အမ်းမြို့နယ် သမဝါယမဥက္ကဋ္ဌကို စစ်ကောင်စီတပ်ဖမ်းဆီး၊ ၉ ရက်ကြာသည်အထိ မိသားစုနှင့် အဆက်အသွယ်မရ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ၊ ညောင်ချောင်းကျေးရွာမှ အမ်းမြို့နယ် သမဝါယမ ဥက္ကဋ္ဌ ဦးအောင်တင်မြင့်ကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်နေ့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ကိုးရက်အထိ ကြာမြင့်နေပြီဖြစ်ကာ အဆက်အသွယ်မရသည့်အတွက် မိသားစုဝင်များက စိုးရိမ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ရက်နေ့ မွန်းလွဲ ၁နာရီခန့်က အမ်းမြို့သို့ ဈေးဝယ်သွားသည့် ဦးအောင်တင်မြင့် (၄၅ နှစ်)ကို အမ်းမြို့တစ်မိုင်ကုန်းဂိတ်တွင် စစ်ကောင်စီတပ်က မေးစရာရှိသည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ မိသားစုဝင်များနှင့် အဆက်အသွယ်ရရှိခြင်း မရှိကြောင်း သိရသည်။

“နာမည်ကို မေးပြီးတော့ ခဏလိုက်ခဲ့ဦး မေးစရာရှိတယ်ဆိုပြီး စစ်တပ်က ဖမ်းဆီး သွားတာလို့ သိရပါတယ်။ အခု ရဲတွေဆီက တစ်ဆင့်သိရသလောက် စရဖ(စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့)မှာ ထားတယ်လို့ ပြောပါတယ်။ မိသားစုတွေကလည်း သူနဲ့ အဆက်အသွယ်မရတော့ အရမ်းစိုးရိမ်နေကြပါတယ်” ဟု ဦးအောင်တင်မြင့်၏ မိသားစုဝင် တစ်ဦးက ပြောသည်။

ဦးအောင်တင်မြင့်သည် မည်သည့်အဖွဲ့အစည်းနှင့်မှ ဆက်သွယ်ထားခြင်းမရှိဘဲ ရွာရှိ စိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်ကာ အမ်းမြို့သမဝါယမ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်နေသူဖြစ်ကြောင်း ၎င်းမိသားစုဝင်က ဆိုသည်။

“သူက ဘယ်အဖွဲ့နဲ့မှချိတ်ဆက်ထားတာမရှိပါဘူး။ ရွာမှာပဲစိုက်ပျိုးရေး လုပ်ကိုင်နေတာ။ နောက် မြို့နယ်မှာ သမဝါယမှာ ဥက္ကဋ္ဌတာဝန်ကိုထမ်းဆောင်နေတာပါဗျ။ အခုက ဒီတိုင်းပဲ သတင်းတွေကို နားထောင်နေရတယ်” ဟု ဦးအောင်တင်မြင့်၏ မိသားစုဝင် က ပြောသည်။

စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ်ရှိ တောင်ကုတ်၊ အမ်း၊ ကျောက်ဖြူ ၊သံတွဲ စသည့် နေရာများတွင်နေထိုင်သူ ဒေသခံများအား ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟု ဆိုကာ မကြာခဏဆိုသလို ဖမ်းဆီးတရားစွဲ ဆိုခြင်းများကို လုပ်ဆောင်လျက်ရှိသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s