Monthly Archives: Nov 2022

စစ်ကောင်စီတပ်သား ၁၃ ဦးကျော်သေဆုံးခဲ့သည့် မြင်းခြံမြို့နယ် ပျားကျေးရွာ တိုက်ပွဲ အကြောင်း NPDF အဖွဲ့ထုတ်ပြန်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ် ၊ ပျားကျေးရွာတွင် တပ်စွဲထားသည့် အင်အား ၃၀ ခန့်ပါစစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၃ဦးနှင့်အထက် သေဆုံးခဲ့ကြောင်း Natogyi People Defence Force( NPDF) က ယနေ့ နိုဝင်ဘာ ၂၀ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ် ပြန်လာသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၅နာရီ ခန့်တွင် NPDF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းစစ်ဆင်ရေးအပြင် မြေပြင်စစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တစ်နာရီခန့်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု NPDF မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

“တိုက်ပွဲက ဒရုန်းနဲ့လည် ချတယ်။ မြေပြင်မှာလည်း ဝင်တိုက်တယ်။ ကျွန်တော်တို့ ညှပ်ပြီးတော့ တိုက်လိုက်တာပေါ့။ ။ သေတာကတော့ ပွဲထဲတင်ကို သေတာက ခုနစ် ကောင်ပေါ့။ ဒဏ်ရာရတဲ့လူတွေနဲ့ လက်နက်ကြီးကျလို့မှန်တဲ့သူတွေ မပါသေးဘူး။ စစ်ကူကားကို မိုင်းဆွဲမှုမှာတော့ ခြောက်ကောင် သေတယ်။ တိုက်ပွဲပြီးတော့ စခ ( စစ်ကောင်စီတပ်) တွေက ရွာကိုမီးရှို့တယ်။ တိုက်ပွဲသတင်းထုတ်ပြန်ဖို့ ကျတော့ နယ်မြေ အခြေအနေကြောင့်လုံးဝ ထုတ်ပြန်လို့မရလို့ အခုချိန်စောင့်ပြီး အခုမှ ထုတ်ပြန်ရတာပါ” ဟု NPDF မှ တာဝန်ရှိသူက ဆိုသည်။

အဆိုတိုက်ပွဲတွင် စစ်ကူလာသည့် စစ်ကားသုံးစီးကိုလည်း မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ခြောက် ဦး ပွဲချင်းပြီး သေဆုံးကာ စစ်ကားတစ်စီးလည်း ပျက်စီးသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် တိုက်ပွဲအတွင်း MA-11 အမျိုးအစား သေနတ် တစ်လက်၊ 5.56 ကျည် ၂၇ တောင့်ကို ကာကွယ်ရေးမဟာမိတ်အဖွဲ့များမှ သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force အဖွဲ့နှင့်အတူ မဟာမိတ်များဖြစ်သည့် People’s Defense Force – Mandalay၊ 27 Revolution Forces ၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ တို့ ပူးပေါင်း၍ ဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိ မန္တလေးတိုင်းအတွင်းတွင် Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄) တပ်ရင်းတစ်ခုသာ ကျန်ရှိနေသည့်အတွက် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုများ အဖက်ဖက်မှ ဝင်ရောက်လာနိုင်၍ ခုခံကာကွယ်နိုင်ရန်အတွက် ၎င်းတို့အဖွဲ့ကို လှူဒါန်းပေးရန် မိဘပြည်သူများအား NPDF က မေတ္တာရပ်ခံ တောင်းဆိုထားသည်။

တိုက်ပွဲအတွင်း အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် အင်အား ၁၀၀ နီးပါးဖြင့် ကျေးရွာအတွင်းသို့ ထပ်မံဝင်ရောက်ခဲ့ပြီး ယင်းနေ့ ညနေ ၆ နာရီခန့်မှ စတင်၍ ပျားရွာအရှေ့ပိုင်းရှိ နေအိမ်များကို စတင်မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးရှောင်တိမ်းခဲ့ရသည်။

