Monthly Archives: Nov 2022

ပေါက်မြို့နယ်၊ ကျွန်းတိုင်ကျေးရွာကို စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့နေ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရဲစန်းသို့ ရိက္ခာလာပို့သည့် စစ်ကြောင်းကို PDF တပ်များက ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံး ပြီး နောက် စစ်တပ်က အနီးအနားရှိ ကျွန်းတိုင်ကျေးရွာကို ၂ ရက်ဆက်တိုက် မီးရှို့လျက်ရှိ ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်လင်္ကျာ က ပြောသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ချောင်းကူး ကျေးရွာမှ ဇီးပြား ရဲစခန်းသို့ ရိက္ခာ လာပို့သော စစ်ကြောင်းကို ကျွန်းတိုင်ရွာ အနီးတွင် PDF တပ်များက တိုက်မိုင်း နှစ်ကြိမ်၊ မိုင်းအကြီး များဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုစစ်ကြောင်းသည် ရှေ့သို့ ဆက်လက် ချီတက်လာစဉ် ထပ် မံ၍ PDF များက ခြုံခိုတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံး ၍ ၉ဦးထက် မနည်း ထိခိုက် ဒဏ်ရာရရှိသွားကြောင်း၊စစ်ကြောင်းကို တိုက် ခိုက်ရာတွင် မြိုင် ပကဖ တပ်ရင်း ၁ ၊ ပေါက် မြွေပွေး ပျောက်ကျားတပ်ဖွဲ့၊ တိမ်လွှာမုတ်ဆိတ် အဖွဲတို့နှင့် ပူး ပေါင်း ဆောင်ရွက်ခြင်းဖြစ် ကြောင်း စစ်တပ်က အထိ နာ၍ တိုက်ပွဲဖြစ်ပွားရာ အနီးအနားရှိ ကျွန်းတိုင်ကျေးရွာအနောက်ပိုင်းကို ယမန်နေ့ ညပိုင်း မီးဝင် ရှို့သွားပြီး အိမ်ခြေ ၁၃ လုံးခန့် မီးလောင်ကျွမ်းပြာကျသွားကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင်လည်း ကျွန်းတိုင်ရွာကို စစ်တပ်က ထပ် မံ ၍ ဆက်လက်မီးရှိနေပြီး နေအိမ်အမြောက်များလောင်ကျွမ်းနေကြောင်း၊ PDF တပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်သားများ သေဆုံးမှုနှင့် ဒဏ်ရာရ ရှိမှုများ ဆက်လက် များပြားနေကြောင်း ဗိုလ်လင်္ကျာက ပြောဆိုသည်။ khit thit

စစ်အာဏာရှင်ကိုတော်လှန်နေသည့် ဒဂုံတက္က သိုလ် ဒုတိယနှစ်ကျောင်းသား တောတွင်းတစ်နေရာတွင် ကျဆုံး

စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်တိုက်ခိုက်နေသည့် ဒဂုံတက္ကသိုလ် ဥပဒေဌာန၊ ဒုတိယနှစ် ကျောင်းသား တစ်ဦးဖြစ်သူ ကိုသက်နောင်ဆွေသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်နေ့က တောတွင်းတစ်နေရာတွင် ကျဆုံးခဲ့ကြောင်းသိရသည်။

ကိုသက်နောင်ဆွေသည် တောတောင်များတွင် ကြမ်းတမ်းသည့် ရာသီဥတုများကို ခံစားခဲ့ရပြီး ရောဂါများရရှိကာ ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသား များ သမဂ္ဂဥက္ကဋ္ဌ ကိုမင်းဟန်ထက် ထံက သိရသည်။

“တာဝန်ထမ်းဆောင်နေဆဲကာလမှာပဲ ဦးနှောက်သွေးကြောပိတ်သွားတယ်။ ငှက်ဖျား လည်းဖြစ်နေတယ်လို့သိရတယ်။ အဲဒီလို ရောဂါတွေဆုံပြီး ဖြစ်သွားရတာလို့ သိရပါတယ်” ဟု ကိုမင်းဟန်ထက်က မဇ္ဈိမကိုပြောသည်။

