ဆန်အိတ် ၄၀၀ အတွက် ရွာ ၈ ရွာကို မီး လောင်တိုက်သွင်းခဲ့သည့် စစ်တပ်

ဆဒ္ဒန်ဆင်မင်းအပေါ် အညိုးအတေးကြီးပြီး ဂလဲ့စားချေခဲ့သည့် မိဖုရားတော်စူဠသုဘဒ္ဒါ၏ ရန်ညိုးက ရာဇဝင်လာဇာတ်တော်များထဲတွင် အထင်ကရရှိသည်။
ဇာတ်တော်အကျဉ်းက ဤသို့။ ဂေါတမမြတ်စွာဘုရားရှင်သည် ဘုရားမဖြစ်မီ အတိတ်ကာလတစ်ခုက ဆဒ္ဒန်ဆင်မင်းအဖြစ် ဟိမဝန္တာတောတွင် ကျင်လည် စံမြန်းခဲ့ဖူးသည်ဆို၏။ဆင်တို့၏အရှင်သခင် ဆင်မင်းဘဝကို စူဠသုဘဒ္ဒါနှင့် မဟာသုဘဒ္ဒါဟူသောမိဖုရားနှစ်ပါးနှင့်အတူ ပျော်ရွှင်စွာ စံမြန်းနေခဲ့၏။ တစ်နေ့သော် ဖိဖုးရားနှစ်ပါး ဘယ်ညာခြံရံလျက် ဟိမဝန္တာတောအတွင်း လှည့်လည်နေစဉ် အင်ကြင်တောအုပ်တနေရာသို့ ရောက်ရှိလာ၏။ ထိုတောသည် အင်ကြင်ပန်းတို့ ပင်လုံးကျွတ်ပွင့်လန်းနေသည်ဆို၏။ ဖွေးဖွေးလှုပ်နေသော အင်ကြင်ပန်းများကို သူ့နှာမောင်းဖြင့် သိမ်းကြုံး ဆွတ်ယူ၍ မိဖုရားနှစ်ပါးအပေါ် ကြဲချပြီး ချစ်သက်သေထူစဉ် စူဠသုဘဒ္ဒါ၏ ကိုယ်ပေါ်သို့ကျသော ပန်းများထဲ၌ ခါချဉ်ကောင်များပါသွားသည်ဆို၏။မဟာသုဘဒ္ဒါ၏ ကိုယ်ပေါ်သို့မူ အင်ကြင်းပန်းပွင့်များသာ ကျရောက်ခဲ့၏။ သူ့ကို မဟာသုဘဒ္ဒါလောက် မချစ်ဟုခံစားလိုက်ရသည့် စူဠသုဘဒ္ဒါက စိတ်ဘဝင်တော် ညိုးလျှခွေယိုင်ကာ ထိုစိတ်နှင့်ပင် သေဆုံးခဲ့သည်ဆို၏။ မသေဆုံးမီတွင် နောင်ဘဝ၌ ဧကရာဇ်မင်းတပါး၏မိဖုရားအဖြစ်ကိုရပြီးဆဒ္ဒန်ဆင်မင်း၏၏ အစွယ်ကို ဖြတ်တောက်ယူဆောင်ခွင့် ရစေကြောင်း သစ္စာဆိုခဲ့သည်။ ထိုမှ ဇာတ်လမ်းဆက်သော် စူဠသုဘဒ္ဒါသည် နောင်ဘဝတွင် ဗာရာဏသီမင်း၏ မိဖုရားဖြစ်လာသည်။ ဗာရာဏသီမင်းကလည်း မိဖရားတော်အလိုကျ ဆဒ္ဒန်ဆင်မင်း၏အစွယ်ကို သောနုတ္ထိုမုဆိုးအား ဖြတ်တောက်ယူဆောင်စေခဲ့သည်။နောင်ဘဝက မိဖုရား စူဠသုဘဒ္ဒါ၏ အငြိုးအတေးအတွက် ဘုရားလောင်းဆင်မင်းက သူ့အစွယ်ကို သူကိုယ်တိုင်ဖြတ်ပေးလိုက်ခြင်းဖြင့် ဇာတ်တော်ကို အဆုံးသတ်ထားသည်။
အသိဉာဏ်ပညာအားနည်းမှု နောက်ကွယ်ကမိုက်ရူးရဲဆန်ခြင်း၊အကြင်နာတရားကင်းမဲ့ခြင်း၊ အငြိုးအတေးဖြင့် အဆင်အခြင်မဲ့ ဂလဲ့စားချေခြင်းတို့အတွက် ရာဇဝင်လာ စူဠသုဘဒ္ဒါကို ညွှန်းဆိုကြသည်။ယနေ့ခေတ်တွင်တော့ စူဠသုဘဒ္ဒါထက်ဆိုးသော လူတစ်သိုက်ကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်နေရသည်ဟု စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်မှ ဒေသခံတစ်ဦးက ထုတ်ဖော်ပြောဆိုလာသည်။
