Monthly Archives: Nov 2022

ပေါက်မြို့နယ်တွင် တိုက်ပွဲပြင်းထန်၊ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့

မကွေးတိုင်း ပေါက်မြို့နယ်မှာ နိုဝင်ဘာ ၂၂ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူများပြားကာ ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။

အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပေါက်မြို့နယ် ကျွန်းတိုင်းရွာအထွက်မှာ မနေ့ မနက် ၁၀ နာရီခွဲကနေ ၁၁ နာရီ ၁၅ မိနစ်အထိ တကြိမ်၊ ဂွေဂုဏ်ရွာနဲ့ စသိန်းရွာကြားမှာ မနက် ၁၁ နာရီ ၃၅ မိနစ်ကနေ မွန်းတည့် ၁၂ နာရီ မိနစ် ၂၀ အထိတကြိမ်၊ စသိန်းရွာမြောက်ဘက်မှာ ညနေ ၃ နာရီကနေ ၄ နာရီခွဲအထိ တကြိမ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၁၁ ယောက်လောက် သေဆုံးကာ ၆ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁)တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ပွဲကို PKU-မြို့ပြပြောက်ကျားတပ်ဖွဲ့၊ မြွေပွေးပြောက်ကျားတပ်ဖွဲ့၊ တိမ်လွှာမုတ်ဆိတ် အဖွဲ့နဲ့ ပေါက်မြို့နယ် ကျေးရွာကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲ အတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်က ညနေ ၅ နာရီ ၁၈ မိနစ်မှာ ဂွေးဂုဏ်ကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ည ၉နာရီလောက်မှာ စသိန်းကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။

ဂွေးဂုဏ်ကျေးရွာခံတယောက်က “စစ်ကောင်စီတပ်တွေ စစ်ကြောင်းစထိုးကတည်းက ရွာသူရွာသားတွေအားလုံး အဝတ်တထည် ကိုယ်တခုနဲ့ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတာဖြစ်ပြီး ရွာကို မီးရှို့ဖျက်ဆီးနေတာကိုတော့ အဝေးကနေ လှမ်းမြင်နေရတယ်။ စစ်(…)စစ်ကြောင်းရှိနေသေးတော့ အိမ်ခြေ ဘယ်လောက်မီးလောင်ကျွမ်းတယ်ဆိုတာ မသိရသေးဘူး။ သူတို့ စစ်ကြောင်းပြန်ထွက်တော့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို အကူညီတောင်းပြီး မီးငြိမ်းသတ်တာတွေ အိမ်ခြေစာရင်း ကောက်တာတွေ ပြုလုပ်ရမှာ” လို့ ​ပြောပါတယ်။

စသိန်းကျေးရွာကိုတော့ စစ်ကောင်စီတပ်က မနေ့က ည ၉ နာရီလောက်ကတည်းက မီးရှို့တာ ဒီနေ့ အထိ မီးက လောင်နေဆဲဖြစ်တာကြောင့် နေအိမ် အတော်များများ ဆုံးရှုံးနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီ စစ်ကြောင်းဟာ အိမ်ခြေ ၂၄၀ လောက်ရှိတဲ့ ကျွန်းတိုင်းကျေးရွာကိုလည်း နိုဝင်ဘာ ၂၀ ကနေ ၂၂ ရက်နေ့အထိ ၃ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ DVB