ကိုသက်‌နောင်ဆွေသည် ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လူထုလှုပ်ရှားမှု သပိတ်များတွင် တက်ကြွပါဝင်ခဲ့သူဖြစ်ပြီး စစ်ကောင်စီတပ်၏ နှိပ်စက်ညှင်းပန်းမှုများကို မခံနိုင်၍ လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် လူငယ်များထဲမှ တစ်ဦး ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် ဒဂုံတက္ကသိုလ်ကျောင်းသား ကျောင်းသူများသည် အခြား လူငယ်များကဲ့သို့ပင် နွေဦးတော်လှန်ရေး၏ နေရာအသီး သီးတွင် ပါဝင်၍ စစ်အာဏာရှင် စနစ်ကျဆုံးရေးအတွက် ဆောင်ရွက်ခဲ့ကြသည်။

လက်လှမ်းမီသည့် စာရင်းများအရ နွေဦးတော်လှန်ရေးကာလ အတွင်းကျဆုံး သွားရသည့် ဒဂုံတက္ကသိုလ်ကျောင်းသားကျောင်းသူ စုစုပေါင်း ငါးဦး ရှိနေပြီဖြစ်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂထံက သိရသည်။

“တော်လှန်ရေးအတွင်းက ပေးဆပ်ရမှုတွေပါပဲ။ ကျွန်တော်တို့ လေးလေးနက်နက် ခံစားရပါတယ်။ စိတ်မကောင်းဖြစ်ရပါတယ်၊။ ခေတ်တိုင်းမှာရှိခဲ့တဲ့ ကျောင်းသား အာဇာနည်တွေနဲ့အတူ ကျွန်တော်တိုရဲ့ ရင်ထဲမှာ အမြဲရှိနေမှာပါ။ ဒီလိုကျဆုံးခဲ့ရတဲ့၊ အသက်ကိုပေးလှူခဲ့တဲ့ ကျောင်း သားတွေနည်းတူပဲ ခေတ်စနစ်က သတ်ပစ်လိုက်တဲ့ ကျောင်းသား ပြည်သူတွေအားလုံးကို ကျွန်တော်တို့ အမှတ်ရနေမှာပါ” ဟု ကိုမင်းဟန်ထက်က ပြောသည်။

မည်သည့်အခြေအနေမျိုး ကြုံတွေ့ရသည်ဖြစ်စေ ကျောင်းသားများ အနေဖြင့် စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် ဆက်လက်အသေခံ တိုက်ပွဲဝင်နေကြဦးမည် ဖြစ်သည်ဟု ဒဂုံတက္ကသိုလ် ကျောင်းသား များ သမဂ္ဂဥက္ကဋ္ဌ ကိုမင်းဟန်ထက် ဆိုသည်။

“အမိမြေလွတ်မြောက်ရေးအတွက် အရိုးတွေတောင်လိုပုံမှရမယ်ဆိုရင် အဲဒီ အရိုးပုံရဲ့အောက်ဆုံးအလွှာဟာ ငါတို့ကျောင်းသားတွေရဲ့ အရိုးပဲဖြစ်စေရမယ်” လို့ ဗိုလ်အောင်ကျော်ရဲ့ဈာပနမှာ ကျောင်းသားခေါင်းဆောင် ကိုလှရွှေကြွေးကြော်ခဲ့သလို မျိုးပဲ ကျွန်တော်တို့ ကျောင်းသားတွေဟာ ဆက်ပြီးတော့ အသေခံတိုက်နေကြဦးမှာပါ” ဟု ကိုမင်းဟန်ထက်က ပြောသည်။ mizzima

မင်္ဂလာဒုံတွင် တပ်ပိုင်မြေဟုဆိုကာ ဖျက်ခိုင်းနေသည့် ရပ်ကွက် ၅ ခုတွင် ပါဝင် သည့် ဘုန်း ကြီး ကျောင်း၊ သီလရှင်ကျောင်းနှင့်သာသနိကအဆောက်အုံ ၆၀ ခန့် ကို ချက်ချင်း ဖယ်ရှားရန် စစ်တပ်က အမိန့်ပေး