” မအေ မအေမှန်းမသိ၊ နှမ နှမိမှန်းမသိ၊ အမှားနဲ့အမှန်ဆိုတာ လုံးဝမခွဲခြားတတ်တဲ့ကောင်တွေ တပြုံတမကြီး ကျွန်တော်တို့ နယ်ကိုရောက်နေတယ်။စူဠသုဘဒ္ဒါထက် ဆိုးတဲ့ကောင်တွေ “
ရန်ငြိုးထားအသတ်ခံရမည်စိုး၍ အမည်ထုတ်ဖော်ခြင်းမပြုသော မြောင်မြို့နယ် နနွင်းကိုင်းရွာသားတစ်ဦး၏ အထက်ပါ ရင်ဖွင့် ညည်းတွားသံတွင် နာကျင်မှုများ အတိုင်းသားပေါ်လွင်နေသည်။ မနေ့တနေ့ကပင် အကောင်းအတိုင်းရှိနေသော သူ၏ အိမ်အပြင် နနွင်းကိုင်းရွာအတွင်းမှ အိမ်အများစုသည် ယနေ့ ပြာပုံအတိဖြစ်သွားပြီ။ တစ်အိမ်ဆင်းတစ်အိမ်တက် ဓာတ်ဆီလောင်းမီးရှို့သွားသည့် စစ်ကောင်စီတပ်သားများကို အဝေးတစ်နေရာမှ ငေးကြည့်ရင်း မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရသည်ဟု ဆိုသည်။လူ့အသိစိတ်ပျောက်နေသည့်အလား ရန်လိုနေသည့် စစ်ကောင်စီတပ်သားများကို မြင်တွေ့ရချိန်တွင် ရာဇဝင်လာ စူဒသုဘဒ္ဒါ၏ အငြိုးအတေးကို ပြန်ပြောင်းအောက်မေ့စေသည်ဟု မြောင်မြို့ခံအမျိုးသမီးကြီးတစ်ဦးက ငိုကြွေးရင်း ပြောသည်။
အညာဒေသအပါအဝင် စစ်အာဏာရှင်ကိုတော်လှန်နေသည့် ဒေသများမှ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ပြည်သူများအား သတ်ဖြတ်နေခြင်းကို စစ်ကောင်စီတပ် ကျူးလွန်နေသည်မှာ နှစ်နှစ်ကျော်လာခဲ့ပြီ။လူထုတော်လှန်ရေးအရှိန်ရလာသည်နှင့်အမျှ စစ်ကောင်စီ ကျဉ်းထဲကျပ်ထဲ ပိုရောက်လာသည်။ လူသတ်လက်နက်အမြောက်အများ ပိုင်ဆိုင်ထားသည့်စစ်ကောင်စီက အာဏာလက်လွတ်ရတော့မည့်အရေးပိုကြောက်ရွံ့လာပြီး ပို၍ ကြမ်းတမ်းခက်ထန်လာသည်။ တော်လှန်ရေးအင်အားစုများက ပြုစုထားသော စာရင်းများအရ စစ်တပ်က အာဏာသိမ်းပြီးနောက် မီးရှို့ဖျက်ဆီးသည့်အိမ်သည် တိုင်းနှင့်ပြည်နယ်အနှံ့တွင် သုံးသောင်းနီးပါးအထိရှိလာသည်။ စုစုပေါင်း ပြည်သူ ၂၅၀၀ထက်မနည်းကို သတ်ဖြတ်ခဲ့သည်။ လူထုတော်လှန်ရေးအားအလွန်ကောင်းသည့် မြောင်နယ်တွင်လည်း ရွာလုံးကျွတ်မီးရှို့ခံရမှုများ မကြာခဏ ကြုံဖူးခဲ့ပြီ။ ယခုတစ်ကြိမ် မီးရှို့ဖျက်ဆီးခံရသည့် ဖြစ်ရပ်ကတော့ ပြည်သူအပေါ် စစ်ကောင်စီ၏ ရန်ငြိုးကို ထင်သာမြင်သာ ဖြစ်စေသည်ဟု မြောင်ဒေသခံ ပြည်သူများကပြောသည်။