ထို့အပြင် နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၆ နာရီက ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ နွားလှည်းပြန်ယူသည့် ဒေသခံ ကိုဇော်မျိုးနိုင်ကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ ကြောင်း သိရသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ပျားရွာသည် အိမ်ခြေ ၁,၅၀၀ ကျော်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်၏ နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာရှိ နေအိမ်တစ်ဝက်ခန့် မီးလောင်ကျွမ်းခဲ့ပြီဖြစ်ကာ ပြည်သူများစွာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံက သိရသည်။mizzima

လောင်းလုံးမြို့ပေါ်တွင် စစ်တပ်က ဆိုင်ကယ် စီးနင်းလာသူများကို အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် ၁၄ နှစ်အရွယ် လူငယ် ၁ ဦးအ ပါအဝင် ၂ ဦးသေဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်တွင် ဆိုင်ကယ် စီးနင်းလာသည့် လူငယ်များကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်သောကြောင့် ၁၄ နှစ်အရွယ် လူယ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် လောင်းလုံးမြို့ပေါ် ပြည်သူ့ဆေးရုံကြီး အနီး၌ စစ်ဆေးရေး လုပ်ဆောင်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဆိုင်ကယ် စီးနင်းလာသည့် လူငယ်များကို အကြောင်းမဲ့ ပစ်ခတ် ဖမ်းဆီးခဲ့​ကြောင်း သိရသည်။

မွန်းလွဲ ၂ နာရီခန့်တွင် ဆိုင်ကယ် မောင်းနှင်လာသည့် လူငယ် ၂ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ လိုက်လံ ပစ်ခတ်စဥ် သဗျာကျေးရွာမှ လောင်းလုံးမြို့အတွင်းသို့ ဆိုင်ကယ်အတူ စီးနင်းလာသည့် မောင်နှမ ၂ ဦးလည်း ထိမှန်ခဲ့ပြီး အစ်ကိုဖြစ်သူ မောင်အောင်ဝေယံ (အသက် ၁၄ နှစ်)သည် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း၊ ညိီမဖြစ်သူ မယွန်းပြည့်သဇင် (အသက် ၁၂ နှစ် )လည်း ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ လိုက်လံ ဖမ်းဆီးခဲ့သည့် လမ်းသွား လမ်းလာ လူငယ် ၂ ဦးလည်း ဖမ်းဆီးခံရပြီး ပစ်ခတ်မှု​ ဖြစ်စဥ်အတွင်း လူငယ်တစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး ကျန် လူငယ် တစ်ဦးကို အကြမ်းဖက် စစ်တပ်မှ တပ်သားများက အပြင်းအထန် ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

” ဖြစ်စဥ် တစ်နေရာတည်းမှာ ဖြစ်သွားတာ အမည်မသိ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်ကို စစ်ခွေးတွေက အကြောင်းမဲ့ ပစ်ခတ် ဖမ်းဆီးရင်းကနေ မောင်အောင်ဝေယံပါ ကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်။ အမည်မသိ လူငယ် ၁ ဦးလည်း သေဆုံးတယ်လို့ သိရပါတယ်” ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်)မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ khit thit

နေရပ်စွန့် ဂြိတ်ချောင်းဒေသခံများ နေထိုင်စားသောက်ရေး အကူအညီလိုအပ်၊ ဘူးသီးတောင်တွင် လယ်သမားတဦး လက်နက်ကြီးထိမှန်

စစ်တပ်လက်နက်ကြီးကျပြီး အများအပြား သေဆုံးဒဏ်ရာရခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းက ဂြိတ်ချောင်းကျေးရွာဒေသခံတွေဟာ နိုဝင်ဘာ ၂၀ ရက်က အဲဒီရွာမှာ မနေရဲတော့ဘဲ တိမ်းရှောင်လာခဲ့ကြပြီး နေထိုင်စားသောက်ရေး အကူအညီ လိုအပ်နေတယ်လို့ ရွာသူ၊ရွာသားတွေက ပြောပါတယ်။

