ခွေးလေး Buddy တော်လှန်ရေးအတွက်ငွေရှာပေးမည်

ကရင်နီဒေသ စစ်မျက်နှာတွင် အကောင်ပေါက်စ အရွယ်ကတည်းက စစ်ဘေးရှောင်များ တော်လှန်ရေးရဲဘော်များနှင့်အတူ စစ်မြေပြင်တွင်ရှိ နေသည့် ခွေးကလေး Buddy က တော်လှန်ရေးအတွက် ငွေရှာပေးတော့မည် ဖြစ်သည်။

စစ်ကောင်စီတပ်မှ ဒုတိယဗိုလ်မှူးကြီး၏ ရာထူးအဆောင်အယောင် အပွင့်များကို လည်ပတ်တွင် တပ်ဆင်ထားသည့် ခွေးလေး Buddy ၏ ပုံသည် လူမှုကွန်ရက်တွင် ရေပန်းစား လူသိများခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်မှ ဒုတိယဗိုလ်မှူးကြီးသည် ကရင်နီပြည်နယ်၊ ဖရူဆို-ဘောလခဲ လမ်းပိုင်းတွင်သွားလာနေသည့် စစ်ကောင်စီတပ် ယာဉ် တန်းတိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့သူဖြစ်သည်။

ယမန်နှစ် နိုဝင်ဘာလက ကရင်နီနယ်တွင် လက်တစ်ဝါးစာ ခွေးပေါက်လေးတစ်ကောင် စစ်ရှောင်များကြား ဟိုဒီပြေးလွှားနေရာသည်ကို ကျန်း မာရေးစောင့်ရှောက်နေသူများက တွေ့ရှိရာမှ ကောက်ယူကျွေးမွေးထားခြင်းဖြစ်သည်။

လွိုင်ကော်မြို့ ၊ မိုင်းလုံးရပ်ကွက်သား Buddy လေးသည် စစ်ရှောင်များ၊ တော်လှန်ရေးရဲဘော်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် CDM ဆရာဝန်များနှင့်အတူကြီးပြင်းလာသူဖြစ်ပြီး ရဲဘော်များနှင့် ဆရာဝန်များကို အကူအညီများ ပေးနေသူဖြစ်ကြောင်း သိရသည်။

“တစ်ခါတလေကျရင် ကျွန်တော်တို့ကို အရေးပေါ်ရှေ့တန်းကနေခေါ်တာမျိုးရှိတယ်။ ရဲဘော်ထိထားတယ် ၊ လာကြည့်ပါပေါ့။ အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့မှာ အရေးပေါ် ဆေးအိတ်အသေးလေးတွေရှိတယ်။ အဲ့တာကို ဒီကောင့်ကျောပေါ်မှာ ချည်ပေးလိုက် တယ်။ ဒီကောင်ကကျွန် တော် တို့နောက်က တောက်လျှောက်လိုက်တာဆိုတော့ တစ်ခုခုဆိုရင် ဒီကောင့်အိတ်ထဲက ထုတ်ပြီးသုံးလိုက်ရုံပဲ” ဟု Buddy နှင့် အနီးကပ် နေထိုင်သူ နွေဦးကျန်းမာဆေးရုံမှ တာဝန်ခံကပြောပြသည်။

Buddy သည် တိုက်ပွဲများကြားတွင် ကြီးပြင်းလာသည့်ခွေးကလေးဖြစ်သည့်အလျှောက် လက်နက်ကြီးကျည်ကွယ် ၊မျက်ကွယ်ကို လည်း ရှောင် တိမ်းနိုင်ကြောင်း သိရသည်။

ယခုအခါ ခွေးကလေး Buddy ၏ လည်ပတ်အား ကံစမ်းမဲစနစ်ဖြင့် “Buddy ချီတက်၊ စစ်တပ်ပျက်” ကမ်ပိန်းကို နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၆ရက်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း We Love Myanmar Family-WLMF ထောက်ပို့အဖွဲ့က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင်ကြေညာထားသည်။