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုကို တပ်ပိုင် မြေ ကျူးကျော်သည်ဟုဆိုကာ ဖျက် သိမ်းခိုင်းနေသည့် ရပ်ကွက် ၅ ခု၊ အိမ်ခြေ ၁၀၀၀၀ နီးပါးတွင် ဘုန်းကြီးကျောင်း၊သီလရှင်ကျောင်း နှင့်သာသနိက အဆောက် အဦ ၆၀ ခန့် ကို ပါ စစ်တပ်က ဖယ်ရှားရန် အမိန့်ပေးထားသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ ရက်စွဲဖြင့် ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း နှင့်သာသနိက အဆောက်အအုံများ ဥပဒေနှင့်အညီ ဖယ်ရှားရှင်းလင်းမည်ဟု စစ်တပ်က မင်္ဂလာဒုံမြို့နယ် သံဃာနာယအဖွဲ့ ကို အသိပေးထားပြီး မြို့နယ် သံဃနာယက အဖွဲ့ကလည်း စစ်တပ်အလိုကျ ဘုန်းကြီး ကျောင်း၊ သီလရှင် ကျောင်း များ အနေဖြင့် နိုဝင်ဘာလ ၂၂ ရက်နေ့ မတိုင်မီ ဖယ်ရှားကြရန် ထပ်မံ အမိန့် ပေးညွှန်ကြားကြောင်း သိရှိရသည်။

မူလက စစ်တပ်က နိုဝင်ဘာလ ၁၈ ရက်နေ့ နေအိမ်များ ဖျက်သိမ်းရန် အမိန့် ထုတ်ခဲ့သော်လည်း ရပ်ကွက် ၅ ခုမှ ပြည်သူအများစုက ဖျက် သိမ်းပေးခြင်း မရှိဘဲ အခြေအနေကို စောင့်ကြည့်ကြကြောင်း၊ ထို့ကြောင့် နိုဝင်ဘာလ ၂၂ ရက်နေ့ စစ်တပ်က အပြီး ဖျက်သိမ်းပေးရန် ထပ်မံ ဖိအားပေးလာကြောင်း သိရှိရသည်။

“မြေက နှစ် ၂၀ လောက်ရှိပြီ။ ဘုန်းကြီးကျောင်းတွေဆိုတာလည်း အခိုင်အမာ ကြီးတွေ လှူဒါန်းသူတွေနဲ့ တည် ဆောက်ထားတာ။ အရင် စိုက် ပျိုးမြေတွေ၊ ဥယျာဉ် ခြံမြေတွေပါ ။ ပိုင်ရှင် မြေစလစ်တွေလည်းရှိတယ်။ အဲဒါ ပိုင်ရှင်တွေက လှူကြတော့ ဘုန်းကြီးကျောင်းတွေ သီလရှင်ကျောင်းတွေ ဆောက်ထားတာ ၆၀ လောက်ရှိမယ်။ အခု ဖျက်မယ်လို့ စစ်တပ်က ဖျက်ခိုင်းတဲ့အထဲမှာ ဘုန်း‌ကြီး ကျောင်း သီလရှင်ကျောင်းတွေ အကုန်ပါတယ်။ သံဃာတော်တွေကတော့ သံဃမဟာနာယက၊ မြို့နယ်၊ တိုင်း၊ ခရိုင်၊ ဗဟို အဆင့်ဆင့် တင်ပြနေကြတယ်။ စစ်တပ်က ဖျက်ဖို့ ဘက်ဟိုး ဘူဒိုဇာတွေ ပြင်နေကြပြီ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ထို့ပြင် မင်္ဂလာဒုံမြို့နယ်ရှိ ပျဉ်းမပင်ကျေးရွာအုပ်စု၊ မြဲမြံအောင်ရပ်ကွက်၊ ဓလပါ လရပ်ကွက်၊ စံသမာဓိရပ်ကွက်၊ ဂုန်ညှင်းနီရပ်ကွက်၊ မြဝတီရပ်ကွက် စသည့် ၅ ရပ်ကွက်ရှိ အိမ်များကို ကျူးကျော်ဟုဆိုကာ နိုဝင်ဘာ ၂၂ ရက်နေ့ အပြီး အတင်း အဓမ္မဖျက်သိမ်းခိုင်းနေကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများထံမှ သိရှိရသည်။

“အသံချဲ့စက်နဲ့ ဖျက်သိမ်းပေးဖို့ ကြေညာပါတယ်။ ဒီမြေတွေက ခရိုင်တရားရုံး မှာ အနိုင်ဒီဂရီ စာချုပ်ရထားပြီးသားပါ။ ၂၀၁၄ မှာ ကျူးကျော်အဖြစ် သတ်မှတ် ပြီး ဖျက်သိမ်းခဲ့သေးတယ်။ အဲလို ဖျက်သိမ်းတာကို ဘိုးဘွားပိုင်မြေဖြစ်တဲ့ ပြည်သူ တွေက ခရိုင်တရားရုံးမှာ အမှုရင်ဆိုင်ပြီး ခရိုင်မှာ ပြန်နိုင်ခဲ့ပါတယ္။ အခု ပြောင်းပေးဖို့ ကြေညာတာကလည်း နိုဝင်ဘာ ၂၂ ရက်နေ့ နောက်ဆုံး ထား ဖျက် သိမ်းပေးပါလို့အမိန့်ထုတ်တယ်” ဟု ပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သို့ ပြောကြားသည်။