ရွာသား တဦးက “ဂြိတ်ချောင်းရွာက မြိုတိုင်ရင်းသားတွေ နေကြတာပါ။ ရွာမှာ ကလေး ကင်းပွန်း တပ်ပွဲ ကျင်းပနေချိန် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာပါ။ လက်ရှိ အဘက်ဘက်ကို ကြောက်နေရတဲ့အတွက် ရွာမှာ မနေဝံ့တောတဲ့အတွက် အားလုံး ထွက်ပြေးလာကြပါတယ်။ ရှေ့ဆက်ဘာလုပ်ရမလဲ မသိတော့ပါဘူး။ အားလုံး တဖက်တလမ်းက ကူညီပေးကြဖို့ တောင်း ဆိုချင်ပါတယ်။” လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၆ ရက် နေ့လယ် ၁ နာရီလောက်မှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျပြီး ဒေသခံ ၁၂ ယောက် သေဆုံးကာ ၅၀ လောက် ဒဏ်ရာရခဲ့ပြီး လက်ရှိ မြေပြင်အ နေအထားအရ တိုက်ပွဲဆက်ပြင်းထန်လာနိုင်တဲ့အတွက် အခုလို နေရပ်စွန့်ခွာ ထွက်ပြေး လာကြတာလို့ သိရပါတယ်။

မေယုတောင်ကျော်လမ်း တခုဖြစ်တဲ့ ကြိမ်ချောင်း-ဂုတ်ပီတောင်ကျော်လမ်းပေါ်က အိမ်ခြေ ၁၀၀ ကျော်ရှိပြီး လူဦးရေ ၅၀၀ ကျော်နေထိုင်တဲ့ မြိုတိုင်းရင်းသားရွာလေးမှာ လက်နက်ကြီး ၃ လုံး နိုဝင်ဘာ ၁၆ ရက်က ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက  ဘူးသီးတောင်မြို့နယ်၊ ဖရုံချောင်းရွာနေ လယ်သမား တယောက်လည်း လက်နက်ကြီးကျည် ထိမှန်ပြီး ပြင်း ထန် ဒဏ်ရာရကာ ဘူးသီးတောင်ဆေးရုံမှာ  အရေးပေါ်ဆေးကုသနေရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ 

သားဖြစ်သူက  “ကျနော့်အဖေက လယ်ထဲက စပါးအခြေအနေကို  သွားကြည့်တာ။ လယ်ကွင်းထဲ လက်နက်ကြီး ကျပြီး ပေါက်ကွဲလို့ ဒဏ်ရာရသွားတယ်။”လို့ ပြောပါတယ်။

တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၁၀ တပ်ရင်းက  လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက် ၅၀ အရွယ် ဖခင်ဖြစ်သူ မာမတ်ကာလူ ထိမှန်ဒဏ်ရာရတာလို့ ဆိုပါတယ်။

အောက်တိုဘာ ၂၇ ရက်က ဂူတာပြင်ကျေးရွာနားမှာ စစ်ကောင်စီတပ် နဲ့ အေအေတို့ တိုက်ပွဲ ဖြစ်ပြီးနောက် သရက်တောင်ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် မော်လဝီတရားဟောဆရာ  လက်နက်ကြီးကျည် ထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။ DVB

ထားဝယ်ခရိုင်၌ ၅ ရက်အတွင်း ပြည်သူ ၁၉ဦးကို စစ်ကောင်စီတပ်ဖွဲ့ဖမ်းဆီး

တနင်္သာရီတိုင်း ၊ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံးမြို့နယ် နှင့် ထားဝယ်မြို့နယ်တို့တွင် ငါးရက် အတွင်း ဒေသခံ ၁၉ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသူတို့မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်မှ ၁၉ ရက်နေ့ အထိ ဖမ်းဆီးမှုများပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ဖမ်းဆီးခံရသူများသည် နေအိမ်တွင် ဖမ်းဆီးခံရခြင်း၊ဧည့်စာရင်းစစ်မည်ဟုဆိုကာ ဖမ်းဆီးခံရခြင်း၊ စစ်ဆေးရေးဂိတ်နှင့် လမ်းပေါ်တွင် ဖမ်းဆီးခံရခြင်းတို့‌ကြောင့်ဖြစ်သည်ဟု ယင်းမြို့ခံများထံက သိရသည်။