ရန်လိုနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သေနတ်များ အသင့်မောင်းတင်ထားပြီး ရွာထဲသို့ ဝင်ရောက်လာကြသည်။ အိမ်တွေကို မီးမရှို့မီ အိမ်ထဲမှ ရှိသမျှ ဆန်အိတ်များသယ်ထုတ်သည်။ ဆန်အိတ်များကို ရွာလမ်းမပေါ် ပုံချထားပြီး အိမ်တွေကို ဓာတ်ဆီလောင်းပြီး မီးရှို့သည်။ မီးငြိမ်းရန် ကြိုးစားကြသည့် ပြည်သူများကို သေနတ်ဖြင့် ပစ်လွှတ်သည်။ အိမ်ပိုင်ရှင်ဒေသခံများသည် မိမိအိမ်မီးလောင်နေသည်ကို ခပ်လှမ်းလှမ်းမှ ငေးကြည့်ရင်း ငိုပွဲဆင်ခဲ့ကြရသည်။ မီးအမြန်ငြိမ်းသွားစေရန် တစ်ခုတည်းသော အားထုတ်နိုင်စွမ်းမှာ ရွာဘက်သို့ ငေး၍ ဘုရားတရားအာရုံပြုခြင်းသာ တတ်နိုင်ခဲ့ကြသည်။ ထိုနေ့က အများသူငါ ဘုရားသွား၊ ကျောင်းတက်နေကြသည့် အခါကြီး၊ ရက်ကြီးနေ့။ တနည်းအားဖြင့် တန်ဆောင်တိုင်လပြည့်နေ့။ထိုလပြည့်ညက စစ်ကောင်စီကမီးရှို့၍ လောင်မြိုက်နေသော ပြည်သူ့နေအိမ်များ၏ မီးညွန့်က မြောင်ကောင်းကင်ယံတွင် စွေးစွေးနီခဲ့သည်။
ထိုဖြစ်ရပ်ဆိုး၏ အစက ပြီးခဲ့သည့် နိုဝင်ဘာလ ၆ရက်က နေ့လည်က အစပျိုးခဲ့သည်။
ထိုနေ့က ဆန်အိတ် ၁၅၀၀၀ ကျော်နှင့် စက်သုံးဆီများတင်ဆောင်လာသော စစ်ကောင်စီရိက္ခာတင် သဘ်ောတစ်စီး ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည်။အရပ်သားပိုင်သဘ်ောကိုချောဆွဲပို့ဆောင်ခြင်းဖြစ်၍ သီးခြားလုံခြုံရေးမပါ။ ယင်းသဘ်ောကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးပြီး နနွင်းကိုင်းဆိပ်ကမ်းတွင် ဆိုက်ကပ်စေခဲ့သည်။စစ်ကောင်စီရိက္ခာကို ဖြတ်တောက်ပစ်ရန်နှင့် ဒေသတွင်း စစ်ဘေးသင့်ပြည်သူများအတွက် ဆန်အိတ်များ လာယူကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ကြေငြာလိုက်သည်။နနွင်းကိုင်းရွာနှင့် ကပ်လျက်ရှိသောရွာများမှ ဒေသခံများက ဆန်လာသယ်ကြသည်။
” ဆန်တွေလာသယ်ဖို့ ကျွန်တော့်ဆီ ဖုန်းဝင်လာတယ်။ကျွန်တော်ကလည်း ဆန်တွေသယ်ဖို့ ရွာကို မိုက်နဲ့အော်လိုက်တယ်။နိုင်သလောက်သယ်ခဲ့ကြလို့။ နာကျည်းစိတ်တွေနဲ့ သယ်ကြတာပေါ့ဗျာ” ဟု ကျေးရွာကာကွယ်ရေးပြည်သူ့တပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။
