ခရမ်းမြို့နယ်ရှိ ကျေးရွာများတွင် ဆိုင်ကယ်စီး နင်းခွင့် ထပ်မံပိတ်ပင်၊ စက်ဘီးဈေးနှုန်းများ မြင့်တက်နေ

ရန်ကုန်ုတိုင်း၊ ခရမ်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၅၃ အုပ်စုတွင် စစ်ကောင်စီတပ်က ဆိုင်ကယ်စီးနင်းခွင့် ထပ်မံပိတ်ပင်လိုက်ပြီးနောက် မြို့နယ်အတွင်း စက်ဘီးဝယ်ယူသူများလာ၍ ဈေးနှုန်းများ မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။

အောက်တိုဘာလ ၁၇ ရက်နေ့မှ စတင်ကာ ဆိုင်ကယ်စီးခွင့်ကို ခရမ်းမြို့ပေါ်တွင် ပိတ်ပင်ထားခဲ့သည်။ ယခုအခါ မြို့နယ်ဧရိယာအတွင်းရှိ ကျေးရွာအုပ်စု ၅၃ အုပ်စုပါ ထပ်မံပါဝင်လာခဲ့ခြင်း ဖြစ်သည်။

“၁၈ ရက်နေ့က ရိုးကြီးရွာမှာ စစ်တပ်ကခန့်ထားတဲ့ ပျူစောထီးအုပ်ကြီး တစ်ယောက် ပစ်ခတ်ခံရတယ်။ အဲ့ဒီနောက်တော့ ကျေးရွာတွေမှာပါ ဆိုင်ကယ်စီးခွင့်ပိတ်ဖို့လုပ်တာ။ အရင်က ရွာတွေထဲမှာရတယ်။ အခုဆို ရွာထဲမှာပါ မရတော့ဘူး။ ၂၆ ရက်နေ့ စမယ်ဆိုပြီးလည်း သိရတယ်” ဟု ခရမ်းဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ခရမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကျေးရွာအုပ်စုများအတွင်း ဆိုင်ကယ်စီးနင်းခွင့် ပိတ်သိမ်းရန် ရပ်ကျေးအုပ် ချုပ်ရေးမှူးများထံ အကြောင်းကြားသည့် စာတစ်စောင်လည်း လူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာလ ၁၉ ရက်နေ့က ပျံ့နှံ့လာခဲ့သည်။

ပျံ့နှံ့လာသည့်စာတွင် ခရမ်းမြို့နယ်အတွင်း စစ်တပ် အာဏာသိမ်းပြီးသည့် နောက်ပိုင်းမှ စ၍ ယနေ့အချိန်အထိ ဆိုင်ကယ်အသုံးပြုကာ ပစ်ခတ်မှု ၂၅ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၁ ဦး ရှိပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ခရမ်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၅၃ အုပ်စုအတွင်း ဆိုင်ကယ်စီးနင်းခွင့်ကို လာမည့် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် စတင် ပိတ်သိမ်းရန် ဆုံးဖြတ်ထားကြောင်း ဆိုသည်။

ထို့သို့ ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားသော်လည်း ပြည်သူများ သွားရေးလာရေး လွယ်ကူစေရန် အတွက်ဟုဆိုကာ မော်တော်ကား၊ ဆိုင်ကယ်ဘေးတွဲများ၊ စက်ဘီးများဖြင့် သွားလာခွင့်ပြုမည် ဖြစ်ကြောင်းလည်း အကြောင်းကြားစာတွင် ရေးသားထားသည်။

“ပြည်သူတွေကို ဒုက္ခမျိုးစုံကို ပေးနေတာပါ။ စက်ဘီးနဲ့ဆိုတော့ သွားရေးလာရေးမှာ အချိန်လည်း ကုန်တယ်။ လူလည်း ပင်ပန်းတယ်။ ကျေးရွာတွေထဲကနေ ခရမ်းမြို့ပေါ် တစ်ခါသွားရင်တောင် ဘေးတွဲခက တစ်သောင်းပေးနေရတယ်” ဟု ခရမ်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ခရမ်းမြို့ပေါ်နေရာများအပြင် ကျေးရွာများတွင်ပါ ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်မည် ဖြစ်ကြောင်း သတင်းထွက်ပေါ်ပြီးနောက် ဒေသခံများက ၎င်းတို့၏ ဆိုင်ကယ်များအား ပြန်လည်ရောင်းချမှုများရှိနေပြီး ဈေးနှုန်းများ ကျဆင်းနေသည်။

ထို့အပြင် မြို့နယ်အတွင်း စက်ဘီးနှင့် လျှပ်စစ်စက်ဘီးများ အသုံးပြုမှု များလာကာ ဝယ်ယူသူများပြားလျက်ပြီး ဈေးနှုန်းများ မြင့်တက်လျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

ယခင်က ခရမ်းမြို့နယ်တွင် ရိုးရိုးဂျပန်စက်ဘီးတစ်စီးလျှင် မြန်မာငွေ သုံးသောင်းခွဲကျပ်သာရှိသော်လည်း ယခုအခါ မြန်မာငွေ ခုနစ်သောင်းခွဲနီးပါးအထိ ပေးကာ ဝယ်ယူနေရသည်ဟု ဆိုသည်။

ထို့အပြင် လျှပ်စစ်စက်ဘီးများမှာလည်း အမျိုးအစားပေါ်မူတည်ကာ ကျပ်နှစ်သိန်းခွဲမှ စတင်ပြီး ကျပ်လေးသိန်းခွဲအထိ ပေါက်ဈေးရှိနေကြောင်း လည်း သိရသည်။

“လျှပ်စစ်စက်ဘီးဝယ်ဖို့ ကျတော့ကလည်း မီးက မမှန်ဘူးလေ။ စက်ဘီးနဲ့ဆိုတော့လည်း ဘယ်မှ မသွားချင်ဘူး။ အခုတော့ အိမ်က ဆိုင်ကယ်ကို ဘေးတွဲပြောင်းဖို့ လုပ်နေတယ်။ အဲ့ဒါကလည်း ပ်ိုက်ဆံဘယ်လောက်ကုန်ဦးမလဲ မသိဘူး” ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

ခရမ်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၅၃ အုပ်စုအတွင်း ဆိုင်ကယ်စီးနင်းခွင့်စတင်ပိတ်ပင်မည့် နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင်ကာ စီးနင်းသူများတွေ့ရှိပါက ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိအချိန်တွင် ယခင်က ဆိုင်ကယ်စီးနင်းခွင့်ပြုထားသည့် ရန်ကုန်တိုင်းအတွင်းမှ မြို့နယ်များဖြစ်သည့် သန်လျင်မြို့နယ်၊ တွံတေးမြို့နယ်၊ ဒလမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် ကျောက်တန်းမြို့နယ်များတွင်လည်း ဆိုင်ကယ်စီးနင်းခွင့်ကို စစ်ကောင်စီတပ်က ပိတ်ပင်ထားခဲ့ပြီး ဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s