ထားဝယ်မြို့ခံ တစ်ဦးက“ရက်ပိုင်း အတွင်းမှာ စစ်တပ်က လိုက်လံ ဖမ်းဆီးခြင်း ခံလိုက်ရတဲ့ သူတွေ အထဲမှာ အမျိုးသား အ၊မျိုးသမီးတွေ ပါဝင်ပါတယ်။ စျေးသည် တချို့တောင် ပါဝင်နေတယ်”ဟု ပြောသည်။

လက်ရှိလောင်းလုံးမြို့နယ်တွင် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်သည်ဟု စွပ်စွဲချက်ဖြင့် လိုက်လံဖမ်းဆီးနေခြင်းအပြင် စစ်ဆေးရေးဂိတ်များ၌ ဆိုင်ကယ် တစ်စီးလျှင် နှစ်ယောက်စီးပါက ဖမ်းဆီးခြင်းများပြုလုပ်နေခြင်းဖြစ်သည်ဟု လောင်းလုံးဒေသခံကပြော သည်။

လက်ရှိတွင် စစ်ကောင်စီက အကြောင်းပြချက် အမျိုးမျိုးဖြင့် ဖမ်းဆီးခဲ့သူများကို အခုချိန် အထိ ပြန်လည် လွှတ်‌ပေးခြင်း မရှိသေးကြောင်း ဖမ်းဆီးခံ မိသားစုဝင်များနှင့် နီးစပ်သူများထံက သိရသည်။ mizzima

ရေး-သံဖြူဇရပ် လမ်းပိုင်းတွင် စစ်ကားများကို ၃ ကြိမ် တိုက်ခိုက်မှု ၈ ဦးသေဆုံး၊ တန့်ဆည်တွင်လည်း ပျူစောထီးများကို ဖောက်ခွဲတိုက်ခိုက်မှု ၈ ဦးသေဆုံး

မွန်ပြည်နယ်၊ ရေးမှ သံဖြူဇရပ်သို့ တက်လာသည့် စစ်ကားများကို ကာကွယ်ရေး တပ်ဖွဲ့များက ၃ ကြိမ် တိုက်ခိုက်ခဲ့ပြီး ၈ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၃၈ မိနစ်တွင် ရေးမြို့မှ သံဖြူဇရပ်သို့ တက်လာသည့် စစ်ကား ၇ စီးကို ကွမ်ကြိုက်နှင့် ကနင်ကမော့ရွာ အကြားတွင် တောင်ညိုပြည်သူ့ ပြောက်ကျားအဖွဲ့မှ ပထမ အကြိမ် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နံနက် ၁၁ နာရီ ၁၇ မိနစ်တွင် သံဖြူဇရပ်မြို့မှ လမ်းကင်း အဖြစ် လာသော Double Cab ကားသေး ၁ စီးကို ဝဲခမီကျေးရွာအနီး တွင် ဒုတိယ အကြိမ် တောင်ညိုပြည်သူ့ပြောက်ကျားအဖွဲ့ တို့ ထိပ်တိုက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်တွင် ရေးမြို့ မှ သံဖြူဇရပ်သို့ တက်လာသော စစ်ကား ၇ စီးကို ဘေးလမိုင်းရွာ အနီး တွင် တောင်ညိုပြည်သူ့ ပြောက် ကျား အဖွဲ့မှ တတိယအကြိမ် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း တောင်ညို ပြည်သူ့ ပြောက်ကျား အဖွဲ့မှ ထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ပျူစောထီးအဖွဲ့ကို ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့တွင် တန့်ဆည်မြို့နယ်၊ ဆင်ငယ်ရွာအနီးတွင် ညသန်းခေါင်အချိန်၌ ပျူစောထီးများ အပြင်ထွက်လာစဉ် ကာကွယ်ရေးပူးပေါင်းအဖွဲ့များက တိုက်မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Guerrilla warfare K.P.K၊ TSR ၊‌ ရွှေဘိုခရိုင် တပ်ရင်း(၁၀)၊ တပ်ရင်း(၂၆) Taze Tiger ၊ PLA နှင့် မြို့နယ်ပလဖ အဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ khit thit