အဆိုပါ ရပ်ကွက် ၅ ခုအတွင်း အိမ်ခြေပေါင်း သောင်းကျော်ရှိပြီး လူဦးရေ သောင်း ချီ မှီတင်းနေထိုင်ကြကြောင်း၊ ယခုကဲသို့ ဘိုးဘွားပိုင်မြေများကို ကျူး ကျော်များဟူ၍ အတင်းအဓမ္မဖျက်သိမ်းခိုင်းနေသည့်အတွက် ပြည်သူများ စိတ်ဆင်းရဲ ပူပင်နေရကြောင်း ရပ်ကွက်အတွင်းနေ ထိုင်သူများကပြောပြသည်။

“အခု စာချုပ်စာတမ်းတင်တဲ့ လူတရားစွဲမယ်ပြောတယ်။ အရေးယူမယ် လို့လည်း ခြိမ်းခြောက်နေပါတယ်။ အိမ်ခြေက သောင်းကျော်ရှိမယ်။ ရပ်ကွက် ထဲက လူတွေက နေစရာမရှိ အိမ်ခြေမဲ့သွားတော့မှာ။ သူတို့က အမိန့်စာထုတ် ပြီး အတင်းဖျက်ခိုင်းနေတာ အကြောင်းပြချက်မပေးဘူး” ဟု ဖျက်သိမ်းရန် အတင်း အဓမ္မပြောဆိုခံရသည့် ရပ်ကွက်နေ ပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှ စ၍ ပြည်သူပိုင်နေအိမ်များကို အတင်းအဓမ္မ ဖယ်ရှားခိုင်းခြင်း၊ ဘူဒိုဇာနှင့် ထိုး၍ ဖျက်ဆီးခြင်းများကို ရန်ကုန် အပါအဝင် မြို့ကြီးများတွင် ဥပဒေမဲ့ အဆက်မပြတ် လုပ်ဆောင်လာ ခြင်းဖြစ် သည်။khit thit

သရက်ချောင်းမြို့မှာ ဆိုင်ကယ် စီးလာစဉ် စစ်ကောင်စီတပ်သားတွေကို မြင်၍ လှည့်ပြေးရာ ပစ်သတ်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်တွင် ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက ဒေသခံ အမျိုးသား တစ်ဦး ဆိုင်ကယ်စီးနင်း သွားလာနေရာမှ စစ်ကောင်စီ တပ်သားများကို မြင်တွေ့ရာမှ ပြန်လှည့်ပြေးစဉ် သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ပစ်ခတ် ဖမ်းဆီးခံရသူ ဒေသခံဆိုသူမှာ တောင်ပျောက်တိုက်နယ် စုံစင်ဖျားကျေးရွာနေ ဦးမြင့်စိုး ဖြစ်ပြီး ၎င်းသည် တစ်ဦးတည်း ဆိုင်ကယ် စီးနင်းလာစဉ် ဝင်းကဖော်ကျေးရွာထိပ် အရောက်တွင် စစ်ကောင်စီ တပ်သားများကို မြင်တွေ့ရာ ဖမ်းဆီးခံရမှာကို လှည့်ပြန်ပြေးရာမှ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

သရက်ချောင်း မြို့ခံတစ်ဦးက “သူက အရင်က စံစင်ဖျားကျေးရွာမှာ နေထိုင်တဲ့သူပါ စစ်တပ်က အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အဆင်မပြေလို့ ဥယျာဉ်ခြံ တစ်ခုမှာ အလုပ်သွားနေရာမှ ပြန်လာစဉ် ပစ်ခံရတာ ဖြစ်တယ်”ဟု ပြောသည်။

၎င်းကို စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်ချိန်တွင် ဆိုင်ကယ် တိမ်းမှောက်သွားပြီးနောက် ဖမ်းဆီးခံရပြီး သဲချောင်းကြီးကျေးရွာရှိ ရဲစခန်းကို ဖမ်း ဆီး ခေါ်ဆောင်သွားကာ သေနတ်ထိ ဒဏ်ရာကြောင့် သွေးထွက်လွန်ပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။