ကံစမ်းမဲတစ်စောင် လက်မှတ်တန်ဖိုးကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် ထပ်မံ ကြေညာပေးသွားမည်ဖြစ်ကြောင်း We Love Myanmar Family-WLMF အဖွဲ့တာဝန်ရှိသူက ဆိုသည်။

ကံစမ်းမဲလက်မှတ်ကမ်ပိန်းအား မည်မျှရ ရမည်ဟု သတ်မှတ်ထားခြင်းမရှိသော်လည်း ခွေးကလေး Buddy က အောင်မြင်စွာငွေရှာပေးနိုင်လိမ့် မည်ဟု ယုံကြည်ကြောင်း နွေဦးကျန်းမာဆေးရုံမှ တာဝန်ခံက ဆိုသည်။

“Buddy ကိုယ်တိုင်ကလည်း ကျွန်တော်တို့နဲ့ ရဲဘော်ရဲဘက်ဖြစ်တဲ့အတွက် အများကြီးရစေချင်မှာပဲ။ ဒီကရင်နီနယ် တပ်ဖွဲ့တွေအတွက်ရော သူနေတဲ့နေရာက နွေဦးကျန်းမာဆေးရုံအတွက်ရော ရန်ပုံငွေတွေ အများကြီးရှာပေးနိုင်တယ်ဆိုရင် Buddy ဟာ တော်လှန်ရေးအရွေ့တစ်ခုရဲ့ သ မိုင်းဝင်အမှတ်တရလည်း ဖြစ်သွားမှာပါ” ဟု ၎င်းကပြောသည်။

Buddy ၏ လည်ပတ် ကံစမ်းမဲလက်မှတ်များကို ပြည်တွင်းအပါအဝင် စင်္ကာပူ၊ အမေရိကန်၊ ထိုင်း၊ ဂျပန်၊ ဩစတေးလျ၊ UK၊ တောင်ကိုရီးယား၊ မလေးရှား၊ ဘရူနိုင်း၊ ထိုင်ဝမ်၊ UAE ၊ ဥရောပနိုင်ငံများ၊ နယူးဇီလန်နှင့် ကနေဒါနိုင်ငံအသီးသီးတို့တွင် ဝယ်ယူ၍ ရနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကမ်ပိန်းမှ ရရှိလာသည့် ရန်ပုံငွေများကို ကရင်နီဒေသ ဦးဆောင်အဖွဲ့ (UM2) သို့ ၇၀ ရာခိုင်နှုန်း ၊ MOD-အမျိုးသားညီညွန်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသို့ ၃၀ ရာခိုင်နှုန်း ပို့ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

ကံစမ်းမဲဖောက်ပေးမည့် ခွေးလည်ပတ်တွင်ပါဝင်သည့် အပွင့်အခက်များသည် စစ်ကောင်စီတပ်ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ၏ အပွင့်အခက်များဖြစ်ရာ အဆိုပါလည်ပတ်၏ လက်ရှိပိုင်ရှင် Buddy ကို “ဒုဗိုလ်မှူးကြီးဘက်ဒီ” ဟုလည်း ခေါ်လေ့ရှိကြောင်းသိရသည်။

ကံစမ်းမဲဖောက်ပွဲအား ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် Live လွှင့်ရင်း အနုပညာရှင်၊ ဆယ်လီများမှတဆင့် မဲနှိူက်ပေးမည်ဟုသိရပြီး ကံထူးသူသည် ပြည်တွင်းမှမဟုတ်ဘဲ ပြည်ပမှဖြစ်ခဲ့လျှင်လည်း သက်ဆိုင်ရာနိုင်ငံသို့ အရောက်ပို့ဆောင်ပေးသွားမည် ဖြစ်သည်။ အကယ်၍ ကံထူးသူသည် ပြည်တွင်းမှ ဖြစ်ခဲ့ပါက တော်လှန်ရေးပြီးဆုံးချိန်ထိ ထိန်းသိမ်းပေးထားဖို့ လိုအပ်လျှင် ကော်မတီတာဝန်ရှိသူများက ထိန်းသိမ်း ပေးထားမည် ဟု We Love Myanmar Family-WLMF အဖွဲ့က ကြေညာထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s