မန္တလေးတိုင်းနှင့်ရှမ်းမြောက်ပိုင်း ၉ ရက်တာတိုက်ပွဲအတွင်း စစ်တပ် ၃၇ ဦး၊ MDY.PDF ၁ ဦး ကျဆုံး

မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနယ်စပ်မှာ နို၀င်ဘာ ၈ ရက်ကနေ ၁၆ ရက်နေ့ထိ တိုက်ပွဲ ၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၃၇ ဦးနဲ့ MDY.PDF ဘက်က ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ MDY.PDFက နို၀င်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ် (မန္တလေး) တွေ လုံခြုံရေးယူထားတဲ့နေရာကို နို၀င်ဘာ ၈ က စစ်ကောင်စီတပ် ခလရ ၂၅၃နဲ့ ခမရ ၅၀၅ ပူးပေါင်းစစ်ကြောင်း ဝင်ရောက်လာတာကြောင့် စတင် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

နို၀င်ဘာ ၈ ရက် စတင်ဖြစ်ပွားတဲ့တိုက်ပွဲဟာ ပထမအကြိမ် မိနစ် ၃၀ လောက်ကြာမြင့်ခဲ့ပြီး ဒုတိယအကြိမ်မှာတော့ ၁ နာရီ၀န်းကျင် ကြာမြင့်ကာ စစ်ကောင်စီဘက်က ၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နို၀င်ဘာ ၉ ရက်မှာတော့ စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ကျားတက်ထိုးရာမှာMDY.PDF ဘက်ကထောင်ထားတဲ့ မိုင်းကြောင့် စစ်ကောင်စီဘက်ကအယောက် ၂၀ သေဆုံးပြီး MDY.PDFဘက်က ရဲဘော် ဇော်ဝင်းအောင်(ခ)မှန်လေး ကျဆုံးကာ ၄ ဦး အသေးစားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၁၄ ရက်နေ့ မနက်မှတော့ MDY.PDFက ထောင်ထားတဲ့ မိုင်းကွင်းအတွင်း စစ်ကောင်စီစစ်ကြောင်း၀င်ရောက်လာပြီး မိုင်း ၆ လုံး ပေါက်ကွဲကာ စစ်ကောင်စီတပ်သား ၁၂ ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နို၀င်ဘာ ၁၆ ရက်နေ့ တိုက်ပွဲမှာတော့ စစ်ကောင်စီတပ် ခမရ ၅၀၁၊ ခမရ ၅၀၂၊ ခမရ ၅၀၅ ပူးပေါင်းစစ်ကြောင်း အင်အား ၂၀၀ ၀န်းကျင်နဲ့ ထပ်မံထိုးစစ်ဆင်လာတာကြောင့် မိုင်း ၃ လုံးဆွဲကာ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ် ထိခိုက်မှုများပြီး MDY.PDFဘက်က ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MDY.PDF) ဟာ ဒီနှစ် မေလပိုင်းက စတင်လို့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေကို စတင်ပစ် မှတ်ထား တိုက်ခိုက်လာတာပါ။

ဒါ့အပြင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်နဲ့ ရှမ်းပြည် နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာလည်း ဇူလိုင်လအတွင်းက စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာမှုတွေရှိနေပြီး ထိတွေ့ပစ်ခတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ DVB