KNU နယ်မြေရှိ သတ္တုမိုင်းလုပ်ကွက်ကို စစ်ကောင်စီတပ် ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေက သတ္တုမိုင်း လုပ်ကွက်ကို စစ်ကောင်စီတပ်က ဒုတိယအကြိမ်မြောက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KNU တပ်မဟာ(၆)က သတင်းထုတ်ပြန်ထားသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသရှိ သတ္တုမိုင်း လုပ်ကွက် (၁) နှင့် လုပ်ကွက် (၂) ကို နိုဝင်ဘာလ ၂၂ ရက်နေ့ အစောပိုင်းတွင် ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ထိုတိုက်ခိုက်မှုအတွင်း သတ္တုမိုင်းလုပ်ကွက်ရှိ အဆောက်အဦတချို့ ပျက်စီးသွားသော်လည်း လူထိခိုက်မှု မရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည် နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းကလည်း ဘုရားသုံးဆူမြို့၊ သပြုကျေးရွာအနီးရှိ မိုင်းလုပ်ကွက် (၆) ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း တရုတ်နိုင်ငံသား သုံးဦး သေဆုံးခဲ့ပြီး မြန်မာသတ္တုမိုင်း လုပ်သားတချို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ဘုရားသုံးဆူဒေသတွင်း ခဲသတ္တုမိုင်း လုပ်ကွက် အမှတ် (၁) မှ အမှတ် (၁၀) ထိရှိပြီး လုပ်ကွက် (၁)၊ (၂) နှင့် (၆) တို့သည် စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကို ခံခဲ့ရခြင်း ဖြစ်သည်။

KNU ထိန်းချုပ်နယ်မြေရှိ ထိုသတ္တုမိုင်းလုပ်ကွက်များသည် နယ်မြေတည်ငြိမ်အေးချမ်းရေးကို ထိခိုက်အောင် လုပ်ကိုင်နေသည့်အတွက် ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဇော်မင်းထွန်းက စွပ်စွဲပြောဆိုထားသည်။

မြေပြင်စစ်ကြောင်း အထိနာသော စစ်ကောင်စီတပ်သည် လေကြောင်း တိုက်ခိုက်မှုကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီး အောက်တိုဘာလ ၆ ရက်နေ့ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ်၊ မက္ကသာကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့သည်။mizzima

အင်းတော်မြို့နယ်၌ စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲ၊ KIA၊ PDF ပူးပေါင်းတပ်နှင့် တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အင်းတော်နဲ့ မော်လူးကြားက ဥသျှစ်ကုန်းရွာကို စစ်ကောင်စီ လေတပ်က နိုဝင်ဘာ ၂၂ ရက် နေ့လယ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ညနေ ၃ နာရီလောက်မှာ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“နေ့လယ်လောက်က တိုက်လေယာဉ်နဲ့ လာပစ်သွားတယ်၊ အဲဒီအချိန် တိုက်ပွဲဖြစ်ပွားတာ မရှိသေးဘူး၊ ညနေ ၃ နာရီ၊ ၄ နာရီကြားလောက်မှာ အသံတွေစကြားရတယ်၊ အဲကနေတိုက်ပွဲတွေ စဖြစ်နေတာ၊ ဥသျှစ်ကုန်းရွာနားမှာပဲ၊ လေယာဉ်နဲ့ လာပစ်သွားတာလည်း အဲဒီရွာပဲ။”

လက်ရှိအချိန် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တဲ့နေရာနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာပတ်ဝန်းကျင်မှာ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားပြီး ပြည်သူတွေရဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးကလည်း စစ်ကောင်စီလေကြောင်းနဲ့ တိုက်ခိုက်တာဟာ စစ်ကောင်စီတပ်ဖွဲ့တွေ ကြားညှပ်နေတာကြောင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တာဖြစ်နိုင်ပြီး ဖုန်းလိုင်းအခက်အခဲကြောင့် အသေးစိတ်အခြေအနေကို မသိရသေးဘူးလို့ ပြောပါတယ်။

“အခုကြားရသလောက်တော့ စကစတပ်ဖွဲ့ကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေက ကြားညှပ်ထားသလို ဖြစ်နေတော့ လေကြောင်းနဲ့လာတိုက်တာဖြစ်နိုင်တယ်၊ ညနေပိုင်းရောက်တော့ တိုက်ပွဲတွေဖြစ်ပြီးလေ၊ အသေးစိတ်တော့မသိရသေးဘူး၊ အဲဘက်ခြမ်းကို ဆက်သွယ်နေတာ ဖုန်းလိုင်းအခက်အခဲကြောင့် အဆက်အသွယ်မရဖြစ်နေတယ်။”