လက်ရှိတွင် သေဆုံးသူ ဦးမြင့်စိုး၏ အလောင်းကို စစ်ကောင်စီ တပ်သားများက မိသားစုဝင်များကို ပြန်လည် ဆက်သွယ်ပေးပို့ခြင်း မရှိသေးကြောင်းလည်း သိရသည်။

အလားတူ သရက်ချောင်းမြို့နယ်မှာ ပြီးခဲ့သည့်ရက်ပိုင်း အမျိုးသား လေးဦးသည် ခရီးသွားလာစဉ် စစ်ကောင်စီလက်ချက်ကြောင့် ဖမ်းဆီးခံခဲ့သူ လေးဦးတွင် လက်နက်များပါရှိဟု ဆိုကာ စွပ်စွဲချက်နှင့် စစ်ကောင်စီ ဝါဒဖြန့် သတင်း တချို့တွင် ဖော်ပြထားပြီး ယင်းလေးဦးသည် လက်ရှိ အချိန်အထိ အသက်အန္တရာယ်စိုးရိမ်နေရပြီး သေသလား ရှင်သလား ဆိုသည်ကို တိတိကျကျ မသိရသေးကြောင်း ဒေသခံများထံမှ သိရသည်။mizzima

တောင်ကလေးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်၊ အရပ်သား ၂ ဦးသေ ဆုံးပြီး အများအပြား ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တောင်ကလေးစံပြကျေးရွာကို ယနေ့ နိုဝင်ဘာလ ၂၁ ရက် နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိထားကြောင်း လူမှုကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက မဇ္ဈိမကို အတည်ပြု ပြောသည်။

တောင်ကလေးကျေးရွာရှိ စစ်ကောင်စီရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် တစ်စီး၊ ရဟတ်ယာဉ်တစ်စီးဖြင့် ကျေးရွာကို စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက‌ ပြောသည်။

“အခု အနေအထားမှာတော့ သူတို့ဝင်ခွင့် ပေးတယ်၊ ကယ်ဆယ်ရေးအဖွဲ့က လူနာလိုက်ကောက်နေပါတယ်၊ လေး ၊ငါး ၊ခြောက်ယောက် လောက်ကတော့ ဒဏ်ရာနဲ့ နှစ်ယောက် အသေအပျောက် ရှိပါတယ်” ဟု ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ကယ်ထုတ်ရန် နံနက်ပိုင်းမှစ၍ စောင့်ဆိုင်းနေကာ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင်မှ ရုပ်အလောင်း ကောက်ယူခွင့်နှင့် သွားရောက်ကယ်ဆယ်ခွင့်ရကြောင်း လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် လေကြောင်းတိုက်ခိုက်မှုခံခဲ့ရသော တောင်ကလေး ကျေးရွာအတွင်း၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေဆဲဖြစ်ပြီး ထိခိုက်သေဆုံးသူ အရေအတွက် တိုးလာနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်၏ လေကြောင်း ပစ်ခတ်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုအတွင်း လူနေအိမ် ၁၀ လုံးခန့် ထိခိုက်ပျက်စီးသွားပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက မဇ္ဈိမကို ပြောသည်။

“မနက် ၄ နာရီကတည်းက အလုံးကြီးတွေ ဟိုဘက်ပစ်လိုက်၊ ဒီဘက်ပစ်လိုက် ၇ နာရီ ၃ မိနစ်လောက်မှာ လေယာဉ်နဲ့ လာပစ်တယ်” ဟု စစ်ဘေးတိမ်းရှောင်နေသော တောင်ကလေး ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

တောင်ကလေး-ကျွန်းရွာ-မုဒုံ လမ်းမပေါ် ရှိ တောင်ကလေးကျေးရွာ ရဲစခန်း တိုက်ခိုက်ခံရမှုအတွင်း ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကို မသိရသေးပေ။

လက်ရှိအချိန်တွင် တောင်ကလေးကျေးရွာအတွင်း စစ်ကောင်စီစစ်ကြောင်းတစ်ခု ဝင်ရောက်တပ်စွဲထားကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။ mizzima

အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့တွင် “မသောက်မိသော မိုးခါးရေ” ဇာတ်ကား ဆက် လက်ပြသနေပြီး ရုံအပြည့် ကြည့်ရှုသူများပြား