စစ်ကိုင်း မှ မုံရွာ သို့ ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်း ၃ ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ရပြီး ၁၀ ဦးထက်မနည်းသေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ မှ မုံရွာမြို့သို့ လက်နက်အင်အားနှင့် လူအင်အား ဖြည့်တင်းရန် ထွက်ခွာလာသော တပ်မ (၃၃) ၏ ယာဉ် ၁၈ စီးပါ စစ်ကောင်စီ ယာဉ်တန်းကို မဟာမိတ်ပူးပေါင်းအဖွဲ့များက သုံးကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေ ဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်နေ့တွင် မဟာမိတ်အဖွဲ့များ ပူးပေါင်း၍ စစ်ကောင်စီ၏ ယာဉ် ၁၈ စီးပါ ယာဉ်တန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDOSOM) ထံက သိရသည်။

“ ကျွန်တော်တို့ အဖွဲ့ခွဲတွေက မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီယာဉ်တန်းကို မိုင်းသုံး ကြိမ်ဆွဲ တိုက် ခိုက်ပါတယ်။ ဒုတိယပွိုင့်မှာလည်း အထိအခိုက်များတယ်။ တတိယပွိုင့် မှာက လူအပြည့်ပါတဲ့ ကားကို တိတိကျကျ ထိမှန်ခဲ့လို့ စစ်ကောင်စီတပ်သား ၁၀ ယောက်လောက်သေပြီး ဒဏ်ရာရတာလည်းတော်တော်များတယ်” ဟု CDOSOM အဖွဲ့တာဝန်ခံ ဗိုလ်နွေဦးက မဇ္ဈိမကို ပြော သည်။

စစ်ကောင်စီယာဉ်တန်းအား နံနက် ၁၁ နာရီ ၅၅မိနစ်တွင် မြောင်လမ်းခွဲနှင့် အလက္ကပ္ပအကြားတွင်း ပဒေသာ မိုင်း ခုနစ် လုံးဖြင့် ပထမအကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၁၀ စီးမြောက်ကားကို ထိမှန်ခဲ့ပြီး တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီ ယာဉ်တန်းမှ ပြန်လည်ပစ်ခတ်ရန် ပြင်ဆင်လာခဲ့ကြောင်း သိရသည်။

ချောင်ဦး မြို့နယ်၊ နတ်ရေကန်နှင့် ငါးယှန်ကျေးရွာ အကြား မွန်းလွဲ ၁၂ နာရီ ၅မိနစ်တွင် ပဒေသာမိုင်း ၂၂ လုံး အသုံးပြု၍ ပွိုင့် သုံး ခု ချကာ ဒုတိ ယအကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့‌ေကြာင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ လေးစီး မြောက်ကား ၊ ငါးစီးမြောက်ကား နှင့် ခြောက်စီးမြောက်ကား သုံး စီးကို ထိမှန်ခဲ့သည်။ ထို့သို့ ထိမှန်ခဲ့မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ၆၀-မမ လက်နက်ကြီးဖြင့် နှစ်ကြိမ်ပစ်ခတ်ခဲ့သည့်အပြင် လက်နက်ငယ်များဖြင့်ပါ အဆက်မပြတ် ပစ်ခတ်ခဲ့သော်လည်း ဒေသကာကွယ်ရေးအဖွဲများဘက်မှ ထိခိုက်မှုမရှိကြောင်း ဗိုလ်နွေဦး ထံက သိရသည်။

“အဲ့ဒီမှာက သူတို့(စစ်ကောင်စီတပ်) ထိခိုက်မှု၊ ကျဆုံးမှု များတယ်။ ပြည်သူတွေ အချို့ ကလည်း အဲ့ဒီလမ်းပေါ်ကနေဖြတ်တဲ့အချိန် ကားမှန်ကွဲမှန်စတွေကြောင့် တချို့ ကားတွေ ဆက်မမောင်းနိုင်ဘဲ ရပ်ထားတာကိုလည်း တွေ့ရတယ်။ ကျွန်တော်တို့ဘက်က စစ်ကောင်စီကားတွေကို တိ တိကျကျသိနိုင်ဖို့အတွက် ဒရုန်းနဲ့ ရိုက်ကူးမှုတွေပါ ပြုလုပ်ခဲ့တယ်” ဟု CDOSOM အဖွဲ့တာဝန်ခံ ဗိုလ်နွေဦးက ဆိုသည်။

