ပုလဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား၊ လက် နက်ကြီးကြောင့် ကလေးဒေသခံ အမျိုးသမီးတဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာက ပျူစောထီးတွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ နိုဝင်ဘာ ၂၁ ရက်နေ့ ညနေ ၃ နာရီကျော်လောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
အဲဒီဇီးဖြူကုန်းကျေးရွာဟာ စစ်ကောင်စီထောက်ခံသူတွေ စုပေါင်းပြီး ပြည်သူစစ်အဖွဲ့ကို ဖွဲ့စည်းထားတဲ့ ကျေးရွာတရွာဖြစ်တယ်လို့လည်း သိရပါတယ်။
ပုလဲ LPDF ဗိုလ်ဂဠုန်က “ပထွေးအားကိုးပြီး အနီးအနားက ကျေးရွာတွေဆီ ဓားပြတိုက်တယ်။ နောက်ပြီး ပြည်သူတွေရဲ့ လယ်ယာအတွင်းက သီနှံတွေ အနိုင်ကျင့် ရိတ်သိမ်းယူတာတွေလည်း ရှိတယ်။ အခုတိုက်ပွဲကတော့ ပထမ လက်နက်ကြီးနဲ့ အချက်ပေါင်း ၃၀ ကျော်ထက်မနည်း ပစ် တယ်။ အဲဒါပြီးတော့ ထိပ်တိုက်အပြန်အလှန်ပစ်ကြတယ်။ အသေအဆုံးကတော့ အတိအကျ မသိရသေးဘူး။ ဒဏ်ရာရတာကတော့ ၅ ဦးကျော် ရှိတယ်လို့ သိရတယ်။ ကျနော်တို့ဘက်ကတော့ နေရာ အသာစီးရခဲ့လို့ အထိအခိုက်မရှိခဲ့ဘူး” လို့ ပြောပါတယ်။
အခုတိုက်ပွဲမှာ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ပေါင်းစုံက အင်အား ၁၀၀ ကျော်နဲ့ ဇီးဖြူကုန်းပျူစခန်းကို ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ် ဆည်ကြီးရွာထဲ စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက် ပေါက်ကွဲပြီး အသက် ၆၃ နှစ်ရှိ အမျိုး သမီး ၁ ယောက် သေဆုံးခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
ကလေးမြို့နယ် မြောက်ပိုင်းရှိကျေးရွာတွေကို နိုဝင်ဘာ ၂၁ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်က မြို့တွင်းကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် မွန်းတည့် ၁၂ နာရီလောက် ဆည်ကြီးရွာက ဒေါ်ရွန်းနိပ်ကင်းမ်ရဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်ဝန်းအတွင်းရှိ သစ်ပင်တွေ၊ အိမ်ခေါင်မိုးနဲ့ အကာအရံတွေလည်း ပျက်စီးသွားခဲ့ပါတယ်။
ချင်းတိုင်းရင်းသူ ဒေါ်ရွန်းနိပ်ကင်းမ်ဟာ အစာအိမ်ရောဂါခံစားနေရပြီး အိပ်ယာထဲလဲနေကာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဝမ်းဗိုက်ပွင့်ထွက် ဒဏ်ရာနဲ့ သေးဆုံးခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။
အရင်ကလည်း စစ်ကောင်စီတပ်တွေဟာ မြို့တွင်းကနေ ကလေးမြို့နယ်တောင်ပိုင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ရှိပြီး အခုအခါ မြောက်ပိုင်းကျေးရွာတွေနဲ့ တောင်ခြေတွေကို တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာ လေးရက်လောက်ရှိပြီလို့ ဆိုပါတယ်။ DVB