အင်္ဂလန်နိုင်ငံ Manchester မြို့တွင် “မသောက်မိသောမိုးခါးရေ” တော်လှန် ရေး ရန်ပုံငွေ ဇာတ်ကားကို ဆက်လက် ပြသနေပြီး ရုံပြည့်ရုံလျှံဖြင့် ကြည့်ရှု သူ များပြားလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ရုပ်ရှင်ပြပွဲကို NUG အမျိုးသားညီညွတ်ရေး အစိုးရ စီးပွားရေးနှင့် ကူး သန်း ရောင်းဝယ်ရေး ပြည်ထောင်စု ဝန်ကြီး ဒေါ်ခင်မမမျိုး၊ NUG UK ဆိုင်ရာ ကိုယ်စားလှယ် ဦမောင်မောင်တို့လည်း တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေး ရန်ပုံငွေပွဲ တက်ရောက်လာသူများကို မုန့်ဟင်းခါးနှင့် အုန်းနို့ ခေါက်ဆွဲများ အခမဲ့ ကျွေးမွေးခဲ့ကြောင်း၊ လက်မှတ်ရောင်းချခြင်း ဈေးရောင်း ခြင်းနှင့် အလှူငွေ ကောက်ခံခြင်းတို့မှ စုစုပေါင်း အလှူငွေ စတာလင်ပေါင် တစ် သောင်းနီးပါး ရရှိခဲ့ကြောင်း၊ ရရှိခဲ့သော ပိုက်ဆံများကို မိုးခါးရေ ရုပ်ရှင် ပြသရေး ကော်မတီမှတဆင့် လိုအပ်သောနေရာများသို့ ထောက်ပို့လုပ်ငန်းများ ပြုလုပ် သွား မည် ဖြစ်ကြောင်းဖြစ် ကြောင်း သိရှိရသည်။ khit thit

သာကေတတွင် ကုန်စုံဆိုင်ရှင်အမျိုးသမီး ၁ ဦး ဓားပြတိုက်ခံရပြီး ဓားဖြင့်ထိုးသတ်ခံရ

ရန်ကုန်၊ သာကေတမြို့နယ်၊ ၄/ တောင်ရပ်ကွက်၊ အောင်မေတ္တာလမ်းမှာ နိုဝင်ဘာ ၂၁ ရက် ဒီနေ့မနက်ပိုင်းက ကုန်စုံဆိုင်တဆိုင်ကို အမျိုးသားသုံးယောက်က ဝင်ရောက်လုယက်ခဲ့ပြီး ဆိုင်ရှင်အမျိုးသမီးကို ဓားနဲ့ထိုးသတ်ကာ ရွှေတွေယူသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဒီနေ့မနက် ၇ နာရီက ၄/တောင်ရပ်ကွက် အောင်မေတ္တာလမ်းရှိ ချောရတနာကုန်စုံဆိုင်ကို ဓားတွေကိုင်ဆောင်ထားတဲ့ အမည်မသိ အမျိုးသားသုံးယောက်က ဓားပြတိုက်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူ့သမီးနှစ်ယောက်နဲ့ သူ့အမေကို မီးဖိုချောင်ထဲခေါ်ပြီး ရိုက်နှက်တယ်။ ဆွဲကြိုးတွေ၊ နားကပ်တွေ ချွတ်ခိုင်းတယ်။ သူ့အမေကို ဓားနဲ့ထိုးသွားတယ်။”

လုယက်သူတွေဟာ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ချောချောရဲ့ လည်ပင်းနဲ့ရင်ဘတ်တွေကို ဓားနဲ့ထိုးခဲ့ပြီး ပြန်အထွက်မှာ ကောင်တာက ငွေတွေကိုလည်း ယူသွားတယ်လို့ ရပ်မိရပ်ဖတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဒေါ်ချောချောက ဓားနဲ့ထိုးတဲ့ဒဏ်ရာတွေကြောင့် ဆေးရုံကိုပို့ဖို့လုပ်နေတဲ့အချိန်မှာ သေသွားတယ်။ ခေတ်ကပျက်နေပါပြီဗျာ။ ကုန်စုံဆိုင်တောင် ဝင်လုယက်တယ်ဆိုတော့ မပြောချင်တော့ဘူး။”

လတ်တလောမှာ သေဆုံးသူ ဒေါ်ချောချောရဲ့ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီး ရင်ခွင်ရုံ ပို့ဆောင်ထားပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက စစ် ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်က မြို့နယ်တချို့မှာ လုယက်မှုနဲ့ ဓားပြတိုက်မှုတွေ မကြာခဏဖြစ်ခဲ့ပြီး တချို့မှာ လုယက်သူတွေရဲ့ လက်ချက်ကြောင့် သေဆုံးဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်တွေလည်း ရှိပါတယ်။ DVB