တိုက်ပွဲတွေကြောင့် ဥသျှစ်ပင်ကျေးရွာနဲ့ အနီးပတ်ဝန်းကျင်က ပြည်သူတွေ လုံခြုံတဲ့နေရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့တုန်းကလည်း စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ် ဗန်းမောက်နဲ့မော်လူးကြားက တခွတ်တာရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။ DVB

စစ်ကိုင်းမြို့ မာလဲတော ပျူစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ဒရုန်း ၅ စီးဖြင့် ဗုံး ကြဲရာ အထိအခိုက်များပြားနိုင် ဟုဆို

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မာလဲတောကျေးရွာပျူစောထီးစခန်းနှင့် ပျူစောထီးခေါင်းဆောင်၏နေအိမ်တို့ကို၊ ဒေသကာ ကွယ်ရေးပြောက် ကျားတပ်ဖွဲ့များက ဒရုန်းငါးစီးဖြင့် ဝေဟင်မှဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း The Pentagram ငါးထောင့်ကြယ်အဖွဲ့က သတင်းဗီဒီယိုမှတ်တမ်းနှင့်တကွသတင်းထုတ်ပြန်လာသည်။

ယမန်နေ့ နို၀င်ဘာ ၂၂ ရက် နေ့လယ် ၂ နာရီခန့်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ထိခိုက်မှုအများအပြားရှိနိုင်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

“စစ်ကိုင်းမြို့နယ်၏ ပျူကြီးစိုးရာ မာလဲတောကျေးရွာရှိ ပျူခွေးခေါင်းဆောင်နေအိမ်နှင့် စခ(စကစတပ်သား)များ စခန်းချရာနေရာများသို့ ဒရုန်းငါးစီးဖြင့် ဘူးသီး(ဗုံး)ငါးလုံးကြဲချခဲ့ရာ၊ ကစဉ့်ကလျားပြေးလွှားနေသည်ကို အတိုင်းသားမြင်ရပြီး၊ ထိခိုက်သေဆုံးစာရင်းအတိအကျ မသိရသော်လည်း တိကျသေချာသောပစ်မှတ်များကို တိုက်ရိုက်ထိသောကြောင့် ထိခိုက်မှုအများအပြားရှိမည်ဟု ခန့်မှန်းရသည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုကို Myinmu Revolution Force(MMRF)၊ AMA PDF၊ The Pentagram ငါးထောင့်ကြယ်၊ KDDF(ကျောက်ဆည်)၊ Phoenix SGG၊ SDRA၊ Zero Power(စစ်ကိုင်းတိုင်း)၊ စစ်ကိုင်းခရိုင်တပ်ရင်း (၆)တပ်ခွဲ(၁)၊ နယ်စည်းမခြား စစ်ကိုင်းသားနှင့် စစ်ကိုင်းမြို့နယ် ပကဖဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်အတွင်းရှိ မာလဲတောနှင့်ကြွယ်ပုံအပါအ၀င်ကျေးရွာတချို့တို့တွင်၊ စစ်ကောင်စီ တပ်နှင့်ပျူစောထီးများကြီးစိုးနေကြောင်း ဒေသခံများအပြောအရသိရသည်။ ၎င်းစစ်ကောင်စီတပ်နှင့်ပျူစောထီးတို့သည်၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနှင့်လည်း၊ ဒေသတွင်းကျေး ရွာများအား ဓားပြတိုက် လူသတ်မီးရှို့ ဖျက်ဆီးမှုတို့ လုပ်ဆောင်နေကြောင်း ဒေသခံများက ဆိုသည်။ mizzima

