ခွန်း၌ ထည့်သွင်းပြောဆိုခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s