PDF များမှ အိမ်ပြောင်းရွှေ့သည့် မိသားစုများအား ဓါးပြတိုက်ကြောင်း ဝါဒဖြန့် သတင်းတု

PDF ရန်ကို ကြောက်၍ အိမ်ပြောင်းရွှေ့သည့် မိသားစုများအား PDF များမှ လမ်းတွင် စောင့်ဆိုင်းကာ ဓါးပြတိုက်သည်ဆိုသောသတင်းကို စစ်ကောင်စီဝါဒဖြန့်မီဒီယာများမှ ဖြန့်ဝေနေသည်။ ၎င်းမှာ မှားယွင်းနေသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ဖြစ်သည့် မှိုင်းဝေ ချန်နယ်မှ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပုံတစ်ပုံနှင့်အတူ “PDF ရန်ကိုကြောက်လို အိမ်ပြောင်းရွေ့သည့် မိသားစုများအား PDFများမှ လမ်းကြောင်းတွင်စောင့်ဆိုင်းကာဓားပြတိုက် ရွှေ ၂၅ ကျပ်သားနှင့် ငွေသား သိန်း၇ဝ ခန့် ပါသွားကြောင်းနှင့် ယာဥ်မောင်း ကိုခိုင်မင်းကိုလည်း သေနတ်ဒင်နှင့် ထုရိုက်သွားသည့်အတွက် ဦးခေါင်း ၅ ချက်ချုပ် မျက်နှာဖူးယောင် ဒဏ်ရာ ရရှိခဲ့” ဟု (မူရင်း အရေးအသားအတိုင်း) ရေးသားထားသည်။

အဆိုပါသတင်းအား မှိုင်းဝေတယ်လီဂရမ်ချန်နယ်အပြင် အခြားသော တယ်လီဂရမ်ချန်နယ် ၁၇ ခုမှလည်း ပြန်လည်မျှဝေထားသည်ကို တွေ့ရသည်။

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများမှ စစ်ဆေးခဲ့ရာ သတင်းတုတွင် အသုံးပြုထားသော ပုံမှာ Khin U Local Guerrilla Force ဖေ့ဘုတ်ပေ့ချ် မှ မေလ ၁ ၇က်နေ့ ကတည်းက ဖော်ပြထားသည်ကိုတွေ့ရသည်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နှင့်ခင်ဦးမြို့နယ်အစပ်တွင် ဖြတ်သန်းသွားလာနေသောယာဉ်များအား KUGF နှင့် နတ်ဆိုးပျောက်ကျား (ပ.က.ဖ)/ ၅/မဟူရာကျွဲရိုင်း တို့ ပူးပေါင်းကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့် ပုံဖြစ်သည်။ လင့် − t.ly/rfa0

သတင်းတု၏ ရေးသားချက်တွင် မည်သည့်နေရာ မည့်သည့်အချိန်ကို အတိအကျ ဖော်ပြထားခြင်းမရှိချေ။

ထို့ကြောင့် PDF များ ဓါးပြတိုက်သည် ဆိုခြင်းမှာ မဟုတ်မှန်ဘဲ ပုံဟောင်းကို အသုံးပြု၍ လုပ်ကြံဖန်တီးထားသည့် သတင်းတုသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟု သံသယရှိသည့် အချက် အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့်သို့ – https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။mizzima

မင်္ဂလာဒုံတွင် စစ်တပ်က တပ်ပိုင်မြေဟုဆိုကာ ရပ်ကွက် ၅ ခုကို ဖယ်ရှားခိုင်း မှုကြောင့် မြ၀ တီ ၁ ရပ်ကွက် မှ ဦးဝင်းဌေး ကိုယ့်ကိုကိုယ် ကြိုးဆွဲချ အဆုံးစီရင်၊ စစ်တပ်ကြောင့် နေစရာမရှိတော့၍ စိတ်ဆင်းရဲကာ အဆုံးစီရင်သွားမှုကို ရဲက သတင်းမဖြန့်ရန် ပိတ်ပင်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုကို စစ်တပ်က တပ်ပိုင် မြေ ကျူးကျော်သည်ဟုဆိုကာ ဖျက် သိမ်းခိုင်းနေသည့် ရပ် ကွက် ၅ ခု၊ အိမ်ခြေ ၁၀၀၀၀ နီးပါးတွင် ပါဝင်နေသည့်အတွက် ပြည်သူတစ်ဦးက စိတ်ဆင်းရဲပြီး မိမိကိုယ်ကိုကိုယ် ကြိုးဆွဲချ၍ အဆုံးစီရင်သွားကြောင်း သိရှိရသည်။