ပေါက်မြို့နယ်၊ ကိုင်းလယ်ရဲစခန်းကို PDF တပ်များ ဝင်ရောက်တိုက်ခိုက်မှု ရဲ ၆ ဦးသေ ဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ကိုင်းလယ်ရဲစခန်းကို PDF တပ်ပေါင်းများစုက ယမန်နေ့ ညနေပိုင်းတွင် ဝင်ရောက် တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်လင်္ကျာက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်မှ စတင်၍ ကိုင်းလယ် ရဲစခန်းကို ပခုက္ကူ PKU တပ်ရင်း ၁၂ ၊ YRF မြိုင်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ တပ်ရင်း ၁ ၊ ရေနံချောင်းPDF၊ 3in1၊ မြိုင် နဂါးနီတပ်ပေါင်းစု၊ မြွေပွေးပျောက်ကျားတပ်ဖွဲ့ (ပေါက်) တို့ နှင့်ပူးပေါင်း၍ တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း ၊ PDF ရဲဘော် ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ရဲဘက်က စက်သေနတ်များဖြင့် ပြန်လည် ပစ်ခတ်သဖြင့် စခန်းမသိမ်းနိုင်ခဲ့ဘဲ တပ်ကုန်းရွာ၊ ရွာသစ်ရွာ အပါအဝင် ပျူစောထီး ကျေးရွာများမှ စစ်ကူလာရောက်ကြောင်း၊ စစ်ကူ ပျူစောထီးများနှင့်စစ်ကြောင်းများကို မိုင်းဆွဲခြောက်လှန့်ပြီး ယင်းနေ့ ည ၇နာရီ၅၀မိနစ်အချိန်တွင် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။khit thit

ကလေးမြို့တွင် စစ်ကောင်စီတပ် လက်နက် ကြီးပစ်ခတ်မှုကြောင့် အဘွားအို ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဇင်းကလင်းကျေးရွာနဲ့ ကလေးမြို့တွင်းဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် အသက် ၇၀ အရွယ် အဘွားအိုတယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းက ကလေးနည်းပညာတက္ကသိုလ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဇင်းကလင်းကျေးရွာက အသက် ၇၀ အရွယ် အဘွား ဒေါ်မိကျေးဟာ နေအိမ်မှာ လက်နက်ကြီးထိမှန် သေဆုံးခဲ့တာလို့‌ ဆိုပါတယ်။

ရွာအနီးအနား ပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဘာကြောင့်ပစ်ခတ်သလဲ ဆိုတာတော့ မသိရကြောင်း၊ သေဆုံးသွားတဲ့ အဘွား ဒေါ်မိကျေးရဲ့ ဈာပနကို ဒီနေ့ပြုလုပ်မယ်လို့ နီးစပ်တဲ့သူတွေက ဒီဗွီဘီကို ပြောပါတယ်။

နိုဝင်ဘာ ၂၁ ရက်ကလည်း စစ်ကောင်စီတပ်က မြို့တွင်းအမြောက်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကလေးမြို့နယ် ဆည်ကြီးကျေးရွာက အစာအိမ်ရောဂါ ခံစားနေရတဲ့ အသက် ၆၆ နှစ်အရွယ် ချင်းအမျိုးသမီးတဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါသေးတယ်။

နိုဝင်ဘာ ၃ ရက် မနက် ၁၁ နာရီဝန်းကျင်ကလည်း ကလေးမြို့ အဖွဲ့စုံ စစ်ဆေးရေးဂိတ်ကနေ စစ်ကောင်စီတပ်သားတွေ ကလေးမြို့နယ် တောင် ပိုင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ထောက်ကြန့်ကျေးရွာက ဒေသခံနေအိမ်တလုံးနဲ့ နွားစာတိုက်တလုံး ထိခိုက်ပျက်စီးခဲ့ပြီး အသက် ၇၀ ကျော်အရွယ် အဘွားအိုတဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။

လတ်တလော ကလေးမြို့မှာ စစ်ကောင်စီတပ်သားတွေဟာ မြို့တွင်းနဲ့ မြို့ပြင်ဘက်တွေကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိပါတယ်။ DVB