ဆန်အိတ် ၄၀၀ခန့်သာ သယ်ယူပြီးချိန် စစ်ကောင်စီက ရေကြောင်းရော ကုန်းကြောင်းမှပါ လိုက်လာ၍ သဘော်ကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြန်လည် စွန့်လွှတ်လိုက်ရသည်။
“ဒီကောင်တွေ ထွက်လာပြီဆိုတဲ့သတင်းရတော့ ပြည်သူတွေထိမှာစိုးလို့ ပြန်ခိုင်းလိုက်တယ်။ ပထမတော့ သဘ်ောပါ မီးရှို့မလို့။မသယ်နိုင်တာတွေ အကုန်မီးရှို့ဖို့စဥ်းစားတယ်။သဘ်ောပေါ်မှာက ရေနံပေပါတွေ၊ ဆီပေပါတွေပါနေတော့ မီးလောင်ရင် မြစ်ကမ်းဘေးရွာတွေပါ မီးကူးမှာမို့လို့ လက်လျှော့လိုက်ရတယ် “ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ တာဝန်ခံကိုနွေဦးကဆိုသည်။
သို့သော် နောက်တနေ့(နိုဝင်ဘာလ ၇ရက်)မှစတင်ကာ စစ်ကောင်စီတပ်က မြောင်မြို့နယ်အတွင်း ဘီလူးဆိုင်းတီး ဝင်ရောက်လာတော့သည်။ ဆန်ယူသည့် ရွာစာရင်းအတိုင်း တစ်ရွာဝင်တစ်ရွာထွက် မီးရှို့ခဲ့ကြသည်။ ဆန်အိတ်များကို ပြန်သယ်ယူသွားကြသည်။ မြစ်ကမ်းဘေးအိမ်များ မီးကူးမည်ကိုစိုးရိမ်၍ သဘ်ောအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မီးမရှို့ခဲ့။ သို့သော် သဘ်ောပေါ်မှ စစ်ကောင်စီတပ်ဖွဲ့များကတော့ ဆန်အိတ်လေးရာဆုံးရှုံးမှုအတွက် ကုန်းပေါ်တက်၍ ရွာတွေကို မီးရှို့ဖျက်ဆီးတော့သည်။ ဖေဖော်ဝါရီ (၇) ရက်မှဖေဖော်ဝါရီလ (၁၅) ရက်အတွင်း နနွင်းကိုင်းရွာ၊ ရွှေတချောင်းရွာ၊ ဆူးလေကုန်းရွာ၊မြစ်ဆုံရွာ၊မာလကာခြံရွာ၊သူဌေးကုန်းရွာ၊ မြစ်သာရွာနှင့်ရွှေလှံရွာတို့မှ အိမ်ခြေ ငါးရာ ထက်မနည်းကို မီးရှို့ဖျက်ဆီးသွားသည်ဟု တော်လှန်ရေးအင်အားစုများကပြောသည်။
နနွင်းကိုင်းရွာမှာ သက်ကြီးရွယ်အိုတစ်ဦး မီးထဲပါသွားခဲ့သည်။
ဒီတစ်ကြိမ် မြောင်မြို့နယ်အတွင်းတို့ ပွဲရောက်လာသော စစ်ကောင်စီတပ်သည် နွားသိုးကြိုးပြတ်သလို ဒုန်းစိုင်းဝင်လာပြီး အငြိုးတကြီး ဖျက် ဆီးသွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။