စစ်တပ်က ရပ်ကွက် ၅ ခုကို ဖျက်သိမ်းခိုင်းထားခဲ့သည့် နိုဝင်ဘာလ ၁၉ ရက် နေ့တွင် မြဝတီစိုက်ခင်း ၁ ရပ်ကွက်၊ စံပယ်လမ်းမှ အသက် ၅၄ နှစ်အရွယ် ဦးဝင်းဌေးသည် နေစရာ အိမ်မရှိတော့အခြေအနေအတွက် စိတ်ဆင်းရဲကာ ၎င်းအိမ်အနီးရှိ ဗန်ဒါပင်မှာ ကြိုးဆွဲချသေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“ပထမ စစ်တပ်က အိမ်တွေကို နိုဝင်ဘာလ ၁၈ ရက်နေ့ဖယ်ခိုင်းတာ။ ဦးဝင်းဌေး ကလည်း သူ့အိမ်လည်း ဖယ်ရမှာဆိုတော့ စိတ်ဆင်းရဲ တမှိုင်မှိုင် ဖြစ် ပြီး နိုဝင်ဘာ ၁၉ ရက်နေ့မှာပဲ အဆုံးစီရင်သွားတာ။ အဲဒါကို ရဲတွေက သူ့ ရောဂါ နဲ့ သူသေတယ်ဆိုပြီး သတင်းလိုက်ဖြန့်တယ်။ အ ဆုံးစီရင်ပြီး သေတာ မဟုတ် ဘူးဆိုပြီး သတင်းတွေ လိုက်ပိတ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်တပ်က ဖျက်သိမ်းခိုင်းသည့် ရပ်ကွက်များတွင် ပြည်သူများက မိမိတို့၏ နေအိမ်များကို ဖျက်၍ ရွှေ့ပြောင်းသူများရှိသကဲ့သို့ မည် သည့် ရွှေ့ ပြောင်းမှုမှ မလုပ်ဘဲ အသေခံမည်ဟု ပြော ဆိုနေသူများလည်းရှိနေကြောင်း သိရှိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် စစ်တပ်က ပျဉ်းမပင်ကျေးရွာအုပ်စု၊ မြဲမြံအောင်ရပ်ကွက်၊ ဓလပါ လရပ်ကွက်၊ စံသမာဓိရပ်ကွက်၊ ဂုန်ညှင်းနီရပ်ကွက်၊ မြဝတီရပ်ကွက် စသည့် ၅ ရပ်ကွက်ရှိ အိမ်များကို ကျူးကျော်ဟုဆိုကာ နိုဝင်ဘာ ၂၂ ရက်နေ့ အပြီး အတင်း အဓမ္မဖျက်သိမ်းခိုင်းနေကြောင်း ရပ် ကွက်အတွင်း နေထိုင်သူ များထံမှ သိရှိရသည်။

အဆိုပါ ရပ်ကွက် ၅ ခုအတွင်း အိမ်ခြေပေါင်း သောင်းကျော်ရှိပြီး လူဦးရေ ၅ သောင်းနီးပါး နေထိုင်ကြကြောင်း၊ ယခုကဲသို့ ဘိုးဘွားပိုင်မြေများကို ကျူး ကျော်များဟူ၍ အတင်းအဓမ္မဖျက်သိမ်းခိုင်းနေသည့်အတွက် ပြည်သူများ စိတ်ဆင်းရဲ ပူပင်နေရကြောင်း ရပ်ကွက်အတွင်းနေထိုင်သူများကပြောပြသည်။

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှ စ၍ ပြည်သူပိုင်နေအိမ်များကို အတင်းအဓမ္မ ဖယ်ရှားခိုင်းခြင်း၊ ဘူဒိုဇာနှင့် ထိုး၍ ဖျက်ဆီးခြင်းများကို ရန်ကုန် အပါအဝင် မြို့ကြီးများတွင် ဥပဒေမဲ့ အဆက်မပြတ် လုပ်ဆောင်လာ ခြင်းဖြစ် သည်။ khit thit

« Older Entries