အမှတ် (၄) လမ်းမကြီးပေါ်ရှိ စစ်ဆေးရေးဂိတ်အား မြို့ပြပြောက်ကျားများပူးပေါင်းတိုက်ခိုက်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ သဲဖြူကျေးရွာအနီး အမှတ် (၄) လမ်းမကြီးပေါ်တွင်ရှိသည့် စစ်ဆေးရေးဂိတ်အား ယနေ့ နိုဝင်ဘာလ ၂၃ ရက် နံနက် ၈ နာရီ ၂၅ မိနစ်က မြို့ပြပြောက်ကျားများပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါနေရာသည် စစ်ကောင်စီတပ်နှင့် လက်အောက်ခံရဲများ၊ ယာဉ်ထိန်းရဲများ ပူးပေါင်းစစ်ဆေးသည့်နေရာဖြစ်သဖြင့် အဝေးထိန်းမိုင်း နှစ်လုံးဖြင့် အနီးကပ် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ထိခိုက်မှုများရှိကြောင်း ဆိုသည်။

“ရခ(ရဲတပ်သား) အိမ်စီးကား တစ်စီးထိခိုက်ပျက်စီး၊ ဆိုင်ကယ်များထိခိုက်ပျက်စီးခဲ့ပြီး စခ(စကစတပ်သား)/ရခ/ဘဲဥ(ယာဥ်ထိန်းရဲ) အ နည်းဆုံး ရှစ်ကောင်ခန့်ထိခိုက်နိုင်ပြီး လေးကောင်ခန့် ဒဏ်ရာပြင်းထန် သေဆုံးနိုင်ပါတယ်။” ဟု YGN Urban Guerrilla Army အဖွဲ့မှ တာဝန်ရှိသူက မဇ္ဈိမ ကိုပြောသည်။

စစ်ဆင်ရေးကို မြောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Yangon Urban Guerrilla Army(YUGA MO-7 Eagles) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များအားလုံးဘေးကင်းကြောင်း သိရသည်။ မစ်ရှင်ဆောင်ရွက်မှုအပြီး နောက်ဆက်တွဲအနေဖြင့် အခင်းဖြစ်ရာနေရာကို ခေတ္တလမ်းပိတ်ထားပြီး ဒဏ်ရာရ စစ်ကောင်စီတပ်သားများနှင့် ရဲတပ်သားများကို လူနာတင်ယာဉ်ဖြင့် တင်ခေါ်သွားကြောင်း သိရသည်။

ယနေ့ တိုက်ခိုက်မှု၌ စစ်ကောင်စီဘက်မှ အနည်းဆုံး သုံးဦးမှ လေးဦးအထိ သေဆုံးနိုင်ချေရှိကြောင်း တိုက်ခိုက်မှုပြုလုပ်ရာတွင်ပါဝင်သည့် Yangon Urban Guerrilla Army အဖွဲ့က ပြောသည်။ mizzima

မြိုင်တွင် ပျူစောထီး ၂ ဦးက လက်နက် ၃ လက်နှင့်ခဲယမ်းများ ယူဆောင်ကာ အလင်းဝင်

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပျူစောထီး ၂ ဦးက လက်နက် ၃ လက်နှင့် ခဲယမ်း များ ယူဆောင် အလင်းဝင် လာ ကြောင်း မြိုင်ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့မှ ဗိုလ်င်္ကျာက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