” ဘယ်လောက်တောင် ရန်ငြိုးထားလဲဆိုရင် ခြေနှစ်ချောင်းမြင်ရင်သတ်ပစ်ဆိုတာမျိုးအထိ ကြိမ်းဝါးတာ။ကျွန်တော်တို့ကလည်း သူတို့လိုမယုတ်ကမ်းပေမယ့် သူတို့ထက် ဆယ်ဆမက နာကျည်းတယ်” ဟု ကျေးရွာတာဝန်ခံပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကဆိုသည်။
မြောင်အမျိုးသမီးစစ်သည်တော်တပ်ရင်းမှ ပြည်သူ့ရဲမေတစ်ဦးကလည်း ” စစ်ကောင်စီရိက္ခာနဲ့ ကုန်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်လိုက်နိုင်တာနဲ့တင် သူတို့ စစ်ရေးအရ ရှုံးနိမ့်သွားတာ နားလည်သွားပြီး ရှက်ရမ်းရမ်းလာတာ။ ကုန်းကြောင်းရော၊ ရေကြောင်းရော၊ လေ ကြောင်းကပါ မြောင်ကို တိုက်နေတာ” ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် နနွင်းကိုင်းရွာတွင် ရက်သတ္တပတ်တစ်ပတ်ခန့်ကြာ တပ်စွဲပြီး အနီးပတ်ဝန်းကျင်ကျေးရွာများကို ဖျက်ဆီးခဲ့သည်။ ဘီလူးဆိုင်းတီးနေသော စစ်ကောင်စီတပ်ကို မြောင်၊ရေစကြို၊ မြင်းခြံ၊ မြင်းမူ၊ ချောင်ဦးမြို့နယ်တို့မှ ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက နေ့စဉ်ဆိုသလို ပူးပေါင်းတိုက်ခိုက်ခဲ့ရာ နိုဝင်ဘာ ၁၅ရက်တွင် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ စစ်ကောင်စီတပ်မရှ်ိတော့သည့်အခါ ရွာသို့ ပြန်လာခဲ့သည့် ဒေသခံများကို မီးလောင်ပြင်ကသာ ကြိုဆိုနေတော့သည်။
မီးကျွမ်းနေသည့် ဒေသခံများ၏ အိမ်များမှ မီးခိုးများက မြောင်မြို့နယ်ကောင်းကင်ယံတွင် အုံ့ဆိုင်းနေသေးသည်။သစ်တိုင်၊ ဝါးတိုင်များအား မီးကျွမ်းရာမှ ထွက်လာသော အနံ့များကလည်း တချက် တချက် စူးထွက်လာတတ်သည်။ယခင်က သစ်ပင်သစ်ရိပ်များဖြင့် သာယာလှပနေခဲ့သော ရွာလမ်းသည် ယခုတော့ မီးလောင်တစပြင်ဖြစ်နေပြီ။
မြောင်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ အမျိုးသမီးစစ်သည် တစ်ဦးကတော့ စစ်ကောင်စီတပ်သည် မြောင်နယ်ကို မည်သို့ပင် ဖိနှိပ်နေပါစေ၊ ပြည်သူလူထုအားဖြင့် အဆုံးအထိ တော်လှန်နေမည်ဟု သူ၏ သန္နိဌာန်ကို ဖွင့်ပြောသည်။ စစ်ကောင်စီအပေါ် သူမ၏ နာကျည်းမှုအတိုင်းအဆကိုလည်း ယခုလို ဖွင့်ဆိုလာသည်။
” သူတို့ပြုမူလှုပ်ရှားမှုမှန်သမျှကို ကျွန်မတို့ရွံရှာမုန်းတီးတယ်။ သူတို့ကို ဘယ်နေရာမှာတွေ့တွေ့ သတ်ဖြတ်ပစ်ဖို့ ဝန်မလေးတဲ့အထိ ရွံရှာတယ်”mizzima