ဖလမ်းမြို့နယ် သီးဘွာလ်စခန်းသိမ်းတိုက်ပွဲပြင်းထန်၊ နှစ်ဖက်တပ်များ သေဆုံးဒဏ်ရာရသူများပြား

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ သီးဘွာလ်စစ်စခန်းကို CNDFနဲ့ ချင်းလက်နက်ကိုင်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးစားနေရာမှာ တိုက်ပွဲ ပြင်းထန်နေပြီး နှစ်ဖက်တပ်တွေ ထိခိုက်သေဆုံးမှုတွေလည်း များနေပါတယ်။ 

စစ်ကောင်စီနဲ့ ၅ ရက်ကြာ တိုက်ပွဲမှာ CNO/CNDF ဘက်က ဒရုန်းနဲ့အကြိမ် ၃၀၀ ကျော် ဗုံးကြဲ တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အရာရှိတွေအပါအဝင် ၃၀ ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းများတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်သတင်းပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ပြောဆိုပါတယ်။

နိုဝင်ဘာ ၁၉ ရက် မနက် ၅ နာရီလောက်က သီးဘွာလ်စစ်စခန်းကို CNDF ထပ်မံ တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က အထိနာတဲ့အတွက် စခန်းမကျရေးအတွက် ဂျက်တိုက်လေယာဉ် ၂ စင်းအပါဝင် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၅ စင်းနဲ့ မနက် ၁၀ နာရီလောက်ကနေ မွန်းလွဲ ၁ နာကျော်အထိ လာရောက်ပစ်ခတ်ခဲ့တယ်လို့ CNDF က ထုတ်ပြန်ပါတယ်။

သီးဘွာလ်စစ်ကောင်စီစခန်းကိုသိမ်းပိုက်နိုင်ဖို့ နိုဝင်ဘာ ၁၅ ရက်ကနေ ၁၉ ရက်အထိ ၅ ရက်တိုင်တိုင် ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF)က လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပြန်လည်ပစ်ခတ် ခဲ့လို့ ပထမရက်မှာကတည်းက ၃ နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ CNO/CNDF အဖွဲ့ကပြောပါတယ်။

CNO/CNDF အဖွဲ့က “အကြမ်းဖက်စစ်‌ကောင်စီတပ်အထိနာသွားပြီး မနက် ၉ နာရီ လောက်မှာ တိုက်လေယာဉ်နဲ့ ၃ ကြိမ်လာရောက်ပြီး အကြိမ်ရေများစွာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒုတိယအခေါက် ကြဲတဲ့ဗုံးက သူတို့တပ်စခန်းအနီးကျပြီးပေါက်ကွဲကာအိမ် ၂ လုံး မီးလောင်သွားတယ်။ ပထမရက်တိုက်ပွဲမှာ စကစဘက်က  ၈ ယောက်လောက်သေတယ်။ CNO/CNDF ဘက်က ၂ ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာ ရရှိခဲ့ပါတယ်” လို့ ဆိုပါတယ်။

တိုက်ပွဲကို ZFU/PDF-Zoland၊ CDM-Siyin နဲ့ ချင်းပူးပေါင်းကာကွယ်ရေး တပ်ဖွဲ့ ဖြစ်တဲ့ CJDC တို့က ကူညီအင်အားဖြည့်ပေးခဲ့တယ်လို့ CNO/CNDF အဖွဲ့ကပြောပါတယ်။

နိုဝင်ဘာလ ၁၆ ရက် တိုက်ပွဲမှာလည်း စကစတပ်ဘက်က အထိနာပြီး နေ့လယ် ၃ နာရီလောက်မှာ MI-35 ရဟတ်ယာဉ်နဲ့ မိနစ် ၂၀ လောက် လာရောက်ပစ်ခတ်ခဲ့ပါတယ်။

ဒုတိယနေ့တိုက်ပွဲအတွင်း စကစတပ်ဘက်က  ၅ ယောက်သေဆုံးကာ ဒဏ်ရာရရှိသူများပြားရှိခဲ့ပြီး ချင်းလက်နက်ကိုင်တွေ ဘက်က အထိအခိုက်မရှိဘူးလို့ CNO/CNDF အဖွဲ့ကဆိုပါတယ် ။

အဲ့ဒီနေ့ညမှာပဲ ကလေးမြို့ CNDF တပ်မဟာ (၁)၊ တပ်ရင်း (၃) နဲ့ CDF-KKG ပူးပေါင်းပြီ စကစတပ်ကိုသွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စကစတပ်သား ၁ ယောက်သေဆုံးပြီး ၁ ယောက် ပြင်းထန်ဒဏ်ရာရသွားတယ်လို့ တော်လှန်ရေးအဖွဲ့ကပြောပါတယ်။

နိုဝင်ဘာ ၁၇ ရက်တိုက်ပွဲမှာလည်း လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး မွန်းလွဲ ၄ နာရီလောက်ကစပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ   MI-35  နဲ့ ၄၅ မိနစ်ခန့် လာရောက်ပစ်ခတ်ခဲ့ပါတယ်။

အဲ့ဒီနေ့ညမှ MEDF ပူးပေါင်းအဖွဲ့က ရုန်း-Drone နဲ့ ဗုံးအလုံးရေ အများအပြားနဲ့ တိုက်ခိုက်ခဲ့လို့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်  ၆ ယောက်သေဆုံးပြီး၊ ဒဏ်ရာရသူအများအပြားရရှိခဲ့သလို CNO/CNDF ဘက်က ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ပါတယ်။ 

နိုဝင်ဘာလ ၁၈ ရက် ၄ ရက်မြောက်နေ့ မနက် ဝေလီဝေလင်းအချိန် CNDF အဖွဲ့က စစ်ကောင်စီတပ်စခန်းကို ထပ်မံတိုက်ခိုက်ရာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အချက်ပေါင်းများစွာ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ အဲ့ဒီနေ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးပြီး CNO/CNDF တပ်သား ၁ ဦး ၆၀-မမ လက်နက်ကြီးစ ထိမှန်ပြီး မစိုးရိမ်ရတဲ့ဒဏ်ရာ ရရှိခဲ့ပါတယ်။

တိုက်ပွဲအတွင်း သီးဘွာလ်စခန်းကို စစ်ကူပေးဖို့ ရဟတ်ယာဉ်နဲ့ စစ်ကောင်စီတပ်ဖွဲ့အင်အား ၃၀ ကျော်ကို ချသွားတယ်လို့သိရပြီး သေဆုံးထိ ခိုက်ဒါဏ်ရာရတဲ့ စစ်သားတွေကိုလည်း ကလေးမြို့ စစ်ဆေးရုံကို သယ်ဆောင်သွားကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့ညနေ ၅ နာရီလောက်ကလည်း အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို သီးဘွာလ်စစ်စခန်းအနီး ၊ ဘွာလ်သဲကျေးရွာမှာ CNDF က ကြားဖြတ်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားချိန်  ၁ နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့မှ အနည်းဆုံး ၆ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီနောက် ညနေ ၆ နာရီခွဲအချိန်မှာတော့ စစ်ကောင်စီတပ်ဖွဲ့မှ ဘွာလ်သဲကျေးရွာရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့ပြီး  မီးရှို့ခံရတဲ့ အိမ်ခြေအရေတွက်ကိုတော့ သီးခြားအတည်မပြုနိုင်ခြင်းမရှိသေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s