ထို့ပြင် အဆိုပါစစ်ကောင်စီယာဉ်တန်းကို မြောင်မြို့နယ်မှထွက်ကာ လုံခြုံရေးယူ ပေးနေသည့် စစ်ကောင်စီ ကင်းပုန်းတစ်ခုကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သေဆုံးမှုများ ရှိနိုင်ကြောင်း CDOSOM အဖွဲ့တာဝန်ခံထံက သိရသည်။

သုံး ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည် စစ်ကောင်စီယာဉ်တန်းသည် မြောင် မြို့နယ်သို့ ဝင်ရောက်လာခြင်းမရှိဘဲ မုံရွာမြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် မြောင်မြို့နယ်အတွင်းသို့ ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့မှ စတင်၍ နိုဝင်ဘာ ၁၁ ရက်နေ့ အထိ တောက်လျောက် စစ်ကြောင်းထိုးခဲ့ပြီး ကျေးရွာ ရှစ် ရွာကို မီးရှို့ဖျက်ဆီးခဲ့ကာ ဒေသခံများပိုင်ဆိုင်သည့် ပစ္စည်းများကိုလည်း ခိုးယူခဲ့ကြောင်း သိရသည်။mizzima

မုံရွာနှင့်ရွှေဘိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တောင်ဘက်၊ မင်းရွာကျေးရွာနားမှာ နိုဝင်ဘာ ၁၉ ရက် မနက် ၉ နာရီ လောက်က စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရပြီး အထိအခိုက်များတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းရွာသားတဦးက “စစ်ကား ၃ စီး လောက်ရှိမယ်။ မုံရွာ-မန္တလေးလမ်းကို မိုင်းရှင်းဖို့ လာတယ်လို့တော့ သိရတယ်။ ဘယ်သူတွေက ထောင်တယ်လို့တော့ မသိရဘူး။ အဲဒီလိုနဲ့ သူတို့ ရွာအဝင်ပေါက်လည်းရောက်ရော “အုန်း” ဆိုတဲ့ ပေါက်ကွဲသံကြားလိုက်ပြီး ကြည့်လိုက်တော့ စစ် သားတွေ မြေပြင်ပေါ် လဲကျနေတာတွေ မြင်ခဲ့ရတယ်။ သေသား၊ ရှင်လားတော့ အတိကျမပြောနိုင်ဘူး။ မိုင်းကွဲတဲ့အသံကတော့ ၆ လုံး လောက်ရှိတယ်။ လုံခြုံရေးအရ ဆက်ပြီး မကြည့်ရဲတော့ဘဲ ထွက်ပြေးခဲ့တယ်” လို့ ပြောပါတယ်။

မင်းရွာဟာ မုံရွာ-မန္တလေးသွားကားလမ်းဘေးမှာရှိတဲ့ ရွာဖြစ်ပြီး  အခုလို မိုင်းခွဲခံရပြီးနောက် မုံရွာ-မန္တလေးလမ်းသွားနေတဲ့ ကားတွေကို စစ် ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်လို့ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီက သတင်းထုတ်ပြန်တာလည်း မရှိပါဘူး။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ကို  ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့မှ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ရာမှာ ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ရွှေဘိုမြို့နယ်(ပကဖ) တိုက်နယ် ၂ အဖွဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင် ၈ ယောက် ဟာ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက ဆိုင်ကယ် ၄ စီးနဲ့ ရဲစခန်းမှာ ရွာထဲ ထွက်လာချိန် အဝေးထိန်းမိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ရွှေဘိုမြို့နယ်(ပကဖ) တိုက်နယ် ၂ အဖွဲ့ တာဝန်ရှိသူက “ဆိပ်ခွန်ရဲစခန်းဆိုတာက စခန်းရှေ့ဖြတ်သွားတဲ့ အများပြည်သူကို ပြဿနာရှာပြီး ငွေညှစ်တဲ့ စခန်းပါ။ အဝေးထိန်းမိုင်းနဲ့ ဖောက်လိုက်တာ ဆိုင်ကယ် ၂ စီး ထိမှန်ပြီး ၁ စီး စုတ်ပြတ်သွားတယ်။ အဲဒီမှာ ၁ ကောင်သေတယ်ပြီး ၂ ကောင်ဒဏ်ရာရတယ်” လို့ ပြောပါတယ်။ 

တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၅ တပ်ရင်ေ၊ တပ်ခွဲ ၃ နဲ့ ရွှေဘိုမြို့နယ် (ပကဖ) တိုက်နယ် ၂ အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ DVB

ခင်ဦးနှင့်ရွှေဘိုမြို့နယ်မှ ပေါင်းလဲကုန်း၊ လက် ပံကြီး၊ နှဲတွင်း၊ ဆီဆုံလေးနှင့် လိပ်ရကုန်းရွာများကို စစ်တပ်က မီးတင်ရှို့မှု အိမ်ခြေ ၂၀၀ နီးပါး မီးလောင်ပြာကျ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရွှေဘိုမြို့နယ်မှ ပေါင်းလဲကုန်း၊ လက်ပံကြီး၊ နှဲတွင်း၊ ဆီဆုံလေးနှင့် လိပ်ရကုန်းကျေးရွာများ မီးရှို့ခံရပြီး အိမ်ခြေ ၂၀၀ နီးပါး မီး လောင် ပြာကျသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုကြသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ နှင့် ၁၉ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က ခင်ဦး မြို့နယ်၊ ပေါင်းလဲကုန်းကျေးရွာမှ တစ်ရာကျော်ကိုလည်းကောင်း၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ခင်ဦးမြို့နယ်၊ လက်ပံကြီးကျေးရွာမှ အိမ်ခြေ ၅၀ ကျော်ကို လည်းကောင်း၊ နိုဝင်ဘာလ ၁၉ ရက်နေ့ နှဲတွင်းကျေး ရွာမှ အိမ်ခြေ ၁ လုံး၊ နိုဝင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့ တွင် ခင်ဦးမြို့နယ်၊ ဆီဆုံ လေး ကျေးရွာမှ နေအိမ် ၈ လုံးခန့်ကိုလည်းကောင်း၊နိုဝင်ဘာလ ၂၀ ရက်နေ့ ရွှေဘို မြို့နယ်၊ လိပ်ရကုန်းကျေးရွာမှ အိမ်ခြေ ၃၀ ကျော်ကိုလည်း ကောင်း စုစုပေါင်း အိမ်ခြေ ၂၀၀ နီးပါးကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။

“အခု ခင်ဦးမှာ စစ်တပ်က စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝင်နေတာ။ ခင်ဦးတောင် ဘက် စစ်ကြောင်းက လက်ပံကြီးကျေးရွာကို ဖျက်ဆီးတယ်။ ခင်ဦးမြောက် ဘက်စစ်ကြောင်းက ဆီဆုံလေးကျေးရွာကို ဖျက်ဆီးတယ်။ တစ်နေကုန် ရွာစဉ် ဖျက်ဆီး မီးရှို့နေကြတာ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် ခင်ဦးမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယခု အောက်တိုဘာလအထိ မီးရှို့ခံရသည့်ရွာ ၄၇ ရွာ၊ လူနေအိမ် ၁၈၅၆ လုံး မီးလောင် ပြာကျ ခဲ့ရကြောင်း၊ စစ်တပ်က ပြည်သူနှင့် PDF ရဲ ဘော် ၂၁၈ ဦးကို သတ်ဖြတ်ခဲ့ပြီး ၁၄၃ ဦးကို ဖမ်းဆီးထောင်ချခဲ့ကြောင်း သိရှိ ရသည်။khit thit

« Older Entries