မြိုင်မြို့နယ်မှ ပျူစောထီးများဖြစ်ကြသည့် ကံလှကျေးရွာမှ ဖိုးချစ်နှင့် မရွေး ကုန်းကျေးရွာမှ ခိုင်ဇော်ဝင်းတို့ ၂ ဦးသည် ပခုက္ကူမြို့နယ်၊ ဘုန်းကံလမ်းခွဲ၊ ကောင်းစက် ဝိုင်းပန့်ဆိုင်အနီးတွင် စခန်းချစဉ် စစ်သား ၄ ဦးနှင့် ပျူစောထီး ၉ ဦးကို ထမင်းကြော် ထဲတွင် အိပ်ဆေးခတ်၍ အိပ်ပျော်သွားကြချိန် MA3 တစ် လက်၊ MA1 တစ် လက်၊ ကာဘိုင် ၁ တစ်လက် ကျည်ဘောက်၅ ခု ကျည်၅၈ တောင့် Carbine ဘောက် ၃ခု ၊ ကျည် ၅၂တောင့် ဖြင့် မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့၊ တပ်ရင်း ၁ ထံတွင် အလင်းဝင်ရောက်လာကြကြောင်း သိရှိရသည်။

မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အလင်းဝင်လာသည့် ပျူစောထီး ၂ ဦးကို တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ ဖြင့် နှစ်ဦးအတွက် သိန်း ၁၀၀ ချီးမြှင့်ပြီး လွတ်လပ်စွာ နေထိုင်နိုင်သော နေရာသို့ ပို့ဆောင်လိုက်ကြောင်း၊ ထမင်း ကြော် ထဲတွင် အိပ်ဆေးထည့်မှု နည်းပါး၍ လက်နက် ၁၃ လက် မရရှိခဲ့ခြင်း ဖြစ် ကြောင်း ဗိုလ်လင်္ကျာက ပြောဆိုသည်။khit thit

သင်္ဃန်းကျွန်းတွင် စစ်ကောင်စီက လူငယ်အ ချို့ကို ဖမ်းဆီး

သင်္ဃန်းကျွန်းမြို့နယ် ဇမြောက်ရပ်ကွက် UBC ကွန်ဒိုအခန်းတခန်းကို နိုဝင်ဘာလ ၂၂ ရက် ည ၈ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့ အင်အားအများအပြားနဲ့ ဝင်ရောက်ပြီး လူငယ်အချို့ကို ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ကွန်ဒိုနဲ့အနီးတဝိုက်ကို စစ်တပ်က သေနတ်တွေနဲ့ချိန်ထားတယ်။ ဖမ်းမိတဲ့ လူငယ်တွေကို လက်ပြန်ကြိုးတုပ်ပြီး ဒူးထောက်ခိုင်းတယ်။ ဖိနပ်တွေနဲ့ ဖြတ်ကန်တယ်။ ပြီးတော့ ကားပေါ်တင်ခေါ်သွားတယ်။” 

UBC ကွန်ဒိုအတွင်းကို စစ်ကောင်စီတပ်နဲ့ အဖွဲ့တွေဟာ ဧည့်စာရင်းအကြောင်းပြ ဝင်ခဲ့ပြီးနောက် ကွန်ဒိုမှာ နေထိုင်တဲ့ လူငယ်အချို့ကို ဖမ်းဆီးခဲ့ရာ အချို့လည်း ထွက်ပြေးလွတ်မြောက်သွား တယ်လို့ ရပ်မိရပ်ဖတဦးက ပြောပါတယ်။

“အဖမ်းခံရတာ ဆယ်ဦးအနည်းဆုံးပဲ၊ ထွက်ပြေးသွားလို့ လိုက်ရှာကြသေးတယ်။ မတွေ့တော့မှ ဖမ်းထားတဲ့သူတွေကို ခေါ်သွားတာ။ ဘယ်ကို ခေါ်သွားလဲတော့ မသိဘူး။” 

လူငယ်တွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး UBC ကွန်ဒိုနဲ့ နီးစပ်သူအချို့ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

မနေ့ညက မြောက်ဥက္ကလာနဲ့ ဒဂုံဆိပ်ကမ်းက ရပ်ကွက်အချို့မှာလည်း စစ်ကောင်စီတပ်နဲ့ အဖွဲ့ဟာ ဧည့်စာရင်းအကြောင်းပြပြီး လူအချို့ကို ဖမ်းဆီးခဲ့သေးတယ်လို့လည်း သိရပါတယ်။DVB

« Older Entries